Wednesday, October 23, 2013

ဆောင့် (မင်းသိုက်)

တစ်နေ့ကပဲ စတေးတပ် အတိုလေး ရေးလိုက်မိသေးတယ်။ ကိုယ်တွေနေတဲ့ ရပ်ကွက်တစ်ခုထဲပဲ ကွက်ဖြစ်နေတယ်ထင်တာနဲ့ ရေးကြီးခွင်ကျယ် သိပ်မလုပ်ချင်တာလည်းပါတယ်။

သတိထားမိနေတာတော့ ၂ လကျော်ကျော်ရှိပြီ။ အချို့ပြောတာတော့ ၂ လတောင် မကတော့ဘူးတဲ့ … ဘယ်သူတွေ ဘယ်လောက် တိတ်တိတ်ပုန်း ကျိတ်ပုန်းခံနေရပြီလဲ ဆုံးရှုံးနေပြီလဲတော့ မမှန်းတတ်တော့ဘူး။ တစ်ရပ်လုံးကုန်မှ ဆိုင်ရာလူကြီးမင်းအပေါင်း ဝရုန်းသုန်းကား “ဆပ်ပြာသည် မယားငယ်ပျောက်” ဖြစ်ကြအုန်းမလား မသိဘူး။

ညသန်းခေါင်ကျော်ပြီဟေ့ဆိုတာနဲ့ တရိပ်ရိပ်တက်လာပြီ။ ဆေ့ဂတ်တွေလဲ ရဲတွတ်လို့၊ မီးအားမြှင့်စက်တွေဆို အောက်ဆုံးဆင့်ချထားတာတောင် ၂၄၀ - ၂၆၀ - ၂၇၀ အဲသလိုကြီးကို ထိုးတက်လာတော့တာပဲ။ ဘုရားစင်မီးသီးတောင် လဲရတာ ဘယ်နှခါရှိမှန်း မရေမတွက်နိုင်တော့ဘူး။ နောက်ဆုံးတော့ ... သီးခံတော်မူပါ့ဘုရား၊ ကန်တော့ ကန်တော့ပါဘုရား၊ မူလလက်ဟောင်း ဖယောင်းတိုင်မီးနဲ့သာ သီတင်းသုံးတော်မူပါ့ဘုရား၊ ရန်သူငါးပါးထဲမှာ မီးဘေးတော့ အနည်းဆုံး လွတ်အောင် ကင်းအောင် စောင့်လျှောက်တော်မူပါ့ဘုရား ... ဆို ဘုရားလည်း နားပူနားဆာ ကပ်ရတော့တာပဲ။ ဘယ်တတ်နိုင်မလဲ၊ ဆိုင်ရာငနာတွေ သူတို့ အမွေဆိုင် မအေ့အိမ်လောင်တာမှ မဟုတ်ထာ။


လောင်ပဟေ့ဆို ပေါ့ဆမီး၊ ဝါယာရှော့၊ ဖယောင်းတိုင်မီး ဒီ စွဲချက် ၃-၄ မျိုးလောက် ဘိုင်ဟတ်အလွတ်ကျက်ပြီး ရီပို့ရေးတင် တရားစွဲတာပဲ။ အရက်သမားမျက်ထောက်နီ လျှပ်ကောင်တွေကြောင့် မီးအားဆောင့်တက် လောင်ကျွမ်းပါတယ် တစ်ခါမှ ကြားမကြားဖူးပေါင်။

ဟော့ ... ဂနေ့တော့ မျက်မြင်ကိုယ်တွေ့ကြီးကို သက်သေအထောက်အထားနှင့်တကွ ပက်ပင်းတွေ့ပါပြီ။ ကိုယ်ကလည်း ဒါမျိုးသိပ်မြင်တတ်ထာ။ ကိုယ်တွေနေတဲ့အရပ်တင် မဟုတ်ဘူး၊ ပုလဲကွန်ဒိုမီနီယံကြီးတောင် မီးအားဆောင့်တက်လို့ ဓာတ်လှေခါးကြီး ဂန့်သွားသတဲ့၊ တစ်နံပတ် စနက်တံ တရားခံက ဒင်းတို့ပဲ။

လျှပ်ဝန်ဘယ်သူဆိုတာတော့ သိကို မသိဘူး။ ခေါင်းထဲလဲမထည့်ဘူး၊ အကန့်ရှုတ်လို့။ ထည့်သင့်တဲ့ .. သူ စာရင်းထဲလည်း မပါဘူး၊ ဘာလို့မထည့်သလဲ၊ တိုင်းသူပြည်သားလူအများအတွက် ကောင်းကျိုးသယ်ပိုးနေတဲ့သူမဟုတ်တော့ မထည့်ဘူး၊ ရှင်းတယ်။

တစ်သက်လုံး အရပ်ထဲ ဖြူးစ်ပြတ်လို့ လာလုပ်ပေးပါအုန်းမောင်ရင်ရယ်၊ ဘုရားမီးလေး သွယ်ချင်လို့ ... အဘတို့အိမ်ဘက်လှည့်ခဲ့ပါအုန်းမောင်ရင်ရယ်၊ ရေမော်တာလေး ဘယ်ဖြစ်တယ်မသိ အားရင် မမတို့ အိမ်ဘက်လဲလှည့်ခဲ့ပါအုန်း မောင်လေးရယ် ဆိုတဲ့ အရပ်ထဲက တောက်တိုမယ်ရ စေတနာဝန်ထမ်း … လျှပ်သမားလေးဝန်မင်း မြှောက်ထားတာမှ အလုပ်ဖြစ်အုန်းမယ်။

နေရာသာ တက်ယူထားတာ၊ စေတနာလည်းမပါ၊ တတ်လည်းမတတ်၊ နားလည်းမလည် အူကြောင်ကြားတွေ ယောင်ခြောက်ဆယ် ဝါးတားတားနေမှတော့ အရပ်ထဲ ညစဉ်မီးဆောင့်တက်နေတာလဲ ထူးတော့ သိပ်မထူးပါဘူး။ သို့သော် ဒင်းတို့ ဝါးတားတားသမျှ ပြည်သူက လည်စင်းခံနေရတာ ကြာတော့ သိပ်သဘာဝမကျတော့ဘူး။ အောက်မှာ တင်ထားတဲ့ ဓာတ်ပုံထဲက စာသားတွေဖတ်သာကြည့် ………………...

“အခန်းရှင်များသို့ အသိပေးအကြောင်းကြားခြင်း ”

C ဆောင်ရှိ C1 ဓါတ်လှေခါးမှ မိန်းကဒ် DOC သည် (9.10.2013) နေ့ ည (10:45) PM အချိန်တွင် EPC ပေးသော ဓါတ်အားများပြီး မီးအားaဆာင့်တက်သွားပါသဖြင့် ကဒ်လောင်သွားသောကြောင့် အမြန်ဆုံးပြန်လည်ပြုပြင်ပြီး ဖြစ်ပါသည်။ပြုပြင် စရိတ်မှာ ကျပ်သုံးသိန်းခွဲဖြစ်၍ C ဆောင်အခန်းရှင်များ အချိုးကျ ပြန်လည်ကောက်ခံမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Administration& Maintenance Office.

ကဲ .. ဘယ်နှယ်လုပ်ကြမတုန်း၊ တစ်ပတ် တစ်ခါ အဲဒီ ကဒ်က အဓိဌာန်ကြီးနဲ့ အပတ်စဉ် လောင်လောင်နေရင် ဘယ်လိုလုပ်မတုန်း?

ပြည်ပတိုင်းပြည်တွေမှာ ကုန်တိုက်တွေ၊ စက်ရုံတွေ၊ အရေးကြီး ပုဂ္ဂလိကဆေးရုံတွေ၊ ကုမ္ပဏီကြီးတွေအားလုံး လျှပ်အာမခံတွေထားတာ၊ မီးများပျက်လို့ကတော့ တစ်မိနစ် ဘယ်လောက်နှုန်းနဲ့ ကော့နေအောင် လျှော်ပေတော့၊ မီးဆောင့်တက်လို့ ပျက်စီးဆုံးရှုံးမှုတွေများသာဆိုရင် ဆိုဖွယ်ရာမရှိ။

အဲလောက်အဝေးကြီးအထိတော့ သူများတိုင်းပြည်တွေဆီ နတ်ကရာ ကျီးမော့သလို အိမ်မက် မမက်ဝံ့ပေါင်။ သို့သော် ဘာလို့ဒီလိုဖြစ်ရတယ် ပြဿနာအဖြေကိုရှာပြီး ပြည်သူတွေကို ကြိုတင် အသိပေး သတိပေး၊ အမြန်ဆုံး ပြင်ဆင်သင့်တာလောက်တော့ လုပ်ပေါ့ လျှပ်ဝန်မင်းရယ်။

ခများတို့မလဲ ဘာနဲ့တူနေသလဲဆို ရိုင်းရိုင်းနှိုင်းရရင် မျက်နှာဖြူ ယိုခုံပေါ်လည်း စတိုင်ကျကျ တက်ထိုင် ယိုချင်သေးတယ်၊ ယိုခုံပေါ်ထိုင် ယိုပြီးခါမှ ဖင်ဘယ်လိုဆေးရမှန်း၊ ယိုခုံ ဖင်ခံပြား (ဆိ)ကို ပြန်ထောင်ခဲ့ရ ကောင်းမှန်းလည်း မသိ၊ နောက်လူလည်း အားမနာ၊ ကိုယ့်ကိစ္စပြီး ထသွား ပြန်လှည့်လဲမကြည့်တတ်တဲ့ … ... ဂျာလဘွတ်တွေဖြစ်နေတာ ကိုယ့်ကိုကိုယ်လည်း ရှက်ကြအုန်း၊ ပြည်သူကိုလည်း ငဲ့ကြအုန်း၊ ကိုယ်ချင်းစာတရားဆိုတာလည်း နည်းနည်းတော့ အားနာပါးနာ ထားကြအုန်း။

ကိုယ့်အလှည့် “ဆောင့်” ခံရတဲ့ အလှည့်ရောက်လာရင်တော့ ငိုကြီးချက်မတွေ မဖြစ်ကြပါစေနဲ့ရယ်လို့။      ။

မင်းသိုက် 
အောက်တိုဘာလ ၂၃ ရက်၊ ၂၀၁၃။
မဟာရန်ကုန်ရွှေမြို့တော်။


 

No comments: