သိတယ်နော်။ ကျုပ် မောင်သာရဆိုတာ စာရေးဆရာ သက်သက်ပါ။ နိုင်ငံရေးသမားလည်း မဟုတ်ဘူး။
ဘာ ပညာရှင် ပညာရှိမှလည်း မဟုတ်ဘူး။ ကျုပ်သိတာ ကျုပ်မြင်တာပဲ ပြောပြနေတဲ့ ကောင်ပါ။ America မှာ နေနေတဲ့လူ၊ America ကိုရောက်ဖူးတဲ့ မြန်မာတွေ အားလုံးကတော့ သိကြပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ ရေးကြီးခွင်ကျယ်လုပ်ပြီး ပြန်ပြောမပြကြတော့ ပြည်တွင်းက ပြည်သူလူထု မသိကြဘူးပေါ့။
အဲ ကျုပ်တို့ မြန်မာနဲ့ America တူတာကတော့ America မှာလည်း လူသတ်မှုတွေ ကျူးလွန်နေလိုက်ကြတာမှ အများကြီးပါပဲ။ လူဆိုး လူမိုက်တွေက သတ်တာရော၊ ယူနီဖောင်းဝတ်တွေက သတ်ကြတာရောပေါ့။ ကျုပ်တို့မြို့မှာ မနှစ်က တစ်နှစ်တည်း သတ်လို့သေကြတဲ့ စာရင်းကို သတင်းစာတစ်စောင်က စာရင်းပြုစုပြီးတင်ပြလိုက်တာ ရဲက ပစ်သတ်လို့ သေရတဲ့ဦးရေက ၄၃.၆ ရာခိုင်နှုန်း ရှိသတဲ့။ အဲဒါအခုတော့ အထက်က စုံစမ်းစစ်ဆေးရေးတွေ ဝင်နေပါပြီ။ အဲဒါ ထားလိုက်ဦး။ ကျုပ်တို့အလုပ် မဟုတ်ဘူး။
ကျုပ်တို့ မြန်မာတွေနဲ့ ဗုဒ္ဓဘာသာတွေနဲ့ဆိုင်တဲ့ သတင်းတစ်ပုဒ်ကို ကျုပ် ပြောပြမယ်။ ဗဟုသုတပေါ့နော်။ ကျုပ် ပြောပြမယ်။ စိတ်ဝင်စားစရာ ကောင်းတယ်။ ယုံ။ America မှာက ကျုပ်တို့ တိုင်းပြည်က ငရဲသားတွေလို ကြုံရာ သားငှက် တိရစ္ဆာန်တွေကို ပစ်ခတ်သတ်ဖြတ် စားကြတာမျိုး လုံးဝ မရှိဘူး။ ဥပဒေတွေနဲ့လည်း ပြဋ္ဌာန်းတားမြစ် ကာကွယ်ထားတယ်။ သီးသန့်ရဲတွေ စောင့်ရှောက်ရေးဂေဟာတွေလည်း ရှိတယ်။ (ငါးကလွဲရင်ပေါ့နော်။ ငါးတောင် များသောအားဖြင့် အပျော်တမ်း ငါးမျှားတဲ့လူတွေကဆိုရင် ဖမ်းမိလို့ မှတ်တမ်းယူပြီးတာနဲ့ တစ်ပြိုင်နက် ပြန်လွှတ်ပေးတယ်) မသတ်ဘူး။ မစားဘူး။ ငှက်ပစ် စားတဲ့လူလည်း မရှိဘူး။ တောပစ်စားတဲ့လူလည်း မရှိဘူး။ ကျုပ်တို့ မြန်မာ့စရိုက်နဲ့ကတော့ ပီဘိ ပြောင်းပြန်ပဲ။ လုံးဝ ခြားနားတယ်။
သိတယ်နော်။ ဘုရားဝတ်ပြုတိုင်း ငါးပါးသီလ ခံယူပြီး ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမဒိယာမိ ရွတ်ဆို ဆောက်တည်လေ့ရှိတဲ့ ကျုပ်တို့ ဗုဒ္ဓဘာသာ မြန်မာတွေကတော့ “ပုတတ် ကလေးရယ် နီကြင်ကြင် နွယ်ကြိုးရှည်နဲ့ ငင်” ဆိုသလို ဖွတ်တို့၊ ပုတတ်တို့၊ မြွေတို့၊ လိပ်တို့လည်း မရှောင်။ ယုန်၊ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ်လည်း အလွတ်မပေး။ လယ်ကြားက မြေကြွက်တို့ ဖားပေါင်စင်း ဖားတလက်တို့တောင် မီးခွက်နဲ့ လိုက်ရိုက်စား။ ပျံလေတဲ့ ငှက်ခါးနဲ့ ချိုး၊ ခို၊ ခါ၊ စာကလေးတို့တောင် လောက်လေးတစ်လက်နဲ့ ပစ်ခတ်စားတတ်ကြတဲ့ လူမျိုးလေ။ တချို့ဆိုရင် အိမ်မွေး ကြောင်တို့၊ ခွေးတို့တောင် ခိုးဝှက် သတ်ဖြတ်စားတတ်ကြသေးတာပဲ။ အကုသိုလ်ကတော့ များသလား မမေးနဲ့။
အေး အခု America မှာ တွေ့နေရတာနဲ့ကတော့ ယှဉ်ကြည့်ရင် အပါယ် ၄ ဘုံနဲ့ နတ်ပြည် ၆ ထပ်လိုပါပဲ။ American တွေက ဗုဒ္ဓဘာသာဝင်တွေသာ မဟုတ်တာနော်။ သူတစ်ပါးအသက် သားငှက် တိရစ္ဆာန်တွေကို သတ်ဖြတ်စားဖို့ မပြောနဲ့။ အထက် ကောင်းကင်ဘုံကိုချည့်ရောက်အောင် ကြိုးစားအားထုတ်နေကြတာ။
ပြောပြမယ်။ အခု Penn ပြည်နယ် က University of Pennsylvania တက္ကသိုလ်မှာ တွဲဖက်ပါမောက္ခ Justin Mc. Daniel ရဲ့ ဘာသာရေးတရား အားထုတ်မှုများ လေ့လာရေးဌာနတစ်ခု ဖွင့်လှစ်ထားရာက သင်ကြားနေတဲ့သင်တန်းတွေ အရမ်း ထင်ပေါ်ကျော်ကြား လူကြိုက်များလာကြပြန်ပြီ။ ပါမောက္ခ Justin ကိုယ်တိုင်ကလည်း သူငယ်စဉ် တက္ကသိုလ် ကျောင်းသားဘဝ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က Thai နိုင်ငံနဲ့ Lao နိုင်ငံတွေမှာ သင်္ကန်းဝတ်ခဲ့ဖူးတယ် တဲ့။ ဒါ့ကြောင့် အခု သူ့ရဲ့သင်တန်းစည်းကမ်းတွေကလည်း ဗုဒ္ဓဘာသာနဲ့ Catholic ဘာသာက စည်းကမ်းတွေကို ပေါင်းစပ်ထားတာတဲ့။ သေချာကြည့်။ ဗုဒ္ဓဘာသာရဟန်းတော်တွေရဲ့ သိက္ခာပုဒ်တွေအလား အောက်မေ့ရတယ်။
နာရီနှိုးစက် မသုံးဘဲ မနက်အရုဏ်တက် ၅ နာရီမှာ အိပ်ရာက ထကြရမယ်တဲ့။
ယောက်ျားကလေးတွေ ရှပ်အင်္ကျီ အဖြူနဲ့ မိန်းကလေးတွေ ရှပ်အင်္ကျီအနက်ရောင်သာ ဝတ်ကြရမယ်တဲ့။ စာသင်ခန်းထဲမှာလည်း ကျောင်းသူနဲ့ ကျောင်းသား ဝဲယာတစ်ခြမ်းစီမှာသာ ခွဲထိုင်ကြရမယ်တဲ့။ ခေတ်ပေါ် Electronic ပစ္စည်း တွေမှန်သမျှ Pc. Laptops, Cell Phones, Text Message, e-mail, Television, Radio Cam.corder စသည် (လျှပ်စစ်မီးကလွဲလို့) ဘာမျှ သုံးစွဲခွင့်မပြု။ စာရွက်နဲ့ ခဲတံကိုသာ အသုံးပြုရမယ်တဲ့။ ကျောင်းစာအုပ်တွေ ကျက်စရာ မှတ်စုတွေက လွဲပြီးတော့လည်း ပြင်ပစာပေတွေ စာနယ်ဇင်းတွေကို လုံးဝ ဖတ်ခွင့်မပြုတဲ့။
အစားအသောက်တွေနဲ့ပတ်သက်လို့လည်း သက်သတ်လွတ် စားကြရမယ်ဆိုရာမှာတောင် အာလူးတို့၊ ကြက်သွန်ဖြူနီတို့၊ ကန်စွန်းဥတို့၊ ပိန်းဥတို့ အစရှိတဲ့ သစ်ဥသစ်ဖုတွေကို မစားရဘူးတဲ့။ ဘာ့ကြောင့်လဲဆို မြေထဲက ဆွဲနုတ်တူးဖော်တဲ့အခါမှာ ပိုးမွှားတွေရဲ့အသက် သေကျေ ပျက်စီးရလို့တဲ့။ ပြီးတော့ ရှိသေးတယ်။ ကျုပ်တို့ ဝါတွင်း ၄ လလို မတ်လ ၁၅ ရက်နေ့ကစပြီး တစ်လ စာမေးပွဲရက် ပြီးဆုံးတဲ့အထိ ကျုပ်တို့အခေါ် မီးလွတ် Nothing Processed Natrual Form တွေကိုသာ စားရမယ်တဲ့။ ဗုဒ္ဓဘာသာကတောင် ရဟန်းသံဃာတွေကို အဲသည်လို မပညတ်ပါဘူး။
ပြီးတော့ ရှိပါသေးတယ်။ ကျုပ်တို့ ၅ ပါးသီလမှာ ပညတ်တဲ့ သုရာမေရယ မဇ္ဇပမာဒဌာနာ ဝေရမဏိ သေရည် အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါမည်ဆိုတာ ရှိတယ်မဟုတ်လား။ သူတို့ကျောင်းစည်းကမ်းက ပိုတယ်။ သေရည်အရက်မှ မဟုတ်ဘူး။ Alcohol ရာခိုင်နှုန်း အနည်းငယ်သာပါ တဲ့ အသောက် Beverage မှန်သမျှလည်း မသောက်ရ ပညတ်တဲ့အပြင် သူတို့လူမျိုးအလိုက် စွဲနေတဲ့ Caffeinc ဓာတ်ပါတဲ့ Coffee ကိုလည်း လုံးဝ သောက်ခွင့်မပြုဘူးတဲ့။
ပိုပြီးပြင်းထန်တဲ့ စည်းကမ်းချက်တစ်ခုကတော့ Humane Physical Contact ဆိုတဲ့ ခန္ဓာကိုယ်ချင်း မထိတွေ့ မနှီးနှောရဘူးဆိုတာပဲ။ ကျုပ်တို့ ဗုဒ္ဓဘာသာရဲ့ ကာမေသုမိစ္ဆာစာရတို့ အဗြဟ္မစရိယာတို့ဆိုတာက သူများသားပျို သမီးပျိုကို မဖျက်ဆီးရဘူး။ သူတစ်ပါး သားမယားကို မပြစ်မှားရဘူးဆိုတဲ့ Celibacy သာ ဆိုလိုတယ်။ သူ့ ကျောင်းစည်းကမ်းကတော့ လိင်လည်း မခွဲခြားဘူး။ လိင်ဆက်ဆံမှု Celibacy သာ မဟုတ်ဘူး။ Kiss အနမ်းဟူသမျှ Hug အပွေ့အဖက်ဟူသမျှနဲ့ လက်ဆွဲနှုတ်ဆက်တဲ့ Hand-shake တောင် လုံးဝ မလုပ်ရဘူးတဲ့။ Gay Marriage တွေ Lesbianism တွေကလည်း ရှိနေလို့ ထင်ပါရဲ့။ လိင်လည်း ခွဲခြားမဖော်ပြဘူး။ ယုတ်စွအဆုံး တစ်ယောက်နဲ့တစ်ယောက် ကြာကြာ ကြည့်မနေရဘူးတဲ့။
အဲ ဗုဒ္ဓဘာသာက ၉ ပါးသီလထဲမှာပါတဲ့ ပါဏာတိပါတာ လူသတ်တာတို့၊ အဒိန္နာဒါနာ သူများပစ္စည်း ခိုးတာတို့၊ မုသာဝါဒါ လိမ်လည်ပြောဆိုတာတို့၊ ဝိကာလဘောဇနာ အချိန်အခါမဟုတ် စားသုံးတာတို့ဆိုတဲ့ ပညတ်ချက် ၄ ချက်တော့ သူ့ ကျောင်း သူ့ကျောင်းသားတွေရဲ့ စည်းကမ်းထဲမှာ လုံးဝ မပါဘူး။ သတ်တာတို့ ခိုးတာတို့ကတော့ ပြစ်မှုဆိုင်ရာ အစိုးရဥပဒေကလည်းရှိနေလို့ ထားတော့။ လိမ်ပြောမှာတို့၊ စားချိန် မကန့်သတ်တာတို့ကတော့ ဘာအကြောင်းရှိမယ် မပြောတတ်ဘူး။ ဒါပေမဲ့နော်။ တခြား သီလတွေတော့ သူ့စည်းကမ်းထဲ အကုန်ထည့်ထားလေရဲ့။ ကြည့်နော်။
မျက်နှာမှာ ဘာဆိုးဆေး ဘာ Make-up မှ မလိမ်းခြယ်ရတဲ့။ ဝိလေပနပေါ့။
ခေါင်းမှာ ဘာဆီမွှေး ဘာအဆင်အပြင်မှ မပြုလုပ်ရတဲ့။ မာလာဂန္ဓနဲ့ အတူတူပေါ့။
ကိုယ်မှာ ဘာအဖိုးတန် ရတနာပစ္စည်းမှ မဆင်မြန်းရ။ ဒါရဏ မန္ဓဏ ဝိပူသနပေါ့။
ကခုန်ခြင်း၊ သီဆိုခြင်း၊ တီးမှုတ် ခြင်း မပြုလုပ်ရ။ နိစ္စ ဂီတ ဝါဒိတပေါ့။
ကောင်းမွန်တဲ့နေရာ မြင့်မြတ်တဲ့နေရာမှာ သာယာမနေရ။ ဥစ္စာသယန မဟာသယနပေါ့။
ကဲ ဘာကျန်တော့လို့လဲ။ ကျောင်းသူကျောင်းသားတွေကို သီတင်းသီလ စောင့်ခိုင်းထားတာနဲ့ အတူတူပဲ။ ရဟန်းသံဃာတွေလို သီလရှင် ဘိက္ခုနီတွေလို ကျင့်ကြံဆောက်တည်ခိုင်းထားတာ။ ဘာသာရေး ကျောင်းသင်္ခမ်းတွေမှာ လေ့ကျင့်နေထိုင်ခိုင်းထားတာလို့လည်း သုံးသပ်ကြတယ်။ ဒါပေမဲ့ သိပ္ပံပညာအရာမှာ ကမ္ဘာ့ထိပ်ဆုံးနေရာရောက်နေတဲ့ American ကျောင်းသူ ကျောင်းသားတွေက စိတ်ဝင်တစား တက်ရောက်သင်ကြားနေကြတယ်။ သည်ကနေ့ ပညာတတ် ကျောင်းသား လူငယ်တွေထဲမှာလည်း သည်ကျောင်းရဲ့စနစ်ကို လူကြိုက်များနေတယ်။ တီထွင် ဆန်းသစ်တာကို နှစ်သက်တတ်ကြတဲ့ လူငယ်တွေရဲ့ သဘာဝကြောင့်လည်း ကျော်ကြားနေတာ ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ သည်ဘာသာရပ်ကို ၄ နှစ်တာမျှ မမှိတ်မသုန် သင်ကြားလေ့ကျင့်နိုင်ခဲ့တဲ့ ကျောင်းသားကျောင်းသူ တစ်ယောက်အဖို့ စာစစ်ပွဲ မဖြေရဘဲ ဘွဲ့ရနိုင်ခြင်းကလည်း မက်မောချင်စရာပါပဲ။
California ပြည်နယ် Castro Valley မြို့က ကျောင်းလာတက်နေတဲ့ အသက် ၂၀ ရှိ သူနာပြုဘာသာရပ်အဓိက ဒုတိယနှစ်ကျောင်းသူ Lvy League ကျောင်းခွဲက Madelyn Keyser က ပြောတယ်။ သည်သင်တန်းတွေက သူ့ရဲ့ အကြားအမြင်တွေကို ပိုအားပေး သန်စွမ်းစေတယ်တဲ့။ လူနာတွေရဲ့ ခံစားရမှုတွေကိုလည်း ပိုနားလည်လွယ်စေတယ်တဲ့။ ကျုပ်တို့ မြန်မာလို အဓိပ္ပာယ်ပြန်ရရင်တော့ သမာဓိအား ပိုကောင်းလာတယ်လို့ ပြောတာနဲ့ တူပါတယ်။ ပြီးတော့လည်း အိပ်နေတဲ့အချိန်သာမဟုတ်ရင် ကျောင်းက ဂျာနယ်စာ စောင်အတွက် နာရီဝက်တစ်ကြိမ် မှတ်တမ်းမှတ်စု ရေးရတဲ့ အလေ့အကျင့်ကလည်း အာရုံစုစည်းထားနိုင်မှုအတွက် အဖိုးတန်တဲ့ အလေ့အကျင့်တစ်ခုပဲတဲ့။ နောက် လိုအပ်တဲ့ Course အတွက် Online ကို မသုံးရဘူးဆိုတဲ့ ပညတ်ချက်ကလည်း စာအုပ်တွေကို အားကိုးရှာ ဖွေဖတ်ရှုရမယ်၊ စာကြည့်တိုက်ကို အသုံးချရတော့မယ်၊ ပြီး ဆိုင်ရာ ဘာသာရေး အကြီးအကဲတွေနဲ့ တွေ့ဆုံ ချဉ်းကပ်ပြီး လေ့လာဆည်းပူးခွင့်ရတယ်တဲ့။ ပိုအကျိုးရှိတယ်လို့ ဆိုတယ်။
အသက် ၁၈ နှစ်ရှိတဲ့ ကျောင်းသားသစ် ပထမနှစ်သင်တန်းကျောင်းသူ Rachel Eisenberg ကတော့ သည်လို ပြောတယ်။ သူများကို ကူညီနိုင်ဖို့အတွက် ပထမဆုံး မိမိကိုယ်ကိုမိမိသိဖို့ လိုရာမှာ သည်သင်တန်းတွေက တကယ် အထောက်အကူ ဖြစ်စေတယ်တဲ့။ ကျွန်မ ကိုယ်ကိုကျွန်မ ပိုကြည် ကြည်လင်လင် မြင်လာပြီး ကျွန်မမှာ အဓိက ဘာတွေလိုအပ်နေတယ်ဆိုတာကိုလည်း သိနားလည်လာစေတယ်တဲ့။ အမှန်ကတော့ ကိုယ့်ကိုယ်ကို သိနားလည်ဖို့ဆိုတာ လွယ်တာမဟုတ်တဲ့အတွက် သည်သင်တန်းက လေ့ကျင့်သင်ကြားပေးနိုင်ခဲ့တယ်လို့ ဆိုတယ်။ ကိုယ့်ကိုယ်ကို ဆန္ဒစွဲ အတ္တစွဲ မပါဘဲ ရိုးသားစင်ကြယ် စွာမြင်ဖို့ကို သည်သင်တန်းတွေက ပေးတယ်လို့ ပြောတာပါပဲ။ ကျုပ်တို့ ဗုဒ္ဓဘာသာဝင် လူငယ် လူရွယ်များ အားကျကြပါကုန်။ ။
မောင်သာရ
(ရွှေအမြုတေ မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment