Sunday, October 13, 2013

ပရိုက်ဗိတ် ဟော်စပီတယ် (မင်းသိုက်)

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပြဿနာ သိသိသာသာ ချာတူးလန်လာတာ “၁၉၈၈” နောက်ပိုင်းလို့ပဲ အကြမ်းဖျဉ်းပြောရမလိုပဲ၊ လူတိုင်းသိနေတာပဲဥစ္စာ၊ ကြာလေချာလေပဲ၊ လက်ရှိ နိုင်ငံတော်အစိုးရမင်းများကလဲ ဒမိုကရေစီပြုပြင်ပြောင်းလဲရေးကိစ္စကြီး ဇယားရှုတ်နေတော့ ဒီကိစ္စတွေ ထည့်မတွက်အားရှာပါဘူး၊ သူတို့ခမျာလဲ လှည်းကျိုးကြီးထမ်းနေရတာ ညောင်းလှရော့မယ်။ 

အဲတော့ ပြည်သူပြည်သားတွေဟာ မမာမကျန်းဖြစ်ပြီဟေ့ဆိုတာနဲ့ ရှိတာလေး ပေါင်နှံရောင်းချ ရောင်းစရာမရှိ ချေးငှားပြီး ခေတ်ပေါ် ပရိုက်ဗိတ် ဟော်စပီတယ်တွေ လစ်ကြရတာပဲ၊ နည်းနည်း ဝက်ထောတဲ့သူတွေကတော့ ဘန်ကောက်တို့ အင်္ဂလန်တို့လစ်ပြီး ကုကြတာပဲ ဟိုမှာက ပိုသေချာတယ်။ 

ကိုယ်က ကိုယ်တိုင်သာခုထိ ဆေးရုံမတက်ဖူးသေးတာ၊ (ဘယ်တော့တက်ရမယ်တော့ မသိ) ... ညာတကာနင်းစ ဆွေမျိုးသားချင်း သင်္ဂဟမမာမကျန်းကိစ္စ သွားရင်းပြုရင်း မဟာရန်ကုန်ရွှေမြို့တော်ကြီးတစ်ဝှမ်းက အနှီ ပရိုက်ဗိတ် ဟော်စပီတယ်တွေ အကုန် အစုံအစေ့ရောက်ဖူးတယ်။ 


ပရိုက်ဗိတ်ဟော်စပီတယ်ကြီးတွေဆိုတာကလဲ လည်လည်ဝယ်ဝယ် ဒေါက်တာကြီးတွေနဲ့ ဓနရှင်တွေ ပေါင်းဖွင့်ထားကြတာက အများသားကလား၊ အချို့ဝန်ဆောင်မှု သာယာပေမယ့် အတော်ကို ရှားပါတယ်၊ ထုံးစံအတိုင်း မိရိုးဖလာအကျင့်က အောက်ဖိ အထက်ဖား ဇယားကနွယ်နေသေးပြန်တာတစ်ကြောင်း ဖွဲ့စည်းပုံနဲ့ အုပ်ချုပ်မှုညံ့ဖျင်းတာ တစ်မှောက်တို့ကြောင့် သိပ်တော့ စွံလှတယ်မဟုတ်ဘူး၊ ဒါက ဝန်ထမ်းတွေအပိုင်း။ 

နောက်တစ်ပိုင်းက ဒေါက်တာကြီးများ ဒေါက်တာမကြီးများ အပိုင်း၊ ရှိသမျှ ခေတ်ပေါ် ပရိုက်ဗိတ် ဟော်စပီတယ်ကြီးတွေမှာကပ်ထားတဲ့ ဒေါက်တာစာရင်းတွေကြည့်လိုက်၊ ဒီ ဆရာဝန် ဆရာဝန်မကြီးတွေချည့်ပဲ၊ ပတ်လည် လှည့်ထိုင်နေကြတာ၊ ဟော်စပီတယ်၏ ကြီးမားခန့်ညားထည်ဝါပုံနဲ့ ဝန်ဆောင်မှုကွာခြားပုံကြောင့်သာ ဈေးနှုန်းကွာသွားမယ်၊ ဒီဆရာဝန်တွေချည့်ပဲ။ 

မြန်မာပြည်တနံတလျား ရိုးရာနတ်ကန္နား ၃၇ မင်း ကခုန်ပွဲများလိုပဲ၊ ဟိုကန္နားလဲ ကိုကြီးကျော် မမနှဲ ဒီကန္နားမလဲ ကိုကြီးကျော် မမနှဲ လိပ်ပြာပူးကပ်နေသလိုပဲ၊ ဆရာဝန်ကြီးတွေ ရှိသမျှ ပရိုက်ဗိတ် ဟော်စပီတယ် အကုန်ပတ် မွှေနေတော့တာ။ 

သမားတော်ကြီးတွေခမျာတော့ နိပွန်မာစတာအကျ ကားကြီးကားခန့်တွေနဲ့ မဟာရန်ကုန်မြို့ ကား အပိတ်အညှပ်တွေကြားထဲ ဟော်စပီတယ်ပတ်နေရရှာတာ လွယ်တော့မလွယ်ရှာဘူး။ 

လူနာတစ်ဦးလျှင် အလွန့်အလွန်ဆုံး မိနစ်သုံးဆယ်လောက်ပဲ စမ်းသပ်နိုင်ရှာတယ်၊ တစ်ချို့ကျွမ်းကျင် ပါးရည်နှပ်ရည်ရှိတဲ့ ဒေါက်တာကြီးတွေကတော့ ဘယ်လောက် ရောဂါထူထူ ဆယ်မိနစ်ပဲ၊ စေတနာအလွန်ပါတဲ့ဆရာဝန်ကြီးတွေရှိသလို အနာတခြား ဆေးတခြား ရောဂါဝါးတားတားတွေမျိုးလဲ ရှိသေးးးဟေးး ဟေးး၊ သြော် ဆရာဝန်လဲ လူပဲ ရောဂါအဖြေရှာတာ သူတစ်ယောက်ထဲမှ ရှာမရတာ၊ ဆီးစစ်၊ သွေးစစ်၊ ဓာတ်မှန်ရိုက်၊ အာထရာဆောင်းဖတ်နဲ့ အနှီး ရီဇတ်တွေတက်လာမှ ဘောပင်လေးတစ်ချောင်းနဲ့ တောင်ခြစ်မြောက်ခြစ်တွက်ချက် အဖြေထုတ်ရတာ၊ ရီဇတ်တွေက မတော်လို့ မှားယွင်းနေရင် ဆရာဝန်လဲ လည်ထွက်သွားတာပဲ၊ ပေးရှန့်ကတော့ ငွေကုန် အချိန်ကုန်ပေါ့၊ မှတ်မှတ်ရရ အပေါင်းအသင်းထဲက ၃ ဦးတိတိရဲ့ အတွေ့အကြုံ ကိုယ်တွေ့ တွေ့ဖူးတယ် ... ဗမာသမားတော်ပါရဂူကြီးတွေက ရောဂါအဖြေရှာပေးပြီး ပြည်ပမှာသွားကုရင် ပိုကောင်းမယ်ဆိုပြီး ရောဂါမှတ်ချက်တွေ ဖိုင်တွဲပေးလိုက်တယ်၊ နီးနီးနားနား ထိုင်းမှာသွားကုတော့ ကိုယ်ရွှေကိုယ်မျိုး သမားတော်ကြီးတွေ ဆုံးဖြတ်ပေးလိုက်တဲ့ ရောဂါမဟုတ်ဘဲ အခြားရောဂါဖြစ်နေတာမျိုး တစ်သက်တာအလွဲတွေလဲ အံ့သြလောက်စွာ ကြုံဖူးရပါသေး။ 

ရှိပါတယ် ဗမာပြေမယ် ... ဆရာဝန်ကြီး “ဦးရဲမရ” တို့လို ပုဂ္ဂိုလ်ထူးကြီးတွေ၊ ဖြစ်နိုင်ရင် ဘုရားစင်အောက် ခပ်နိမ့်နိမ့်မယ် ဆရာဝန်ကြီးရုပ်ထု ထု ဂါရဝပြုထားသင့်တဲ့ သူမျိုးကြီးတွေ။ 

ပြီးခဲ့တဲ့၃ လခန့်က အိမ်က တပ်ချုပ်ကြီး ဝမ်းချုပ်တာ တစ်လ၊ တစ်နေ့ နည်းနည်း နည်းနည်းစီပဲသွားတော့ ထုံးစံအတိုင်းရှိတာလေး ထုခွဲပြီး ပရိုက်ဗိတ်ဟော်စပီတယ်က စူပါသမားတော်ကြီးနဲ့ပြပေါ့၊ ဟော ... ဆရာဝန်ကြီးက ငါးမိနစ်လောက် ဗိုက်ကို ဟိုနှိပ် ဒီစမ်းလုပ်ပြီး၊ အူမှာ အကျိတ်ဖြစ်နေတယ်၊ ကင်ဆာအကျိတ်လဲဖြစ်နိုင်တယ်၊ ဆီးစစ်၊ သွေးစစ်၊ ဝမ်းစစ်၊ အာထာရာစစ်၊ ဓာတ်မှန်စစ် အကုန်ရှိသမျှ စစ်ပြီး၊ ခွဲရမယ်၊ ခွဲရမယ်၊ ခွဲရမယ် တဲ့၊ ဒီက ကောင်ကလဲ ပြာလို့ခါလို့ပေါ့၊ ဒီမယားလေးတစ်ယောက်ရှိတာ အဖြစ်တော့မခံဘူး ... သေချာရင်တော့ ခွဲပေါ့ဆရာရယ်၊ ပိုသေချာအောင် ထပ်စစ်ဖို့ နည်းလမ်းလေးညွှန်းပါအုန်းဆိုတော့ ဖင်ထဲ မှန်ပြောင်းထည့်ပြီး အူလမ်းကြောင်း သွားကြည့်ချေဆိုလို့၊ မှန်ပြောင်းပါရဂူဆရာမကြီးဆီ ထပ်ပြေးပေါ့၊ အစာ ၂ ရက်အငတ်ထားပြီး၊ သတ်မှတ်ထားတဲ့ အချိန်ကျတော့မှန်ပြောင်းထိုးထည့် စကုပ်တော့ မှန်ပြောင်းဆရာမကြီး မှတ်ချက်က အူလမ်းကြောင်းမှာ ဘာအကျိတ်မှမရှိ နထ္တိတဲ့၊ ဒါနဲ့ ထိုဆရာဝန်ကြီးဆီပြန်သွား မှတ်ချက်ပြတော့ အင်း … ... မီးယပ်နဲ့သားဖွား ပါရဂူဆီ ထပ်ပြကြည့်ပါအုန်းတဲ့ ဟေးးးး ဟေးးးး ပူဇော်ခကတော့ ဘယ်နှစ်ပုံးမှန်းမသိ မြောက်သွားတယ်။ 

ဆရာဝန်ကြီးများ အကြောင်းတစ်စေ့တစ်စောင်းပြီးတော့ ဟော်စပီတယ်တွေရဲ့ ဝန်ဆောင်မှုအပိုင်း - အထက်ကဆိုပြီးခဲ့သလို ဆရာဝန်သမားတော်ကြီးတွေဘဝဟာ ၃၇ မင်းနတ်တွေလိုဖြစ်ပြီး ပရိုက်ဗိတ် ဟော်စပီတယ်ဖေါင်ဒါတွေကတော့ ကန္နားစီးတွေနဲ့တူတယ်၊ ဘယ်ကန္နားပဲ ဝင်ပူးပူး ကြက်ကျော်အရက်နဲ့ ဘဲဥပြုတ်ပဲ ဆက်တာ၊ ကန္နားစီးတွေကသာ အထုတ်ပိုက်သွားကြတာ၊ အချို့ ဟော်စပီတယ်တွေက သေသေသပ်သပ်လေးနဲ့ ဝန်ထမ်းမလေးတွေကအစ ချစ်စရာလေးတွေ ရွေးခန့်ထားတယ်၊ ဖော်ရွေကြတယ်၊ အချို့တိုင်းရင်သူလေးတွေဆို စေတနာပါ ပါကြတယ်၊ သို့သော် ရှားတယ်၊ အချို့ဟော်စပီတယ်က ဝန်ထမ်းမလေးတွေကျတော့ မျက်နှာအဆီပြန် အပူသယ်မလေးတွေလိုပဲ၊ အမြဲတမ်း ရွှင်ရွင်ပြပြ မရှိဘူး၊ သူတို့မြင်ရတာ ရောဂါပိုဆိုးလာနိုင်တယ်၊ အလုပ်ထဲ စိတ်ထည့်ထားပုံ မရဘူး၊ ဟော်စပီတယ် အနံအသက်တွေလဲ မကောင်းဘူး၊ အဲသလို ကွဲခြားတာတွေရှိပေမယ့် မဟာရန်ကုန်ရွှေမြို့တော်ကြီးရဲ့ ပရိုက်ဗိတ်ဟော်စပီတယ်တွေမှာ ချွတ်စွတ်တူတဲ့ အထာ တစ်ခုရှိတယ်၊ အဆောက်အဦ ဖွဲ့စည်းပုံတွေမှာ ဆရာဝန်မျှော်ရတဲ့ လူနာတွေ စောင့်စားရတဲ့ ထိုင်ခုံတွေအခန်းတွေ အဆင်မပြေဘူး၊ ကိုယ်က ရောဂါလာပြခါမှ တခြားသူရောဂါပါ ကိုယ့်ဆီကူးမယ့် အပေါက်အချိုး၊ မထသ လိုင်းကားထိုင်ခုံထက် နည်းနည်းသာတာ၊ အသားချင်း မထိတာပဲ ကွာတယ်၊ နောက် ကားပတ်ကင်၊ ကားပတ်ကင် ကျယ်ကျယ်ဝန်းဝန်းဆေးရုံကြီးတော့ ၂ ရုံပဲ တွေ့ဖူးတယ်၊ ဈေးလဲကြီးတာကိုး၊ ကားရပ်စရာရှားရတဲ့ကြား ... ဆရာဝန်ကြီးများသာဆိုတဲ့ ဆိုင်ဘုတ်နီတာတွေးတွေက အနှံ့၊ ဆရာဝန်ကြီးများ ကြွချီလာပဟေ့ဆိုတာနဲ့ ထီးတော်မိုး၊ ကား တံခါးတော်ဖွင့်၊ ဆရာဝန်ကြီးထိုင်မယ့်ထိုင်ခုံအထိ ယို့ယို့လေးလိုက်လံပို့ဆောင်ပေးမယ့် ဝန်ဆောင်မှုမျိုးကတော့ ဆေးရုံတိုင်းမှာ ဖော်မြူလာလိုပဲ၊ လူနာ လာပဟေ့ဆို အာရကေလေး ငမ်းရှာ မျှော်လင့်ရှာတဲ့ မျက်လုံးတွေနဲ့၊ လူနာနဲ့ ဆရာဝန် ဘယ်ဒင်း ပိုအရေးကြီးသတုန်းဗျာ၊ ကမ္ဘာ့ ရှားပါး အထူးအဆန်းထွေလာတွေချည့်ပဲ။ 

မည်သို့ပင်ဖြစ်စေကာမူ လက်ရှိဗမာပြေရဲ့ ကျန်းမာရေး မမာရေး ချူချာရေးကိစ္စတွေမှာ ဒီလိုပရိုက် ဗိတ်ဟော်စပီတယ်တွေရှိတာ အားကိုးအားထားစရာပါပဲ၊ ရောဂါဘယ ဆိုတာလဲ ငယ်ငယ်ကစိမ် ပြေးတမ်းဆော့သလိုခဏနေအုန်း “ဘုတ်တေး” ခေါ်ထားလို့မှ မရတာ၊ ဖြစ်ရင်ကုရာမှာပဲ။

ပရိုက်ဗိတ်ဟော်စပီတယ်တွေအနေနဲ့ တစ်နေ့ထက်တစ်နေ့ တစ်လထက်တစ်လ တစ်နှစ်ထက်တစ်နှစ် ပိုပိုအဆင်ပြေအောင် လူနာတွေ နေသာထိုင်သာအောင် ဝန်ဆောင်မှုတွေ တိုးတိုးဆောင်ရွက်သင့်သလို လိုအပ်ထာတွေ ဘေးကအကြံပြုတာတွေကိုလဲ ဂရုစိုက်ပြုပြင်သင့်ပါတယ်၊ လက်ဆက်ကြေးရသမျှ ဆိုင်းသမားတောင် မဝေဘဲ အိပ်ထဲထည့် လောဘဇောတိုက်နေသရွေ့တော့ ကိုယ့်သမိုင်းလှကြမှာ မဟုတ်ပါဘူးလို့ ကန္နားစီး ဟော်စပီတယ် ပိုင်ရှင်ကြီးများ အမြဲမပြတ် သတိချပ်စေချင် ပါကြောင်း :D

မင်းသိုက် 
အောက်တိုဘာလ ၁၃ ရက်၊ ၂၀၁၃။ 
ရန်ကုန်မြို့တော်။ 


 

No comments: