Tuesday, October 15, 2013

နိုဘယ်လ်ဆုဒဏ်... တည့်တည့်မှန်တဲ့သမ္မတ (ကိုညို)

သမ္မတအတွက် ဒဏ်ရာနှစ်ချက် 

၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းနိုဘယ်လ်ဆုဟာ မြန်မာသမ္မတကြီးကို ဒဏ်ရာနှစ်ချက်ရစေတယ်။ တချက်က သူ့နှလုံးသားတည့်တည့်ဖြစ်ပြီး နောက်တချက်က ခေါင်းတည့်တည့်ဖြစ်တယ်။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကြီးနဲ့လွဲသွားလို့ နှလုံးသားကို ထိမှန်တဲ့ဒဏ် သမ္မတကြီး ခံနိုင်ရည် ရှိကောင်းရှိမှာပါ။ ဒါပေမယ့် နယ်သာလန်အခြေစိုက် ဓာတုလက်နက် တားမြစ်ပိတ်ပင်ရေးအဖွဲ့ (Organisation for theProhibition of Chemical Weapons- OPCW) အဖွဲ့ နိုဘယ်လ်ဆုဆွတ်ခူးသွားတာကတော့ သမ္မတဦးခေါင်း မိုးကြိုးပစ်ခံရတာနဲ့ တူကောင်းတူနိုင်ပါတယ်။ တနည်းပြောရရင် သမ္မတကြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုမရတာထက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရသွားတဲ့အဖွဲ့နဲ့ မလွဲမသွေ ရင်ဆိုင်ရတော့မယ့်အခြေအနေက သမ္မတ ဦးသိန်းစိန်အတွက် ပြဿနာပါ။ 


ဓာတုလက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်မှု 

မြန်မာနိုင်ငံမှာ တိုင်းရင်သားလက်နက်ကိုင်တွေနဲ့ အသေအကျေ စစ်ပွဲတွေဖြစ်ပွားပြီး ပြည်တွင်းစစ် အရှိန်ကောင်းနေတဲ့ကာလ ၁၉၉၇ ခုနှစ်မှာ နယ်သာလန်အခြေစိုက် ဓာတုလက်နက် တားမြစ်ပိတ်ပင်ရေးအဖွဲ့ OPCW စတင်ပေါ်ပေါက်လာတာပါ။ မကြာသေးခင်က ဆီးရီးယားမှာ အစိုးရရဲ့ဓာတုလက်နက်အသုံးပြုမှုကြောင့် လူမမယ်ကလေးငယ်တွေ အပါအဝင် အစိုးရဆန့်ကျင်သူ ၅၀၀ ကျော်သေဆုံးခဲ့ပြီးနောက် OPCW ရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ကြိုးပမ်းအားထုတ်နေမှုအပေါ် နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီက ဂုဏ်ပြုထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဓာတုလက်နက် ပျက်သုဉ်းကင်းစင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် အားထုတ်ကြိုးပမ်းမှုအတွက် ချီးမြှင့်ရတာဖြစ်တယ်လို့ နိုဘယ်ငြိမ်းချမ်းရေးဆုရွေးချယ်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

OPCW ရဲ့ အထွေထွေညွှန်ကြားရေးမှူး အာခါရ်မက်အူဇူးမ်ရိုး (Ahmet Uzumcu) ကတော့ လွန်ခဲ့တဲ့ ၁၆ နှစ်အတွင်း ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးအတွက် ကျနော်တို့အဖွဲ့ရဲ့ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုပေးတဲ့ဆုပါပဲလို့ ဝမ်းမြောက်ကြိုဆိုလိုက်တယ်။ ပြီးတော့ “တရားဝင်ညွှန်ကြားချက်တွေအရ ဆီးရီးယားမှာဖြန့်ကျက်လှုပ်ရှားနေတဲ့ ကျနော်တို့ဝန်ထမ်းတွေရဲ့ သတ္တိပြောင်မြောက်တဲ့ အားထုတ်ကြိုးပမ်းမှုတွေကိုလည်း အသိအမှတ်ပြုပေးလိုက်တာဖြစ်ပါတယ်” လို့ နော်ဝေးအခြေစိုက် NRK သတင်းဌာနကို ပြောဆိုခဲ့တယ်။ သူက အဖွဲ့ရဲ့ ဓာတုလက်နက်ဆိုင်ရာ အထူးကျွမ်းကျင်သူ ၂၇ ဦး ဆီးရီးယားက ဓာတုလက်နက်သိုလှောင်ထုတ်လုပ်ရာနေရာတွေကို သွားရောက်လေ့လာခဲ့တယ်လို့ ပြောပါတယ်။ 

ဒီနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုဟာ ဆီးရီးယားနိုင်ငံအဖို့ လူပေါင်းသန်းနဲ့ချီ လွတ်မြောက်ရာဆီ ထွက်ပြေးကုန်ပြီး လူတသိန်းကျော်သေဆုံးသွားပြီဖြစ်တဲ့ ၃ နှစ်ကြာပြည်တွင်းစစ်ကြီးထဲ အတွင်းကျကျ စုံစမ်းအားထုတ်မှုကနေရလာတဲ့ အကျိုးဆက်ဖြစ်ပါတယ်။ 

ပြဿနာများတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆု 

နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီရဲ့ အသင်းအဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးဆုချီးမြှင့်ရာမှာ OPCW အဖွဲ့ဟာ အကြိမ် ၂၀ ခုမြောက် အသင်းအဖွဲ့အနေနဲ့ ဆုရရှိခဲ့တာပါ။ ဒီအရင် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့များ အပါအဝင် သဘာဝဝန်းကျင်နဲ့ ကမ္ဘာမြေငြိမ်းချမ်းရေးဆိုင်ရာ အဖွဲ့အစည်းတချို့လည်း အသင်းအဖွဲ့အနေနဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ရဖူးပါတယ်။ နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC)အဖွဲ့ဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို (၁၉၁၇၊ ၁၉၄၄၊ ၁၉၆၃)နှစ်တွေမှာ ၃ ကြိမ်တိတိ ရခဲ့ဖူးပါတယ်။ 

နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရွေးချယ်ရေးအဖွဲ့ဟာ ဘယ်အစိုးရ၊ ဘယ်အဖွဲ့အစည်းနဲ့မှ နိုင်ငံရေး၊ စီးပွားရေးကိစ္စ လားလားမှမဆက်စပ်ဘဲ သီးခြားလွတ်လပ်တဲ့ နိုင်ငံရေး၊ လူမှုရေး အတွေ့အကြုံကြီးမားတဲ့ သီးခြားလွတ်လပ်တဲ့ ဂုဏ်သရေရှိ အမျိုးသား၂ ဦး အမျိုးသမီး ၃ ဦးနဲ့ ဖွဲ့စည်းထားတဲ့ ၅ ဦး ကော်မတီအဖွဲ့ဖြစ်ပါတယ်။ လွတ်လပ်တဲ့ ကော်မတီဆိုပေမယ့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရစာရင်း ထုတ်ပြန်တိုင်း အငြင်းပွားမှုတွေ ရှိခဲ့တယ်။ ဥပမာ ၁၉၉၄ ပါလက်စတိုင်း ပြောက်ကျားခေါင်းဆောင် ယာဆာအာရာဖတ်နဲ့ အစ္စရေး ဝန်ကြီးချုပ် ယီးဇပ်ခ်ရာဗင်းတို့ကို ပူးတွဲဆုချီးမြှင့်မှု၊ ၂၀၀၉ ခုနှစ်က အမေရိကန်သမ္မတအသစ်စက်စက် ဘားရက်ခ် အိုဘားမားကို ရွေးချယ်မှုကစလို့ မနှစ်က EU ဥရောပသမဂ္ဂကို ချီးမြှင့်တဲ့အထိ အယူအဆအမျိုးမျိုးနဲ့ ဂယက်ထခဲ့ပါတယ်။ 

၁၉၉၁ ခုနှစ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုချီးမြှင့်စဉ်ကတော့ အဲဒီတုန်းက မြန်မာစစ်အစိုးရနဲ့ တရုတ်အစိုးရကလွဲလို့ နိုင်ငံတကာက သြဘာပေးခဲ့ပါတယ်။ အခုတခါ ၂၀၁၃ ခုအတွက် ဆုချီးမြှင့်ခံရတဲ့ OPCW အဖွဲ့ကိုလည်း ကန့်ကွက်ဝေဖန်တာမျိုး မကြားရပါဘူး။ ဒီဆုဟာ နိုင်ငံတကာ ဓာတုလက်နက်ဖျက်သိမ်းရေးအတွက် အရှိန်မြင့်တက်စေမှာဖြစ်သလို အမေရိကန်၊ ရုရှားနဲ့ တရုတ်လို နိုင်ငံကြီးတွေရဲ့ ဓာတုလက်နက်ပိုင်ဆိုင်မှုနဲ့ လျှို့ဝှက်စမ်းသပ်မှုတွေကိုလည်း စိမ်ခေါ်မယ့်အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။ 

မြန်မာ နဲ့ OPCW 

ဓာတုလက်နက် တားမြစ်ပိတ်ပင်ရေးအဖွဲ့ OPCW ဟာ ဖွဲ့စည်းပြီး ၁၆ နှစ်အတွင်း အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ လောက် ပါဝင်တယ်။ ဓာတုလက်နက် တားဆီးကာကွယ်ရေးကို သဘောတူလက်မှတ်ထိုးတဲ့ နိုင်ငံမှန်သမျှ အလိုအလျှောက်အဖွဲ့ဖြစ်တယ်။ အာဖရိကတိုက်က ဆိုမာလီနိုင်ငံဟာ နောက်ဆုံးအဖွဲ့ဝင်နိုင်ငံဖြစ်တယ်။ ကမ္ဘာ့လူဦးရေ ၉၈ ရာခိုင်နှုန်းက ဓာတုလက်နက်ကို ခါးခါးသီးသီးက ဆန့်ကျင်နေကြပေမယ့် အဲဒီထဲမှာ မြန်မာနိုင်ငံတော့ မပါသေးတာကို စိတ်မကောင်းစရာ တွေ့ရတယ်။ မြန်မာနဲ့ အစ္စရေးနိုင်ငံဟာ နောက်ပိုင်းမှာ လက်မှတ်ထိုးပေမယ့် အဖွဲ့ရဲ့ စည်းကမ်းတွေ လိုက်နာအကောင်အထည်ဖော်ဖို့တော့ ပျက်ကွက်နေတုန်းပါ။ အင်ဂိုလာ၊ အီဂျစ်၊ မြောက်ကိုရီးယား၊ တောင်ဆူဒန်နိုင်ငံတို့ဟာ ဓာတုလက်နက်အသုံးမပြုရေးစာချုပ်ကို လုံးဝ လက်မှတ်မထိုးပါဘူး။ OPCW အဖွဲ့ဟာ ကမ္ဘာသိ ကြေငြာခံထားရတဲ့ ဓာတုလက်နက်ကုန်ပစ္စည်း ၇၁၁၉၆ မက်ထရစ်တန်ချိန်တွေထဲက တန်ချိန် ၅၈၁၇၂ ဒါမှမဟုတ် ၈၁. ၇၁ ရာခိုင်နှုန်းကို ဖျက်ဆီးနိုင်ခဲ့တယ်။ 

၁၉၉၇ အဖွဲ့စတင်လှုပ်ရှားစဉ်ကစပြီး ဓာတုလက်နက်ပိုင်ဆိုင်မှုမှာ နာမည်ဆိုးထွက်နေတဲ့ နိုင်ငံပေါင်း ၈၆ နိုင်ငံရဲ့ ဓာတုလက်နက်ထုတ်လုပ်ရေးနေရာဌာန ၁၉၀၀ ကျော်နဲ့ ဓာတုလက်နက် ဆက်စပ်တည်ရှိတဲ့ နေရာပေါင်း ၂၂၈ နေရာမှာ စုံစမ်းစစ်ဆေးမှုပေါင်း ၅၃၀၀ လောက် ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ OPCW က သတင်းထုတ်ပြန်ခဲ့တယ်။ ကမ္ဘာတဝှမ်းက လက်နက်ထုတ်လုပ်ရာဌာန ၅၀၀၀ နီးပါးမှာ တရားဝင်စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပြီးဖြစ်တယ်။ 

ယခု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်ပြီး ဓာတုလက်နက်နဲ့ ညူကလီးယား လက်ဝယ်ကိုင်ဆောင်ထားတဲ့ မြောက်ကိုးရီးယားမှာ စစ်ဘက်ဆိုင်ရာအကူအညီရယူဖို့ တရုတ်ကြားခံ အကူအညီနဲ့ ဆောင်ရွက်ခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့လအနည်းငယ်ကပဲ အမေရိကန်ပြည်ထောင်စုက မြန်မာ နယ်စပ်ရေးရာ စစ်ဝန်ကြီး ဗိုလ်ချုပ်ကြီး သိန်းဌေး ကို မြောက်ကိုးရီးယားနဲ့ဆက်နွယ်မှုနဲ့ နာမည်ပျက်စာရင်းထဲ ထည့်ထားပါတယ်။ 

စစ်တပ်နဲ့ ဓာတုလက်နက် 

OPCW အဖွဲ့ မပေါ်ခင်ကတည်းက ကရင်ပြည်နယ်တွင်းစစ်ပွဲတွေမှာ ဓာတုလက်နက် သုံးစွဲခဲ့တဲ့သာဓကတွေ ရှိခဲ့တယ်။ ၁၉၉၄ ကရင်ပြည်နယ် မာနယ်ပလော တိုက်ပွဲနဲ့ ဝမ်ခ တိုက်ပွဲအတွင်းမှာ တပ်မတော်က ဓာတုလက်နက်တွေ အသုံးပြုတဲ့သတင်း ထွက်ပေါ်ခဲ့ဖူးတယ်။ ထိုစဉ်က ဘီဘီစီ အင်တာဗျူးတခုမှာ KNU ပြောခွင့်ရသူတယောက်က မြန်မာ့တပ်မတော်ဟာ အမျိုးအမည်မသိရတဲ့ လက်နက်ဆန်းတချို့ကို အသုံးပြုတယ်လို့ ယူဆရတဲ့အကြောင်း၊ မိမိတို့ KNU တပ်သားတချို့ တဖက်တပ်က ပစ်ဖောက်တဲ့ဓာတ်ငွေ့တချို့ ရှူရှိုက်မိပြီး နှာခေါင်းနဲ့ နားတွေက သွေးတွေစီးထွက်လာတဲ့အကြောင်း သတင်းထုတ်လွှင့်ဖူးပါတယ်။ ဝမ်ခတိုက်ပွဲမှာပါဝင်ခဲ့သူ လောလောဆယ် နယ်သာလန်နိုင်ငံမှာ နေထိုင်နေတဲ့ ကိုမောင်မောင်မော်ကလည်း “ကျနော်ကိုယ်တိုင် ဓာတုလက်နက်လို့ထင်ရတဲ့ ဓာတ်ငွေ့စူးစူးရှရှအနံ့ကို ဘယ်လိုမှမခံနိုင်လို့ တဖွဲ့လုံးနဲ့အတူ တပ်ဆုတ်ခဲ့ရတယ်။ အင်မတန် ဆိုးဝါးပြီး အသက်ရှူကြပ်တယ်” လို့ ပြောပါတယ်။ 

လောလောဆယ် ဆွီဒင်နိုင်ငံမှာနေထိုင်နေတဲ့ KNU အရာရှိဟောင်းတယောက်ကလည်း သူတပ်က ရဲဘော်တချို့ တပ်မတော်ကပစ်ခတ်တဲ့ ဓာတုလက်နက်လို့ယူဆရတဲ့ အမျိုးအမည်မသိ လက်နက်ဒဏ်ကြောင့် ခန္ဒာကိုယ်အရေပြားတွေ လောင်ကျွမ်းခဲ့သလို နားနဲ့ နှာခေါင်းထဲက သွေးတွေယိုစီးပြီး သေဆုံးမှုတွေ၊ တချို့ လက်နက်ဆန်းဒဏ်ကြောင့် နာတာရှည်ဝေဒနာတွေ ခံစားနေရတဲ့အကြောင်းလည်း သိရပါတယ်။ ဓာတုလက်နက်ဟာ အသက်ရှူလမ်းကြောင်းတလျှောက် ထိခိုက်နာကျင်စေသလို ကုသဖို့မလွယ်ကူတဲ့ နာတာရှည်ရောဂါဝေဒနာကို ခံစားကြရတာဖြစ်တယ်။ တကယ်တမ်းဆို စစ်ပွဲတွေရဲ့ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲတွေမှာ မျက်ရည်ယိုဗုံးတောင် သုံးခွင့်မရှိဘူးလို့ ဂျနီဗာကွန်ဗင်းရှင်းမှာ ပြဌာန်းထားပါတယ်။

မြန်မာ့ ဓာတုလက်နက်ထုတ်လုပ်မှု 

လောလောဆယ် နော်ဝေးနိုင်ငံမှာနေထိုင်နေပြီး လွန်ခဲ့တဲ့ ၃ နှစ်လောက်က မြန်မာနိုင်ငံက လျှို့ဝှက်ထွက်လာပြီး မြန်မာစစ်အစိုးရရဲ့ ညူကလီးယားလက်နက်ပိုင်ဆိုင်ဖို့ လျှို့ဝှက်ကြံစည်မှုတွေကို နိုင်ငံတကာသိအောင် ဖွင့်ချခဲ့တဲ့ မကွေးတိုင်း အမှတ် ၂ သိပ္ပံနဲ့နည်းပညာဆိုင်ရာ ပစ္စည်းထုတ်လုပ်ရေး အလုပ်ရုံ ဌာနစုမှူး ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းကတော့ တပ်မတော်က ဓာတုလက်နက်ပိုင်ဆိုင်တယ် မပိုင်ဆိုင်ဘူး တိကျတဲ့အထောက်အထား မပြနိုင်ပေမယ့် ဓာတုလက်နက် ထုတ်လုပ်သုံးစွဲခဲ့တာကတော့ သေချာတယ်လို့ ပြောပါတယ်။ 

ယခင် အမှတ် ၅ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ)မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးကြီးဉာဏ်ထွန်း တပ်မတော်နည်းပညာ တက္ကသိုလ် ကထိက ဘဝမှာ သူတို့ဗိုလ်လောင်းတွေကို စစ်လက်နက်ဆိုင်ရာပညာပို့ချနေရင်း ကရင်ပြည်နယ်စစ်ပွဲတွေမှာ ဓာတုလက်နက်တွေ ထုတ်လုပ်သုံးစွဲခဲ့ကြောင်း ဖွင့်ပြောခဲ့ဖူးတယ်လို့ ရှင်းပြပါတယ်။ 

“၁၉၉၆ခုနှစ် ကျနော်တို့ တတိယနှစ်ဗိုလ်လောင်း ကျောင်းသားဘဝ သင်တန်းပိုချတုန်းက ကေအင်ယူ ဝမ်ခစခန်းကို တပ်မတော်စစ်ကြောင်းထိုး တိုက်ခဲ့တုန်းက တပ်မတော်ဘက်က အကျအဆုံးများပြီး၊ သမရိုးကျနည်းနဲ့တိုက်လို့ မနိုင်တာကြောင့် တမျိုးကြံကြရအောင်ဆိုပြီး၊ စက်ရုံကနေ ဓာတုလက်နက်တွေ ထုတ်သုံးကြတာတဲ့၊ ပြီးတော့ ရိုးရိုး High Explosive Shell (ပြင်းထန်စွာ ပေါက်ကွဲစေတတ်တဲ့ အမြောက်ကျည်)တွေကြားထဲမှာ Chemical ဓာတုလက်နက်တွေ ရောသုံးကြတယ်။ 

လက်နက်တွေကို ကပစ(၅) ကပဲထုတ်ပေးတယ်လို့ ဗိုလ်မှူးကြီးဉာဏ်ထွန်းကိုယ်တိုင် ကျောင်းသင်ခန်းစာနဲ့ ဆက်စပ်ပြီး ပြောခဲ့ဖူးပါတယ်၊ ဒါပေမယ့် နောက်ပိုင်း ကျနော်တို့ အဲဒီ အမှတ်(၅)စက်ရုံကို သွားလေ့လာရတဲ့အခါ ကလိုရင်းစက်ရုံ ဖောင်ဒေးရှင်းကြီးပဲ ကျန်တော့တယ်။ သူတို့လုပ်ချင်တဲ့ ဓာတုလက်နက်တွေထုတ်ပြီး ပြန်ဖျက်လိုက်တာပါ၊ ဘာလို့လဲဆိုတော့ ဂျနီဗာသဘောတူညီချက်နဲ့ ငြိနေတာကိုး၊ တရားဝင်သုံးလို့မရဘူး” လို့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းကပြောပါတယ်။ 

ဆင်တဲ ကပစ(၃)အနားမှာ ၁၉၉၉-၂၀၀၀ လောက်က တရုတ်အကူအညီနဲ့ ဓာတုလက်နက်ထုတ်လုပ်ရေး စက်ရုံတခု ဆောက်လုပ်ခဲ့တယ်လို့ သတင်းတွေ ပေါ်ထွက်ခဲ့ဖူးတယ်။ မကွေးတိုင်းအတွင်းမှာလည်း မြောက်ကိုးရီးယားအကူအညီနဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံ တည်ထောင်ခဲ့တဲ့သတင်းတွေ ကြားရပါတယ်။ 

မြန်မာနိုင်ငံ အမှတ်(၃) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံဟာ လက်နက်ခဲယမ်းမီးကျောက်တွေ အဓိကထား ထုတ်လုပ်တာဆိုပေမယ့် လေယာဉ်ဗုံးတွေလည်း ပါဝင်ကြောင်းသိရတယ်။ အဲဒီဗုံးတွေမှာ Thicknel လို့ခေါ်တဲ့ စေးပျစ်ပျစ်နဲ့မီးလောင်လွယ်တဲ့ ဘန်ဇင်း လို ဓာတုပစ္စည်းကို အခြေခံထုတ်ကြတာဖြစ်တယ်။ မနှစ်က ကချင်ပြည်နယ်မှာ အဲဒီဗုံးတွေ သုံးခဲ့တယ်လို့ သတင်းတွေ ပေါ်ထွက်ခဲ့တယ်။ ကချင်သူပုန်တွေ အဆိပ်လက်နက်ဒဏ်ထိခဲ့ကြောင်း၊ စိုက်ခင်းတွေ ပျက်ဆီးသလို သဘာဝမိုးနဲ့မတူတဲ့ မိုးစက်တွေကျခဲ့တဲ့အကြောင်း သတင်းတွေပေါ်ခဲ့ဖူးပါတယ်။ လူကို ထိရင် မီးလောင်ပြီး တကိုယ်လုံး မဲတူးသွားတာမျိုးပါ။ လောင်ကြွမ်းမှုပိုပြီးမြှင့်ချင်ရင် သတ္တုအမှုန်တွေ သုံးတတ်တယ်လို့လည်း ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းက ရှင်းပြခဲ့တယ်။ လက်ပန်တောင်းသပိတ် ဖြိုခွဲတုန်းကတော့ ဖော့စ်ဖရပ်စ်မီးစုန်းဓာတ်ပါတဲ့ မီးလောင်ဗုံးအမျိုးအစားတွေ အသုံးပြုခဲ့တာပါ။ အဲဒါ ဓာတုလက်နက် အမျိုးအစားမှာ ပါဝင်တယ်။( ဒေါ်အောင်ဆန်းစုကြည်က စစ်လက်နက်တွေအကြောင်း မလေ့လာထားဘဲ အစိုးရ တာဝန်ရှိသူတွေ လိမ်လည်ရှင်းပြသလို သံယောင်လိုက်ပြီး မျက်ရည်ယိုဗုံးပါလို့ မှားယွင်းပြောဆိုခဲ့တာဖြစ်တယ်) 

မြန်မာပြည်မှာ ဓာတုလက်နက်ထုတ်ဖို့ အန္တရာယ်များတယ်ဆိုပေမယ့် လွယ်ကူပါတယ်လို့လည်း ဗိုလ်မှူးစိုင်းသိန်းဝင်းက ပြောပြတယ်။ “ဒီလိုဗုံးမျိုးတွေက ပထမကမ္ဘာစစ်ကတည်းက အသုံးပြုနေတာဆိုတော့ ထုတ်လုပ်ဖို့လွယ်ကူပါတယ်၊ ကလိုရင်းကနေ ထုတ်ခဲ့တဲ့ သာဓကတွေလည်း ရှိတယ်၊ ကချင်မှာလည်း သုံးစွဲခဲ့တဲ့ သတင်းတွေလည်း ထွက်နေတာပဲ၊ ဓာတုလက်နက်ကို ရိုးရိုး လက်နက်တွေနဲ့ တွဲသုံးတာတိုက်ပွဲမှာ ထိရောက်တယ်။ ဥပမာ ဘန်ကာထဲ မျက်ရည်ယိုဗုံး၊ မီးလောင်ဗုံးတွေထည့်ပစ်တော့ တဖက်ရန်သူက မခံနိုင်လို့ အပြင်ထွက်လာတဲ့အခါမျိုးမှာ ပိုင်ပိုင်နိုင်နိုင် ပစ်သတ်တာမျိုးပါ” 

မြန်မာအစိုးရ OPCW နဲ့ ပူးပေါင်းမလား 

ဒီမေးခွန်းဟာ သမ္မတဦးသိန်းစိန် ကို ခေါင်းစားစေပါတယ်။ OPCW နိုဘယ်လ်ငြိမ်းချမ်းရေးဆုရလိုက်တာ မြန်မာအစိုးရအတွက် နှစ်အတန်ကြာ လျှို့ဝှက်ပြီး မရှင်းမရှင်းလုပ်ခဲ့တာတွေကို အထုတ်ဖြေပြရမလိုဖြစ်နေပါတယ်။ OPCW အဖွဲ့ဟာ အခုနှစ် ဖေဖော်ဝါရီကပဲ နေပြည်တော်ကိုသွားရောက်ပြီး ဓာတုလက်နက် အသုံးမပြုရေးကို လက်တွေ့အကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့ပါတယ်။ မြန်မာဘက်က တိကျတဲ့ အဖြေမပေးခဲ့ပါဘူး။ ဘာကြောင့် ဓာတုလက်နက်ဖျက်သိမ်းရေးကို မလုပ်ရဲတာလည်းဆိုတာ စဉ်းစားစရာတွေပါ။ 

ဓာတုလက်နက်မစွန့်လွှတ်ချင်သေးတဲ့ သဘောလား၊ ပြည်တွင်းစစ် အဆုံးသတ်ဖို့ မရေရာသေးတဲ့သဘောလား၊ ဒီကနေ့လုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် အာမ မခံနိုင်လို့လား၊ ပြည်တွင်းစစ်မီးဆက်တောက်နေအုံးမယ့် လက္ခဏာလားဆိုတာ မကွဲပြားပါဘူး။ တကယ်လို့ OPCW နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မိမိတို့ရဲ့ လက်နက်စက်ရုံတွေ အစစ်ဆေးခံရမှာဖြစ်ပါတယ်။ လူသိထင်ရှားဖြစ်မှာ စိုးရိမ်ဟန်တူပါတယ်။ 


ငြိမ်းချမ်းရေးလိုချင်ရင် ဓာတုလက်နက်ဖျက်သိမ်းပါ 

သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ ရွေးစရာလမ်းတခုထဲရှိပါတယ်။ ငြိမ်းချမ်းရေးအတွက် ပုန်းလျှိုးကွယ်လျှိုး တည်ဆောက်ထားတဲ့ ဓာတုလက်နက်တွေ ဖျက်သိမ်းရပါမယ်။ OPCW အနေနဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရပြီမို့ မိမိရည်မှန်းချက်ကို အရှိန်မြှင့်လုပ်ဆောင်မှာဖြစ်ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားနဲ့ အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်ကလည်း OPCW ရဲ့ တန်ဖိုးမြင့်လာမှုကို ဝမ်းမြောက်ကြိုဆိုခဲ့ပါတယ်။ 

ဒီဆုဟာ OPCW ရဲ့ ဆီးရီးယား အပါအဝင် နိုင်ငံတကာရဲ့ ဓာတုလက်နက်ဆိုးတွေ ဖျက်သိမ်းရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ကမ္ဘာ့ပြည်သူတွေကို တပ်လှန့်ပေးလိုက်တာလည်းဖြစ်တယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့လက်တွဲပြီး ပွင့်လင်းမြင်သာတဲ့ ဖွံ့ဖြိုးရေးကဏ္ဍသစ်တရပ်ကို ဖော်ထုတ်ပြသဖို့ အချိန်ကျနေပါပြီ။ သမ္မတဦးသိန်းစိန်အနေနဲ့ မိမိကိုလာမှန်တဲ့ ငြိမ်းချမ်းရေး နိုဘယ်လ် မြားချက်ကို သတ္တိရှိရှိ ရင်ကော့ခံရုံကလွဲလို့ တခြားလမ်းမရှိတော့ပါ...။      ။

ကိုညို (အော်စလို) 
၁၃ အောက်တိုဘာ ၂၀၁၃။


 

No comments: