Thursday, October 31, 2013

ပြင်ဆင်ရေးဆွဲဖို့ ခက်ခဲနေတဲ့ အခြေခံဥပဒေ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံရဲ့လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို တကယ့် ဒီမိုကရေစီနှင့် ကိုက်ညီအောင် ပြုပြင်မယ့်အရေးကို စစ်တပ်က လိုလားမှာ မဟုတ်ဘူးဆိုတာ ဘယ်လောက်ဖြစ်နိုင်ပါသလဲ။ ဘာကြောင့်လဲဆိုတာတွေကို မြန်မာနိုင်ငံ စစ်တပ်အရေးကို လေ့လာစောင့်ကြည့်နေတဲ့ ဦးဌေးအောင် နှင့် ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ 

ဦးကျော်ဇံသာ ။ ။ ဦးဌေးအောင်ခင်ဗျာ - အခု မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံကို ပြင်ကြမယ် အဲဒီလိုစကားတွေ အများကြီးပြောလာကြပါတယ်။ ပထမဦးဆုံးဆို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်၌က ဒီစကားကို စပြောလာတာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီအချိန်မှာ စစ်တပ်က သိပ်လိုလိုလားလားရှိပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ သံသယစိတ်တွေကလည်း ပိုမိုကြီးထွားလာနေပါတယ်။ ဆိုတော့ တကယ်တမ်းပဲ ဒီဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို စစ်တပ်က အဟန့်အတားလုပ်နိုင်တဲ့ အလားအလာ ရှိပါသလား။ ဘယ်လောက်များ ကြီးကြီးမားမားရှိနေသလဲ ဒီ အလားအလာ။ 

ဦးဌေးအောင် ။ ။ တခုရှိပါတယ်။ အခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်မယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြောလာတာကလည်းပဲ အခု ဒီဘက်ကပေါ့ အများပြည်သူလူထုက လိုလားနေတဲ့ အဆင့်အတန်းထိ ပြင်ဖို့ကိုတော့ သူတို့ စိတ်ကူးရှိဟန် မတူပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုရရှိဖို့အတွက် သူတို့ ဆယ်နှစ်ဆယ်မိုး သူတို့ အခက်အခဲတွေ အမျိုးစုံကြားထဲက ကြိုးစားခဲ့ကြတယ်။ နောက်ဆုံး ဒါကို အတည်ပြုတာတောင်မှပဲ ကျနော်တို့ နာဂစ်ပေါ့ ပြည်သူလူထုတွေ သိန်းနဲ့ချီပြီး သေနေတဲ့အချိန်မှာ ဒါကြီးကို ဦးစားပေးပြီးတော့လုပ်ခဲ့တဲ့ သာဓကတွေကိုကြည့်ရင် သူတို့အနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ အခုလက်ရှိ ထည့်သွင်းရေးဆွဲထားတဲ့ အချက်တွေအားလုံးကို ပြင်ပေးဖို့ဆန္ဒရှိလိမ့်မယ်လို့ ကျနော်တော့ မထင်ဘူး။


ဦးကျော်ဇံသာ ။ ။ ဒါပေမယ့် ကျနော် တခုမေးချင်တာကို ဖွဲ့စည်းပုံကို အမှန်တကယ် ထိထိရောက်ရောက် ပြင်ချင်တယ်။ တခြားဒီမိုကရေစီ လိုလားတဲ့ပါတီတွေ နောက်ပြီးတော့ ပြည်သူလူထုအများစုတွေ တိုင်းရင်းသားတွေ အင်အားစုတွေလည်း ရှိနေပါတယ်။ ပြည်သူတွေရဲ့ အသံတွေကိုလည်း။ အဲဒါတွေကိုလည်းပဲ စစ်တပ်က အဲဒီလို အဟန့်အတားလုပ်မယ်ဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိပါတယ်။ အဲဒီ စိုးရိမ်စိတ်ကော ဘယ်လောက် လက်တွေ့ကျပါသလဲ။ 

ဦးဌေးအောင် ။ ။ ဒါလည်း လက်တွေ့ကျပါတယ်။ ဘာလို့လဲဆိုတော့ စစ်တပ်အနေနှင့်ကလည်း အဲဒီလိုပေါ့ သူတို့က အာဏာကို ဆက်လက်ပြီးတော့ ဒီစစ်အာဏာရှင်စနစ်တုန်းကလို အာဏာမှန်သမျှကို ဆက်လက်ထိန်းချုပ်ထားဖို့၊ ကိုင်ထားဖို့ဆိုတဲ့ ဒီရည်မှန်းချက်တွေ သူတို့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်ပြစ်မှုတွေရယ် နောက်တခုကလည်းပဲ အဲဒါတွေကို စိုးရိမ်ပူပန်တဲ့ စိတ်တွေရယ်၊ နောက်တခုကလည်းပဲ တကယ် ပြည်ထောင်စုကြီး ပြိုကွဲသွားမယ့်အရေးကို သူတို့ ရိုးရိုးသားသား စိုးရိမ်ပူပန်တာတွေရယ်၊ အဲဒီအချက်နှစ်ချက်ကြောင့် ဒီစစ်တပ်အနေနှင့်ကတော့ လက်ရှိပေါ့။ ဒီရေးဖွဲ့ထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာပါတဲ့ စစ်တပ်ရဲ့လုပ်ပိုင်ခွင့်အာဏာတွေကို ဆက်ပြီးတော့ သူတို့က ထိန်းထားဦးမယ်လို့ပဲ ကျနော် မျှော်လင့်တယ်။ အဲဒါကို ပြင်ဖို့ပေါ့ အတင်းအကျပ် ဖြစ်လာမယ်ဆိုလည်း စစ်တပ်က တစုံတရာတော့ အနှောက်အယှက်ပြုလာနိုင်တယ်လို့ ကျနော်တော့ ယူဆပါတယ်။ 

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဦးဌေးအောင် ထောက်ပြတဲ့အချက်ထဲမှာ ပထမအချက်က စစ်တပ်က အရင်တုန်းက ကျူးလွန်ခဲ့တဲ့ အပြစ်အနာအဆာတွေ အမှားတွေအတွက် သူတို့ခံရမှာစိုးလို့ ဆက်လက်ပြီးတော့ အာဏာချုပ်ကိုင်ချင်တဲ့ အပိုင်းတခု၊ နောက်ပြီးတော့ ပြည်ထောင်စုပြိုကွဲမှာကို အမှန်တကယ်စိုးရိမ်တဲ့ နှစ်ပိုင်း ကျနော် တပိုင်းစီ မေးချင်ပါတယ်။ တကယ်တော့ အခုလက်ရှိ စစ်တပ်ကလူတွေက အဲဒီတုန်းကတော့ Junior တွေပေါ့။ အငယ်ပိုင်းတွေသာဖြစ်ပါတယ်။ တကယ် ကျူးလွန်ခဲ့တဲ့လူတွေလည်း မဟုတ်တော့ဘူးလို့ ထင်ပါတယ်။ အဲဒီတော့ တကယ်တမ်း အဲဒီကိစ္စမှာ တာဝန်ရှိခဲ့တဲ့လူတွေ စိုးရိမ်တာထက် စစ်တပ်က ပိုပြီးစိုးရိမ်တာ မှန်ရဲ့လား အဲဒီတော့။ 

ဦးဌေးအောင် ။ ။ ကျနော် ခုနကပြောတဲ့ စစ်တပ်ဆိုတဲ့နေရာမှာလည်းပဲ တပ်မတော်တခုလုံးကို ခြုံပြီးတော့ ပြောတာတော့ မဟုတ်ပါဘူး။ တကယ်ကျူးလွန်တဲ့နေရာမှာ ပါဝင်ခဲ့ကြတဲ့ စစ်ခေါင်းဆောင် အဆင့်ဆင့်ကိုပဲ ကျနော် ဆိုလိုချင်တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အခုဆိုလို့ရှိရင် တချိန်တုန်းက ကျူးလွန်ခဲ့တယ်ဆိုတဲ့ စစ်ခေါင်းဆောင်တွေအနေနဲ့ ဒီနေ့ တပ်မတော်ကနေ အနားယူသွားပြီဆိုပေမယ့် သူတို့ဟာ လက်ရှိ သက်ရှိထင်ရှားရှိနေကြဆဲ ဖြစ်တယ်။ နောက်တခုကလည်းပဲ မကြာသေးခင်က ဦးရွှေမန်းပြောကြားချက်အရဆိုရင် အခုအငြိမ်းစားယူသွားပြီဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးကို သူတို့အနေနဲ့ သွားရောက်ပြီးတော့ ဂါဝရပြုနေတဲ့ အနေအထားတွေ ရှိနေဆဲဖြစ်တယ်။ ဆိုလိုတာကတော့ ဗိုလ်ချုပ်မှူးကြီးတွေအနေနဲ့ အငြိမ်းစားယူသွားပြီဆိုပေမယ့် လက်ရှိစစ်ခေါင်းဆောင်တွေအပေါ်မှာ လက်ရှိနိုင်ငံရေး တာဝန်ကိုယူဖို့အတွက် သူတို့စီမံခန့်ခွဲထားခဲ့တဲ့ အရပ်ဖက်ခေါင်းဆောင်တွေအပေါ်မှာ နောက်ကွယ်ကနေ တစုံတရာ ပုဂ္ဂိုလ်ရေး သြဇာသက်ရောက်နေတယ်ဆိုတာ ထင်ရှားနေဆဲပဲ။ လက်ရှိ စစ်ခေါင်းဆောင်တွေ၊ လက်ရှိ နိုင်ငံရေးခေါင်းဆောင်တွေကလည်း အငြိမ်းစားယူသွားတယ်ဆိုတဲ့ စစ်တပ်ခေါင်းဆောင်တွေကို သူတို့က ဆက်ပြီးတော့ သံယောဇဉ်ထားနေတုန်းပဲ။ ဆက်ပြီးတော့ အကာအကွယ် ပေးနေတုန်းပဲဆိုတာကို ကျနော်တို့အနေနဲ့ ယူဆလို့ရပါတယ်။ အဲဒီတော့ ဒီအတွက်ဆက်ပြီးတော့ ကာကွယ်ဖို့ပေါ့။ အခုလက်ရှိ တပ်မတော်ခေါင်းဆောင်တွေအနေနဲ့ ဒါကိုတော့ ဆက်ပြီးတော့ သူတို့ ကာကွယ်ပေးနေလိမ့်ဦးမယ်လို့ပဲ ကျနော် ယူဆပါတယ်။ 

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ပြည်ထောင်စု ပြိုကွဲလေမလားဆိုတာကို စစ်တပ်က အမှန်တကယ် စိုးရိမ်တယ်။ တကယ်တော့ ဒါဟာ Reality မဟုတ်တဲ့ Perception ထားပါတော့။ အခုလက်တွေ့မှာကော ပြည်ထောင်စုပြိုကွဲ၊ စစ်တပ် စိုးရိမ်ရလောက်အောင် ပြည်ထောင်စုက ပြိုကွဲနိုင်တဲ့ အန္တရာယ်ကော ရှိပါလို့လား။ အရင်တုန်းကကော ရှိခဲ့လို့လား။ ပိုပြီးတော့ အလေးပေး ဖြေစေချင်တာ အခုလောလောဆယ်မှာ အဲဒီအန္တရာယ် တကယ်ကော ရှိနေလို့လား။ 

ဦးဌေးအောင် ။ ။ အခုထိ တတိုင်းပြည်လုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးတဲ့ အနေအထားတွေ ကြည့်ရင်ကော။ နောက်တခုက ဒီဟာအပေါ်မှာ ဆွေးနွေးပွဲတွေ စပြီးတော့ မလုပ်နိုင်သေးတဲ့အနေအထားတွေ ကြည့်ရင်ကော ဒီမှာ တစုံတရာ နှစ်ဖက်စလုံးမှာပေါ့ အခုလက်ရှိ လက်နက်ကိုင် တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေနဲ့ကော စစ်အစိုးရက လက်ရှိ ဖွဲ့စည်းပေးထားတဲ့ တပ်မတော်အနေနဲ့ကာ တဖက်နဲ့တဖက်က ညှိနှိုင်းရမယ့်အချက်တွေမှာ တဖက် တဖက် သံသယတွေ များနေသေးတယ်လို့ ကျနော် မြင်တယ်။ အဲဒီတော့ အဲဒီအချက်တွေအရက ဒါတွေဟာ တဖက်နဲ့တဖက် နားလည်မှုမရှိသေးသရွေ့ကတော့ စိုးရိမ်စိတ်တွေ ရှိနေဦးမှာပဲ။ ခုနက ပြည်ထောင်စုပြိုကွဲမယ့်အရေးကို ဒါဖြစ်နေလိမ့်ဦးမယ်လို့ သူတို့ဘက်ကလည်း ယူဆနိုင်တာပဲ။ အဲဒါကြောင့် ကျနော့်အနေနဲ့ကတော့ ဘာပဲဖြစ်ဖြစ် သံသယတွေကတော့ ရှိနေဆဲပဲ အထူးသဖြင့် တပ်မတော် ခေါင်းဆောင်အပိုင်းမှာ ဒီသံသယတွေ ရှိနေတာကို ကျနော် တွေ့ရတာရှိပါတယ်။ 

ဦးကျော်ဇံသာ ။ ။ တဖက်ကလည်းပဲ အဲဒီ တိုင်းရင်းသားအင်အားစုဘက်က အထူးသဖြင့် KIA ကချင်လွတ်မြောက်ရေးအဖွဲ့က ဘာပြောလဲဆိုလို့ရှိရင် သူတို့ ဒီအပစ်အခက်ရပ်စဲရေးတို့၊ ငြိမ်းချမ်းရေးတို့၊ နိုင်ငံရေးအရ ဖြေရှင်းဖို့ကိစ္စတို့မှာ အဓိက သူတို့ကို မယုံသင်္ကာဖြစ်နေတာ စစ်တပ် ဖြစ်တယ်။ စစ်တပ်က အဓိက အဟန့်အတား ဖြစ်နေတယ်လို့ ပြောကြပါတယ်။ ဆိုတော့ အဲဒါကျတော့ကော ဘယ်လို သဘောရပါသလဲ။ 

ဦးဌေးအောင် ။ ။ အဲဒီ သံသယတွေကတော့ ခုနလိုပါပဲ။ ဒါ အပြန်အလှန် ဖြစ်နေတဲ့ကိစ္စတွေ လွတ်လပ်ရေးရပြီးကတည်းက တဖက်နဲ့တဖက်ဖြစ်ခဲ့တဲ့ အကြောင်းတရားတွေကလည်း အများကြီးရှိခဲ့တယ်။ တကယ် သံသယတွေ တိုင်းရင်းသားတွေဘက်က ဖြစ်တာလည်း တိုင်းရင်းသားဘက်က အလွန်လို့ပြောလို့ မရဘူး။ အဲဒီတုန်းက တိုင်းရင်းသားဘက်ကခံခဲ့ရတဲ့ အကြောင်းအရာတွေအပေါ်မှာ သူတို့ဘက်ကလည်း သံသယတွေကြီးလာတာပဲ။ အခုလက်ရှိ အနေအထား တိုင်းရင်းသားတွေဘက်မှာလည်း အခု ဒီဘက်က စစ်ခေါင်းဆောင်တွေဘက်ကနေပြီးတော့ ဒီဝင်နေတဲ့ သံသယတွေလည်း ရှိတယ်။ တကယ်ရှေ့မှာတော့ ခွဲမထွက်ဘူးဆိုပြီးတော့ နောက်ကွယ်မှာတော့ ခွဲထွက်ဖို့အတွက် Hidden agenda တွေရှိနိုင်သလား။ နောက်တခုကလည်းပဲ ခွဲမထွက်ဘူး ဆိုပေမယ့်လည်း? အဲဒီလိုပေါ့ ပြည်ပ ပရောဂတွေဟာမျိုးတွေနဲ့ဆိုရင်လည်း တချိန်ချိန်မှာပေါ့ ဒါက အခိုင်အမာအတိအကျ သဘောထားမရထားဘူး သဘောတူညီချက် ရမထားဘူးဆိုရင် ခွဲထွက်နိုင်တယ်လို့ သူတို့ဘက်ကလည်း ယူဆနေတာတွေရှိတယ်။ အဲဒီတော့ အဲဒီသံသယတွေကတော့ ဒါ ခေတ်အဆက်ဆက်ကတည်းကတင် နှစ်ပေါင်း ၅၀ ကျော်ဖြစ်လာတဲ့ ဒီသမိုင်အကြောင်းတွေအပေါ်မှာ အခြေခံတာကိုး။ အဲဒီတော့ ဒါတွေကတော့ သံသယတွေက တဖက်နဲ့တဖက် ဆက်ပြီးတော့ ရှိနေဦးမှာပဲ။ ဒါလည်း သဘာဝကျတဲ့ သံသယတွေလို့ပဲ ကျနော်တော့ မြင်တယ်လေ။ 

ဦးကျော်ဇံသာ ။ ။ ကျနော်တို့ အရှေ့ကိုမျှော်ကြည့်ရင် ဒီအခက်အခဲကို ကျော်လွှားဖို့ ပထမဦးဆုံး ကျနော်တို့ အာမခံချက် မရှိဘူးဆိုတဲ့ စစ်တပ်က စိုးရိမ်စိတ်။ အဲဒီ စိုးရိမ်စိတ် ပပျောက်အောင် ဘာလုပ်သင့်သလဲ။ နိုင်ငံရေး အတိုက်အခံတွေဘက်က အာမခံချက် အရင်ပေးသင့်သလား။ ပြန်လည်သင့်မြတ်ရေးနဲ့ အမှန်တရား ဖော်ထုတ်ရေးအဆင့် သွားသင့်သလား။ ဘယ်လို သဘောရပါသလဲ။ 

ဦးဌေးအောင် ။ ။ ဒါကတော့ ကျနော် မြင်တာက အခုလက်ရှိပေါ့။ သူတို့ အပစ်အခတ် တပြည်လုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ် ရပ်စဲရေးလုပ်နိုင်ပြီးရင် သူတို့ နိုင်ငံရေးဆွေးနွေးပွဲတွေ စမယ်လို့ ပြောနေတာ ရှိတယ်။ အဲဒီတော့ ဘယ်ဟာကပဲ စပြီးလုပ်နိုင်လုပ်နိုင် နောက်ဆုံးမှာတော့ အဆုံးသတ်က ငြိမ်းငြိမ်းချမ်းချမ်းနှင့် ဗမာပြည်ရဲ့ လက်ရှိ ပဋိပက္ခကို ဖြေရှင်းချင်တယ်ဆိုရင်တော့ ဒီဆွေးနွေးပွဲတွေကရတဲ့ အဖြေသာလျှင် ငြိမ်းငြိမ်းချမ်းချမ်းနှင့် ဖြေရှင်းနိုင်မှာ ဖြစ်တယ်။ အဲဒီတော့ အဲဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ နှစ်ဖက်စလုံးက အားလုံးက အပြုသဘောဆောင်တဲ့ အနေထားမျိုးနဲ့ ကိုယ့်ရဲ့လိုအင်ဆန္ဒတွေကို ပွင့်ပွင့်လင်းလင်း စဆွေးနွေးပြီး၊ ညှိနှိုင်းသဘောတူညီနိုင်ရင်တော့ ခုနက သံသယတွေလည်း ပျောက်ပြီးတော့ ကျနော်တို့ လိုချင်တဲ့ ငြိမ်းချမ်းတဲ့ပြည်ထောင်စုကို ကျနော်တို့ ဖော်ဆောင်နိုင်မှာပေါ့။ ဒီလိုမှမဟုတ်ဘဲနဲ့ သံသယတွေက ဆက်ပြီးတော့ ကျန်နေဦးမယ်။ ဒါတွေကိုလည်း ပွင့်ပွင့်လင်းလင်း မဆွေးနွေးဘဲနဲ့ တယောက်နှင့်တယောက် သံသယတွေ ဆက်ပြီးတော့ မွေးမြူထားဦးမယ်ဆိုရင်တော့ ဒါတွေက အဆင်ပြေဦးမယ့်သဘောမျိုး မဖြစ်နိုင်ဘူး။ 

ဦးကျော်ဇံသာ ။ ။ ဒါက တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ သံသယပေါ့။ ကျနော် စောစောကသိချင်တဲ့ စစ်တပ်က သူတို့ဟာ အရင်တုန်းက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကြောင့် လုံခြုံမှုမရှိဘူး။ အဲဒီအတွက် အာမခံချက်မရှိဘူးဆိုတဲ့ကိစ္စကော ဘယ်လိုရှင်းသင့်တယ် ထင်ပါသလဲ။ 

ဦးဌေးအောင် ။ ။ အဲဒါကတော့ လပြည့်နေ့တုန်းက ဗိုလ်ချုပ်ရွှေမန်းမိသားစု သွားပြီးတော့ ဂါဝရပြုတုန်းက နိုင်ငံတော်အကြီးအကဲဟောင်းဆိုတဲ့ပုဂ္ဂိုလ် ပြောခဲ့တဲ့စကားအရဆိုရင် သူ စိုးရိမ်တယ်ဆိုတာက အခုနကလိုပေါ့ တိုင်းပြည်အတွက် စိုးရိမ်တာလား။ သူတို့အတွက် စိုးရိမ်တာလားဆိုတာမျိုးက အများကြီးရှိတယ်။ အဓိပ္ပာယ်တွေက အများကြီးထွက်နိုင်တယ်။ အဲဒီတော့ ကျနော် မြင်တာကတော့ သူတို့အနေနဲ့ ဘာပဲဖြစ်ဖြစ်ပေါ့ ကမ္ဘာမှာလည်း သာဓကတွေ အများကြီှးရှိခဲ့တယ် စစ်အာဏာရှင်ဟောင်းနိုင်ငံတွေမှာ။ တချိန်တုန်းကတော့ သူတို့အနေနဲ့ သူတို့ကိုယ်သူတို့ လုံခြုံပြီလို့ထင်ခဲ့ပေမယ့် တကယ် အာဏာလက်မဲ့ ဖြစ်သွားတဲ့အခါမှာ ICC လို တရားရုံးချုပ် ကမ္ဘာ့တရားရုံးတွေမှာ သူတို့ အရေးယူခံရတဲ့ အနေအထားမျိုးတွေ တရားစွဲဆိုခံရတဲ့အနေထားမျိုးတွေ ဒါလည်း သူတို့သိထားတော့ သူတို့ဘက်ကတော့ ကြောက်နေမှာပဲ။ အဲဒါတွေကို အရင်ဆုံးပေါ့ တဖက်ကလည်း အာမခံချက် တစုံတရာပေးဖို့တော့လိုမယ်လို့ ကျနော် ထင်တယ်။ တကယ့် စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လိုလားတယ်ဆိုရင်တော့ တဖက်နဲ့တဖက် အဲဒီလို လိုက်လျောမှုတွေလည်း ရှိရမယ်ပေါ့။ အပြန်အလှန် နားလည်မှုတွေ၊ အပေးအယူ လုပ်မှုတွေနဲ့ပဲ ဒီပြဿနာတွေကို ကျော်လွှားနိုင်မယ်လို့ ကျနော်တော့ ထင်တယ်။ 

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ အဲဒီတော့ နောက်ဆုံးမေးချင်တဲ့မေးခွန်းက ၂၀၁၅ ရွေးကောက်ပွဲ ဦးဌေးအောင် မျှော်လင့်တဲ့ စောစောကပြောတဲ့ မျှော်လင့်ချက်တွေက ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်လာနိုင်မယ်လို့များ စိတ်ကူးယဉ်မိပါသလား။ ဗေဒင်ဆရာ မဟုတ်သော်လည်း မျှော်မှန်းချက်များ ထားမိသလား အဲဒီလို။ 

ဦးဌေးအောင် ။ ။ ကျနော်ကတော့ မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိပေါ့ ကျနော် ခုနက ပထမပြောသလိုပဲ သူတို့ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြည်သူလူထုတရပ်လုံး မကြိုက်မှန်း တိုင်းရင်းသားတွေ အပါအဝင်၊ တော်လှန်နေတဲ့ အဖွဲ့အစည်းတွေ မကြိုက်မှန်း သိသိကြီးနဲ့ သူတို့ အတင်းအကျပ် ဇွတ်ကြီးလုပ်ပြီးယူခဲ့တာကို ဒါ အားလုံးလည်း သိတာပဲ။ အဲဒီတော့ ဒါကြီးကို ခက်ခက်ခဲခဲ ယူခဲ့တာကိုကိုယ်၌က သူတို့အနေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ခုနလို အချက်တွေကြောင့် သူတို့ ဒါကို ချက်ချင်းကြီး ပြောင်းမပေးနိုင်လို့ ဒါကြီးကို လုပ်ခဲ့တာပဲ။ အဲဒီတော့ ၂၀၁၅ မှာလည်းပဲ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သူတို့လက်ရှိ တဖက်က တမျိုးပြော၊ တဖက်က တမျိုးပြော၊ တယောက်က တမျိုးပြောဆိုတာကလည်း ကျနော် ထင်တယ် သူတို့ ကျရာ ဇာတ်ရုပ်ခန်းကနေပြီးတော့ သရုပ်ဆောင်နေတယ်လို့ပဲ ထင်တယ်။ သူတို့အနေနဲ့ ချက်ချင်းကြီး ပြောင်းပေးမယ့် အလားအလာတော့ စိတ်ကူးလည်း မယဉ်ဘူး၊ အိမ်မက်လည်း မမက်မိပါဘူး။        ။

ဗွီအိုအေ (မြန်မာပိုင်း) အစီအစဉ်မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။


 

No comments: