Sunday, October 13, 2013

စိတ်အား လပေးဖြင့် အနားပေးခြင်း (ဆောင်းလူ)

မနက်ကတည်းက ... စိတ်တို့သည် ကျီးကြည့် ကြောင်ကြည့် ...။ ဝါကျမပါတဲ့ စာတွေကို ပြူးပြူကြောင်ကြောင်နှင့် ရွတ်နေသည်။ သတ်ပုံတို့သည် ဟိုတစ သည်တစ ...။ မှန်သည်လည်း မဟုတ် ...။ မှားသည်လည်း မဟုတ် ...။ 

ဟိုးခပ်ဝေးဝေးက မြင်နေရသည့် မိုးဒဏ် လေဒဏ်ခံ ဂြိုလ်တု ဂြိုလ်ပဲ့တို့သည် ဘဝကိုနာခံရပါ့မလားဟု လှမ်းလှောင်ပြောင်နေသည်။ ဂြိုလ်တုတလုံးသည် အငြိမ်မနေ ...။ သံကြေးကိုက်နေသည့် ရီစီဗာ ကျီကျီကြောင်ကြောင်အသံဖြင့် လတ်တလောတိုက်ခတ်နေသည့် မုန်တိုင်းတလုံးကို တကုတ်ကုတ် အပ်ဒိတ်လုပ်နေလေသည်။ 

သီအိုရီအရ မှားနေသလား ...။ ဥက္ကာခဲတွေ မြေပေါ်ကြွေကျလာရင် ကောင်းမလား ...။ သက်ရှိတွေ စကြာဝဠာထဲ ကြွေကျသွားရင်ကောင်းမလား ...။ ငှက်တွေမှာ ပါးဟက်တွေ ... ရေယက်တွေနဲ့ .. ငါးတွေမှာ နှုတ်သီးတွေ ... အတောင်တွေနဲ့ ...။ ခြေထောက်တပ်ထားတဲ့ မြွေက ... အကြေးခွံတွေနဲ့ လမ်းသလားနေတဲ့ ကင်းခြေများကို ဖေးမလို့ ...။ ဒိုင်မင်းရှင်းအရ အကုန်ဖြစ်နိုင်သည် ...။ အိပ်မက်သည် မကောင်း။ သောက်လက်စ အရက်ခွက်ထဲ ရေခဲတွေ ... ရေတိမ်နစ်နေရတဲ့ ဇာတ်လမ်း ...။ 


စိတ်တွေလည်း ဟိုတစ ... သည်တစ ...။ ရုပ်တွေသည်လည်း ဟိုတစ သည်တစ ...။ အရိုးကောင်တွေ ဒရမ်တီးရင်း နှုတ်ခမ်းမွှေးမပါတဲ့ သူတော်ကောင်းတွေကို ဖျော်ဖြေနေရသည်။ တချက်တချက် သူ့တို့ရင်ဘတ်ထဲက နှလုံးသားတို့သည် ခုန်လိုက် ဆွလိုက်ဖြင့် ရဲခနဲ ... ရဲခနဲ ...။ မနေ့က အင်တာဗြူးကျသွားသည့် ကျီးတကောင်ဖြင့် စကားပြောမိသည်။ သူ အာတာ ... သဘာဝမကျလို့ အလုပ်မရလိုက်တဲ့အကြောင်း ...။ 

မျက်လုံးနှင့် ပါးစပ်သည် နေရာခြင်းလွဲလျက် ...။ အတ္တနှင့် နတ္တသည် နေရာခြင်းလွဲလျက် ... 

ကမ္ဘာသည် ပိန်လိုက် ဖောင်းလိုက် ...။ 
နေသည် ... ပူလိုက် ... အေးလိုက် ...။ 
ရုတ်ချည်းဖောက်တဲ့သဘောမှာ ... ဘဝဘာသာပြန်ခြင်းသည် ... ဘဝအတွက် ကော်ပီပင်ဖြစ်ကြောင်း ...
ကိုယ်ပိုင်ဟု မြည်တွန်ခြင်းသည်ပင် စိတ်၏ကော်ပီဖြစ်ကြောင်း ...

မနေ့တနေ့လေးကမှ နောက်ထပ်ကြားလိုက်ရသည် ... 
အာမခံရှိရင် ... ထမင်းကို လပေးနှင့် စားလို့ရသည့်အကြောင်း ... 
အာမခံရှိရင် ... မယားကို လပေးနှင့် ယူလို့ရသည့်အကြောင်း ... 
အာမခံရှိရင် ... ဘဝကို အငှားခန္ဓာနှင့်ပင် လည်ပတ်လို့ရသည်ဆိုသည့်အကြောင်း ... 

ခုတလော ဖြတ်လမ်းတလျှောက်မှာ ရေမွှေးနဲ့ မွှန်နေသည့် အမဲသားတန်းကို ခဏခဏ ဖြတ်လျှောက်နေရသည်။ လပေးဖြင့် ကြိုက်တာယူလို့ရသည့်ခေတ်ကြီးများထဲတွင် တကယ်လို့များ လပေးဖြင့်ရမည်ဆိုပါက ... စိတ်ကို ခေတ္တခဏတော့ အနားပေးမှဖြစ်မည်။ ကျိန်းသေတာတော့ အာမခံ ဦးစွာရှာရမည် ...။ အာမခံသည် အမဲသားတန်းထဲက ရေမွှေးရနံ့ မဖြစ်အောင်တော့ ရှောင်ရမည်။ 

ဆောင်းလူ 
အောက်တိုဘာ ၁၃၊ ၂၀၁၃ 


 

No comments: