Wednesday, October 9, 2013

ကျနော်နှင့် ကိုသက်နိုင် - ကိုမာကီ (၈၈ မျိုးဆက်)

ပညာသင်ကြားရေးနဲ့ သင်ယူရေးမှာ အတော်ကို အထုံဝါသနာကြီးတဲ့လူ။ စိတ်သဘောထား ရိုးသားဖြူစင်ပွင့်လင်းသလောက်၊ စိတ်ခံစားမှု ပြင်းထန်တဲ့သူ။ ဒီမိုကရေးစီရေးအတွက် မိသားစုဘဝနဲ့ အနာဂတ်တစ်ခုလုံး ပေးဆပ်ခဲ့တဲ့သူ။ ကျနော်တို့ မြစ်ကြီးနား အကျဉ်းထောင်ရောက်ပြီး တစ်နှစ်လောက်နေမှ ကိုသက်နိုင်တို့ ထောင်ပြောင်းအုပ်စု ရောက်လာကြတာပါ။ ဦးစိန်လှဦး(NLD)၊ ကိုမျိုးအောင်သန့်(Trade Union)၊ ဦးဉာဏ်သောင်း (မရမ်းကုန်း)၊ ကိုကြည်လင်(တောင်ဒဂုံ)၊ ကိုပြည်စိုး(ကြည့်မြင်တိုင်)တို့နဲ့အတူ ၁၉၉၈ ခုနှစ်၊ မေလလောက်မှာ ပြောင်းလာတာ။ သူတို့ပြောင်းလာတာလည်း ကျနော်တို့လိုပဲ ဆယ့်နှစ်ယောက်လောက်ရှိမယ်။ 

ကိုသက်နိုင်က ပဲခူးသား။ ၁၉၉၆ ခုနှစ်ကတည်းက သင်္ချာအဓိကနဲ့ ဘွဲ့ရနေပြီ။ ပဲခူးမြို့နယ်ထဲက ရွာလေးတစ်ရွာမှာပဲ မူလတန်းပြဆရာလေးအဖြစ် အေးအေးချမ်းချမ်းရှိနေချိန်။ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးက ကိုသက်နိုင်ကို ဆွဲလှုပ်နှိုးခဲ့တယ်။ ပဲခူးမြို့မှာ ဦးဆောင် သပိတ်မှောက်သူတွေထဲက တစ်ယောက်အပါအဝင်ဖြစ်လာတယ်။ ပဲခူးမြို့မှာ သြဂုတ်လ ၄ ရက်နဲ့ ၆ ရက်နေ့လှုပ်ရှားမှုအတွင်း တက္ကသိုလ်ကျောင်းသားတွေကို ဦးဆောင်ခဲ့တယ်။ ပဲခူးတိုင်းအရှေ့ခြမ်း ကျောင်းသားများသမဂ္ဂ (ယာယီ) ဖွဲ့စည်းနိုင်ဖို့ စည်းရုံး လှုပ်ရှားခဲ့တယ်။ သွေးစွန်းကျောင်းသားများနှင့် မျိုးချစ်ရဲဘော်များအဖွဲ့ကို ဖွဲ့စည်းတယ်။ ပဲခူးမြို့လယ်မှာ ဒီမိုကရေစီကျောက်တိုင်ကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့တယ်။(ဒါပေမယ့် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ အဖြိုဖျက်ခံလိုက်ရတယ်)။ ကိုသက်နိုင်လည်း သူ့ရဲ့မူလ ကျောင်းဆရာလေးဘဝကို ပြန်ရောက်သွားခဲ့ရတယ်။ 


၁၉၈၉ ခုနှစ်မှာတော့ ပဲခူးသူတစ်ယောက်နဲ့ အိမ်ထောင်ကျတယ်။ ၁၉၉၀ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာတော့ ပဲခူးမြို့ အထက (၆) ကို ပြောင်းရွှေ့မိန့်ကျတယ်။ ၁၉၉၀ ခုနှစ်ပါတီစုံ ရွေးကောက်ပွဲမှာ မဲရုံမှူးအဖြစ် ပဲခူးမြို့ အထက်စည်တီးကျေးရွာမှာ တာဝန်ပေးအပ်ခြင်းခံရတယ်။ ရွေးကောက်ပွဲအပြီး ၁/၉၀ ကြေငြာချက်ထွက်ပေါ်လာတဲ့နောက်ပိုင်းမှာ နဝတ စစ်အစိုးရ ကတိမတည်တော့ဘူးဆိုတာကို သိလာတော့၊ ကျောင်းသား လူငယ်တွေကို ဦးဆောင်ပြီး စစ်အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုဘက် ပြန်လှည့်လာခဲ့တယ်။ 

၁၉၉၀ ခုနှစ် စက်တင်ဘာလထဲမှာတော့ ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းရေး၊ ဖမ်းဆီးကျောင်းသား ပြန်လွှတ်ရေး၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလာဒ် အကောင်ထည်ဖော်ရေး တောင်းဆိုမှုတွေနဲ့ အထက်တန်းကျောင်းသားလေးတွေကို ဦးဆောင်ပြီး ဆန္ဒပြခဲ့တယ်။ ကျောင်းဆရာဖြစ်သူ ကိုသက်နိုင်နဲ့ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ အထက်တန်းကျောင်းသားလေး ၉ ယောက် အဖမ်းခံခဲ့ကြရတယ်။ အဲဒီ့ကျောင်းသားလေးတွေဆိုရင် ၁၆ နှစ်၊ ၁၇ နှစ်ပဲ ရှိကြပါသေးတယ်။ ရှစ်တန်းကျောင်းသားလေးတစ်ယောက်ဆိုရင် ၁၄ နှစ်ပဲ ရှိသေးတယ်လေ။ ဒါပေမယ့် အားလုံးပဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၄ နှစ်စီ အပြစ်ပေးခံခဲ့ကြရတယ်။ 


ထောင်ကျပြီဆိုတော့ ကိုသက်နိုင်ရဲ့ဘဝ တစ်ဆစ်ချိုး ပြောင်းလဲခဲ့ရတယ်။ တည်ထောင်ခါစ မိသားစုဘဝလေး ယိမ်းယိုင်ခဲ့ရတယ်။ ၁၉၉၄ ခုနှစ်မှာ ထောင်က ပြန်လွတ်လာတယ်။ ဘွဲ့ရပညာတတ်လူငယ်တစ်ယောက်ဖြစ်ပေမယ်လို့ ထောင်ထွက် နိုင်ငံရေးသမားတစ်ယောက်အတွက် အတားအဆီး အနှောက်အယှက်တွေက ကြီးမားလွန်းလှတော့ မိသားစုဘဝကို ခက်ခက်ခဲခဲ ရင်ဆိုင်ရုန်းကန်ခဲ့ရတယ်။ သမာအာဇီဝအလုပ်ဆိုရင် ဘာမဆိုလုပ်ဝံ့တဲ့သတ္တိနဲ့ ဘဝပေးအခြေအနေတွေအရ လမ်းဘေးဈေးသည်၊ စက်ဘီးတက္ကစီသမား၊ ကုန်စိမ်းသည်အဖြစ် ကျင်လည်ခဲ့ရတယ်။ 

၁၉၉၇ ခုနှစ်မှာတော့ ပဲခူးမြို့မှာလာရောက်ဖွင့်လှစ်တဲ့ ဟောင်ကောင် အခြေစိုက် Yangtzekiang အထည်ချုပ်စက်ရုံမှာ Supervisor အလုပ်ရခဲ့တယ်။ သူ့အတွက်တော့ သိပ်မဆိုးလှတဲ့အလုပ်လို့ ဆိုရမှာပါ။ ဒါပေမယ့် စက်ရုံထဲက ရာပေါင်းများစွာသော အလုပ်သမားလေးတွေရဲ့ဘဝကိုတော့ သူ ဘယ်လိုမှ မရှုစိမ့်နိုင်ခဲ့ဘူး။ မမျှတတဲ့ အလုပ်ချိန်နဲ့ လုပ်ခလစာတွေအတွက် သူ မကြည့်ရက်နိုင်ခဲ့ဘူး။ အဲဒီ့အတွက် အလုပ်သမားလေးတွေကို စည်းရုံး၊ ၁၆ ဦး ကော်မတီဖွဲ့၊ အလုပ်သမား ၁၃၀၀ ကျော်ကို ဦးဆောင်ပြီး အလုပ်သမားအခွင့်အရေးအတွက် ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြခဲ့ကြတယ်။ အဲဒီ့အချိန်က အလုပ်သမားဝန်ကြီးဌာနနဲ့ ကုမ္ပဏီက ကိုသက်နိုင်ကို လက်ထောက် စက်ရုံမှူးရာထူးနဲ့ မျှားပြီး အလုပ်သမားထုနဲ့ သွေးခွဲဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမယ့် ကိုသက်နိုင်က အလွယ်တကူပဲ ပယ်ချခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအလုပ်သမားအခြေအနေတွေကို ILO အထိ တင်ပြတိုင်တန်းလိုက်တယ်။ အဲဒီ့ရဲ့ အကျိုးဆက်ကတော့ ကိုသက်နိုင် အပါအဝင် အလုပ်သမားခေါင်းဆောင် ၁၆ ယောက်လုံး အဖမ်းဆီးခံခဲ့ကြရတယ်။ အဲဒီ့ထဲကမှ ကိုသက်နိုင်နဲ့ ကိုမြင့်မောင်မောင်တို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်ပါတယ်။ 

မြစ်ကြီးနားအကျဉ်းထောင်မှာ ရောက်နှင့်နေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ လူငယ်တွေက အများစုပါ။ ကိုသက်နိုင်တို့ရောက်လာတော့ လူငယ်အင်အားက ပိုပြီးအားကောင်းလာပါတယ်။ လုပ်စရာအလုပ်တွေလည်း အများကြီး အကောင်ထည်ဖော်ဖြစ်ကြပါတယ်။ နိုင်ငံရေး အခန်းအနားတွေ၊ အင်္ဂလိပ်စာသင်တန်းတွေ၊ စာအုပ်စာစောင် ရှာဖွေတာတွေ၊ လက်ရေးစာစောင် ထုတ်ဝေတာတွေ၊ ရေဒီယိုနားထောင်တာတွေ …။ ကိုသက်နိုင်မှာ ထူးခြားတာကတော့ ပညာသင်ကြားရေးနဲ့ သင်ယူရေးမှာ အတော်ကို အထုံဝါသနာကြီးတာပါပဲ။ 

ကျနော်တို့လူငယ်တွေထဲမှာဆိုရင် သူက အသက်အကြီးဆုံးပါ။ ဒါပေမယ့် သူက ပညာအဆည်းပူးဆုံးပါပဲ။ ပညာလိုချင်တဲ့လောဘက သူ့မှာ အားကြီးလှပါတယ်။ ဘာမဆို သူက သိချင် တတ်ချင်လွန်းသလိုပါပဲ။ စာလည်း အလွန်ဖတ်သူပါ။ သူ့ကြည်လိုက်တိုင်း စာအုပ်နဲ့မျက်နှာ မခွာသလောက်ပါပဲ။ တစ်ခါတလေလည်း ပါးစပ်က တလှုပ်လှုပ်နဲ့ စာကျက်နေတတ်ပါတယ်။ သင်ပေးမယ့်သူက အားလပ်တာ၊ မအားလပ်တာ၊ စိတ်ပါတာမပါတာ သူ ဂရုမစိုက်ပါဘူး။ အနောက်ကနေ တကောက်ကောက်လိုက်ပြီးလည်း မေးမြန်းမယ်။ အခန်းဝမှာ စောင့်ကြောင့်လေး သွားထိုင်ပြီးတော့လည်း သင်ယူမယ်။ သူ့ထက်ငယ်တဲ့ ကျနော့်ကိုတောင် အင်္ဂလိပ်စာအဓိက ကျောင်းသားကြီးဆိုပြီး အထင်တကြီးနဲ့ ကျနော့်ဆီက အင်္ဂလိပ်စာသင်ယူဖို့ ကြိုးစားပါသေးတယ်။ ကျနော့်ရဲ့အင်္ဂလိပ်စာအဆင့်က သူ့လောက်မရှိမှန်းသိသွားလို့သာ ကျနော် အသက်ရှုချောင်ခဲ့ရပါတယ်။ သူက သင်ယူသလိုပဲ သူတစ်ပါးကိုလည်း အလွန်ကို သင်ပြချင်သူပါ။ သူသိထားသမျှကိုလည်း ဝေမျှပေးဖို့ စိတ်အားထက်သန်သူပါ။ 

ဒါပေမယ့် အနုပညာခံစားနိုင်စွမ်း ကြီးမားသလို၊ စိတ်ခံစားမှုကလည်း သူ့မှာ အလွန်ပြင်းထန်ပါတယ်။ သူတစ်ပါးအပေါ် အကောက်မကြံတတ်သလို၊ သူတစ်ပါးရဲ့မရိုးဖြောင့်မှုတွေကို မြင်တွေ့ရရင်လည်း သည်းခံ နိုင်စွမ်းနည်းပါးလှပါတယ်။ ဒီ့အတွက် ကိုယ့်အချင်းချင်းကြားထဲမှာ မကြာခနပြဿနာဖြစ်ရလေ့ရှိပါတယ်။ ဖြစ်လိုက်ရင်လည်း အုတ်အော်သောင်းနင်းပါပဲ။ သူ့ရဲ့ဘ၀ဖြတ်သန်းမှုအရ စိတ်ဒဏ်ရာတွေလည်း သူ့မှာ ရှိနေပုံရပါတယ်။ သူဒေါသထွက်လာပြီ၊ စိတ်ခံစားမှု တစ်စုံတရာရှိလာပြီဆိုရင် သူ့ရဲ့နှုတ်ခမ်းတွေသာမက မျက်နှာပေါ်က ကြွက်သားဆိုင်တွေပါ တဆတ်ဆတ်တုန်ခါလှုပ်ရှားလာလေ့ရှိပါတယ်။ ဒီ့နောက်မှာတော့ ပေါက်ကွဲမှုတစ်ခုခု ဖြစ်တော့တာပါပဲ။ ဒါပေမဲ့ ကိုသက်နိုင်ကို ဘယ်သူမှ မငြူစူရက်ကြပါဘူး။ သူ့ရဲ့ ဖြူစင် တဲ့စိတ်နဲ့ ဖြောင့်မတ်တဲ့ သဘောထားကို နားလည်နိုင်ကြလို့ပါပဲ။ နိုင်ငံရေးအကျဉ်းသားအဖြစ် အကျဉ်း ထောင်ထဲမှာ ခင်မင်ရင်းနှီးခွင့်ရတဲ့ သံယောဇဉ်ကလည်း ကြီးမားကြပါတယ်။ ရဲဖော်ရဲဖက်အဖြစ်ရော၊ ဒုက္ခကို ရင်စည်းခံကြရတဲ့ ဘ၀တူတွေအဖြစ်ပါ ရုန်းကန်ရှင်သန်ခဲ့ရတာမဟုတ်လား။ 

၂၀၀၄ ခုနှစ်မှာတော့ ကိုသက်နိုင် မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်ပါတယ်။ သူလွတ်ပြီး မကြာဘူး၊ ၂၀၀၅ ခုနှစ်မှာ ကျနော်လည်း ထောင်က လွတ်ပါတယ်။ ကျနော် ရန်ကုန်ကို ပြန်ရောက်ပြီး ရက်ပိုင်းလေးမှာပဲ ကိုသက်နိုင် ကျနော့်အိမ်ကို ရောက်လာပြီး နှုတ်ဆက်ပါတယ်။ အပြင်လောကမှာလည်း သူ့ရဲ့ရုန်းကန်ရင်ဆိုင်နေရမှုကို သူ့ရဲ့မျက်နှာမှာ အထင်းသားတွေ့ရပါတယ်။ ဒီနောက်မှာတော့ ကျနော်က ၈၈ မျိုးဆက် ကျောင်းသားများလှုပ်ရှားမှုမှာ တစိုက်မတ်မတ် ပါဝင်ခဲ့တယ်။ ကိုသက်နိုင်လည်း ကျနော်တို့နဲ့ ချိတ်ဆက်ပြီး ပဲခူးမြို့မှာ သူနိုင်သလောက် လှုပ်ရှားဆောင်ရွက်တယ်။ ဒါပေမယ့် စစ်အစိုးရဲ့ဖိနှိပ်မှုက နယ်မြို့တွေမှာ ပိုပြီးအားကောင်းတော့ ကိုသက်နိုင်အတွက် ရပ်တည်လှုပ်ရှားရတာ ပိုပို ခက်ခဲလာပုံ ရပါတယ်။ 

တစ်ရက်တော့ ကျနော်တို့ရဲ့စုရပ်ဖြစ်တဲ့ တောင်ဥက္ကလာက ကိုကိုကြီးရဲ့အခန်းကို ကိုသက်နိုင် ရောက်လာပါတယ်။ မင်းကိုနိုင်၊ ကိုကိုကြီးတို့လည်းရှိနေတာမို့ ကိုသက်နိုင်နဲ့ အတော်ကြာကြာပဲ ပြောဆိုဆွေးနွေးကြပါတယ်။ ကျနော်နဲ့ နှစ်ယောက်တည်း တီးတိုးဆွေးနွေးတဲ့အခါမှာတော့ ကိုသက်နိုင်က သူပဲခူးမှာ နေလို့မဖြစ်နိုင်တော့တဲ့အကြောင်း ရင်ဖွင့်ပါတယ်။ အဲဒီ့ကာလမှာ အပြင်ထွက်တာကို (နယ်စပ်ထွက်တာကို) ကျနော် သဘောမကျပါဘူး။ ပြည်တွင်းမှာ လှုပ်ရှားနိုင်ဖို့က ပိုပြီးလိုအပ်တယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့် ကိုသက်နိုင်အတွက်ကတော့ အခြားရွေးချယ်စရာ သိပ်မရှိပါဘူး။ တားလို့မရတဲ့ အခြေအနေမှန်း သိနေတော့လည်း သဘောမတူတဲ့ကြားထဲကပဲ ကျနော်ကူညီနိုင်တာတွေ ကူညီပေးလိုက်ရပါတယ်။ 

အပြင်ရောက်သွားပြီးမှ ကိုသက်နိုင်နဲ့ တိုက်ရိုက်အဆက်အသွယ်တော့ မရသလောက်ပါပဲ။ ဒါပေမယ့် သတင်းစကားတွေကတော့ ကြားနေရပါတယ်။ သူ မူလရည်မှန်းတဲ့(သူ အားကိုးတဲ့) နိုင်ငံရေးအုပ်စုနဲ့ သိပ်အဆင်မပြေတဲ့အကြောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းများသမဂ္ဂ(Burma Political Prisoners’ Union) မှာ ပါဝင်လှုပ်ရှားနေကြောင်း၊ နယ်စပ်တောထဲက ကလေးတွေပညာရေးအတွက် အဓိကထားပြီး လုပ်ကိုင်နေကြောင်း၊ ILO က အလုပ်သမားဥပဒေနဲ့ပတ်သတ်တဲ့ Diploma တစ်ခုလည်း ရရှိကြောင်း…။ 

၂၀၁၂ ခုနှစ်။ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အပြင်ကနိုင်ငံရေးအင်အားစုတွေ တဖြည်းဖြည်း ပြန်လည်ဝင်ရောက်လာကြတဲ့အခါ၊ ကျနော်လည်း ကိုသက်နိုင်ကို မျှော်နေခဲ့ပါတယ်။ ကိုယ့်ယုံကြည်ချက်၊ ကိုယ့်ရပ်တည်ချက်အတိုင်း ဆုံးဖြတ်ကြရမှာမို့ ပြန်လာဖို့တော့ ကျနော့်မှာ မတိုက်တွန်းသာပါဘူး။ ဒါပေမယ့် ခဏဖြစ်ဖြစ်တော့ ကိုယ်တိုင်ကိုယ်ကျ လာပြီးလေ့လာစေချင်ပါတယ်။ မျှော်နေဆဲမှာပဲ တစ်ရက်တော့ ကိုသက်နိုင်ဆီကနေ ဖုန်းဝင်လာပါတယ်။ ပြည်တွင်းကနေဆက်တဲ့ ဖုန်းနံပါတ်မို့ ကျနော် အရမ်းဝမ်းသာသွားပါတယ်။ ပြန်ရောက်လာခါစကတော့ ကိုသက်နိုင်လည်း စမ်းတဝါးဝါးနဲ့ပဲ ဖြစ်ပုံရပါတယ်။ 

ဒါပေမယ့် သူ့မှာ နိုင်ငံရေးနေရာဖန်တီးဖို့ ဆန္ဒရှိပုံမရတော့ပါဘူး။ နိုင်ငံရေးရည်မှန်းချက်တွေလည်း မစားရဝခမန်း ပြောမနေတော့ပါဘူး။ နယ်စပ်မှာတုန်းက သူ့ရဲ့လုပ်လက်စဖြစ်တဲ့၊ သူ့ရဲ့သဘာဝနဲ့ကိုက်ညီတဲ့ ပညာရေးကိစ္စတွေပဲ သူ့ခေါင်းထဲမှာ ရှိပါတော့တယ်။ သူ့ရဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့စုပေါင်းပြီး ပဲခူးမြို့ပေါ်မှာ Knowledge Zone ဆိုတဲ့ အခမဲ့ ပညာဒါန သင်တန်းကျောင်းလေး ဖွင့်ပါတယ်။ လူငယ်တွေအတွက် အင်္ဂလိပ်စာ၊ ကွန်ပျူတာ စတဲ့သင်တန်းလေးတွေ ဖွင့်ပါတယ်။ သူ့ရဲ့သင်တန်းခမ်းမလေး ဖွင့်ပွဲမှာ ကျနော်တို့ ဇနီးမောင်နှံကို တကူးတကန့်ဖိတ်လို့ အားပေးတက်ရောက်ခဲ့ရပါသေးတယ်။ 

အခုတော့ ကိုသက်နိုင်ဟာ အရင်းအနှီးတွေ ကြီးမားစွာပေးဆပ်ခဲ့ပြီးနောက် သူ့ကိုယ်သူ ရှာဖွေတွေ့ရှိသွားပြီလို့ ထင်ပါတယ်။ ကျနော်လည်း Knowledge Zone သင်တန်းလေးထဲမှာပဲ ကိုသက်နိုင်အစစ်ကို မြင်တွေ့ခဲ့ရပါတယ်။ ။ 

ကိုမာကီ (၈၈ မျိုးဆက်) 

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ၊ ၁၁ ရက်နေ့ထုတ် "အာရှအလင်းဂျာနယ်" မှ .... 


 

No comments: