ကွာရေးချကွာ... သခင်နဲ့ ကျွန်ဇာတာ (ရဲဘော်ကျော်သန်း)
အကြောင်းကြောင်းတွေကြောင့် မပြောသေးပါဘူးလို့ ချုပ်တည်းထားတာ၊ နာကျင်ခံပြင်းလွန်းလို့ နည်းနည်းတော့ ပြောပါအုံးမယ်။ အမျိုးသားသစ္စာဖောက် စစ်အာဏာရှင်တွေ တိုင်းပြည်နဲ့လူမျိုးကို ကျွန်ဇာတ်သွင်းရောင်းစာပုံတွေနဲ့ နိုင်ငံရေးသမားနဲ့ နိုင်ငံရေးပါတီတွေ အမြော်အမြင်မဲ့ တာဝန်မဲ့ပုံတွေ။ ဟိုတလောကလည်း ဒီအကြောင်းကို အမျိုးသားပျက်သုဉ်းမှုရဲ့အစလား အဆုံးလား ဆိုတဲ့ ခေါင်းစဉ်နဲ့ အမြွက်တင်ပြခဲ့ပြီးပါပြီ။
ဒီနေ့ဗမာပြည်အခြေအနေတွေနဲ့ပတ်သက်ရင် ထိပ်တန်းရောက်နေတဲ့ အကြောင်းအရာတွေကို လေ့လာကြည့်ရင် လက်ပတောင်းတောင်နဲ့ လယ်တီသိမ် ကာကွယ်ရေး လက်ပတောင်းတောင်ဝန်းကျင်က ကျေးလက်ပြည်သူတွေနဲ့ တခြား အမြင်ရှင်းလင်းပြတ်သားတဲ့ မျိုးချစ်တွေရဲ့ ခုခံကာကွယ်ရေးတိုက်ပွဲတွေ၊ စစ်တပ်ဦးပိုင်နဲ့ တရုတ်ဝမ်ပေါင်ဆိုတဲ့ ယဉ်ကျေးမှုဖျက် သာသနာဖျက်တွေရဲ့ လက်နက်အားကိုးနဲ့ ကတိဖျက် အယုတ်တမာ ကောက်ကျစ်ဗိုလ်ကျတာတွေ၊ သောက်ရှက်အမဲ့ဆုံး မယ်ရွေးပွဲလုပ်ပွဲအပေါ် ငြင်းခုံနေတာတွေ၊ အဲဒီမတူတဲ့ မနီးစပ်တဲ့အခြေအနေ နှစ်ခုကိုဆွဲစပ်နေကြတဲ့ ပယောဂတွေကို မြင်တွေ့နေရတယ်။ အဲဒါတွေကို ခြုံငုံသုံးသပ်ကြည့်ရင် ကျွန်ဇာတာ ကျွန်စရိုက်တွေလို့ပဲ မြင်မိတယ်။
ကျွန်ဆိုတာ စိတ်ပျော်အာရုံညွှတ်သလိုနေတယ်၊ ပေါ့ပျက်ပျက် စဉ်းစားဆုံးဖြတ်လုပ်ကိုင်တယ်၊ နက်နက်နဲနဲ မစဉ်းစားချင် မလုပ်ချင် ဉာဏ်ရှိတဲ့သူက အကြောင်းပြထွက်ပေါက်ရှာပြီး ရှောင်တယ်၊ အကြောင်းချင်းရာတွေရဲ့တန်ဖိုးကို မသိဘူး၊ မသိတော့ ဘုရင့်သံလျက်နဲ့ ထင်းခွေမြက်ခုတ် လုပ်ချင်လုပ်တယ်၊ ဌာပနာတိုက်ဖောက်ပြီး ကြီးပွားချမ်းသာရှာချင်ရှာတယ်၊ ကိုယ့်ထက်သာတယ်ထင်ရင် ဒူးထောက်တယ် နိမ့်တယ်ထင်ရင် ချိုးနှိမ်တယ်၊ ခြင်းထဲကကြက်တွေလို သေးနုပ်တဲ့အကြောင်းအရာအတွက် တကောင့်တကောင် ခွပ်တတ်တယ်။ အားကြီးရင် အပ်နဲ့ထွင်းရမှာကိုပေါက်ဆိန်နဲ့ထွင်းတယ်၊ အားနည်းရင် (သို့ ) ကိုယ့်အတ္တအကျိုးစီးပွားအတွက်ဆို ပေါက်ဆိန်နဲ့ထွင်းရမှာကို အပ်နဲ့ထွင်းတယ်။ အကြပ်အတည်းရှိရင် ကိုယ်လွတ်ရုန်းတယ် လက်ညှိုးထိုးတယ်။
လက်ပတောင်းအရေး အငြင်းပွားမယ်ရွေးပွဲအရေး နှစ်ခုလုံးနဲ့ ဆက်စပ်နှီးနွယ်ကြည့်လို့ရတဲ့ နိုင်ငံတကာသတင်းတပုဒ် ဖတ်လိုက်ရတယ်။ ခုရုရှားမှာလုပ်မဲ့ မယ်စင်္ကြဝဠာပြိုင်ပွဲရဲ့ မနှစ်ကရခဲ့တဲ့ အမေရိကန်သူ အိုလီဗီယာ ကူလ်ပိုဟာ အိန္ဒိယရှေးဟောင်းအမွေအနှစ်အဆောက်အုံကို ခွင့်ပြုချက်မရဘဲ ဓာတ်ပုံကြော်ညာရိုက်တဲ့အပြင် မလေးမစားအပြုအမူကြောင့် တရားစွဲဆိုခံနေရတဲ့ သတင်းဖြစ်တယ်။ ပြောရရင်တော့ အမှတ်တမဲ့အပြုအမူသာဖြစ်တယ်၊ ဒါပေမယ့် တန်ဖိုးထားသူတွေအတွက်တော့ မလေးမစားစော်ကားမှုဖြစ်တဲ့အတွက်ကြောင့် အိန္ဒိယရှေးဟောင်ဌာနက မယ်စင်္ကြာဝဠာနဲ့ ပါဝင်ပါတ်သက်သူ မယ်စင်္ကြာဝဠာအဖွဲ့က တာဝန်ရှိသူတွေကို ခွင့်ပြုချက်မရဘဲ ဓာတ်ပုံကြော်ငြာရိုက်မှု၊ ယဉ်ကျေးမှုအဆောက်အဦအပေါ် မဖွယ်မရာမလေးမစားပြုမှုတွေနဲ့ တရားစွဲဆိုထားပါတယ်။ မယ်စင်္ကြာဝဠာနဲ့အဖွဲ့ကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဝမ်နည်းကြောင်းနဲ့ တမင်ရည်ချက်ချက်လုံးဝ မရှိပါကြောင်း ကြေညာချက်ထုတ်ပြီး ဝန်ချတောင်းပန်ထားပါတယ်။ မယ်စင်္ကြာဝဠာနဲ့ ပါဝင်ပတ်သက်သူ မယ်စင်္ကြာဝဠာအဖွဲ့ဟာ အိန္ဒိယရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ တပ်ဂ်ျမဟာက ဒိုင်ယာနာထိုင်ခုံလို့ လူသိများတဲ့ ကျောက်သလင်းခုံပေါ်မှာ ဖိနပ်တင် တပ်ဂ်ျမဟာ အဆောက်အဦနောက်ခံဖော်ပြီး ကြော်ငြာဓာတ်ပုံရိုက်တယ်။ တပ်ဂ်ျမဟာဆိုတာ (၁၆) ရာစု အိန္ဒိယ မွန်ဂိုဘုရင် ရှားဂျဟန်က (၁၄) ယောက်မြောက်သားဖွားရင်း ကွယ်လွန်သွားတဲ့ မိဖုရားမွန်းတပ်ဂ်ျအတွက် တည်ဆောက်ထားတဲ့ အလွမ်းဖြေ ချစ်ဂူဗိမ္မာန်ဖြစ်တယ်။ မွန်ဂိုခေတ်အိန္ဒိယရဲ့ ဗိသုကာနဲ့ ကျောက်ဆစ်အနုပညာလက်ရာတွေရဲ့ အဆီအနှစ် အစုအဝေး အဆောက်အဦတခုဖြစ်တယ်။ ပြစ်မှုထင်ရှားစီရင်ခံရရင် မယ်စင်္ကြာဝဠာနဲ့အဖွဲ့ဟာ ဒဏ်ငွေ ရူပီးတသိန်းနဲ့ ထောင်ဒဏ် (၂) နှစ်ကျခံရမှာဖြစ်ပါတယ်။
အိန္ဒိယားသားတွေ သူတို့ယဉ်ကျေးမှုအမွေအနှစ်ရဲ့တန်ဖိုးကိုသိသလို အဲလိုအလေးထား ကာကွယ်စောင့်ရှောက်မှုတွေလုပ်ကြတာနဲ့ ဆန်ကျင်ဖက် ဗမာပြည်မှာတော့ လက်ပတောင်းတောင်နဲ့ ဘာသာရေးယဉ်ကျေးမှုအမွေအနှစ် လယ်တီသိမ်ကို ဖြိုဖျက်ဖို့ အာဏာပိုင်တွေကိုယ်တိုင်က တိုင်းတပါးသားတွေရဲ့အလိုကျ လုပ်ဆောင်နေကြတယ်။ လူထုကြည်ညိုလေးစားသူတွေကိုယ်တိုင်ကလည်း ဖျက်ချင်ဖျက်လို့ရတယ်ဆိုတာမျိုး စုံစမ်းရေးကော်မရှင်အစီရင်ခံစာမှာ ထောက်ခံချက်ပေးထားတယ်၊ လက်ပတောင်းဒေသခံတွေနဲ့ တခြားအမြင်ရှင်းလင်းပြတ်သားတဲ့ မျိုးချစ်တွေရဲ့ ခုခံကာကွယ်ရေးတိုက်ပွဲတွေ ဖြစ်လာတာတောင် နိုင်ငံရေးခေါင်းဆောင်ဆိုသူတွေ၊ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားဆိုသူတွေ၊ မုံရွာလိုအနီးတဝိုက်မြို့ရွာကလူတွေက နှုတ်ဆိတ်လက်ရှောင်နေကြတယ်။ အဲဒါတွေက ဒေါ်အောင်ဆန်းစုကြည်ဆန့်ကျင်ရေးလိုလို မြေယာအိုးအိမ်ဆုံးရှုံးလို့ စီမံဆန့်ကျင်နေရတဲ့ ရွာသားတွေကပဲ အသုံးချခံနေရသလိုလို သွားပုပ်လေလွင့်ပြော အကြောင်းပြကြတယ်။ “တို့ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးပေ” ဆိုတဲ့အပိုဒ်ကို နိုင်ငံတော်သီချင်းထဲက ထုတ်ပစ်ထားရတော့မလား မသိတော့ဘူး။
နောက် မသိတဲ့သူတွေကို အတည်ပေါက်နဲ့ ဟောက်စားလုပ်နေကြတဲ့ ဆင်ခြေတခုရှိသေးတယ်။ နိုင်ငံချင်းချုပ်ထားတဲ့ သဘောတူစာချုပ်တွေက ဖျက်လို့မရဘူးတဲ့။ နိုင်ငံ့ဂုဏ်သိက္ခာကျသတဲ့။ နိုင်ငံချင်းကြားက အထူးသဖြင့် စီးပွားရေးကဏ္ဍက စာချုပ်တွေမှာ သဘောတူညီချက်ကို တဖက်ဘက်က ဖျက်ချင်တယ်ဆိုရင် ဘယ်လိုပုံစံ ဘယ်လိုအလျော်အစားတွေနဲ့ ပယ်ဖျက်ရမယ်ဆိုတဲ့အချက်ပါတာပါပဲ။ မပါလည်းဖျက်လို့ရလို့ ဖျက်နေကြတာ သက်သေသာဓကတွေ အများကြီးရှိပါတယ်။ ဟိုတလောကပဲ အိန္ဒိယကိုသိပ်မှီခိုအားထားရတဲ့ အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းနိုင်ငံ မော်လဒိုက်က အရင်ရွေးကောက်ပွဲနဲ့ရထားတဲ့ သမ္မတနာရှစ် (Mr. Nasheed ) လက်ထက်က အိန္ဒိယကုမ္ပဏီတခုနဲ့ သဘောတူချုပ်ဆိုထားတဲ့ မြို့တော်မာလီရဲ့ နိုင်ငံတကာလေဆိပ် တိုးချဲ့တည်ဆောက်ရေးနဲ့ စီမံခန့်ခွဲရေး ကန်ထရိုက်ကို လူထုတွေကန့်ကွက်လို့ ဖျက်သိမ်းလိုက်ပါတယ်။ လုံးဝဖျက်သိမ်းတာမျိုးမလုပ်ဘဲ နှစ်ဦးနှစ်ဖက် ပြန်လည်ညှိနှိုင်းပြင်ဆင်တာမျိုးလုပ်မယ်ဆိုလည်း ရတာပါပဲ။ သာဓကတွေရှိတာပဲ။ ဒါပေမယ့် ဗမာစစ်အုပ်စုကတော့ သူတို့ နားမလည်ပါးမလည် အဆင်ခြင်မဲ့လုပ်ခဲ့တာတွေကို အဓမ္မကောင်အထည်ဖော်ဖို့ပဲ အားထုတ်နေတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလုပ်ကြတာမှာ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်မျှတမှုကို အခြေခံလုပ်ကြတာဖြစ်ပါတယ်။ အကျိုးအမြတ်ဆိုတာမှာ လက်ခံအိမ်ရှင်ဘက်က ငွေကြေးရင်နှီးမြှုပ်နှံမှုအပြင် ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလန်းတွေရရှိဖို့နဲ့ လုပ်ငန်းနဲ့ပတ်သက်နှီးနွယ်တဲ့ နည်းပညာတွေ လက်ခံရယူ ပြန့်ပွားချင်တာကလည်းတခုပါ။ ဒါဟာ ပြင်ပရင်းနှီးမြှုပ်နှံတာကိုလက်ခံလိုက်ရတဲ့ တိုင်းပြည်ဘက်က ရသင့်ရထိုက်တဲ့ အကျိုးအမြတ်အခွင့်အရေးဖြစ်ပါတယ်။ ခု တရုတ်နဲ့ချုပ်ဆိုထားတဲ့ မြစ်ဆုံရေကာတာ၊ လက်ပတောင်းစီမံကိန်နဲ့ ကျောက်ဖြူ-ကူမင်း ပိုက်လိုင်းစီမံကိန်း သဘောတူညီချက်တွေဟာ အာဏာရှင်တွေနဲ့ လက်သိပ်ထိုး အချောင်နှိုက်ရယူထားတာသာဖြစ်ပြီး ဘာမှပွင့်လင်းမြင်သာမရှိတဲ့အပြင် စီမံကိန်းအတွင်းကျရောက်နေတဲ့ ဒေသတွင်းလူထုတွေ အတိဒုက္ခရောက်ကြရတာရတယ်။ ပြီးတော့ ထမင်းချက် ဒရိုင်ဘာကအစ ခေါ်လာချင်တဲ့ တရုတ်တွေရဲ့ တဖက်သတ်နိုင်မှုတွေ အကျိုးအမြတ်တခုတည်းကိုကြည့်ပြီး တောတောင်ရေမြေ သယံဇာတတွေကို စည်းကမ်းမဲ့ ပရမ်းပတာထုတ်ယူတာတွေကြောင့် အာဖရိကမှာလည်း ဒေသခံတွေက အော့လုံးနာလာကြတယ်။ တချို့နိုင်တွေဆို တရုတ်နဲ့ချုပ်ထားတဲ့ သဘောတူညီချက်တွေကို ဖျက်ပစ်ကြတယ်။ ကျနော်တို့တိုင်းပြည်မှာ ဒီလိုအကျိုးအမြတ်မရဘဲ လူထုတွေသာ ပိုဒုက္ခရောက်ရတဲ့ ပြင်ပရင်းနှီးမြှုပ်နှံမှုကို လက်ခံတာဟာ အရှုံးထွက်တဲ့ အဓိပ္ပာယ်မဲ့လုပ်ရပ်ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးကို ရောင်းစားတာဖြစ်တယ်။
လက်ပတောင်းအရေးနဲ့ပတ်သက်ပြီး တိုင်းရင်းသားလူမျိုးစုံပါတဲ့ လူထုအစည်းအဝေးက စီမံကိန်းရပ်ပစ်ရမယ်လို့ သဘောထားပေးဆုံးဖြတ်တယ်။ ရှေ့နေများကွန်ရက်က ကုမ္ပဏီတွေဘက်က အဖက်ဖက်က စည်းကမ်းချိုးဖောက်တာတွေ အနီးဝန်းကျင်သာမက ဗမာပြည်အထက်အညာတခွင်က တောတောင်ရေမြေသဘာဝတွေ ပျက်စီးပြောင်းလဲသွားမယ့်အန္တရာယ်တွေကို ထောက်ပြကန့်ကွက်ထားတယ်။ အစိုးရကိုယ်တိုင်ဖွဲ့ထားတဲ့ စုံစမ်းရေးကော်မရှင်ကိုယ်တိုင်ကလည်း လုပ်သင့်တဲ့အကြံပြုချက် (၃) ချက် ထုတ်လာတယ်။ ကော်မရှင်တင်ပြလာတဲ့ အချက်အလက်တွေအားလုံးရဲ့ ရည်ညွှန်းချက်က အကြံပြုချက် သုံးချက်ထဲက ပထမအချက် လုံးဝဖျက်သိမ်းရေးကိုပဲ ဦးတည်နေတယ်။ အကယ်၍ ဆက်လုပ်ခဲ့မယ်ဆိုရင်ဆိုတဲ့ စကားရပ်ခံပြီး နောက်ဆက်တွဲပါလာတဲ့ ဘာကိုဘယ်လိုလုပ်သင့်တယ် ဆိုတဲ့ နှစ်ချက်ဟာ မဖြစ်မနေဆက်လုပ်မယ်လို့ဆုံးဖြတ်ထားတဲ့ တရုတ်ဝမ်ပေါင်နဲ့ သစ္စာဖောက်ဦးပိုင်ကုမ္ပဏီတို့ အလိုကျထည့်သွင်းထားတာပဲဖြစ်တယ်။
ဒီလို တဖက်သတ်လုပ်ထားတာတောင် ကော်မရှင်အကြံပြုချက်ကို ကောင်းပြီကောင်းရဲ့လက်ခံပြီး တရုတ်ဝမ်ပေါင်နဲ့ သစ္စာဖောက်ဦးပိုင်ကုမ္ပဏီတို့က အကာအကွယ်မဲ့ ကျေးရွာသားတွေအပေါ် လက်နက်အားကိုနဲ့ ဗိုလ်ကျတယ်၊ စည်းကမ်းဖောက်တယ်။ လျော်ကြေးမယူတဲ့ မြေတွေကိုပါ ခြံခတ်သိမ်းပိုက်တယ်၊ လယ်တီသိမ်နဲ့ စေတီကို ဖျက်ဖို့လုပ်တယ်။ မန္တလေးဘက်က မျိုးချစ်တွေရဲ့ ခုခံကာကွယ်ရေးချီတက်ပွဲတွေဖြစ်လာတော့ အန်အယ်ဒီအမတ်ကကြားဝင်ပြီး လွှတ်တော်မှာ ဆွေးနွေးအဖြေရှာမယ်လို့ ချော့သိပ်လွတ်တယ်။ ခု တရုတ်ဝမ်ပေါင်နဲ့ မျိုးဖျက်ဦးပိုင်ကုမ္ပဏီတို့က အကာအကွယ်မဲ့ကျေးရွာသားတွေအပေါ် လက်နက်အားကိုးနဲ့ ဗိုလ်ကျတာတွေ သဘောတူစည်းကမ်းကို ဖောက်ဖျက်တာတွေ ဆက်ဖြစ်လာတော့ မသိသလိုနေတယ်။
အသေအချာ စဉ်းစားသုံးသပ်ကြည့်ရင် မြစ်ဆုံရေကာတာ၊ လက်ပတောင်းစီမံကိန် နဲ့ ကျောက်ဖြူ-ကူမင်း ပိုက်လိုင်းစီမံကိန်း သဘောတူညီချက်တွေနဲ့ အကောင်အထည်ဖော်တဲ့ပုံစံတွေဟာ တိုင်းပြည်အချုပ်အခြာအာဏာနဲ့ နယ်မြေကို ထိပါးစိန်ခေါ်နေတဲ့ အရေးကိစ္စတွေဖြစ်တယ်။ ဒေသခံကျေးလက်ပြည်သူတွေဘက်က တာဝန်ကျေတယ်။ အသိပညာအားနည်းပေမယ့် ရှိတဲ့အသိတရားနဲ့ တာဝန်ယူတာဝန်သိမှုက ပြည့်ဝတယ်။ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးတို့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို မြင်းအီးပေါက်သလို တစာစာအော်နေတဲ့ စစ်အာဏာရှင်တွေက သစ္စာဖောက်တယ်၊ တိုင်းတပါးလက်ကိုင်တုတ်လုပ်တယ်။ လူထုရိက္ခာစားနေတဲ့ လက်နက်ကိုင်တွေက တဝမ်းတခါးအတွက် အဇာတသတ်ဇာတ်ခင်းပြီး ကိုယ့်လူထုကို ဖိနှိပ် တိုင်းတပါးသားနဲ့ စစ်အာဏာရှင်အကျိုးကို ကာကွယ်တယ်။ နိုင်ငံရေးသမား နိုင်ငံရေးပါတီတွေက ခေါင်းရှောင်တယ်။ အိန္ဒိယသားတွေ သူတို့ အမျိုးသား ဘိုးဘွားအမွေအနှစ်ကို တန်ဖိုးထားပုံ ကာကွယ်စောင့်ရှောက်ပုံနဲ့ ကွာခြားလှတဲ့ ဒီလိုအခြေအနေမျိုးတွေကြောင့် ကျွန်ဖြစ်မယ့်စရိုက် ကျွန်ဖြစ်မယ့် ဇာတာလက္ခဏာလို့ ကောက်ချက်ချရ ပြောရခြင်းဖြစ်ပါတယ်။
အင်္ဂလန်ပါလီမန်မှာ ဗမာပြည်လွတ်လပ်ရေး ဥပဒေတင်သွင်းဆုံးဖြတ်တော့ နန်းရင်းဝန်ဟောင်း ဝင်စတန်ချာချီ ကန့်ကွက်ပြောကြားခဲ့တဲ့စကားဟာ အလွန်မခံချင်စရာကောင်းပါတယ်။ ဗမာပြည်ဟာ လွတ်လပ်ရေးနဲ့ မထိုက်တန်သေးဘူး သူတို့အချင်းချင်းတိုက်ခိုက်သတ်ဖြတ်ပြီး မတည်မငြိမ်မှုတွေပဲ ဖြစ်လာမယ်တဲ့။ မခံချင်စရာဖြစ်ပေမယ့် ဗမာပြည်လွတ်လပ်ရေးသမိုင်းကြောင်း အဖြစ်အပျက်တွေက သူ့စကားကိုထောက်ခံနေသလိုဖြစ်ခဲ့ပါပြီ။ လူထုတွေဘက်က တာဝန်ကင်းတဲ့အပြင် တာဝန်ကျေခဲ့ကြပါတယ်။ အဓိကတာဝန်ရှိခဲ့တာက အဓိကနဲ့ သာမညကို မခွဲခြားတတ်တဲ့ နိုင်ငံရေးသမားတွေ အထူးသဖြင့် လက်နက်ကိုင်တပ်တွေကို အမိန့်ပေးလက်ကိုင်သုံးခဲ့ကြတဲ့ အာဏာရနိုင်ငံရေးသမားတွေ၊ ဒီဘက်ခေတ်စစ်ခေါင်းဆောင် စစ်အာဏာရှင်တွေဖြစ်ပါတယ်။ ခုလည်း လက်ပတောင်းနဲ့ နယ်တကာမှာဖြစ်နေတဲ့ အလုပ်သမား လယ်သမားတွေရဲ့ တိုက်ပွဲတွေနဲ့ နိုင်ငံ့ခေါင်းဆောင်ဆိုသူတွေ၊ နိုင်ငံရေးသမားဆိုသူတွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ ရပ်တည်ချက်သဘောထားတွေက တာဝန်သိလူထုနဲ့ တာဝန်မဲ့နိုင်ငံရေးသမားဆိုတဲ့ ကောက်ချက်ကိုထပ်ပြီး သက်သေထူနေတယ်။ တိုင်းပြည်ကြီးဟာ တဦးတယောက်သော အာဏာရှင် (သို့) တစုတသင်းသော စစ်အုပ်စုကလွဲရင် အဆင့်ဆင့်သော နိုင်ငံ့ဝန်ထမ်းတွေကအစ ပြည်သူပြည်သားအားလုံးဟာ ပြောချင်တာမပြောရ၊ လုပ်ချင်တာမလုပ်ရ၊ သွားချင်တာမသွားရ၊ ကိုယ့်အိမ်မှာတောင်ကိုယ်မလုံခြုံ အစိုးမရဘဲ သူတပါးဆန္ဒနဲ့ အသက်ရှင်နေကြရတဲ့ စစ်အာဏာရှင်စနစ်ဆိုးရဲ့ ကျေးကျွန်တွေချည်းပါပဲ။
ခုတော့ ကိုယ့်ဘိုးဘွားအမွေကိုတောင် ကာကွယ်စောင့်ရှောက်နိုင်စွမ်းမရှိတော့တဲ့ အခြေအနေ၊ တိုင်းတပါးသားတွေ ဝင်ရောက်ချယ်လှယ် ထင်သလိုစိတ်ကြိုက်အမြတ်ထုတ်နေတာကို လက်ပိုက်ကြည့်နေကြရတဲ့ အခြေအနေကိုဆိုက်ရောက်ခဲ့ပါပြီ။ လျော့လွန်းရင်ပတ် တင်းလွန်းရင်ပြတ်ဆိုတဲ့ တရားစကားရှိပါတယ်။ အခြေခံမူကိုလစ်လျူရှုပြီး စေ့စပ်ပြေငြိမ်းလိုတဲ့ ရွှေပြည်အေးဝါဒဟာ ဘယ်ခေတ်အခါမှာပဲဖြစ်ဖြစ် ဘယ်တိုင်းပြည်ကိုမှ ရေရှည်အမျိုးသား အကျိုးစီးပွားအတွက် ရလာဒ်ကောင်းမရနိုင်ပါဘူး၊ အန္တရာယ်ကိုဖိတ်ခေါ်သလိုပါပဲ။ ဆင်ခြင်တုံတရားရယ်လို့ တစိုးတစိတောင်မရှိတဲ့ စစ်အာဏာရှင်တွေရဲ့ အလိုကျလိုက်လျောပေးပြီး အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်လို့ရမယ်လို့ ယူဆလုပ်ကိုင်နေကြတာဟာ ဦးကောင်းလိမ်ထုတ် (၁၂၄၇)မင်းဆက်ပြုတ်လို့ စာချိုးခံရတဲ့ ကင်းဝန်မင်းကြီးဦးကောင်းရဲ့ကံကြမ္မာမျိုးနဲ့ ရင်ဆိုင်ရမယ့်အခြေအနေပါ။ ကင်းဝန်မင်းကြီးဦးကောင်းဟာ အင်္ဂလိပ်ကိုယုံပြီး တိုင်းပြည်ကို ကယ်တင်ဖို့ကြိုးစားခဲ့မယ့် အင်္ဂလိပ်တွေရဲ့ သစ္စာဖောက်အကောက်ကြံခဲ့တာကြောင့် သူကြံစည်သလိုဖြစ်မလာဘဲ တိုင်းပြည်လူမျိုးကို ကျွန်ဇာတ်သွင်းသူ သမိုင်းတရာခံအဖြစ် နိဂုံးချုပ်ခံရတာကို သင်္ခန်းစာယူကြဖို့ တိုင်းပြည်အနာဂတ်အတွက် စိုးရိမ်သောကကြီးစွာနဲ့ သတိစကားပါးအပ်ပါတယ်။
ရဲဘော်ကျော်သန်း
၁၃၊ ၁၀၊ ၂၀၁၃
No comments:
Post a Comment