ဟုတ်မှန်တိုင်းရာ ရင်ထဲရှိတာကိုပြောရရင် ကျုပ်က သမ္မတကြီး ဦးသိန်းစိန်ကို ချီးကျူးအားကျတဲ့သူ ခင်ဗျ။ ဘုရားစူး တကယ်ပါဗျာ။ သူနဲ့ကျုပ်က ဘဝတူလေဗျာ။ ကျုပ်က သမ္မတလေးလောက်တောင်မဖြစ်လို့သာ မဖြစ်တာ။ ကျုပ်ရော သူရောက နှလုံးသမားတွေလေ။ နှာခေါင်းမရှုံ့ပါနဲ့ဗျာ။ နှလုံးရောဂါကြောင့် Pace-maker နှလုံးစက်တပ်ထားရလို့ နှလုံးသမားဘဝတူလို့ ပြောတာပါ။ ဟိုနှစ်လုံး၊ သုံးလုံး ဝမ်တီးတိန်သမားတွေလို့ ပြောတာမဟုတ်ပါဘူး။
သမ္မတကြီးကို မချီးကျူး မအားကျဘဲ နေနိုင်ပါ့မလားဗျာ။ အမေရိကန်ပြည် ဂျွန်ဟော့ကင်းတက္ကသိုလ်သွား မိန့်ခွန်းပြောရာမှာ သမ္မတကြီးစကားတွေက အဆီတစ်ထပ်၊ အသားတစ်ထပ်ပါလားဗျာ။ အခေါက်တစ်ထပ်တောင် ပါလိုက်သေး။ သမ္မတကြီး မြွက်ကြားပုံက ဒီကနေ့ ကျုပ်တို့နိုင်ငံမှာ ဖော်ဆောင်နေတာဟာ “ကမ္ဘာ့သမိုင်းမှာ မကြုံဖူးသေးတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကြီး” တဲ့။ ကိုယ့်လူလည်း ဖတ်လိုက်ရမှာပေါ့။ အစိုးရသတင်းစာ မျက်နှာဖုံးမှာ ထူးထူးကဲကဲ ပြူးတူးပြဲတဲ ဖော်ပြထားတာလေ။ အဲဂလို သတင်းမျိုးဖတ်ရတာနဲ့ကို ကျုပ်ကတော့ သမ္မတကြီးကို အားကျသွားပြီဗျာ။
သမ္မတကြီးကတော့ တကယ်ပါပဲဗျာ။ အမေရိကန်သမ္မတနဲ့ သမ္မတချင်း စကားပြောတော့လည်း ဖြူးလို့ဗျ။ အမေရိကန်လွှတ်တော်အမတ်တွေနဲ့ ဆုံတော့လည်း ဖြောင့်လို့ဗျ။
အဲဂလို ဖြူးနေ၊ ဖြောင့်နေဆိုပေမယ့် သူ့ခမျာလည်း တွေ့ရဆုံရ၊ ပြောရဆိုရ စကားတွေက ဗလပွဆိုတော့ ပမာဒလေခတာမျိုးလည်း ရှိထင်ပါရဲ့ဗျာ။ ကျုပ်တို့ကတော့ ဉာဏ်မမီလို့ မသိပါဘူး။ ဘယ်မှာဆိုလား၊ ဘယ်သူနဲ့ဆိုလား မသိတော့ပါဘူးဗျာ။ သမ္မတကြီးက လွှတ်တော်ထဲက တစ်မတ်သား အမတ်များကိစ္စ ပြောသတဲ့ဗျ။ သမ္မတကြီးအဆိုအရ လွှတ်တော်ထဲက တစ်မတ်သားကို လျော့ပွန်းမခံနိုင်ဘူးဆိုလားပဲ ပြောသတဲ့။
ဒါကို ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်သတဲ့။ သမ္မတဟာ မဆိုင်တဲ့အပေါက် ကလိုင်နဲ့ခေါက်သတဲ့။ ဒီကိစ္စမျိုးက လွှတ်တော်ပြောရမယ့်ကိစ္စပဲတဲ့။ အေးလေ ဒေါ်စုပြောမယ်ဆို ပြောစရာပေါ့။ တစ်မတ်သား အလျှော့အတင်းက လွှတ်တော်တွင်းမှာပြောရင် ပိုလျော်ကန်ပေမပေါ့။
ကျုပ်တော့ နားမလည်ပါဘူးဗျာ။ တကယ်တော့ လွှတ်တော်ထဲ ဒီကိစ္စပြောရုံပြောလို့ကတော့လည်း ရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဝေးပါသေးတယ်။ ၂၀၀၈ ဆိုတဲ့ အခြေခံဥပဒေဆိုတာကြီးကို လွှတ်တော်က ပြင်ဖို့ ပြောင်းဖို့ ဖြိုဖို့ ဖျက်ဖို့ကို အပြီးအပြတ်ဆုံးဖြတ်နိုင်မှ ဖြစ်မယ့်ဟာကြီးနဲ့ တူပါတယ်ဗျာ။
အဲ… အဲ ဆုံးဖြတ်မယ်ဆိုတာတော့လဲ နှစ်ဆယ်ရာခိုင်နှုန်းတို့၊ ၇၅ အထက်ရာခိုင်နှုန်းတို့ ပြည်သူ့ဆန္ဒခံယူပွဲ ငါးဆယ်ရာခိုင်နှုန်းတို့ ဆိုတာကြီးတွေကလည်း ရှိသေးမဟုတ်လား။ အဲဒီလုပ်ငန်းအဆင့်ဆင့်မှာ အဲဟိုဒင်းမတ်သားကြီးနဲ့ မရှောင်သာတဲ့ အမြှောင်ကြား ညားကြရဦးမှာပဲ မဟုတ်လား။ တကယ်အာဏာစက္ကူကပ် ဇာတ်လမ်းပါပဲ။ ဂျာအေးတေးသီချင်းကြီး အတိုင်းပါပဲလားဗျာ။ တော်ပါတော့။
နေအုန်း… နေအုန်း။ ဂျာအေးသီချင်းဆိုလို့ အဲဒီသီချင်းထဲမှာ ကျုပ်အသည်းစွဲကြိုက်တဲ့ အပိုဒ်ကလေး ပြောရအုန်းမယ်။ အဲဒါက “ပလ္လင်ပေါ်က မျောက်ကလေး ဆင်းတယ်လို့ပြေး” ဆိုတဲ့ စာသားလေးဗျ။
အဲဒီစာသားလေးရွတ်တိုင်း ကျုပ်မျက်စိထဲမှာ မျောက်ကလေးတွေ ပလ္လင်ပေါ်က ဆင်းပြေးနေပုံချည်း မြင်ယောင်နေမိသဗျာ။
ကျုပ်ကတော့ သမ္မတကြီး ဘာပြောပြော၊ ပြောချင်ရာပြော ကြိုက်မှာပဲ ဟဲ… ဟဲ…။ သူ့ရဲ့စကားက ဒီမိုကရေစီစကား အစစ်မဟုတ်ဘူးလေ။ နည်းနည်းတော့ “စောင်းတာ” “ဖောင်းတာ” ရှိပေမပေါ့။ မြင်းကောင်းခွာလိပ်တာမျိုးလို့ပဲ ဆိုကြပါစို့ဗျာ။
သမ္မတကြီးရဲ့ ခွာလိပ်တွေကို ငါ ဘယ်လိုဖြေဆန့်ပြီး ခြေသန့်အာင်လုပ်ပေးရပါမလဲ စိတ်ကူးမျိုးဝင်ကောင်းနေတုန်း စလောင်းရေဒီယိုက သမ္မတကြီးရဲ့ အသံထွက်လာပြန်ပါလေရော။
အမေရိကန်ရောက် ဗမာတွေနဲ့ မိတ်ဆုံပွဲမှာ သမ္မတကြီးက ပြောတယ်တဲ့ဗျ။ ဗမာပြည်မှာ ဆန္ဒပြပွဲတွေ အုန်းအုန်းထနေသတဲ့။ ငွေပေးခေါ်လာတဲ့ ဆန္ဒပြသူတွေလည်း ရှိသတဲ့။ တချို့ဆို အော်ကြေး ဟစ်ကြေး၊ နှစ်ထောင်ပေး၊ သုံးထောင်ပေး ဈေးဆစ်လို့တောင်ရသတဲ့။ သမ္မတကြီး ပြောတာ။ သမ္မတကြီး ပြောတာ။
သမ္မတကြီးနှယ် ဘယ်သဘောနဲ့ သောလုံးထုတ်လိုက်လိမ့်ဗျာ။ ဆန္ဒပြပွဲတွေမှာ ငွေပေးခ်ါလာတဲ့သူတွေပါလေ့ရှိတယ်ဆိုတာ နိုင်ငံရေးဖျက်လုံးပဲဗျ။ အဖျက်သဘောရောက်တဲ့ ဗိုက်အောက်ထိုးချက်ဗျ။ တစ်နည်းအားဖြင့်တော့ နိုင်ငံရေးပြက်လုံးပဲဗျာ။ ကိုဇာဂနာတို့လို လူရွှင်တော်ကြီးတွေ ကဝိမြောက်၊ ကဝေမြောက်၊ ဟာသတွေ ဖောက်ဖောက်ပြလေ့ရှိတဲ့ ပြောပေါက်တွေပေါ့ဗျာ။
သမ္မတကြီးကို အတင်းချကြဦးမှာ ကျုပ်ကတော့ ကြားယောင်ပြီးသားပါဗျာ။ သမ္မတကြီးရဲ့ သေနာတွေ….. အဲ အဲ သေနာပတိတွေကို သမ္မတလူကြမ်းအဖွဲ့လို့ အတင်းမချဝံ့ကြလို့ သမ္မတလူချောအဖွဲ့လို့ ဘွဲ့ချည်တာ ကြားဖူးကြသားပဲဗျာ။ အခု သမ္မတကြီးကိုယ်တိုင်က ပြက်လုံးထုတ်လိုက်တော့ သမ္မဘာအဖွဲ့ ညာအဖွဲ့ရယ်လို့ ဂုဏ်ဆောင် ဂုဏ်ဖြောင်ကြဦးမှာ ကြားယောင်သေးသဗျ။
သမ္မတကြီး ပြက်လုံးချွေတတ်တာကို လက်ခေါက်မှုတ်ပြီး ဝမ်းစမိုးလုပ်ကြရမယ်ဗျ။ စွမ်းပါပေသဗျာ။
ဒီကနေ့ ကျုပ်တို့ဗမာတစ်ပြည်လုံးမှာ ရှစ်လေးလုံးကာလ “တို့အရေး”၊ “တို့အရေး” သံတွေ လွှမ်းခဲ့သလို၊ ဒီနေ့ “ဒါတွေပေး” အသံတွေ ဟိန်းဟိန်း ညံနေသဗျ။ ဟိန်းတာ ညံတာ ဘာဆန်းသလဲဗျာ။ ဒီလို လမ်းပေါ်ထွက် လက်ရုံးတန်းဖို့ဆိုတာ သမ္မတကြီး ဥက္ကဋ္ဌလုပ်ခဲ့တဲ့ အမျိုးသားညီလာခံဆိုတဲ့ ညီလာခံကြီးက ချမှတ်ခဲ့တာ မဟုတ်လား။ ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကြီးကို လှန်ကြည့်။
အဲဒီ ဘုတ်အုပ်ကြီးထဲမှာ လူထုတွေ ဆန္ဒပြတောင်းဆိုခွင့်တွေ ရေးထားတာပဲလေ။ ဒီအခွင့်အရေးတွေ ရှိနေမှတော့ လူထုတွေ ဆန္ဒပြကြတော့တာပေါ့။ လက်ပံတောင်းကြေးနီတောင်ခြေမှာဆို ဆန္ဒတွေက တပြတည်းပြနေလိုက်ကြတာ ဘယ်နှခါ၊ ဘယ်နှကြိမ် ရှိမှန်းတောင် မသိတော့ဘူး။ မအူပင် မလက်တိုရွာမှာဆို ကျေးရွာလူထုတွေဟာ ရဲတွေက အကြမ်းဖက် ရိုက်နှက်နှိမ်နင်းနေတဲ့ကြားက ဆန္ဒပြနေကြတာပဲ။
ဘယ်လောက် ပျော်စရာကောင်းလဲ။ ရွာတွေမှာ ဆန္ဒပြကြသလို မြို့ကြီးပြကြီးတွေမှာလည်း ဆန္ဒပြပွဲတွေ တခြိမ်းခြိမ်းဗျ။ တောင်ပေါ်ဒေသတွေ၊ ပင်လယ်ကမ်းခြေတွေ သွားကြည့်မလား။ ဆန္ဒပြပွဲတွေက စုံသဗျ အုံကြွဖြစ်နေတာ။ ဒါတောင် ဆန္ဒပြခွင့်က ရဲပေးမှရလို့။
ဒါတွေကို သမ္မတကြီး သိသပေါ့ဗျာ။ မေးနေစရာ လိုသေးသလား။ သမ္မတကြီး သိတာပေါ့။ ဗမာပြည်က ဆန္ဒပြပွဲလောက် သိတာမဟုတ်ဘူး။ အမေရိက ဆန္ဒပြပွဲကိစ္စပါ မွနေအောင် သိတာ။
သူ့ရန်သူတော် အမေရိကန်ရောက် ဗမာလှုပ်ရှားသူတွေက သမ္မတကြီးကို ဗမာပြည်ပြန်ခေါ်ဖို့ အကွက်ဆင်တာဗျ။ ဗမာပြည်မှာ ဆန္ဒပြပွဲတစ်ခါလုပ်ရင် ထောင်ချီရတယ်လို့ သမ္မတကြီးက သတင်းခွံ့လိုက်တာဗျ။ ဒေါ်လာထောင်လား၊ ကျပ်ထောင်လားတောင် ကွဲကွဲပြားပြား မမိန့်ကြားဘူးပေါ့ဗျာ။ ဟား ဟား ဟား…။
လာလာလေလိုက်ခဲ့တော့ ဗမာ့ရွာ
ဗမာ့ရွာမှာ ဘာတွေပေါတယ်
ဆန္ဒပွဲတွေ တပြပြနဲ့ လောင်ဗုံးတွေ
ဟုန်းဟုန်းပေါတယ်။ ။
ဟံသာဝတီ ဦးဝင်းတင်
ဒီလှိုင်း ဂျာနယ်၊ အတွဲ(၂)၊ အမှတ်(၂၀)
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment