Wednesday, May 29, 2013

လက်ခမောင်းခတ်သံ တညံညံ (ကိုညို)

အကြမ်းဖက် လက်တဆုပ်စာတွေက လစဉ်လိုလို ဘာသာရေးပဋိပက္ခတွေ ဖန်တီးနေတာ တကယ့်ကိုအစီအစဉ်ကျကျပါပဲ။ အရင်က နယ်စပ်အရပ်မျက်နှာအသီးသီးက တိုင်းရင်းသားလူမျိုးစုအသီးသီးနဲ့ နှစ် (၆၀) နှစ် (၄၀) နှစ်(၂၀) ပြည်တွင်းစစ်တွေ အမျှင်မပြတ်မွေးထားခဲ့တယ်။ တိုင်းပြည်က မွဲပြာတယ်။ ပြည်သူက ပြောင်ပြောင်ရောင်ရောင် မရှိ၊ အမျှော်အမြင်နည်းတဲ့ စစ်ခေါင်းဆောင် လက်တဆုပ်ကြောင့် တပ်မတော်ဟာ ပြည်သူ့ချဉ်ဖတ်ဖြစ်ခဲ့တယ်။ 

တကမ္ဘာလုံးက သည်းမခံနိုင်ပြီဆိုတဲ့အခါ ဒီမိုကရေစီနိုင်ငံသစ်ထောင်မယ်လို့ ကြွေးကြော်လိုက်တယ်။ နိုင်ငံရေးအပြောင်းလား ဗျူဟာအပြောင်းအလဲလား မရှင်းမလင်းဖြစ်နေချိန်မှာပဲ ရခိုင်ဘက်မှာ မူစလင်ကို စစ်မျက်နှာဖွင့်လိုက်တယ်။ 

ရခိုင်ပြည်နယ်ဟာ အနောက်ဘက်ဒေသ ဘာသာရေးခံတပ်ကြီးလိုဖြစ်နေတာပါ။ ရခိုင်တိုင်းရင်းသားတွေဟာ လူမျိုးကွဲ ဘာသာကွဲတွေနဲ့ ခေတ် ၂ ခေတ်လုံး အေးအတူပူအမျှနေခဲ့တယ်။ လွတ်လပ်ရေးရပြီးကတည်းက အဲဒီလောက်ပြင်းထန်တဲ့ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခမျိုး မဖြစ်ဖူးဘူး။ ပဒေသရာဇ်ခေတ်ကအစပြုလို့ စစ်အာဏာရှင်ခေတ်အထိ ဗမာကိုလိုနီဝါဒကို ဆန့်ကျင်တော်လှန်ကြလို့ ကြွေးကြော်နေတဲ့ မျိုးချစ်ရခိုင်တွေလည်း ဒီတခါတော့ ဗုဒ္ဒသာသနာ အလံတော်အောက်မှာ မြန်မာ့တပ်မတော်ကြီးကို ကယ်တင်ရှင်အဖြစ် လက်အုပ်ချီ ဂါရဝပြုလိုက်တယ်။ ဦးသိန်းစိန်အစိုးရ ငါးသလောက်အပြုံးနဲ့ အောင်ပွဲခံခဲ့တယ်။ 


သိပ်မကြာဘူး၊ မိတ္ထီလာမှာ တောကြောင်တွေ လက်ခမောင်းခတ်ပြတယ်။ မိတ္ထီလာဟာ အထက်ဗမာပြည်နဲ့ အောက်ဗမာပြည် ရဲ့ ကုန်စည်စီးဆင်းရာ မြေလတ်ပိုင်းရဲ့ မဟာဗျူဟာကျတဲ့မြို့။ ရှေးဗမာမင်းတွေခေတ်ကစလို့ ဒီနေ့အထိ လယ်ယာကိုင်းကျွန်း သီးနှံကုန်စည်တွေကို အထက်အောက်နှစ်ရပ်လုံးဆီ ဒိုင်ခံဖြန့်ဖြူးရာ ကုန်သွယ်ရေးမြို့။ အဲဒီမြို့ကို ဒီပဲရင်း အကြမ်းဖက်မှုဆန်ဆန် အကြမ်းဖက်တွေက စီးနင်းခဲ့တယ်။ 

အဲဒီနောက် ပဲခူးတိုင်းကို ကျားကွက်ရွှေ့တယ်။ မြန်မာပြည်အလည်ပိုင်းမြို့တချို့နဲ့ မန္တလေးကို သွေးထိုးစမ်းတယ်။ တနိုင်ငံလုံးက မွတ်စလင်လူမျိုးတွေကို အိပ်မက်ဆိုးတွေ မက်စေတယ်။ ဒီကြားထဲ သာသနာအရေခြုံ အာဏာရှင် လောက်ကောင်တွေ၊ ဒေါက်တိုင်တွေကလည်း ၉၆၉ ဂိုဏ်းတွေဖွဲ့ပြီး တစခန်းထတယ်။ မီးလောင်ရာလေပင့် လုပ်ပေးတယ်။ အနှစ် ၆၀ လောက် အာဏာရှင်အောက်မှာနေခဲ့တဲ့ ပြည်သူတွေဟာ တိမ်တွေလို အရောင်အမျိုးမျိုးပြောင်းပြီး လှည့်စားနေတဲ့ ကြံ့ဖွတ်မာယာကို မရိပ်စားမိဘူး။ တရုတ်ကို ကျေးဇူးဆပ်နေတဲ့ ဓားပြအစိုးရဆီက ဒီမိုကရေစီ မုန့်စိမ်းပေါင်း အလကားရလိမ့်မယ်လို့ပဲ ထင်နေတယ်။ တကျပ်ဖိုးမရလည်း တမတ်ဖိုးယူမယ်ဆိုတဲ့ အီးယူနဲ့ အမေရိကားကလည်း အခြေအနေအားလုံး မသိချင်ယောင်ဆောင်ပြီး ဆန်ရှင်(စီးပွားပိတ်ဆို့မှု)တချို့ဖွင့်ရင်း လက်ခေါက်မှုတ်ပေးတယ်။ 

မနေ့တနေ့ကတော့ ရှမ်းပြည်မြောက်ပိုင်း မြို့တော် လားရှိုးမှာ တောကြောင်အုပ်တွေ ပြိုဆင်းတယ်။ တရုတ်ပြည်နဲ့ ကုန်စည်ကူးသန်းရာမှာ အရေးပါတဲ့ ကုန်သွယ်ရေးမြို့လေးဟာ မီးထတောက်ပြီး ခြောက်ခြားနေတယ်။ ဒီကနေ့ထိ အကြမ်းဖက်တွေကို အရေးယူတာမကြားမိဘူး။ ဒီမိုကရေစီလို့ အော်ရတဲ့အခါ မြန်မာ့လွတ်လပ်ရေးနဲ့ ဖွားဖက်တော် ပြည်တွင်းစစ်ကြီးကို ရပ်ပစ်ရမယ်။ ဒါတောင် ခေါင်းမာပြီး အယုံအကြည်နည်းတဲ့ ကချင်နဲ့ အခုထိ နိုင်ငံရေးဈေးဆစ်တုန်း။ 

ဘာပဲဖြစ်ဖြစ် တပ်မတော်ဟာ အရင်ကလို စစ်မျက်နှာ များများမဖွင့်ရဲဘူး။ ဆိုပါစို့ ပြည်တွင်းစစ်ငြိမ်းရင် စစ်တပ်ကိုလျှော့ချရတော့မယ်။ လူဦးရေတင်မက ဘတ်ဂျက်ပါလျှော့ချရတော့မယ်။ ပိုဆိုးတာက ရာစုနှစ်တဝက်လောက် လက်နက်သြဇာနဲ့ ဘုန်းမီးနေလတောက်ပြခဲ့တဲ့ စစ်ခေါင်းဆောင်တွေ စားခွက်အပျောက်မခံချင်တာပဲ ဖြစ်တယ်။ သူတို့အပိုင်စီးထားတဲ့ ဦးပိုင်လို ကုမ္မဏီတွေ၊ မြေယာတွေ၊ အဆောက်အဦနဲ့ သယံဇာတ အရင်းအမြစ်တွေဟာ ပီပြင်တဲ့ ဒီမိုကရေစီစနစ်နဲ့ သဟဇာတ မဖြစ်ဘူး။ ပြည်သူ့ပိုင်ဆိုင်မှုကို အရင်ပုံစံအတိုင်းလက်ဝါးကြီးအုပ်လို့ မရဘူး။ ဥစ္စာဓနပိုင်ဆိုင်မှုတွေ ခွဲဝေပေးရတော့မယ်။ တပ်မတော်သားတွေနဲ့ သူတို့မိသားစုတွေ စားဝတ်နေရေး ဖူလုံအောင်မလုပ်နိုင်ရင် ကိုယ့်တပ် ကိုယ့်ပြန်နင်းလိမ့်မယ်။ ပြီးတော့ ကျဆင်းနေတဲ့ တပ်မတော် ဂုဏ်သိက္ခာနဲ့ လူထုရဲ့ ယုံကြည်မှုပျက်ပြားနေတာကို ပြန်တည်ဆောက်ဖို့ ကြိုးစားရမယ်။ 

သိတဲ့အတိုင်း စစ်ခေါင်းဆောင်တချို့ဟာ သူတို့တသက် ပေါ၊ ချောင်၊ ကောင်းတွေပဲ အချောင်နှိုက်လာတာဆိုတော့ စေတနာအမှန်နဲ့ ပြုပြင်ပြောင်းလဲရေးကိုအားမထုတ်ဘဲ သူတို့ စိတ်ထက်သန်တဲ့ အဓိကရုဏ်းတွေကနေ အမြတ်ထုတ်ဖို့ ကြံတယ်။ တချိန်က စွမ်းအားရှင် လူရမ်းကားတွေနဲ့ နိုင်ငံအနှံ့ အချက်အချာကျရာနေရာတွေမှာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ အကွက်ကျကျဖန်တီးတယ်။ နဂိုရှိပြီးသား တည်ငြိမ်မှုတွေကို စိတ်ကြိုက်ဖျက်ဆီးလိုက်တော့ မြို့ခံပြည်သူတွေ အားကိုးရာမဲ့ စိတ်ဓာတ်ခြောက်ခြားကုန်တယ်။ 

အသက် အိုးအိမ် စည်းစိမ်လုံခြုံရေး ဆိုတဲ့ အာဏာရှင်တွေရဲ့ လက်သုံးစကားကို အကြော်သည် လက်သုတ်လို ပြန်ဖော်ထုတ်တယ်။ ပြည်သူတွေက တပ်မတော်ကို ကျေးဇူးရှင်လို အားကိုးအောင် ဖြတ်လမ်းနည်းနဲ့ လုပ်တယ်။ လာမယ့် ၂ နှစ်အတွင်း ရွေးကောက်ပွဲတခုကို လုပ်ပေးရတော့မယ်။ တသက်လုံးက ဖြောင့်မတ်မှန်ကန်တဲ့စိတ်နဲ့ အာဏာယူရဲသူတွေမဟုတ်တော့ ဒီတချီ ကြံ့ဖွတ်ကွဲမယ်လို့ ပြည်သူက သိထားတယ်။ အဲဒီတော့ အောက်လမ်းနည်းသုံးပြီး စည်းရုံးတယ်။ 

မြန်မာပြည်မှာ အခုလို ဘာသာရေးပဋိပက္ခတွေ အစပျိုးနေတာ ရည်ရွယ်ချက်ကြီးကြီးတော့ ရှိပုံရတယ်။ တပ်မတော်ကို လူတွေ ပိုမိုအားကိုးယုံကြည်ဖို့တင်မကဘဲ အတိုက်အခံတွေရဲ့ အားကိုပါ ဖြိုခွဲချင်တာလည်း ပါနိုင်တယ်။ ဒီထက်ပိုပြီး စိုးရိမ်ရတာက မြန်မာပြည်က ဗုဒ္ဒဘာသာ အစွန်းရောက်တွေနဲ့ မူစလင်တွေ ထိပ်တိုက်တွေ့မှုတွေက ပြင်ပကမ္ဘာအထိ မျက်စေ့နောက်စရာဖြစ်လာမှာကိုပါ။ အစွန်းရောက်မူစလင် အကြမ်းဖက်မှုကလည်း ကမ္ဘာမြို့ကြီးတချို့မှာ ခြိမ်းခြောက်လာတယ်။ ဘာသာရေးအစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုတွေကို ကမ္ဘာ့ပြည်သူတွေက ဆန့်ကျင်လာတယ်။

မြန်မာပြည်သူတွေမှာ ဘာအကာအကွယ်မှ မရှိပါဘူး။ ဘာလုံခြုံရေးစနစ်မှလည်း မရှိသေးဘူး။ တချိန်တုန်းကလည်း ဗုံးတလုံးကွဲပြီဆို အပြစ်မရှိသူတွေပဲ သေကြေခဲ့တယ်။ ဒုက္ခရောက်ခဲ့တယ်။ မဲမဲမြင်ရာ အကုန်ဖမ်း၊ စွပ်စွဲထောင်ချခဲ့တယ်။ နောက်လည်း ဒီလိုပဲ ဖြစ်လာမှာပါ။ ယုဇနပလာဇာ ဗုံးကွဲမှု လက်ချက်တောင် ဖမ်းမမိသေးပါဘူး။ တိုင်းပြည်က မတည်ငြိမ်ရင် ပြည်သူတွေပဲ နစ်နာတယ်။ 

တခုတော့ သတိထားရမယ်၊ ကျနော်တို့နိုင်ငံလို စပ်ကူးမတ်ကူး၊ မတည်မငြိမ်ဖြစ်နေတဲ့နိုင်ငံဟာ ပြင်ပအင်အားကြီးနိုင်ငံတွေရဲ့ အစမ်းသပ်ခံမဖြစ်ဖို့ပါပဲ။ တပါးနိုင်ငံတွေက သူတို့တွေ့ရှိထားတဲ့ နည်းလမ်းသစ်တွေကို ဒီနိုင်ငံမှာလာပြီးအသုံးချတဲ့ လေ့ကျင့်ကွင်းတခုလည်း အသုံးချနိုင်တယ်။ ပဋိပက္ခတွေ ဖြေရှင်းတဲ့နည်းလမ်းဟာ အဆင်မသင့် ဂွင်မတည့်ရင် ပဋိပက္ခကို အားပေးရာ ရောက်သွားနိုင်တယ်။ 

အခုဆိုရင် မြန်မာပြည်ဟာ နိုင်ငံတကာအစုံစုံက မျက်နှာဖုံးစွပ် အမျိုးမျိုးနဲ့ ကိုယ့်အကျိုးစီးပွားနဲ့ကိုယ် ခြေရှုပ်နေတာပါ။ ပြည်ပက NGO အဖွဲ့တချို့ဟာ အခုလို လူမျိုးရေး ဘာသာရေးအကြမ်းဖက်မှုတွေကို စံနစ်တကျ မှတ်တမ်းယူထားတယ်။ နိုင်ငံတကာကို အစီရင်ခံစာတွေရေးပို့ပြီး ဖိအားပေးနေတာတွေရှိတယ်။ တိတ်တဆိတ် အရေးယူနေတာတွေရှိတယ်။ 

အဲဒီအချိန်ကျမှ ပြည်တွင်းရေးမှာ ဝင်ရှုတ်နေတယ်ဗျို့လို့ ထပ်ပြီးအော်အုံးမှာလား။ ဒီအရာကို လွယ်လွယ်နဲ့တားမရပါ။ ပြည်သူတွေ အမြင်မကျယ်ရင်၊ အတွေးအခေါ်ကျဉ်းမြောင်းရင် အန္တရာယ်ဟာ လက်တကမ်းမှာပဲ။ ကိုယ့်ဘက်ကခြေကျွံရင် ပြန်နှုတ်ရခက်ကုန်မယ်။ အပ်နဲ့ မထွင်းခဲ့လို ပုဆိန်နဲ့ ပေါက်ရမဲ့ကိန်းကို ကျနော်တို့လည်း လက်ခံမှာမဟုတ်ဘူး။ ကောက်ကျစ်တဲ့ အစိုးရကလည်း ထပ်ခါထပ်ခါ တပ်မတော်ကိုခုတုံးလုပ်ပြီး သြဇာတည်ဆောက်လာအုံးမယ်။ ဒါဆို ရှေ့ကိုချီတဲ့ ဒီမိုကရေစီ မဟုတ်တော့ဘူး။ 

အရင်ကတော့ ပြည်သူတွေကို သံဒုတ်နဲ့ ရိုက်တယ်။ 
ကွဲတယ်၊ နာတယ်။ 
အခုတော့ သံဒုတ်ကို ရာဘာစွပ်ပြီး ရိုက်နေတယ်။ ဒဏ်ရာမပေါ်တာပဲ ရှိတယ်။ 
ကွဲတယ်၊ နာတယ်။ 
အတူတူပါပဲ။ 

ကိုညို (အော်စလို) 
၂၈၊ မေလ၊ ၂၀၁၃


 

No comments: