Wednesday, October 16, 2013

အပေါင်ဆိုင် (ဆောင်းလူ)

နံနက်စောစောစီးစီးပင် ... လုံလုံခြုံခြုံထုပ်ပိုးထားသည့် နှလုံးသားတစုံကို အပေါင်ဆိုင်တွင် ... ပါးစပ်နှစ်ပေါက်နှင့် အလဲအထပ်လုပ်လိုက်သည်။ ရလာသည့် ပါးစပ်နှစ်ပေါက်အတွက် အတိုးအနေအဖြင့် လျှာတဖက် တိုးလာသည် ...။ ပါးစပ်ပေါက်တို့သည်ကား အကောင်းပတိ မဟုတ် ...။ ဝါးစရာ သွားတို့သည် ပဲ့သည့်နေရာ ပဲ့ ...ရွဲ့သည့်နေရာ ရွဲ့နှင့် ...။ 

လျှာတဖက်ကို အပေါင်ထားခဲ့ရသည့်အတွက် ... ပါးစပ်တပေါက်အတွက် ... အရသာခံစရာ လျှာမရှိတော့ ...။ မတတ်နိုင် ... သူ ခဏ .... ကိုယ် ခဏ အသုံးပြုမှရမည် ...။ ထို့ထက် အရေးကြီးသည်ကား နှလုံးသားတစုံ အပေါင်မဆုံးရန် ဖြစ်သည်။ လျှာမရှိပေမယ့် နှလုံးသားဖြင့်ခံစား၍ ရနိုင်သေးသည် ...။ 


ခုတလော အပေါင်ဆိုင်တွေ တိုးလာသည် ...။ အပေါင်ခံသူတို့သည် နှလုံးသားကို ပေါင်နှံမည်ဆိုလျှင် ... ကောင်းကောင်း မကောင်းကောင်း လက်ခံကြသည်။ သုံးဖန်များလွန်းသည့် ဦးနှောက်အားလည်း မလိုချင်ကြ ...။ တခြားအရာတို့ကိုကား သုံးပြီးသားဆို မလိုချင်ကြ ...။ ထို့အတွက် လမ်းမပေါ်တလျှောက် ... ရထားဘူတာ၊ ကားဆိပ်တလျှောက် ပေါင်နှံသူတို့၏ နှလုံးသားနေရာသည် ဟာလာဟင်းလင်းဖြင့် ...။ နှလုံးသားမရှိသည့်အတွက် ဦးနှောက်သည်ပင် ကောင်းစွာ အလုပ်မလုပ် ...။ 

တချို့ ကား နှလုံးသားမရှိ ... 
တချို့ကား ဦးနှောက်မရှိ .... 
တချို့ကား ပါးစပ်နှစ်ပေါက်နှင့် ... 
တချို့ကား လျှာ နှစ်ထပ်နှင့် ... 
တချို့ကား မျက်လုံးလေးဖက်နှင့် ...
တချို့ကား နားခြောက်ဖက်နှင့် ... 

အပေါင်ဆိုင် ပိုင်ရှင်သည် အပေါင်ဆုံးပစ္စည်းတွေကို လမ်းဘေးတွင် ချရောင်းနေလေသည် ...။ သူကိုယ်တိုင်ကား ဦးနှောက်နှစ်ထပ် ..နှလုံးသား နှစ်ထပ် ... ပါးစပ်နှစ်ပေါက် ... လျှာ နှစ်ထပ် ... မျက်လုံးလေးထပ် ... နားခြောက်ဖက်နှင့် ... 

ဝယ်သူတို့သည် အလုအယက် ..အတိုးအဝှေ့ ...။ လမ်းဘေး အပေါင်ဆုံးချရောင်းဆိုင်တွင် ... အင်ဂျင်နီယာ၏ ဦးနှောက်သည် ပွစိစိ ...၊ လေးခန်းမှာ နှစ်ခန်းလောက်ပျက်နေသည့် ဆရာဝန်၏ နှလုံးသားသည် ခုန်ဆွ ခုန်ဆွ ..။ ဝယ်သူတို့သည် တိုးကြဝှေ့ကြနှင့် ပေါပေါပဲပဲနှင့် ပြန်ထုတ်ရောင်းသည့် အပေါင်းဆုံးပစ္စည်းများကို သူ့ထက်ငါ အလုအယက်တိုးဝှေ့ကြကုန်၏ ...။ 

တနေရာတွင် .. ဦးနှောက်တစ်စုံသည် မလှုပ်မယှက် ...။ နောက်တနေရာတွင် ... နှစ်လုံးသားတစ်စုံသည် မလှုပ်မယှက် ...။ ကျိန်းသေသည် ဝယ်သူတွေကို ဆွဲဆောင်မှုမရှိအောင် ... သူတို့ သေချင်ဟန်ဆောင်နေကြသည် ...။ 

နောက်တနေ့ အပေါင်ဆိုင်သို့ရောက်ဖြစ်ခဲ့ရင် ... ဦးနှောက်နှင့် နှလုံးသားကို မသိမသာ အကဲခတ်ကြည့်ခဲ့လိုက်မည် ...။      ။ 

ဆောင်းလူ 
အောက်တိုဘာ ၁၆၊ ၂၀၁၃ 


 

No comments: