ပြည်တော်ပြန်ခရီး
စပ်စပ်စုစုနှင့် မေးမြန်း၍ ခရီးသွားခြင်းသည်လည်း ပညာရပ်တမျိုးဟု ဆိုရမည်။ မြန်မာပြည်အတွင်းပိုင်းသို့ ထိုဒေသမှ တခါတရံမှ မသွားဘူးသောကြောင့် သွေးတိုးစမ်း၍ သွားရခြင်းဖြစ်သည်။ ဆီးဘူးဈေးသို့ရောက်ပြီး မကြာမီ “တောင်ငူသွားမယ့် ခရီးသည်တွေ ကားပေါ်တက်လို့ရပြီ” ဟု ကားသမား အော်ဟစ်သတိပေးသံကြောင့် ကျနော်တို့ ၃ ဦး ကားပေါ်တက်ရောက် နေရာယူကြသည်။ ကျနော့်ဘေးတဖက်တချက်စီတွင် အေးအေးမြင့် နှင့် မေရီ တို့က နေရာယူထားသည်။
ကားပေါ်တက်ပြီး ၁၀ မိနစ်ခန့်အကြာ ကားမှာစတင်ထွက်ခွာလာတော့သည်။ ကားပေါ်တွင် ခရီးသည် ၁၅ ဦးခန့်သာရှိသည်။ ဆီးဘူးနှင့် တောင်ငူမှာ ကားဖြင့် ၁၀ နာရီကျော်ကျော် မောင်းနှင်ရကြောင်း သိရသည်။ ကားလမ်းမှာ ဖြောင်းဖြူးကောင်းမွန်သော လမ်းကားမဟုတ်။ အကွေ့အကောက် အတက်အဆင်း ခပ်ကြမ်းကြမ်း မောင်းနှင်ရသောခရီးလမ်းဖြစ်သည်။ လမ်းခရီးတလျှောက် တပ်မတော်မှ အခြေပြုတပ်စွဲထားသော စခန်းများ တွေ့ရသလို ရံဖန်ရံခါ ငြိမ်းချမ်းရေးအဖွဲ့ပိုင် ဂိတ်များကိုလည်း တွေ့ရသည်။ ဂိတ်တိုင်းနီးပါး အစစ်အဆေး အမေးအမြန်း အနည်းနှင့်အများ ကြုံတွေ့ခဲ့ရသည်။ အခက်အခဲကား မရှိ။ ကောင်းမွန်စွာ ကျော်လွှားနိုင်ခဲ့သည်သာ။ လမ်းခရီးတလျှောက်တွေ့မြင်ရသော မြို့ရွာ အခြေအနေများကိုပင် မေးမြန်းလေ့လာကြည့်ခဲ့သည်။ တချို့ကို မှတ်မိသော်လည်း တချို့ကား ဝေဝါးနေသည်။
ဆီးဘူးမှ ယာဒို ထိုမှတဆင့် သောက်ရေခပ်ချောင်းကို ရောက်ခဲ့သည်။ ထို့နောက် ရွှေနန်းကလေး၊ တောပုန်း၊ အလယ်၊ အထက်၊ အောက်ဆိုသည့် ရွာကြီး ၃ ရွာရှိနေပြန်သည်။ ကယန်းပြည်သစ်ပိုင်နယ်မြေဟု ဆိုကြသည်။ ထိုဒေသတွင် အဓိက နေထိုင်သည့်မျိုးနွယ်များမှာ ကယန်း၊ ဂေခို၊ ဂေပါး၊ ပရက် စသည့်မျိုးနွယ်စုများကို တွေ့ရသည်။ နန်းချိုချောင်း တဖက်ခြမ်းရှိ ငှက်ပျောတော၊ လိပ်သို တို့ကို ကရင့်တပ်မဟာ(၂) က အုပ်ချုပ်ကြောင်း သိရသည်။ လိပ်သိုနှင့် ဝါတောခို နယ်မြေများကို ကရင်၊ ကယန်း၊ ကလလတ သုံးပွင့်ဆိုင် အငြင်းပွားဖွယ်ဒေသဟု ဆိုကြသည်။ ဝါတောခိုအထက် ၁ မိုင်ခန့်တွင်တော့ ရှမ်း၊ ကယား၊ ကရင် သုံးပွင့်ဆိုင် နယ်စပ်အမှတ်အသားကိုလည်း တွေ့ရှိရသည်။ ထိုနေရာကို တြိဂံနယ်မြေဟု ဆိုကြသည်။ ခရီးအတော်နှင်ပြီးသည်နှင့် ဗဟုန်းလမ်းခွဲသို့ ရောက်သောကြောင့် ရဲမေလေး ၂ ဦး ကျနော့်ကို နှုတ်ဆက်ကာ ဆင်းကျန်ရစ်ခဲ့သည်။
ကျနော်တယောက်တည်း ရှေ့ဆက်ရတော့မည်။ အဖော်မဲ့ခြင်းကြောင့် ရင်တွင်းကွက်လပ်တခု လိုအပ်သလို ခံစားရသည်။ ရှေ့ဆက်ခရီး အတော်နှင်ရအုံးမည်။ ထို့ကြောင့် အဖော်တယောက်ရှာရန်အတွက် ကားအတွင်းသို့ဝေ့ဝဲ၍ လေ့လာကြည့်လိုက်သည်။ ကားနောက်ပိုင်းတွင် ကျနော်ကဲ့သို့ အဖော်မဲ့နေသော အသက် ၃၀ အရွယ် ယောက်ျားတယောက်ကို တွေ့လိုက်ရသည်။ သူ့လက်ထဲတွင်တော့ အရက်ပုလင်းတလုံး ကိုင်ထားသည်ကိုလည်း သတိထားလိုက်မိသည်။ တခါတရံ အရက်ကိုမော့လိုက် အဝေးတနေရာသို့ ငေးမျှော်လိုက်နှင့် တဦးတည်း တွေးတောနေပုံရသည်။ သူနှင့် မိတ်ဆွေဖွဲ့ရန် အခွင့်အရေးကို ကျနော်စောင့်နေခဲ့သည်။ သိပ်မကြာလိုက်။ ထမင်းစားနားသောကြောင့် သူ့နံဘေးချဉ်းကပ်ပြီး ကျနော် စကားစတင်ဆိုလိုက်သည်။
“အစ်ကို ဘယ်သွားမလို့လဲ” ဟု မေးလိုက်တော့ ကျနော့်ကိုလှမ်းကြည့်ရင်း “တောင်ငူသွားမှာ ညီလေး မင်းကော ဘယ်သွားမှာလဲ” ဟု မေးသောကြောင့် “တောင်ငူကိုပဲ အစ်ကို” ဟု ပြောလိုက်တော့ သူလည်း ဝမ်းသာသွားပုံရသည်။ သူနှင့်ကျနော် ခရီးသွားဖော် ဖြစ်သွားခဲ့ကြသည်။ သူ့ဘဝ သူ့အကြောင်းတွေကို ကျနော့်ထံ ပွင့်အံပြောဆိုလာခဲ့သည်။ သူက တောင်ငူဇာတိ၊ ရွှေလင်အင်းရွာမှ ဖြစ်ကြောင်းလည်း သိခွင့်ရလိုက်သည်။ “အစ်ကို ဆီးဘူးကို ဘာလာလုပ်တာလဲ” ဟု မေးလိုက်တော့ မဆိုင်းမတွ သူက ဖြေလာခဲ့သည်။ “အစ်ကိုက ဆီးဘူးကို နွားမောင်းပို့ပြီး အခု တောင်ငူကို ပြန်မှာလေ” ဟု ပြောလိုက်သည်နှင့် ကျနော် သဘောပေါက်လိုက်မိသည်။
မြန်မာပြည်အနှံ့အပြားမှ ကျွဲနွားများကို မှောင်ခိုလမ်းကြောင်းများမှတဆင့် ထိုင်းနိုင်ငံဘက်သို့ တင်ပို့ကြခြင်းဖြစ်သည်။ သာစည် နွားပွဲဈေးမှ နွားများကို ကုန်သည်များက တောင်ငူသို့ တဆင့်ပို့ကြသည်။ တောင်ငူသို့ရောက်ရှိသော ကျွဲနွားများကို ကုန်သည်များက တကောင်လျှင် ကျပ် သုံးထောင်နှုန်းဖြင့် တောလမ်း (သို့) မှောင်ခိုလမ်းမှတဆင့် ဆီးဘူးသို့ ပို့ဆောင်ကြပြန်သည်။ မှောင်ခိုလမ်းကြောင်းတလျှောက် လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း အခွန်ပေးဆောင်၍ ဖြတ်သန်းကြရသည်။ ဆီးဘူးသို့ရောက်သော ကျွဲနွားများမှာ ကယားပြည်နယ်အတွင်းပိုင်းမှတဆင့် ထိုင်းနိုင်ငံ မဲဟောင်ဆောင်ဒေသဘက် (သို့) BP 14 မဲဆရီးယန်းဘက်သို့ ပို့ဆောင်ရောင်းချကြသည်။ လမ်းခရီးတလျှောက် ငွေထုပ်ပိုက်၍ အခွန်ထမ်းရသောကြောင့် နယ်စပ်ရောက် ကျွဲနွားများမှာ ဈေးနှုန်းမြင့်တက်နေရခြင်းလည်း ဖြစ်သည်။
နွားမောင်းသူအများစုမှာ လမ်းခရီးတလျှောက် ပင်ပန်းနွမ်းနယ်မှုဒဏ်ကိုခံနိုင်ရန်အတွက် အရက်နှင့် မူးယစ်ဆေးဝါးတို့ကို အများစု အသုံးပြုကြသည်။ အဓိက အသုံးပြုသောဆေးမှာ ရာဘား (ခေါ်) စိတ်ကြွဆေးပြား ဖြစ်သည်။ ကျနော်လည်း ထိုမိတ်ဆွေကိုကြည့်ရင်း “အစ်ကို နွားမောင်းပို့တာ ဘယ်နှစ်ခေါက်ရှိပြီလဲ” ဟု မေးမြန်းမိပြန်သည်။ မိတ်ဆွေမှ “ဒါ ပထမဆုံးပဲ ညီရ အစ်ကိုတို့မိသားစု စားဝတ်နေရေး မပြေလည်တဲ့ကြား သားအငယ်ကောင်က နာတာရှည်ဖြစ်နေတာ အတော်ကြာနေပြီ။ ဆေးကုဖို့အတွက် နွားမောင်းလိုက်မယ်ဆိုပြီး လိုက်လာခဲ့တာပဲ။ နွားမောင်းတာက အန္တရာယ်ရှိပေမယ့် ငွေကျတော့ မြိုးမြိုးမျက်မျက် ရတယ်။ တပတ်၊ ၁၀ ရက် ဒုက္ခခံလိုက်ရင် သောင်းဂဏန်းက ပြေးမလွတ်ဘူး။ သားလေး ဆေးကုဖို့အတွက်ပဲ ရည်ရွယ်ခဲ့တာပါ ညီရာ” ဟု ဆိုလိုက်တော့ ကျနော် သူ့ကိုကြည့်ရင်း စိတ်မကောင်း ဖြစ်မိသည်။
ထိုမိတ်ဆွေမှ လေပြင်းတချက်ကို မှုတ်ထုတ်လိုက်ပြီး စကားဆိုလာပြန်သည်။ “ကံတရားဆိုတာ သူဖြစ်ချင်တာဖြစ်နေတာ ညီရ ... အစ်ကို ခရီးထွက်လာတာ ၁၀ ရက်ကျော်ပဲရှိသေးတယ်။ နောက်က နွားမောင်းလာတဲ့အဖွဲ့နဲ့ ဆီးဘူးမှာဆုံလို့ အိမ်က အခြေအနေလေး မေးမြန်းကြည့်တော့ အစ်ကို့သားလေး ဆုံးရှာပြီတဲ့။ ဘာတတ်နိုင်မှာလည်း ဖြစ်လေသမျှ ဝဋ်ကြွေးလို့ပဲ မှတ်ရမှာပဲ” ဟု ပြောပြောဆိုဆို အရက်ပုလင်းကို မော့လိုက် မျက်လုံးအိမ်အတွင်းမှ စီးကျလာသော မျက်ရည်ပူတို့ကို သုတ်လိုက်နှင့် ဆို့နင့်ကြေကွဲနေသည်။ သူ့အပူတို့ကို ငြှိမ်းသတ်နိုင်ရန် ကျနော့်၌ ခွန်အားမရှိ။ ကျနော်ကိုယ်၌လည်း ကိုယ့်အပူနှင့်ကိုယ် အဟပ်ခံနေရသည် မဟုတ်ပါလား။
ရှေ့ဆက် ဘာဖြစ်လာဦးမည်ကို မသိနိုင်။ ခက်နေသည်က တောင်ငူရောက်လျှင် မည်သည့်နေရာကဆင်း၍ မည်သို့သွားရမည်ပင် မသိ။ သံတောင်ကြီးကျော်လာသောကြောင့် တောင်ငူရောက်ရန် နီးကပ်လာပြီကိုတော့ သတိထားလိုက်မိသည်။ ထိုမိတ်ဆွေကို သူ့ရွာအခြေအနေကို မေးမြန်းစုံစမ်းကြည့်တော့ သွားရောက်တည်းခိုလျှင် အဆင်ပြေနိုင်ကြောင်း သိလိုက်ရသည်။ သူတို့ရွာမှာ ရွာသစ်နှင့်ရွာဟောင်းဟူ၍ နှစ်ရွာရှိကြောင်း သူက ရှင်းပြသည်။ သူက ရွာဟောင်းမှဖြစ်ကြောင်း သိရသောကြောင့် ကျနော် မီးစင်ကြည့်ကရမည့်ဘဝ ဖြစ်နေသည်။ ထို့ကြောင့် “အစ်ကိုရေ အကူအညီတခုလောက်ပေးပါလားဗျာ တခြားတော့မဟုတ်ပါဘူး။ တောင်ငူမှာ ကျနော့် အသိမိတ်ဆွေ သိပ်မရှိလို့ အစ်ကို့အိမ်မှာ တရက်နှစ်ရက်လောက် တည်းခိုလို့ရရင် တည်းခိုချင်တယ်” ဟု မေးမြန်းလိုက်သည်။ မိတ်ဆွေကလည်း ဝမ်းသာအားရဖြင့် “တည်းလို့ရတာပေါ့ဗျာ ... ကျနော်က အဲဒီရွာရဲ့ ငယ်မွေးခြံပေါက်ပဲ ။ အားလုံးတာဝန်ယူတယ်။ အားလုံးအဆင်ပြေတယ်” ဟု ဆိုလိုက်တော့ ကျနော် ဝမ်းသာသွားရသည်။
ည ၇ နာရီခွဲခန့်တွင် တောင်ငူမြို့အဝင် စစ်တောင်းတံတားအကျော်လေးမှာပင် ကျနော်တို့ ဆင်းလိုက်ကြသည်။ နွားလှည်းကြုံဖြင့် ရွှေလင်အင်းရွာသို့ သွားရောက်ခဲ့ကြသည်။ ကျနော့်မိတ်ဆွေအိမ်မှာ အောက်လင်းမီးတို့ ထိန်ထိန်လင်းနေတာ လှမ်းတွေ့လိုက်ရသည်။ မိတ်ဆွေကိုတွေ့သည်နှင့် သူ့ဇနီးဖြစ်သူက သူ့သားလေး သေဆုံးသွားပြီဖြစ်ကြောင်း ငိုယိုမြည်တမ်းကာ ပြောပြနေရှာသည်။ ထို့နောက် သူ့တဲအိမ်လေးအတွင်းသို့ ကျနော့်အား ခေါ်ဆောင်သွားခဲ့သည်။ တဲလေးအတွင်းရှိ လူကြီးတချို့နှင့်လည်း ကျနော့်အား မိတ်ဆက်ပေးသည်။ ဆီးဘူးမှ မိတ်ဆွေဖြစ်ကြောင်း သားလေးနာရေးအတွက် လာရောက်လည်ပတ်ခြင်းဖြစ်ကြောင်း သူက ပြောပြတော့ အားလုံးက လိုလိုလားလား ဧည့်ခံကြိုဆိုကြသည်။
ကျနော့်မိတ်ဆွေနေထိုင်သောအိမ်မှာ အိမ်ဟုဆိုရန်ပင် ခက်ခဲသည်။ ခနော်ခနဲ့ ဆောက်ထားပြီး ဘေးပတ်ပတ်လည် မိုးကာ အပိုင်းအစများဖြင့်သာ ကာရံထားသောကြောင့် မည်မျှဆင်းရဲတွင်းနက်ကြသည်ကို တွေးရန်ပင်မလို။ ကြည့်ရုံနှင့်ပင် သိခွင့်ရလိုက်သည်။ တော်လှန်ရေးနယ်မြေတွင် အတိဒုက္ခ တွေ့ကြုံခံစားကြရသည် မဟုတ်။ မြန်မာပြည်အတွင်းပိုင်းမှာပင် စနစ်ဆိုးကြောင့် ဒုက္ခပင်လယ်ဝေနေသောသူများ ဒုနဲ့ဒေးရှိနေသည်မှာ သေချာလွန်းနေပေသည်။
တော်လှန်ရေးနယ်မြေတွင် အတိဒုက္ခရောက်သော်လည်း ကျန်းမာရေးနှင့် စားဝတ်နေရေးအတွက် မပူပင်ရ။ NGO အဖွဲ့အစည်းများ ဥဒဟို ဝင်ထွက်သွားလာနေသောကြောင့် အဆင်ပြေသည်။ တပ်မတော်စစ်ကြောင်းဝင်လာလျှင် ပြေးရန်မြေက အဆင်သင့်။ အဆုံးစွန်ဆုံး ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ဝင်ရောက်ခိုလှုံခွင့်ရကြသည်။ မြန်မာပြည်တွင်းရှိ ပြည်သူလူထုမှာ ပြေးရန်မြေမရှိ။ စားရန်ကား နတ္တိ။ လက်လှုပ်မှ ပါးစပ်လှုပ်ကြရမည့်ဘဝများ ဖြစ်နေကြသည်ကို ကျနော် ရင်နှင့်အမျှ ခံစားသိရှိခွင့်ရရှိလိုက်သည်။
ဆက်ပါဦးမည်။
အုပ်ကြီးဖေ
၈-၁၀-၂၀၁၃
No comments:
Post a Comment