ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်အလွန် အင်တာနက် သတင်းမီဒီယာတွေကတဆင့် မြန်မာစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဇနီးမောင်နှံကို မိသားစုဝင်တချို့ လက်အုပ်ချီကန်တော့တဲ့ပုံ မြင်လိုက်ရတယ်။ လာရောက်ကန်တော့သူတွေဟာ ဆွေမျိုးမိသားစုဝင်တွေလည်း ဖြစ်ချင်ဖြစ်မယ်၊ တပည့်တပန်းလည်း ပါချင်ပါမယ်၊ စီးပွားရေးသမား မိတ်ဆွေတွေလည်း ဖြစ်ချင်ဖြစ်မယ်။ မြန်မာ့လူ့အဖွဲ့အစည်းထဲ ဒီလို ဂါရဝတရားတွေက သိပ်တော့မထူးဆန်းပါ။
ထူးခြားတာက ကိုယ့်မိသားစုလည်း မဟုတ်၊ အကျိုးတူစီးပွားဘက်လည်း မဟုတ်၊ တပည့်တပန်းလည်းမဖြစ်ခဲ့တဲ့ ဝန်ထမ်းတွေ၊ ကျောင်းဆရာဆရာမတွေ၊ သံအမှုထမ်းတွေကပါ စစ်ခေါင်းဆောင်တွေ၊ အထက်အရာရှိတွေကို လက်အုပ်ချီ ကန်တော့ရတာပဲဖြစ်တယ်။ စစ်အာဏာရှင်ခေတ် လွှမ်းမိုးစဉ်တချိန်က နိုင်ငံခြားရောက် မြန်မာသံရုံးဝန်ထမ်းမိသားစုတွေ အခုလို ထိုင်ကန်တော့တာ၊ မတ်တပ်ရပ် လက်အုပ်ချီကန်တော့တာတွေကို သတင်းစာတွေမှာ မျက်နှာဖုံးအဖြစ်မြင်ရရုံမက ဝန်ကြီးဌာန ပညာတတ် အကြီးအကဲဝန်ထမ်းတွေနဲ့ အန္တနောအနန္တငါးပါးဂိုဏ်းဝင် ဆရာ ဆရာမတွေ၊ တက္ကသိုလ်ကောလိပ်က ကထိက၊ ပါမောက္ခဆရာကြီးတွေအဆုံး လက်အုပ်ချီ အရိုအသေပေးနေလေတော့ စိတ်ပါလက်ပါမှ ဟုတ်ပါလေစ။ ဘယာ၊ နာဘ၊ ကုလ တရားဆိုတဲ့ ကြောက်ခြင်း၊ အမျိုးမြတ်ခြင်း၊ လဘ်လာဘမျှော်ကိုးခြင်းကို အခြေခံပြီး လက်အုပ်ချီရသလားဆိုတာ မကွဲပြားတော့ပါဘူး။
ကျနော်တို့ နိုင်ငံမှာတော့ ဗုဒ္ဒဘာသာဝင်အများဟာ ဂုဏဝုတ္တိ သီလနဲ့ ကြီးမြတ်တဲ့ဂုဏ်ရှိသူ နဲ့ ဝေယဝုတ္တိ အသက်အရွယ်နဲ့ ဝါအားဖြင့် ကြီးသောသူတို့ကို အရိုအသေပေး လက်အုပ်ချီ ကန်တော့လေ့ရှိပါတယ်။ ဒီလိုလက်အုပ်ချီကန်တော့တဲ့ဓလေ့ဟာ ထိုင်း၊ အိန္ဒိယ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံမှာလည်း ရှိကြပါတယ်။ ဒါပေမယ့် တဖက်နဲ့တဖက် အပြန်အလှန် လေးစားဂါရဝပြုမှုနဲ့ လက်အုပ်ချီကြတာပါ။ မြန်မာမှာတော့ အကြီးအကဲကို တဖက်သပ် လက်အုပ်ချီဂါရဝပြုတဲ့ကာလက ရှေးယခင်က မမြင်ဖူး၊ မကြားခဲ့ဖူးပါ။ အာဏာရှင်ခေတ်ထဲကျမှ ပေါ်ပေါ်ထင်ထင် မြင်လာရတာပါ။ တခြားအာရှနိုင်ငံတွေလို နှစ်ယောက်စလုံး လက်အုပ်ချီ အပြန်အလှန် ဂါရဝပြုရင် ကြည့်ကောင်းပါသေးတယ်။ အခုတော့ လူမမြင်ရခင် ကြိုတင်လက်အုပ်ချီ တန်းစီစောင့်စားနေတဲ့ သတင်းစာ၊ တီဗွီထဲက မြင်ကွင်းတွေဟာ စစ်အာဏာရှင်ခေတ်ထဲ ပြန်လည်ထိုးဆင်းနေသလို ခံစားရပါတယ်။
ပဒေသရာဇ်ခေတ်တုန်းက ဘုရင်ဧကရာဇ်တွေကို ဖူးမြော်ခစားရာမှာ ကျုံ့ကျုံ့ထိုင် ကန်တော့လေ့ရှိပါတယ်။ နီးရာဓား ကြောက်ရပြီး မိမိရဲ့သက်ဦးဆံပိုင် ရေမြေ့သခင်ခေတ်မို့ ရှေ့တော်မှာ မှောက်ရက်ဝပ်တွားခစားရတာ အထူးပြောစရာ မလိုတော့ပါ။ တခုရှိတယ်၊ ဟိုတုန်းက ရှင်ဘုရင်တွေဆိုတာက အမျိုးအနွယ်အရ မြတ်သောမျိုးရိုးလို့ခံယူတာမို့ သာမန်ပြည်သူထက်မျိုးရိုးကြီးမြတ်တယ်လို့ ဆိုတယ်။ စောင့်ထိန်းတဲ့ သီလအရာမှာလည်း အနိမ့်ဆုံး ငါးပါးသီလကနေ ၉ ပါးသီလ၊ မင်းကျင့်တရား ၁၀ ပါးအညီ စောင့်ထိန်းတတ်တယ်လို့ အဆိုရှိတယ်။ ဒါကြောင့် သာမန်မင်းမှုထမ်းတွေ၊ အုပ်ချုပ်ခံပြည်သူတွေတွေထက် သာလွန်ကြပါတယ်။ ဒီကနေ့ ၂၁ ရာစုထဲအထိ သက်ဦးဆံပိုင် ပဒေသရာဇ်ဆန်ဆန် အုပ်ချုပ်ခဲ့သူတွေက မျိုးနွယ်အရဖြစ်စေ၊ ပညာအရဖြစ်စေ၊ ကျင့်ဝတ်သီလအရဖြစ်စေ သာမန်ပြည်သူတွေထက် ထူးခြားသာလွန်နေသလား၊ နိမ့်ကျနေသလားဆိုတာတော့ တွေးတောဆင်ခြင်စရာပါပဲ။
ယခင်အာဏာရှင်ခေတ်က တိုင်းပြည်ဂုဏ်သိက္ခာညှိုးကျစေပြီး ပြည်သူတွေကို ဆင်းရဲတဲ့တွင်းနက်ကြီးထဲ တွန်းချခဲ့သူတွေကို ပညာတတ်လူတန်းစား ဆရာ ဆရာမတွေက ကြောက်ရွံစိုးရိမ်စိတ်နဲ့ ကန်တော့နေရတဲ့မြင်ကွင်းဟာ အတော့်ကို စိတ်မချမ်းသာစရာပါ။ အင်္ဂလိပ် ကျွန်ခေတ်တုန်းက ကန်တော့တယ်ဆိုတာ ဗိုလ်ကျဖိနှိပ်ရေးရဲ့လက္ခဏာသက်သက်သာဖြစ်တယ်။ ကျေးကျွန်နဲ့ အရှင်သခင်ဆိုတဲ့ အတန်းအစား ၂ ခု သီးသီးသန့်သန့် ခွဲခြားလိုက်တာဖြစ်တယ်။ ၁၉၂၀ မတိုင်ခင် ကိုလိုနီပညာရေးစနစ်မှာ ဆရာဝင်လာရင် ကျောင်းသားတွေ လက်အုပ်ချီရပါတယ်။ ဗမာဘုရင်တွေခေတ် ပြည်သူဟာ အရှင်သခင်ကို လက်အုပ်ချီကန်တော့ရမယ်ဆိုတဲ့ အယူအဆအတိုင်း ကျင့်သုံးခဲ့တာဖြစ်တယ်။ ဒါတွေကို ကျောင်းသားတွေနဲ့ မိဘတွေ မကျေနပ်ကြပါ။ ဂျူဗလီခန်းမမှာ အစည်းအဝေးခေါ်ပြီး ကော်မရှင်ကို စာရေးတင် ပယ်ဖျက်ခိုင်းလို့ နောက်ဆုံး ပယ်ဖျက်ပေးရပါတယ်။ မြန်မာတွေက ကျွန်ပြုသူကို မကန်တော့နိုင်တဲ့ အယူအဆပါ။
ခေတ်သစ် မြန်မာ့အာဏာရှင်တွေဟာ သက်ဦးဆံပိုင် ပဒေသရာဇ်ကို အသက်သွင်းပြီး အရှင်သခင်နဲ့ ကျေးကျွန်ဆိုတဲ့ အတန်းအစားခွဲခြားတဲ့ ရှေးဟောင်း ဟိန္ဒူလူ့အဖွဲ့အစည်းထဲက ဇာတ်စနစ်ကို ကော်ပီကူးလာပါတယ်။ စာရေးသူ အိန္ဒိယမှာ အနှစ် ၂၀ ကျော် နေထိုင်သွားလာခဲ့ဖူးပါတယ်။ ဇာတ်စနစ်ဟာ ဒီကနေ့အထိ တောနယ် ကျေးလက်တချို့မှာ အခြေခိုင်နေဆဲပါ။ ဖိုဝါဒလွှမ်းမိုးတဲ့စနစ်၊ ဇာတ်စနစ်ကြီးစိုးတဲ့စနစ်ကို ဗုဒ္ဓခေတ်ကတည်းက တော်လှန်တိုက်ဖျက်နေတာ ယနေ့ထိတိုင်ပါ။ တချို့လူ့အဖွဲ့အစည်းထဲမှာ ဇာတ်အနိမ့်အမြင့်ဆိုတာထက် ဥစ္စာစီးပွားတောင့်တင်းသူတွေက အရှင်သခင်လိုဖြစ်လာပြီး မူလနိမ့်ကျတဲ့ အမျိုးအနွယ်ကိုတောင် ဖုံးကွယ်ထားနိုင်တာကို တွေ့ရပါတယ်။ ပညာတတ် အသိုင်းအဝိုင်းတွေက ဝိုင်းဝန်းပညာပေးဖယ်ရှားမှုတွေ တဖက်မှာရှိနေသလို ဖိုဝါဒ လွှမ်းမိုးမှုက အခြေခံတဲ့ အမျိုးသမီးတွေအပေါ် ဗိုလ်ကျလွှမ်းမိုးမှု၊ မထီလေးစားမှုနဲ့ အဓမ္မပြုကျင့်မှုတွေပါ အိန္ဒိယလူ့အဖွဲ့အစည်းကို ခြိမ်းခြောက်ခဲ့ပါတယ်။
ဒီကနေ့ ကျနော်တို့နိုင်ငံမှာလည်း ရာထူးဂုဏ်ရှိန်၊ ဓနပိုင်ဆိုင်မှုအပေါ်တည်မှီပြီး လူ့အတန်းအစားခွဲခြားမှုတွေကို မြင်နေရသလို ဖိုဝါဒကြီးစိုးလိုတဲ့ အတွေးအခေါ်တချို့နဲ့ အမျိုးသမီးများကဏ္ဍအပေါ် ခွဲခြားဆက်ဆံလိုတဲ့ သဘောထားတွေ မြင်နေရတုန်းပါ။ တဖက်မှာလည်း အာဏာရှင် စိတ်အကြွင်းအကျန်ကို ဆက်လက်ပုံဖော်ပြီး ကြီးထွားအောင် ပို့ဆောင်နေတဲ့ အတွေးအခေါ်တွေကိုလည်း မြင်နေရပါတယ်။
ရှိခိုးကန်တော့တယ်ဆိုတာ... အစောကတင်ပြခဲ့သလို ဘယ၊ နာဘ၊ ကုလ ကြဉ်ရှောင်ဆိုတဲ့ ကြောက်ခြင်း၊ အမျိုးမြတ်ခြင်း၊ လာဘ်လာဘမျှော်ကိုးခြင်းက ကင်းဝေးရပါမယ်၊ ကျေးဇူးတရားမှာလည်း ဂုဏ်အင်တွေရှိပါတယ်။ ဗုဒ္ဒဘာသာဝင်တွေက ဘုရားဂုဏ်တော် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါး၊ သံဃာဂုဏ်တော် ၉ ပါး ဆိုပြီး အရိုအသေပြု ရှိခိုးတာကတော့ စိတ်ချမ်းသာမှုရနိုင်တယ်၊ အပယ်ဘေး မကျနိုင်ဘူးဆိုတဲ့ ယုံကြည်မှုသက်သက်နဲ့ဖြစ်ပါတယ်။ အသက်ကျေးဇူး၊ မွေးကျေးဇူး၊ ကျွေးကျေးဇူးတွေနဲ့ အသိ၊ အတတ်ပညာ ပေးဝေတဲ့ အခြေခံကျေးဇူးတွေဟာ မိမိအပေါ် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေကျရောက်တဲ့ ကျေးဇူးတရားတွေအပေါ် တုံ့လှယ်မှုရှိကြတာတော့ မင်္ဂလာရှိပါတယ်။ တာဝန်နဲ့ ကျင့်ဝတ်ကလာတဲ့ မဖြစ်မနေ ဆောင်ရွက်ရမယ့်အလုပ်နဲ့ သီးခြားကျေးဇူးတရားကိုလည်း ခွဲခြားမြင်တတ်ဖို့ လိုပါတယ်။ တချို့ အားပေးကူညီမှုတွေကို ကိုယ့်ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ “ကျေးဇူးတင်လိုက်တာ” ဆိုတဲ့ စကားချိုချိုတလုံးနဲ့တင် လုံလောက်ပါတယ်။
ကျနော်တို့မြန်မာ့လူမှုနယ်ပယ်မှာ “တလုတ်စားဖူး သူ့ကျေးဇူး” တို့၊ “ဆရာကာပြန်၊ အာခေါင်လှံစူး” တို့ “ကျေးဇူးရှင် ကျေးစွပ်” ဆိုတဲ့စကားတွေက မင်္ဂလာတရားကို မဆန့်ကျင်ဖို့ သတိပြုမိစေဖို့ဖြစ်သလို၊ ကျေးဇူးရှိတာကို အခွင့်ကောင်းယူပြီး ကျေးဇူးလက်သီးနဲ့ အလဲထိုးပြီးမှ တသက်လုံး ကျေးဇူးဟဲဗီးဝိတ်သရဖူဆောင်းချင်တဲ့သဘော တချို့လည်းမြင်ရတတ်ပါတယ်။ အာဏာရှင်တွေဟာ မိမိရာထူးဂုဏ်ရှိန်ကိုအသုံးပြုပြီး မိမိလက်အောက် အရာရှိအရာခံတွေကို ကျေးဇူးလက်သီးနဲ့ ချိန်ရွယ်လေ့ရှိပါတယ်။ ကျေးဇူးတရားရှိလို့ အမှန်ကို အမှန်အတိုင်းမပြောရဲ မဆိုရဲ မလုပ်ရဲတဲ့အခါ ဘယ်သူတွေ နစ်နာနိုင်သလဲဆိုတာကိုတော့ ဆင်ခြင်ကြဖို့ လိုပါတယ်။
လောကပါလတရားအရ လူပုဂ္ဂိုလ်ကို လေးစားချင်ရင် လေးစားနိုင်တယ်ဆိုတာ သတ်မှတ်ချက်တခုသာ ဖြစ်တယ်။ လေးစားထိုက်သူကို လေးစားမယ့်သူ ရှိနိုင်သလို လေးစားထိုက်သူအဖြစ်မမြင်နိုင်လို့ သူများတကာလို မလေးစားလိုက်လို့လည်း ဘာမှမဖြစ်သွားပါဘူး။ ကိုယ့်အပြုအမူက ကိုယ့်လူ့အဖွဲ့အစည်း ကိုယ့်ပတ်ဝန်းကျင်နဲ့ သူ့အပေါ်မထိခိုက်ဖို့သာ အခြေခံကျပါတယ်။ လူအတော်များများ ဒီအတိုင်းပဲ ကျင့်သုံးနေတာဖြစ်ပါတယ်။
တခါက သမ္မတ ဦးသိန်းစိန် နော်ဝေနိုင်ငံ အော်စလို ရောက်လာပြီး မြန်မာ အသိုင်းအဝိုင်းနဲ့တွေ့ဖို့ စီစဉ်ပါတယ်။ သမ္မတ မလာခင် အစီအစဉ်မှူးလုပ်သူက သမ္မတလာရင် အားလုံးက မတ်တပ်ရပ်ပြီး ဂါရဝပြုဖို့ ကြိုတင်မေတ္တာရပ်ခံပါတယ်။ အများစုက ဒီမိုကရေစီအင်အားစုတွေမို့ အရပ်ဝတ် အာဏာရှင်ဟောင်းအပေါ် အယုံအကြည်မရှိ၊ လေ့လာအကဲခတ်နေဆဲသာဖြစ်တယ်။ သမ္မတ ခန်းမထဲဝင်လာတော့ မတ်တပ်ရပ်ပေးသူတွေရှိသလို မရပ်သူတွေလည်း ရှိပါတယ်။ မိမိလေးစားထိုက်သူလို့ မယူဆသော်လည်း မကောင်းတတ်လို့ အများနဲ့အတူရောယောင် မတ်တပ်ရပ်သူတွေလည်း အများကြီးပါ။ ဒါဟာ မိမိသဘောမိမိဆောင်ကြတာပဲဖြစ်တယ်။ အကျိုးလိုလို့ ညောင်ရေလောင်းတဲ့ ဂါရဝတွေ၊ လှူဒါန်းကန်တော့တာတွေကလည်း ဟန်ဆောင်ကောင်းပြီး ဒုနဲ့ဒေးနဲ့ ရှိနေတုန်းပါ။
ကျနော်တို့နိုင်ငံမှာ ဆရာတွေဟာ အာစရိယဂုဏ်မြောက်လို့ မိမိဆရာတွေအပေါ် လေးစားရိုသေပြီးသွားရောက် ကန့်တော့တာ၊ လက်ဆောင်ပေးတာ ရှိတတ်ပါတယ်။ ကောင်းသော ကြည်နူးစရာ အမူအကျင့်ပါ။ ဥရောပ လူနေမှုစနစ်ထဲက ဆရာကို တပည့်က အရိုအသေပေးတဲ့ပုံစံနဲ့ အတော်လေးကွာဟမှုရှိတာ သတိထားမိပါတယ်။ ဥရောပမှာက မြန်မာပြည်မှာလို ချစ်၊ ကြောက်၊ ရိုသေ ဆိုတဲ့ ဂါရဝတရားကပ်ပါနေသလိုမျိုး မဟုတ်ပါ။ အနောက်မှာက လေးစားခင်မင်မှုဆိုတဲ့ ဂါရဝတရားကလွဲလို့ ဘာမှမရှိတာကို မြင်ရတယ်။ ဆရာသမားကို ပန်းစည်း၊ ပန်းခြင်း ပေးတာနဲ့ လုံလောက်ပါတယ်။ ဒါမှမဟုတ် ကော်ဖီတခွက်နဲ့လည်း ဖြစ်ပါတယ်။ လက်ဆောင်ခြင်းကြီးတွေ၊ အဝတ်အထည်တွေ၊ လက်ဝတ်ရတနာတွေ မလိုအပ်ပါ။
ကျနော် နော်ဝေးရောက်စက စာသင်ခန်းမှာ နိုင်ငံတကာက လူမျိုးစုံ ရှိပါတယ်။ အာရှသားကျနော်တို့ (ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင် သူငယ်ချင်းများ) ဟာ ဆရာ၊ ဆရာမကို အင်မတန် ဂါရဝထားပါတယ်။ ကျိုးကျိုးနွံနွံရှိတတ်တယ်။ အာဖရိကနဲ့ တခြားဥရောပဒေသ ကျောင်းသားတွေက (ကျနော်တို့ အမြင်) ဆရာအပေါ် သိပ်ဂါရဝမထားဘဲ ရင့်ရင့်သီးသီး ဆက်ဆံနေသလိုပါပဲ။ ဥပမာ ကိုယ်ဟန်အမူအရာတွေ၊ ဆရာကို ခပ်မာမာပြန်ခံပြောတာတွေ၊ ဆရာခိုင်းတဲ့ သင်ခန်းစာကို မလုပ်တာတွေ၊ စည်းကမ်းမလိုက်နာတတ်တာတွေကိုမြင်ပြီး ဆရာကတော့ ကိုယ့်အပေါ် သူတို့ထက်ပိုပြီး ခင်မင်မယ်၊ သူတို့ကို ကြည့်မရဖြစ်မယ်၊ မုန်းလိမ့်မယ်လို့ မြင်နေတာပါ။ ဒါပေမယ့် လက်တွေ့ကျတော့ ဆရာက သူတို့နဲ့ ကိုယ့်ကို ဘယ်လိုမှ ခွဲခြားမမြင်ပါဘူး၊ သူတို့ကိုလည်း သေချာစိတ်ရှည်ရှည်ထား သင်ကြားပေးတယ်။ ဒါက ဆရာ့ဝတ္တရားအတိုင်း ဆရာက လုပ်နေတာပါ။ ဆရာ့ကျင့်ဝတ်အတိုင်း ဘယ်သူ့မှ မျက်နှာမလိုက်ဘဲ တန်းတူညီတူဆက်ဆံတာပါ။ ကိုယ့်စိတ်ကသာ သူက တမျိုး၊ ကိုယ်က တမျိုးနဲ့ ခွဲခြားမြင်နေတာဖြစ်တယ်။
ကျနော်တို့နိုင်ငံမှာ ကျေးဇူးတရားနဲ့ ဂါရဝပြုမှုတွေရဲ့နောက်ကွယ်မှာ အဂတိလိုက်စားမှုနဲ့ လာဘ်ပေးလာဘ်ယူမှုတို့က တွယ်ကပ်ညိနေတာလည်း ရှိပါတယ်။ ဂေါက်သီးကွင်း၊ ဘီယာဘားကစပြီး မင်္ဂလာဆောင်နဲ့ အလှူပွဲအထိ အပေးအယူတွေ ရှိနေပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ကျနော်ဟာ မြန်မာနိုင်ငံက လက်ဆောင်ခြင်းနဲ့ပတ်သက်တဲ့ လာဘ်ပေးလာဘ်ယူမှုတွေအကြောင်း သတင်းဆောင်းပါးရေးပြီး အာအက်ဖ်အေ ရေဒီယိုကတဆင့် အသံလွှင့်ဖူးပါတယ်။ စာပေစိစစ်ရေးကို ထုတ်ဝေသူက လက်ဆောင်ခြင်းတွေပေးရပုံ၊ တိုင်းမှူးကို စီးပွားရေးသမားက လုပ်ငန်းပါမစ်ရအောင် လက်ဆောင်ခြင်း ပေးရပုံ၊ ဌာနဆိုင်ရာအရာရှိကို ဝန်ထမ်းက ရာထူးတက်ဖို့ လက်ဆောင်ခြင်း အသုံးပြုရပုံ၊ ကျောင်းအုပ်ဆရာမကို ကျောင်းသားမိဘက လက်ဆောင်ခြင်းပေးရပုံအထိ ပြည်သူတွေရဲ့ ရင်ဖွင့်ပြောကြားချက်တွေနဲ့အတူ ဖော်ထုတ်ခဲ့တာပါ။ အဲဒီလက်ဆောင်ခြင်းတွေကို မူရင်း ထုတ်ပိုးမှုမပျက် ဆိုင်မှာ ပြန်သွင်းရင် ကျပ်သိန်းချီရပါတယ်။ ဒီကနေ့အထိလည်း အဆိုပါ လက်ဆောင်ခြင်းတွေ ခေတ်စားဆဲဖြစ်ပါတယ်။ ဧရာဝတီ သတင်းတပုဒ်မှာတော့ လက်ဆောင်ခြင်းတခြင်းကို ကျပ် ၅ သိန်းကနေ ၆ သိန်းအထိရှိတယ်လို့ ဆိုပါတယ်။ တပ်မတော်ဗိုလ်ချုပ်ကအစ ဝန်ကြီးများနဲ့ လွှတ်တော်အမတ်တွေအဆုံး လက်ဆောင်ခြင်းနဲ့ကန်တော့ပြီး ရင်းနှီးမှုရှာ အပေးအယူတွေလုပ်နေတာက မကြားချင်အဆုံးဖြစ်နေပါပြီ။
ကျနော်တို့ လူမှုလောကထဲမှာ ရိုးသားမှုကင်းစင်တဲ့ ဂါရဝပြုမှုတွေ ပျောက်ကင်းစေချင်ပါတယ်။ ဒါဟာ ကျနော်တို့လူ့အဖွဲ့အစည်းတခုလုံးကို ဖြည်းဖြည်းချင်း ညှဉ်းသတ်သွားမယ့် အဆိပ်ဖြစ်တယ်။ ကျေးကျွန်နဲ့ အရှင်သခင်အဖြစ် စည်းတားမယ့် တဖက်သတ် လက်အုပ်ချီဓလေ့မျိုး မလိုအပ်ပါ။ မိမိအကျိုးစီးပွားအတွက် ဝါကျွတ်ပွဲအကြောင်းပြ လက်ဆောင်ခြင်းနဲ့ လာဘ်ပေးကန်တော့တဲ့ ဓလေ့စရိုက်တွေလည်း ပပျောက်သင့်ပါပြီ။ လှပဖြူစင်တဲ့ ရိုးရာယဉ်ကျေးမှုထဲမှာ ညစ်နွမ်းတဲ့စိတ်နဲ့ လောဘတရားတွေ မကပ်ညိစေချင်ပါ။ ရိုးရာအလှကို မပျက်ဆီးစေချင်ပါ။ ဂါရဝတရားတွေရဲ့နောက်ကွယ်က အဆိပ်တွေကို ရှောင်ရှားစေချင်ပါတယ်။ ။
ကိုညို (အော်စလို)
၂၃ အောက်တိုဘာ ၂၀၁၃
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment