Wednesday, May 22, 2013

စစ်တောင်း နှစ်လီ (မောင်သာချို)

တစ် 

အမြှောက်အလီကို ဂဏန်းဘယ်လောက်ကြီးကြီးအထိ အလွတ်ဆိုနိုင်သလဲ လို့ ကျွန်တော်မေးခဲ့ရင် ခင်ဗျား ဘယ်လိုများ အဖြေပေးလိမ့်မယ်ဆိုတာ ကျွန်တော် တကယ်မသိဘူး။ တစ်ခုတော့ ရှိတာပေါ့ဗျာ။ စကားကို ကတ်သီးကတ်သတ်တော့ မပြောကြေးပေါ့။ ဥပမာ တစ်ရာအလီရတယ် ဘာညာဆိုတာမျိုးပေါ့။ အဲလိုမျိုးသာ ပြောကြကြေးဆိုရင်ဖြင့် ကျွန်တော်ကလည်း ပြောလို့ သိပ်တတ်တာပေါ့။ ဟုတ်တယ်လေ။ တစ်သိန်းတစ်လီ တစ်သိန်း၊ တစ်သိန်းနှစ်လီ နှစ်သိန်း၊ တစ်သိန်းသုံးလီ သုံးသိန်း၊ တစ်သိန်းလေးလီ လေးသိန်း။ ကဲ ကျွန်တော် တစ်သိန်းအလီ ရပါတယ်လို့ပြောခဲ့ရင် ခင်ဗျား ဘယ်လိုငြင်းမလဲ။ ဒါကြောင့် စကားကို ကတ်သီးကတ်သတ်တော့ မပြောကြေးဗျာလို့ ကျွန်တော်က ခင်ဗျားကို စကားပလ္လင် ခံထားခဲ့ရတာပါ။ 

ကဲဗျာ ... ကျွန်တော့်မေးခွန်းကလေးဆီ ပြန်သွားရအောင်ပါ။ အမြှောက်အလီကို ဂဏန်းဘယ်လောက်ကြီးကြီးအထိ ခင်ဗျား ရသလဲဆိုတာပါ။ ပြောလေ။ ကျွန်တော်ကတော့ ဆယ့်နှစ်အလီအထိလောက်ပဲဗျ။ ဆယ့်သုံးအလီတို့၊ ဆယ့်လေးအလီတို့ကို ကျော်ပြီးရင် ဆယ့်ငါးအလီကလေးလည်း နည်းနည်းရသေးတယ်။ ဆယ့်ငါးတစ်လီ ဆယ့်ငါး၊ ဆယ့်ငါးနှစ်လီ သုံးဆယ်၊ ဆယ့်ငါး သုံးလီ လေးဆယ့်ငါး၊ ဆယ့်ငါးလေးလီ ခြောက်ဆယ်၊ ဆယ့်ငါးငါးလီ ခုနစ်ဆယ့်ငါး။ လွယ်တယ်ဗျ။ ဆယ့်သုံးအလီကျတော့ ဘယ်လိုကြီးမှန်း မသိပါဘူးဗျာ။ ဆယ့်သုံးတစ်လီ ဆယ့်သုံး၊ ဆယ့်သုံးနှစ်လီ နှစ်ဆယ့်ခြောက်၊ ဆယ့်သုံးသုံးလီ သုံးဆယ့်ကိုး။ အဲ ရှေ့ကျတော့ နည်းနည်းခက်သွားပြီ။ ကျွန်တော့်အတွက် ပြောတာပါ။ ခင်ဗျားကတော့ ရရင်ရမှာပေါ့။ 


ကျွန်တော့်စိတ်ထင် လူများစုကတော့ ဆယ့်နှစ်အလီလောက်မှာပဲ အမြှောက်အလီ ကိစ္စမှာ သင်ရိုးကုန်သွားကြတယ် ထင်ပါရဲ့။

သြာ် ... ဒါနဲ့ အမြှောက်အလီအကြောင်းတွေပြောရင်းကနေ နှစ်အလီသင်တဲ့အကြောင်းကလေး သွားပြီးသတိရမိလိုက်တာ။ ဖိုးခွား ... တဲ့။ ကရင် ကလေးလေး။ ဆံပင်နီကြောင်ကြောင်ကလေးနဲ့။ အသားကလည်း နီစပ်စပ်ရယ်။ ဟုတ်ပါတယ်လေ။ စစ်တောင်းမြစ်ပတ်ဝန်းကျင်က ရွာကလေးတွေဆီမှာကျွန်တော် တာဝန်ကျခဲ့တုန်းကပေါ့။ အင်း ... ခုနှစ် ထောင့်ဆယ့်သုံးခုနှစ်ကနေ ပြန်တွက်တော့ ဆယ်နှစ်နီးပါးတောင်ရှိရော့မယ်။ 

နှစ် 

ရွှကျင်တို့၊ ကျောက်ကြီးတို့ဆိုတဲ့ ပဲခူးတိုင်းအစပ်က မြို့ကလေးတွေ ရှိရာဆီကို ခင်ဗျား ရောက်ဖူးမလား မသိဘူး။ စစ်တောင်း မြစ်ကြီးနဲ့မလှမ်းမကမ်းက မြို့ကလေးတွေလေ။ ဘာမှတော့ သိပ်ပြီးဝေးလှတာ မဟုတ်ဘူးဗျ။ ညောင်လေးပင်ကနေသွားရလှ တစ်နာရီခွဲ နှစ်နာရီပေါ့။ ကားကောင်းရင် ကောင်းသလောက် တော်တော်လေး ခရီးတွင်ပါတယ်။ 

ညာင်လေးပင်ဆိုလို့ ပြောရဦးမယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးလေးဆယ်ပေါ့။ ရန် ကုန်-မန္တလေး ရထားလမ်းကြီးတစ်လျှောက် ဗုံးကွဲပြီဆိုရင် မမေးနဲ့တော့။ အဲဒါ ညောင်လေးပင်ပဲ။ အဲဒါ ကညွှတ်ကွင်းပဲ။ အဲဒါ ပဲနွယ်ကုန်းပဲ။ ပြီးရင် ဖြူးလည်းပါသေးသပေါ့။ ဒါတွေက ကရင်ပြည်နယ်နဲ့ ကပ်နေတာကိုး။ ရန်ကုန်-မန္တလေး ရထားလမ်းမကြီးကနေ အရှေ့ဘက်ကို နှင်လိုက်ရင် မြောက်ကနေ တောင်ကိုစီးနေတဲ့ စစ်တောင်းမြစ်ကြီးကို တွေ့ပါလိမ့်မယ်။ အဲသည် မြစ်ကြီးရဲ့ အရှေ့ဘက်ကပ်နေတဲ့ တောတွေတောင်တွေနဲ့ အရပ်ဟာ ကရင်ပြည်နယ်ပဲပေါ့။ သြော် ... မကျေနပ်မှုတွေ၊ လက်စားချေမှုတွေ၊ ကလဲ့စားချေပွဲတွေ။ ကွဲလိုက်တဲ့ဗုံး။ တော်ကြာနေ ကြေးမုံထဲပါလာလိုက်၊ တော်ကြာနေ မြန်မာ့အလင်းထဲပါလာလိုက်နဲ့။ ခြေပြတ် လက်ပြတ်တွေ။ ထားပါတော့ဗျာ။ ကိုယ့်စကားပဲ ကိုယ်ပြန်ဆက်ကြရအောင်။ 

ပဲခူးတိုင်းအစပ်က ရွှေကျင်တို့၊ ကျောက်ကြီးတို့ဆိုတဲ့မြို့ကလေးတွေဆီကို ခင်ဗျား ရောက်ဖူးသလားလို့ ကျွန်တော်မေးခဲ့တာပါ။ ကျွန်တော်ကတော့ ရွှေကျင်ဆိုတဲ့ မြို့ကလေးရယ်၊ ပြီးတော့ စစ်တောင်မြစ်ထဲကို စီးဝင်တဲ့ ရွှေကျင်ချောင်းရယ်၊ ပဒဲကောတို့၊ မဘီးလေးတို့၊ မဘီးကြီးတို့၊ စွယ်တိန်တို့၊ ဘောကထာတို့၊ ဆွေမဟာမြိုင်တို့၊ ရှုခင်းသာတို့၊ ကုန်းမြင့်သာတို့၊ ကော်သာစေးတို့၊ ပန်းအင်းတို့၊ ဖိုးပိန်တို့ စတဲ့ရွာကလေးတွေ ရွာကလေးတွေ။ ကရင်၊ မြန်မာ ရောနှောနေထိုင်တဲ့ အဲသည့် ရွာကလေးတွေကို ဘယ်တော့မှမမေ့နိုင်ဘူး။ ပစ်သံ ခတ်သံတွေ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ထွက်ပေါ်လာတဲ့အခါတိုင်း ကလေးတွေက “ “ဝေး” ” ဆိုတဲ့အသံနဲ့ ပြိုင်တူအော်ဟစ်ကာ ပျော်မဆုံးဖြစ်သွားတတ်တဲ့ ရွာကလေးတွေလေ။ ကျောင်းပိတ်တော့မှာမို့ တဲ့။ 

သြာ် ... နေ့ တထိတ်ထိတ် ည တထိတ်ထိတ် ရွာကလေးတွေရှိရာဆီမှာ ကျွန်တော် ကျောင်းဆရာဘဝနဲ့ ကျင်လည်ခဲ့ရတာ လေးငါးနှစ်လောက်တော့ ရှိမယ်ထင်ပါရဲ့။ 

သုံး 

အဲသည့် နေ့တထိတ်ထိတ် ညတထိတ် ထိတ် ရွာလို့ဆိုတဲ့ရွာကလေးတွေထဲက ရွာကလေးတစ်ရွာမှာ ကျွန်တော် ကျောင်းဆရာအဖြစ်နဲ့ အတန်းထဲကို ပထမဦးဆုံးဝင်သွားခဲ့ရတဲ့ နေ့တစ်နေ့ပေါ့။ မိုးကလည်း စွေလိုက်တာ။ တစ်နေ့လုံး တစ်ညလုံးကို စွေနေတော့တာ။ အနောက်ဘက်မှာ စစ်တောင်းမြစ်ကြီးက ညိုညစ်ညစ်နဲ့ သွင်သွင်စီးလို့။ အရှေ့ဘက်မှာ ကရင်တောင်တန်းကြီးတွေ။ မှောင်မှိုင်းပြီး ဆိုင်းညို့နေတာပဲနော်။ 

ကျွန်တော်ရောက်နေတဲ့ ရွာကလေးက တစ်ရွာတည်းမဟုတ်ဘူးဗျ။ ရွာ သုံး လေးရွာ လာကပ်ထားတာ။ သည်အရပ်မှာက လုံခြုံရေးအရ၊ စစ်ရေးအရ တချို့ရွာကလေးတွေကို ဖျက်ပြီး ရွာတစ်ရွာရွာဆီမှာ သွားပြီးပေါင်းပေးထားတာကို ရွာကပ်တယ်ဆိုလား။ ထားတော့။ 

အဲသည်နေ့က ကျွန်တော် ဝင်သွားမိတဲ့အတန်းက တစ်တန်းဗျ။ ကိုယ်ကလည်း ကျောင်းကိုရောက်ကာစ ကလေးတွေနဲ့လည်း ရင်းနှီးမှုရချင်လှတာနဲ့ စာကို သိပ်ပြီး နင်လား ငါလား သင်မနေတော့ဘဲ ကိုယ့်ကိုယ်ကိုယ်လည်း မိတ်ဆက်၊ ကလေးတွေကိုလည်း တစ်ယောက်ချင်းစီ နာမည်မေးပေါ့။ အများစုက ကရင်ကလေးငယ်ကလေးတွေပါပဲ။ မိဘတွေကတော့ စိုက်ကြ ပျိုးကြ ထွန်ကြ ယက်ကြပေါ့။ 

နည်းနည်းကလေး ရင်းနှီးသွားတော့ ကျွန်တော်က သားတို့သမီးတို့ နှစ်အလီ ရသလားလို့ မေးလိုက်မိပါရဲ့။ ဟုတ်တယ်လေ။ တစ်တန်းဆိုတော့ နှစ်အလီလောက်ကစပြီး မေးမှ သင့်တော်မှာပေါ့။ ကလေးသဘာဝ ရတယ်၊ မရဘူး တစ်ယောက်တစ်ပေါက်ပါပဲ။ စကားကလေးတွေဝဲတဲဝဲတဲနဲ့ ကျွက်ကျွက်ညံလို့။ အရင် ဆရာမက သင်ထားပြီးပြီ ဆိုတာလည်းပါရဲ့။ 

ဒါနဲ့ ကျွန်တော်က အတန်းကို ငြိမ်သွားအောင်လို့ ထိန်းလိုက်ရင်း ...

ကဲ ... နှစ်အလီကို တစ်ယောက်စီ မေးမယ်။ မေးတဲ့လူကပဲ ဖြေမယ်။ အလီကိုလည်း အစအဆုံး အစဉ်အတိုင်း မမေးဘူး၊ ဖြတ်ဖြတ်ပြီးမေးမယ်လည်းဆိုလိုက်ရော တစ်တန်းလုံး တိတ်ကျသွားတော့တာပါပဲ။ ကျွန်တော်တို့ ငယ်ငယ်တုန်းကလည်း ဒီအတိုင်းပဲဗျ။ အလီကို ဖြတ်မေးမှာ သိပ်ကြောက်တာ။ လေးအလီက ရပြီးသား။ ဆရာမက လေးခုနစ်လီလို့လည်း ဖြတ်မေးရော အိုးနင်းခွက်နင်းတွေ ဖြစ်ကုန်ပါလေရော။ 

လေးခုနစ်လီအထိရောက်အောင် စိတ်ထဲကနေ မနည်းကျိတ်ဆိုရတာ။ အဲသည်နေ့က ကျွန်တော် စမေးမိတဲ့ ကလေးလေးက ဖိုးခွားတဲ့ဗျ။ သားနာမည်လို့ မေးတော့ သူက ဖိုးခွားလို့ ပြောတာကိုး။ ကျွန်တော်က နှစ်ငါးလီလို့မေးလိုက်တာ။ မျက်လုံးလေး ကလယ်ကလယ်နဲ့။ ကလေး ဘာသာဘာဝကိုး။ 

အဲသည်မှာ ကျွန်တော်က ကဲတာဗျ။ သူ့ဘာသာသူ သိတော့မယ့် အဖြေကို ကိုယ်က လူတတ်ကြီးလုပ်ပြီး လမ်းကြောင်းပေးမိရာက ငါးပါးမှောက်ခဲ့ရတာပါပဲလေ။ “ကဲ ... သား ...လူတစ်ယောက်မှာ ခြေထောက် ဘယ်နှချောင်းရှိလဲ” “နှစ်ချောင်း” ကလေးက လက်ပိုက်ထားရာကနေ လက်ကလေးနှစ်ချောင်း ထောင်ပြရှာပါတယ်။ နွမ်းရော်လို့။ တွန့်ကြေလို့။ နှာခေါင်း လေး တရှုံ့ရှုံ့နဲ့။ 

“ဟုတ်ပြီ ... ကဲကွာ ... လူ ငါးယောက်ဆိုရင်ခြေထောက် ဘယ်နှချောင်းရှိမလဲ ... လွယ်လွယ်လေး”” ဟုတ်ပါတယ်။ အဖြေက လွယ်လွယ်လေးပါ။ ဒါပေမဲ့ ဘယ်တော့မှ မလွယ်အောင် ဖြစ်သွားခဲ့ရတဲ့ ကလေးရဲ့အဖြေက တစ်ခွန်းတည်းပါ။ 

“သားတို့အိမ်မှာ ရှစ်ချောင်း” တဲ့ ။ 

ဟာ ဟုတ်ပါတယ်။ ကျွန်တော် ဟာခနဲ ဖြစ်သွားမိပါတယ်။ တစ်ခုခုတော့ တိုက်ဆိုင်သွားခဲ့ပြီဆိုတာကို ကျွန်တော်လည်း ဘွဲ့ရပြီး တဲ့ ကျောင်းဆရာတစ်ယောက်။ သိတာပေါ့။ 

“ဟုတ်တယ် ဆရာ။ သူ့အဖေမှာ ခြေထောက်တစ်ချောင်းတည်း” 

“သူတို့ အစ်ကိုကြီးမှာလည်း ခြေထောက် တစ်ချောင်းတည်းပဲ ဆရာ” 

တ်ာပါတော့။ တော်ကြစမ်းပါတော့။ တကယ့်ကိုလည်း ကျွန်တော်က ကလေးတွေကို တော်ပြီဟေ့လို့ အော်လိုက်ရင်းက ဘယ်သူ့ဆီကမှ ခွင့်မတောင်းဘဲ ပြန်ထိုင်နေတဲ့ ဖိုးခွားကလေးကိုကြည့်ကာ မျက်နှာပူလိုက်တာ။ အဲသည်နေ့က နှစ်အလီဆီ ကျွန်တော်ပြန်မရောက်တော့ဘဲ တောင်ပြော မြောက်ပြောနဲ့ အတန်းထဲက ပြန်ထွက်လာခဲ့မိတာ အမှန်ပါပဲ။ 

လး 

စိုထိုင်းထိုင်း အငွေ့အသက်နဲ့ ရုံးခန်းကလေးထဲပြန်ရောက်တော့ ဆရာမကလေး နှစ်ယောက်၊ သုံးယောက်က ဟုတ်တယ် ဆရာတဲ့။ ဖိုးခွား အဖေရော အစ်ကိုရော မိုင်းထိထားကြတာတဲ့။ မိုင်းတွေက သူ့ဘက် ကိုယ့်ဘက် ထောင်ကြတာဆိုတော့ သည်အရပ်မှာက မကြာခဏ နင်းမိတတ်ကြတာပါပဲတဲ့။ ဟင်းသီးဟင်းရွက်ရှာရင်း၊ ကျွဲကလေး၊ နွားကလေး ကျောင်းရင်း၊ ဝါးကလေး သစ်ကလေးခုတ်ရင်း တဲ့။ တညင်းတက်ချိန်ဆို အဆိုးဆုံးပဲတဲ့။

သြာ် ... သည် ကရင်တောင်တန်းတစ်ကြောမှာက တညင်းတောတွေ တညင်းတောတွေ။ တညင်းသီးခူးတာကို တညင်းတက်သတဲ့။ တညင်းတက်ရင်းက မိုင်းနင်းမိတဲ့ ဇာတ်လမ်းတွေ။ 

ငါး 

အးဗျာ ... ခင်ဗျားဘာသာ ခင်ဗျား အမြှောက်အလီကို ရချင်သလောက်ရပေါ့။ ကျွန်တော်ကတော့ ရွှေကျင်နဲ့ ကျောက်ကြီးကြား စစ်တောင်းမြစ်ကမ်းပါးက ရွာကလေးများကို မမေ့သလို နှစ်ငါးလီမေးခဲ့မိတဲ့ ဖိုးခွားကလေးကိုလည်း မမေ့နိုင်ပါဘူး။ အဖြေ တစ်ဆယ်လိုချင်လို့ လူငါးယောက်ကို ခြေထောက်နှစ်ချောင်းနဲ့ မြှောက်ခိုင်းမလို့ကြံခဲ့တာ ရှစ်ချောင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကြုံပြီး ချာလပတ်လည်ခဲ့ရပါသော်ကော။ 

ပဒဲကော်တို့၊ မဘီးလေး မဘီးကြီးတို့၊ စွယ်တိန်တို့၊ ဘောကထာတို့၊ ဆွေမဟာမြိုင်တို့၊ ကော်သာစေးတို့၊ ရှုခင်းသာတို့၊ ပန်းအင်းတို့၊ ဖိုးပိန်တို့၊ ကုန်းမြင့်သာတို့ ရွာကလေးတွေ ရွာကလေးတွေ။ နှစ်ငါးလီကို ရှစ်မလုပ်ကြနဲ့တော့ဗျာ။ နှစ်နှစ်လီကို သုံးမလုပ်ကြနဲ့တော့ဗျာ။ နှစ်လေးလီကို ခြောက်မလုပ်ကြနဲ့တော့ဗျာ။ 

သြာ် ... ကျွန်တော်တောင် သည်ရွာကလေးတွေဆီကနေ ခွဲခွာခဲ့တာ ဘယ်နှနှစ်ရှိပြီလဲ မသိတော့ဘူး။ ညောင်လေးပင် ရောက်လိုက်၊ ကညွတ်ကွင်း ရောက်လိုက်နဲ့။ ကျောင်းဆရာဆိုတော့လည်း နှစ်အလီကဖြင့် သင်ရတုန်း။ 

မောင်သာချို 
ရနံ့သစ်၊ ဧပြီလ ၂၀၁၃ 


 

No comments: