Tuesday, October 15, 2013

နိုး ... ဘရာဒေးလ် (No Bras Day) အလွန်က စိတ်ကစဥ့်ကလျား (ဆောင်းလူ)

မရည်ရွယ်ခဲ့တဲ့ ဘဝတခု ... ခုတော့ လားရာတွေ လားလားမှမတူ ...။ စွန့်ဦးတီထွင်သူတွေအကြောင်း တွေးမိသည် ...။ ဦးနှောက်နည်းတဲ့ ပုဇွန်တွေ ဈေးကောင်းရနေသည်။ လေးဘက်တိုက် ဒေါင်လိုက် လမ်းလျှောက်တဲ့ ပြူးကြောင်ကြောင် ကဏန်းကောင်တွေ ဈေးကောင်းရနေသည် ...။ လက်သည်မပေါ်တဲ့ လေနဲ့ဥတဲ့ ကြက်ဥ ... အကောင်ပေါက်ရင် ဘယ်လိုနေမလဲ ...။ ကြက်တပိုင်း .... လေတပိုင်းလား ..။ ဒါမှမဟုတ် ... လေတပိုင်း ကြက်တပိုင်းလား ...။ 

မနေ့က ၁၃ မှာ ... ကင်ဆာကိုကြောက်လို့ ... အမျိုးသမီးတွေ ရင်သားကိုလှစ်လှပြဖို့ တိုက်တွန်းကြသည် ...။ အယူသီးသူတွေနဲ့ ... ၁၃ ဂဏန်း ... နိုး ဘရာဒေးလ်မှာ ... ဗုံးတွေ ခဏခဏ ပေါက်သည်။ အမဲလိုက်သလို ချောင်းမြောင်းနေသည့်စိတ်မှာ ... ဘရာတွေအပြည့်နဲ့ ဖုံးအုပ်ထားသည်။ 


မထင်မှတ်ဘဲ သီချင်းတပုဒ်ညည်းမိသည် ...။ လေထဲကကျလာတဲ့အကောင်မှာ အပြည့်အစုံ ...။ ခေါင်းနဲ့ ခြေထောက် ဆက်သွားသည် ...။ လက်နဲ့ အမြီးနဲ့ ဆက်သွားသည်။ ဦးနှောက်သည် ကစဥ့်ကလျား ...။ လိုက်ဖမ်းသည် ... မမိ ...။ ဦးနှောက်သည် ခုန်ဆွ ..ခုန်ဆွ ...။ ဦးနှောက်ထက် အမွှေးတပင်သည်ပင် လေထဲ လွင့်လွင့်လျားလျား ...။ 

ကြည့်ရသည်မှာ မူးလှသည် ...။ 
ဦးနှောက်သည် အတ္တကို လက်ဆွဲပြီး ခုန်းဆွ ခုန်ဆွ လုပ်ပြ၏။ 
နှလုံးသားသည် ဥပေက္ခာနှင့်တွဲပြီး ဟီလာထနေ၏။ 
တဖန် ... ဦးနှောက်သည် သစ္စာတရားနှင့်အတူ ဖောက်လွဲဖောက်ပြန်လုပ်နေပြန်၏။ 
ထို့တဖန် ... အသိစိတ်သည် နှလုံးသားကို မယားငယ်ထားနေတတ်ပြန်၏။ 

ခုတလော ထိုးထိုးထောင်ထောင်ဖြစ်လာတတ်သည့် ရေသောက်မြစ်တွေအကြောင်း ....။ အမွှေးတပင် ရှင်သန်ဖို့အတွက် လူ့ခန္ဓာကိုယ် အတွင်းရေသောက်မြစ် စိုက်ထူထားသည်။ လူ့ခန္ဓာကိုယ်ပေါ် ပေါက်လို့ရသည့်နေရာတိုင်းတွင်း အမွှေးတို့ ထူလပျစ်ပေါက်ရောက် ရှင်သန်နိုင်သည်။ လူ့အသက်အရွယ် အပိုင်းအခြားကို သတ်မှတ်ပေးနေသည့်သူ့တို့ကို သင်းသတ်လို့ မသင့်။ 

သေခါနီးလေ ... အမွှေးတို့သည် အရောင်ပြောင်းတတ်၏ ..။ တခါတလေ ၀ါကျန့်ကျန့် ..တခါတလေ နီကျန့်ကျန့် ..တခါတလေ ဖြူကျန့်ကျန့် ...။ 

သေခါနီးလေ ... စိတ်တို့သည် အရောင်ပြောင်းတတ်၏ ...။ တခါတလေ ညိုညစ်ညစ် ...။ တခါတလေ ညိုညစ်ညစ် ...။ တခါတလေ ညိုညစ်ညစ် ...။ 

သေခါနီးလေ ... အတ္တတို့သည် ကစဥ့်ကလျား ...။ တခါတလေ ..ကဆုန်ပေါက် ...တခါတလေ ကဆုန်ပေါက် ...တခါတလေ ကဆုန်ပေါက် ...။ 

တရားခံရှာရန် လက်ညှိုးသည် တရမ်းရမ်း .... 
စိတ်ကို လက်ညှိုးထိုးရန် မေ့နေကြ၏။ 
ဦးနှောက်ကို လက်ညှိုးထိုးရန် မေ့နေကြ၏။ 
အသိစိတ်ကို လက်ညှိုးထိုးရန် မေ့နေကြ၏။ 

ကောင်း၏ ... ခုတလော ကမ္ဘာပေါ်တွင် ဦးနှောက်ကို ပြုတ်၊ ဖုတ်၊ မီးကင်ပြီး သုတ်ရောင်းလျှင် ဈေးကောင်းရနိုင်၏။         ။ 

ဆောင်းလူ
အောက်တိုဘာ ၁၄၊ ၂၀၁၃


 

No comments: