ကျေးလက်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှု(ဝါ) ဆုတ်ယုတ်မှုတို့ကို လေ့လာကြည့်ခြင်းအားဖြင့် တိုင်းပြည်၏ အခြေအနေတို့ကို အကဲခတ်နိုင်သည်ဟု ဆိုရမည်။ ကျနော် ရွှေလင်အင်း ရွာသို့ရောက်ရှိပြီး နောက်တရက် ကျေးရွာလေးအတွင်း လှည့်ပတ်ကြည့်ရှုလေ့လာမိသည်။
လေ့လာတွေ့ရှိရသလောက် တူညီသောအချက် နှစ်ချက်ကိုတွေ့လိုက်ရသည်။ ဆင်းရဲမွဲတေခြင်းနှင့် ပညာရည် နိမ့်ပါးခြင်းပင်ဖြစ်သည်။ အများစုမှာ စားဝတ်နေရေး တံပိုးအောက်က ရုန်းမထွက်နိုင်ကြ။ ထို့ကြောင့် ပညာနို့ချိုကို ကောင်းစွာ သောက်သုံးခွင့်မရကြပေ။ မိဘဘိုးဘွား လက်ငုတ်လက်ရင်းဖြစ်သော လယ်နှင့်ကိုင်းများကိုသာအားပြု၍ လုပ်ကိုင်စားသောက်နေကြရသည်။ အနီးဝန်းကျင်ရှိ ဆိတ်ဖူးသာနှင့် အခြားရွာများမှာလည်း ထိုနည်းအတိုင်းပင်။ ရွှေလင်အင်းရွာတွင် နှစ်ရက်ခန့်နေပြီးနောက် သာစည်သို့ဆင်းရန်အတွက် တောင်ငူဘူတာသို့ ထွက်ခွာလာခဲ့သည်။ တောင်ငူဘူတာရောက်သည်နှင့် ရထားလက်မှတ်ရရန်အတွက် တန်းစီစောင့်ဆိုင်းရသည်။ ကျနော့်ရှေ့ လူတော်တော်များများ လက်မှတ်ဖြတ်ပြီးသွားသော်လည်း ကျနော့်အလှည့်သို့ရောက်သောအခါ လက်မှတ်ကုန်သွားပြီဖြစ်သောကြောင့် လက်မှတ်အရောင်းကောင်တာကို ပိတ်လိုက်တော့သည်။
အချိန်အတော်ကြာကြာ စောင့်ဆိုင်းခဲ့ပြီး ကိုယ့်အလှည့်ရောက်မှ လက်မှတ်ကုန်သွားပြီဆိုသည့်စကားကြောင့် ကျနော် ဒေါသအိုး ပေါက်ကွဲသွားသည်။ ထိုနှင့် လက်မှတ်အရောင်းဌာနတဖက်ခြမ်းရှိ ရုံပိုင်ကြီးရုံးသို့ ခပ်တည်တည်ပင် ဝင်သွားလိုက်သည်။ ရုံးခန်း စားပွဲပေါ်တွင် အရံသင့်ထိုင်နေသောပုဂ္ဂိုလ်ကြီးကို “ရုံပိုင်ကြီးလားခင်ဗျာ့” ဟု မေးလိုက်တော့ “ဟုတ်ပါတယ် ကျနော် ရုံပိုင်ကြီးပါ ... ဘာအကူအညီပေးရမလဲ” ဟု မေးလာသည်။ ကျနော်ကလည်း လက်မှတ်တန်းစီစောင့်ဆိုင်းနေသည်မှာ ကြာပြီဖြစ်ကြောင်း သာစည်ဘူတာသို့ အရေးတကြီးသွားရန် လိုအပ်ကြောင်းနှင့် ငြိမ်းချမ်းရေးအဖွဲ့ဝင်တဦးဖြစ်ကြောင်း အတည်ပေါက်နှင့် ပြောလိုက်သည်။ ရုံပိုင်ကြီးလည်း အားတုံ့အားနာဖြစ်ဟန်နှင့် သူ့စားပွဲထဲမှ အရေးပေါ်ဆောင်ထားဟန်ရှိသော လက်မှတ်အုပ်ထဲမှ တစောင်ကို အခမဲ့ ကျနော့်ကိုပေးလိုက်သည်။
လက်ထဲသို့ ရထားလက်မှတ်ရသည်နှင့် ဒေါသစိတ်တို့သည် ပြေပျောက်ခဲ့ရသည်။ ရထားလာရန် တနာရီခန့်လိုသေးသောကြောင့် ဘူတာ စင်္ကြန်တွင်ထိုင်ရင်း ဥဒဟို သွားလာလှုပ်ရှားနေသူများကို ငေးမောကြည့်နေခိုက် နံဘေးသို့ ဘုန်းတော်ကြီးတပါး ကြွရောက်လာသည်ကို သတိထားမိလိုက်သည်။ ကျနော်လည်း ဆရာတော်ဘုရားအား “ဘယ်ကြွမှာလည်း” ဟု လျှောက်ထားလိုက်သောအခါ တောင်ငူရဲစခန်းရှိ သားဖြစ်သူထံလာကြောင်း သိရသည်။ သားဖြစ်သူမှာလည်း ခရီးထွက်သွားသောကြောင့် မတွေ့လိုက်ရကြောင်း သိရပြန်သည်။ အချိန်ကိုကြည့်လိုက်တော့ နံနက် ၁၁ နာရီထိုးတော့မည်။ ဆွမ်းကိစ္စပြီးမပြီး မေးမြန်းကြည့်တော့ ဆွမ်းဘုန်းပေးရန်ပင် အခက်အခဲရှိနေကြောင်း သိလိုက်ရသည်။ ကျနော်လည်း ဘူတာထဲရှိ ထမင်းဆိုင်သို့ ပင့်ဖိတ်သွားပြီး ဆွမ်းအလှူဒါနပြုလိုက်သည်။ လိုအပ်သည့်ခရီးအတွက် ဝတ္တုငွေကိုလည်း ကပ်လိုက်သေးသည်။ ဆရာတော်မှ ကျနော့်ကိုကြည့်ပြီး “ဒကာလေး လမ်းခရီးက အန္တရာယ်တွေများပါတယ်။ အန္တရာယ်ကင်းစေဖို့အတွက်လည်း ဘုန်းဘုန်း မေတ္တာပို့ပေးပါမယ်” ဟု မိန့်တော်မူပြီး ပြန်လည်ကြွသွားတော့သည်။
သာစည်သို့ထွက်ခွာမည့် ရထားဆိုက်ရောက်လာသောကြောင့် ရထားပေါ်တက်ပြီး သာစည်သို့ ထွက်ခွာလာကြသည်။ ရထားခရီးစဉ်တလျှောက် အခက်အခဲ လုံးဝ ကင်းစင်ခဲ့သည်ဟု ဆိုရပေမည်။ သာစည်ဘူတာရောက်တော့ ည ၇ နာရီလောက်ရှိမည်ထင်သည်။ ဘယ်ကိုသွား၍ တည်းရမည်မသိ။ ဘူတာစင်္ကြန်အတွင်း လှည့်ပတ်ကြည့်လိုက်တော့ ဘူတာအတွင်း၌ဖွင့်ထားသော ဈေးဆိုင်လေးသို့ ရောက်ရှိခဲ့သည်။ ထိုဆိုင်တွင်ထိုင်နေသော အသက် ၁၂ နှစ်ခန့် ကောင်ကလေးကို “ဘယ်မှာတည်းလို့ရမလဲ” ဟု မေးလိုက်မိသည်။ ကောင်ကလေးမှ ကျနော့်ကို သေချာကြည့်ပြီး “လိုက်ပို့ပေးမယ် အစ်ကို ဒါပေမယ့် ပို့ခ မုန့်ဖိုးတော့ ပေးရမယ်” ဟု ဆိုလာသည်။ ဆိုင်ခန်းထဲရှိ အစ်မဖြစ်သူဟု ထင်သည်။ “မောင်လေးရေ ပုံမှန်နေရာကို ပို့ပေးလိုက်” ဟု လှမ်းပြောလိုက်သည်။
ထိုကောင်လေး ဦးဆောင်ခေါ်ရာနောက်သို့ ကျနော်လိုက်လာခဲ့မိသည်။ ကောင်ကလေးက ကျနော့်ကို “အစ်ကို ဒိုက်ထိုးမယ်ဆိုရင်တော့ ဒီနေရာပဲ … ရေချိုး ဒိုက်ထိုးသူတွေအတွက်ဆိုရင် ဒီနေရာက အသန့်ဆုံးလို့ ဆိုရမယ်” ဟု ညွှန်ပြရာသို့ ကြည့်လိုက်တော့ အသက် ၁၆ နှစ်မှ ၂၀ ဝန်းကျင်ခန့်ရှိ အမျိုးသမီး ၄-၅ ဦး ဆင်းလာကာ ကျနော့်ကို ခေါ်ကြသည်။ ပြာပြာသလဲ ကျနော်ငြင်းလိုက်သည်။ “ညီလေး အစ်ကိုပြောတာ ဒီနေရာမဟုတ်ဘူး ကွ အေးအေးဆေးဆေး အိပ်စက်အနားယူလို့ ရတဲ့နေရာကို ပြောတာ” ဟု ဆိုလိုက်မှ ကောင်ကလေးက “အစ်ကိုကလည်း အထာမကျလိုက်တာဗျာ အစောကြီးထဲက သီးသန့်အိပ်မယ့် တည်းခိုခန်းလို့ ပြောရင်ပြီးရော” တဲ့။ သူပြောလည်း ပြောချင်စရာ။ ကျနော်ကိုယ်၌က ပါးရည်နပ်ရည် မရှိလို့ဖြစ်မည်။ ဘူတာနှင့် မနီးမဝေးရှိ ရွှေဝတ်မှုံ တည်းခိုခန်းသို့ ပို့ဆောင်ပေးလိုက်မှသာ အပူလုံးကျသွားတော့သည်။ တည်းခိုခန်းဆိုသော်လည်း ကြီးကြီးမားမား မဟုတ်။ အခန်း ၈ ခန်းခန့်သာရှိသည်။ တည်းခိုသူအများစုမှာ ဟိုင်းဝေးကားသမားများ ကုန်သည်တချို့နှင့် တပ်မတော်မှ တပ်ကြပ်ကြီးတဦးတို့ ဖြစ်သည်။ ထိုတပ်ကြပ်ကြီးနှင့် တည်းခိုခန်း မန်နေဂျာမှာ အတော်ရင်းနှီးကျွမ်းဝင်ပုံရသည်။
ကျနော်ရောက်သည့်ညမှာပင် သာစည်ဘုရားပွဲရှိသောကြောင့် ဂလုတ်ရွာမမှ ဆေးဆရာကြီး ဦးသိန်းညွန့်နှင့် အဖော်ရကာ ဘုရားပွဲသို့ နှစ်ဦးသား ချီတက်ခဲ့ကြသည်။ ကျနော့်ကိုယ်ကျနော်လည်း နွားကုန်သည်တဦးဟု မိတ်ဆက်ထားသောကြောင့် ပြသနာမရှိ။ ဘုရားပွဲသို့ ရောက်သောအခါ ကြည့်ရှုစရာများကို ကြည့်ရှုလေ့လာရင်း ကျနော် ပျော်နေမိသည်။ အမိမြေ၏ အငွေ့အသက်တို့ကို တဝကြီး ရှူရှိုက်ခွင့်ရလိုက်သောကြောင့်ဖြစ်မည် ထင်သည်။ ညဥ့်နက်လာသောအခါ တည်းခိုရာ အဆောင်သို့ ပြန်လာခဲ့ကြသည်။ တည်းခိုခန်းအတွင်းတွင် အသက် ၁၇-၁၈ အရွယ် လူငယ် ၃ ဦးကိုလည်း တွေ့လိုက်ရသည်။ ကျနော်တို့ရောက်ပြီး မကြာလိုက် ထိုလူငယ် ၃ ဦးကို တပ်ကြပ်ကြီးတဦးနှင့် ရဲဘော် ၂ ဦးက လာရောက်ခေါ်ဆောင်သွားသည်ကိုလည်း တွေ့လိုက်ရသည်။ ထိုသို့ခေါ်ဆောင်သွားပြီးနောက် ကျန်ရစ်ခဲ့သော တပ်ကြပ်ကြီးနှင့် တည်းခိုခန်း မန်နေဂျာတို့ ပြောဆိုနေသည့် စကားများကိုလည်း နားစွင့်နေမိသည်။
ဆိုင်မန်နေဂျာက “ဆရာကြီး ဒီနေ့အတွက်တော့ ခိုင်သွားပြီဆိုတော့ ကျနော့်ကိုလည်း လက်ဖက်ရည်တိုက်ရမယ်နော်” ဟု ဆိုလိုက်သည်။ တပ်ကြပ်ကြီးကလည်း “အေးပါဗျာ တိုက်ဆိုလည်း တိုက်ပါ့မယ် ဖြစ်ချင်တော့ ဒီလိုဗျ။ ကျနော် ဘုရားပွဲရောက်နေတုန်း လက်ဖက်ရည်ဆိုင်မှာ အော်ကျယ်အော်ကျယ် ဖြစ်နေတာနဲ့ သွားကြည့်လိုက်တယ်။ ဆိုင်ရှင်က ကောင်လေးတွေကို လက်ဖက်ရည်ဖိုး ရှင်းခိုင်းနေတာ ကောင်လေးတွေမှာလည်း ငွေက မရှိဘူးနဲ့ တူတယ်။ သူတို့ကို ခေါ်လာတဲ့သူကလည်း ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိတော့ ဒုက္ခရောက်နေတာပေါ့။ တောကနေ ဘုရားပွဲလာကြတဲ့ လူတွေဆိုတော့ မအူမလည်ဖြစ်နေကြတယ် ထင်ပါရဲ့ဗျာ။ အဲဒါနဲ့ ကျနော်လည်း ကြားကနေ သူတို့အတွက် လက်ဖက်ရည်ဖိုး ဝင်ရှင်းပေးလိုက်တယ်။ ထမင်းစားပြီးပြီလားလို့မေးတော့လည်း မစားရသေးဘူးဆိုတာနဲ့ ထမင်းဆိုင်မှာ ထမင်းပါ လိုက်ကျွေးလိုက်သေးတယ်။ ကျနော့်ကို အားကိုးတကြီးနဲ့ ယုံယုံကြည်ကြည်နဲ့ လိုက်လာခဲ့တာ။ ဒီရောက်တဲ့အထိပေါ့။
ခင်ဗျား သိတဲ့အတိုင်းပဲ ကျနော့်တာဝန်က တပ်သားသစ်စုဆောင်းရတာဆိုတော့ ဘယ်တတ်နိုင်ပါ့မလဲ။ သူတို့ဘဝကို ထိုးကျွေးလိုက်ရတာပေါ့။ မိသားစု စားဝတ်နေရေးကတဖက် တာဝန်ကတဖက် ငြင်းပိုင်ခွင့်မှ မရှိတာ။ ဖြစ်သမျှအကြောင်း အကောင်းလို့ပဲ ပြောရမှာ။ သူတို့ ၃ ယောက် စုမိတဲ့အတွက် ရမယ့်ဆန်နဲ့ ငွေက ကျနော့်မိသားစုအတွက် တလလောက်တော့ အဆင်ပြေသွားသလို မဖြစ်မနေ တပ်သားသစ်ရှာပေးရမယ့်တာဝန်လည်း တစိတ်တပိုင်း စိတ်သက်သာရာ ရသွားတာပေါ့ဗျာ” ဟု ဆိုလိုက်သောအခါ မန်နေဂျာကလည်း “ဆရာကြီးတို့ တပ်မတော်သားတွေ ဘဝကလည်း မလွယ်ပါဘူးဗျာ။ ဂျာအေး သူ့အမေရိုက်တာထက်တောင် ပိုဆိုးနေလေရဲ့” ဟု ဆိုလိုက်ရာ တပ်ကြပ်ကြီးမှ “ဂျာအေး သူ့အမေရိုက်တဲ့ဇာတ်ကမှ ဆုံးရင်ဆုံးသွားအုံးမှာ ကျနော်တို့က ဘယ်လိုအဆုံးသတ်မယ်မှန်းကို မသိတော့ပါဘူးဗျာ။ ဒုက္ခကိုလည်း ဘယ်သူ့ကိုမှ မျှဝေပေးချင်တဲ့ ဆန္ဒမရှိပါဘူး” ဟု ဆိုလိုက်သောကြောင့် နားထောင်နေသော ကျနော် အတော် စိတ်မကောင်း ဖြစ်သွားသည်။ တပ်မတော်သားအများစုတွင်လည်း ဆန္ဒနှင့်ဘဝ ခြားနားနေကြောင်း သိရှိလိုက်ရတော့သည်။
(ဆက်ပါဦးမည်)
အုပ်ကြီးဖေ
၁၈-၁၀-၂၀၁၃
No comments:
Post a Comment