Saturday, October 26, 2013

အရာရာဟာ “ယွင်း” (မင်းသိုက်)

မနေ့ညနေကတော့ သံပိတို့ဆိုင်မှာ ဂီယာဝိုင်သွားလဲလိုက်တယ်။ သံပိတို့ဆိုင်က သိပ်ကြီးကြီးကျယ်ကျယ် မဟုတ်ဘူး။ တောင်ဥက္ကလာ၊ ရတနာလမ်းမကြီးပေါ်က ကားပစ္စည်းအဟောင်းဆိုင်လေး။ ရေဆေး ဆီလိုက် ပေါလစ်ရှိုင်းခြင်းကိစ္စပါ ရောဖွင့်ထားတာ။ “ဝါရ်နာကွန်း” လုပ်ပြီး ကားအပ်ထားလိုက်ရင်အားလုံး စိတ်ချရတယ်။ ဈေးလဲသက်သာတယ်။ မနေ့က တစ်ခါထဲ အင်ဂျင်ဝိုင်ပါလဲချင်တာ၊ ဒင်္ဂါးကလည်း မလောက်မငှ ပြီးတော့ အင်ဂျင်ဝိုင်ကလည်း တိုယိုတာဆိုပေမယ့် ... ၅ လီတာ ပလတ်စတစ်ပုံးအနီဆိုတော့ သံပိတို့တော့ ယုံတယ်၊ သူတို့ပါ အင်မိထားတဲ့ ပုံးတွေဆို ကိုယ်ပါ ဂိ နေမယ်။ ဒါနဲ့ အင်ဂျင်ဝိုင်မလဲဖြစ်တော့ဘူး။ 

ဂနေ့တော့ မဖြစ်ချေဘူး၊ ရှေ့လထဲလည်း ခရီးဝေးသွားခြင်းကိစ္စတွေပေါ်လာဖို့ရှိတာရယ်၊ အင်ဂျင်ဝိုင်က ကီလို တစ်သောင်းမကျော်သေးပေမယ့် လဲထားတာ ၉ လကျော်ပြီဆိုတော့ ပါဝါကျနေပုံရမယ်ဆိုတာနဲ့ လဲလိုက်အုန်းမှပါဆို သံပိတို့ဆိုင်လစ်တော့ ကားတွေများနေတာတွေ့တာနဲ့ ဟိုဒီလျှောက်ပတ်လှည့်ရှာရင်း နိပွန်မာစတာတွေ ထရိန်းလုပ်ပေးထားတယ်ဆိုတဲ့ အော်တိုဆားဗစ်ကြီး အကြီးကြီး တစ်ခုတွေ့လိုက်တယ်။ ဒါနဲ့ အဲဒီမှာပဲ လဲမယ်ပေါ့၊ ဆိုင်ကြီးကလည်း ခန့်ညားထည်ဝါလိုက်ထာ၊ ဆိုင်သစ်ကြီး အကျယ်ကြီးပဲ။ ကားတွေကလည်း အကောင်းစားတွေချည့်ပဲ တန်းစီလို့။ အထဲမဝင်သေးဘဲ ထွက်လာတဲ့ဝန်ထမ်းလေးကို လှမ်းမေးတော့ အင်ဂျင်ဝိုင်လဲ နာရီဝက်ပဲကြာမယ်ဆိုတော့ ဟန်ကျတာပေါ့။ 


ဟိုးအရင် ဆူပါစလွန်း 87 လေး ကျပ်လေးသိန်းရှစ်သောင်းနဲ့ စဝယ်စီးကထဲက ဝပ်ရှော့ကိစ္စ ဆီလဲခြင်း၊ ရေဆေးခြင်းအဝဝကို ဦးဝိစာရလမ်းက ရွှေလင်းယုန်မှာပဲ လုပ်တယ်။ ဝပ်ရှော့အစွဲနဲ့တော့ မဟုတ်ဘူး၊ ရွှေလင်းယုန်က ကိုဖိုးရတို့ ကရင်ညီအစ်ကိုကြီးက စိတ်ချရတယ်။ ဒါ့အပြင် အဓိကကတော့“ဝင်းနိုင်”ဆိုတဲ့ ပခုက္ကူဘက်က ချာတိတ်ပဲ၊ ဒီချာတိတ် ရန်ကုန်တက်လာပြီး လက်ဖက်ရည်ဆိုင်လေးမှာ စားပွဲထိုးလေးဘဝကတည်းက ရင်းနှီးတာ၊ နောက်ပိုင်းတော့ သူ ရွှေလင်းယုံမှာ ရေဆေးသမားလေး၊ ဆီထိုးသမားလေးဘဝက နေအခုတော့ စီနီယာကြီးဖြစ်နေတော့ သူ့ဆီပဲ ကားပုံအပ်လိုက်ထာပဲ၊ စိတ်ချရတယ်၊ ခုတော့ ရွှေလင်းယုန် ဘက်မသွားနိုင်တော့ဘူး၊ ထရက်ဖစ်ထဲ အချိန်မဖြုန်းနိုင်တော့ဘူး။ 

ဒါနဲ့ ဂနေ့ အနှီးအော်တိုဆားဗစ်အသစ်ကြီးနှင့် စပတ်သက်ရလေသည်ပေါ့ ... ရုံကြီးထဲ ကားခေါင်းပြုလိုက်ကတည်းက ဝန်ထမ်း ၃ ယောက်ပြေးထွက်လာပြီး ဘာလုပ်ချင်သလဲ ဘာလုပ်မှာလဲပေါ့၊ အင်ဂျင်ဝိုင်လဲမယ်လည်း ဆိုလည်းဆိုလိုက်ရော ဖိုင်တွဲကိုင်ထားတဲ့ ကလေးမလေး တစ်ယောက်ပါထပ် ရောက်လာပြီး ဘယ်တုန်းက နောက်ဆုံးလဲထားတာလဲ ဘာအမျိုးအစားလဲ၊ မော်တော်ကားက မောင်းထားတာ ကီလို စုစုပေါင်းဘယ်လောက်ရှိပလဲ အစရှိသဖြင့် ပရိုက်ဗိတ်ဟော်စပီတယ်ရောက် လူနာတစ်ဦးလိုပဲ အစုံအစုံ မေးတော့တာပဲ တစ်ဦးကလည်း ကားထဲရှေ့ခန်းထဲအထိ ခေါင်းကြီးအတင်းထိုးပြီး စုစုပေါင်း ကီလိုတစ်သိန်းခွင်နသောင်း ... (အညာသံဖြင့်) လို့ အော်လိုအော် ... ဟ့ဟ့ ဘာတွေတုန်းဟ့ ... စုစုပေါင်းကီလိုနဲ့ အင်ဂျင်ဝိုင်လဲမှာဘာ ဆိုင်လို့တုန်း ... ... ...

“ဟုတ်ပါဘူး ကျွန်တော်တို့က မော်တော်ကားတစ်စီးရဲ့ စုစုပေါင်း ကီလိုမီတာကိုကြည့်ပြီးမှ သူနဲ့သင့်တော် လိုက်ဖက်မယ့် အင်ဂျင်ဝိုင်လဲပေးမှာပါခည... ... ...” 

မင်းတို့ဖာသာ သင့်တော်ရာတွေ မသင့်တော်ရာတွေအသာထား. တိုယိုတာ ၁၀-၃၀ သံပုံးနဲ့ရှိလား ...? 

“ဟုတ်ကဲ့ ရှိတယ်အစ်ကို” ... 

အေး ... အဲဒါဆိုလဲ ၂ ပုံးတော့ မယူနိုင်ဘူး ခွဲရောင်းသလား? .... 

“ဟုတ်ကဲ့ ရောင်းပါတယ်အစ်ကို” ...

ဒါဆို ဟန်ကျပြီ၊ အားလုံး ၆ လီတာ ထည့်ရမယ်၊ သံပုံးက ၄ လီတာဆိုတော့ တစ်ပုံးခွဲပေါ့ကွာ ဖေလ်တာပါ လဲလိုက်။ 

ကားသော့အပ်လိုက်ပြီး ခန့်ညာထည်ဝါတဲ့ရုံကြီးထဲ ထုံးစံအတိုင်း နတ်ကရာကျီးမော့လိုက်လုပ်နေလိုက်ထာပေါ့၊ ရှေ့မှာလဲနေတဲ့တစ်စီးရှိတော့ စောင့်ပေါ့။ 

ပစ္စည်းပစ္စယာတွေကလဲ အသစ်တွေ၊ လုပ်သားတွေကလဲ တူညီဝတ်စုံတွေနဲ့၊ ဂျန်ဒါတော့ ဗဲလန့်စ်မဖြစ်ဘူး မာတုကာမဝန်ထမ်းလေးက ၃ ယောက်ထဲရယ်။ သူဌေး သို့မဟုတ် သူဌေးလူယုံ မျက်နှာလွှဲဟုယူဆရသော ဘွတ်နဲ့ ရွှတ်နဲ့ တစ်ယောက်ကတော့ ကားရှင်တွေကိုလိုက် မျက်နှာချိုသွေး ဟိုရွှီး ဒီရွှီး၊ ကိုယ့်နားတော့ မလာပါဘူး၊ ကိုယ်က စုတ်တီးစုတ်ပြတ်....... ကားကလဲ စုတ်တီးစုတ်ပြတ် ……။ 

ရှေ့ ကားတစ်စီးပြီးတော့ ကိုယ့်အလှည့်၊ ကားကြီးကို ဟိုက်ဒေါလစ်စက်ကြီးနဲ့ ပင်တင့် အင်ဂျင်ဝိုင်စဖောက်ချပြီ၊ ကိုယ်လည်း အနားကပ်ပြီး လုပ်ပုံကိုင်ပုံတွေ အသေးစိတ်လေ့လာ၊ စိတ်ထဲက အမှတ်စ ပေးပေါ့။ 

ဆီလဲတာဝန်ခံကလေးက အသက်၂၀ ကျော်လေး၊ အညာသားဖြစ်ပုံရတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ သွက်သွက်ချာချာ (ဆယ်မှတ် အပြည့်ပေး)၊ ဆီဖောက်ချ ဆီခံခွက်ထဲဆီကျန် ဒဲ့ မကျ၊ သူနဲ့တော့မဆိုင် ဘေးက လေတိုက်ထာကို လေတိုက်တော့ ဆီလွင့်၊ ဆိုင်ရှင် ဖျင်းညံ့ (ဆယ်မှတ်လျှော့) ၊ ဆီဖောက်နေစဉ် အသစ်ထည့်မည့် ဆီ ၄ လီတာ ပုံးတစ်ပုံးသာ အနားရောက်၊ ကျန် ၂ လီတာ မရောက်သေး (ဆယ်မှတ်လျော့)။ ဖေလ်တာဗူးသစ် အဆင်သင့်မရောက်သေး (ဆယ်မှတ်လျှော့)၊ ဆီတာဝန်ခံ အညာသားလေး စိတ်မရှည်သဖြင့် ဖေလ်တာ ကိုယ်တိုင်သွားယူ၊ ဗူးသစ်ဖောက်ထုတ်ကြည့် ဖေလ်လတာမတူ နံပတ်လွဲ၊ နောက်တစ်ကြိမ် ထပ်သွားယူ၊ ထပ်လွဲပြန် (၂ ကြိမ်အတွက် ဆယ်မှတ်လျှော့)၊ အမှန်တော့ ဘေးအကူ စာရေးမက ဒါတွေ အကုန် စီစဉ်ထုတ်ပေးထားရမှာ။ 

“အစ်မရေ ... လုပ်ပါအုန်း ... ဖေလ်တာတွေက မတူဘူးအစ်မ ရှာပေးပါအုန်း …” 

“အမလေး နင်တို့မလဲ ဒီဖေလ်တာလေးတောင် မရှာတတ်ဘူးလား နေအုန်း ငါ သွားကြည့်ပေးမယ် ...” 

ဖေလ်တာသွားရှာသူ စာရေးမ (မော်ဒယ် ဂန္ဓဝင်နှင့် အတော်တူ ဆံပင်အဝါဆိုးထား) ဆယ့်ငါးမိနစ်ကျော် ကြာသည်အထိ ပြန်ပေါ်မလာ၊ လက်ကျန်ထပ်ဖြည့်ရင် နောက်ထပ် ၂ လီတာအပြည့်လည်း မလာသေး (ပေါင်း အမှတ် ၂၀ တဘရိပ်ထဲ ထပ်လျှော့)။ 

“ကဲ ကဲ ... ညီလေးရေ နောက် ၂ လီတာလည်း မရောက်လာသေးဘူး၊ ဖေလ်တာအသစ်ရှာမရလည်း အဟောင်းသာပြန်ထည့်လိုက်တော့ ... မင်းတို့နာရီဝက်က တစ်နာရီကျော်နေပြီ …” ခပ်ကျယ်ကျယ် တွန်လိုက်တော့ သူဌေးလူယုံ ကြားသွားပုံရတယ်၊ ဖေလ်တာတော့ရမလာ ထပ်ထည့်ဖို့လက်ကျန် ၂ လီတာအတွက် ပုံးသစ် လက်ကကိုင်ပြီး ပြန်လာတဲ့ စာရေးမ ဂန္ဓဝင်ကို သူဌေးလူယုံ မာန်လေပြီ တုတ်လေပြီ … … …။

“နင်တို့ အဲဒါပြောတာပေါ့ မနက်အစည်းအဝေးမှာ လိုတာတွေ တင်ပြပါပြောပါ ဝယ်ထားပါ ပြောရဲ့သားနဲ့ ဖေလ်တာမရှိဘူးလား သွား သွား သွားဝယ်ချေ ” ... ... (ဘယ်နှစ်မှတ် လျှော့ရမှန်းမသိလို့ မလျှော့တတ်တော့ဘူး ) :D စုစုပေါင်းကြာမြင့်ချိန် တစ်နာရီနဲ့မှလေးဆယ်ရှစ်မိနစ်အတွင်း အင်ဂျင်ဝိုင်အသစ်လဲပြီး၊ ငွေရှင်းပြီး၊ ဘောက်ချာယူ ပြန်အမ်းငွေစောင့် ... စက်နိုး ဒိုးလာခဲ့လေသတည်း။ 

ကျွန်တော် ဒီအကြောင်းအရာရေးသားခြင်းမှာ အနှီးနိပွန်မာစတာထရိန်နင် အော်တိုဆာဗစ်ကြီးကို ပုဂ္ဂိုလ်ရေး စော်ကားခြင်း၊ ကဲ့ရဲ့ရှုတ်ချခြင်း လုံးဝ (လုံးဝ) မဟုတ်ပါ။ ဒီဆိုင်ကြီးရော ဒီဆိုင်ကြီးပိုင်ရှင်ရော ဒီဆိုင်ကြီးထဲက ဝန်ထမ်းတွေအားလုံးပါ မြန်မာနိုင်ငံတော်ကြီးအတွင်း တည်မှီတင်းနေရတာကိုး၊ အယွင်းဆန်းဆန်းကြီးတော့ မဟုတ်ပါ၊ ဖြစ်လေ့ရှိနေသော ဖြစ်နေသောအယွင်းထဲမှ တစ်ယွင်းပါ။ 

ယနေ့မြန်မာနိုင်ငံတော်ကြီးမှာ နေရာတကာ၊ အဝိုင်းအဝန်းအစုံမှာ အယွင်းပေါင်းများစွာ ဝေဆာနေပုံထောက် ပြချင်တာပါ။ ဖွဲ့စည်းပုံယွင်း၊ အုပ်ချုပ်ပုံယွင်း၊ ခေါင်လူကြီးယွင်း၊ ငယ်သားယွင်း အရာရာယွင်း အယွင်းတကာ့ အယွင်းပေါင်းများကြားထဲမှာ ကျွန်တော်ပါ ရော ယောင် ယွင်း နေပါပေါ့လားတွေးရင်း။     ။ 

မင်းသိုက် 
အောက်တိုဘာလ ၂၆၊ ၂၀၁၃။ 
မဟာရန်ကုန်ရွှေမြို့တော်။


 

No comments: