ပဓာနကျတဲ့ အကြောင်းအချက်
တိုင်းပြည်တစ်ပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးမှာ ခေါင်းဆောင်မှုအပိုင်းဟာ ပဓာနကျတဲ့အကြောင်းအချက် (Factor) ဖြစ်တယ်လို့ ပညာရှင်အများက လက်ခံထားကြပါတယ်။ ဒါဆိုရင် တိုင်းပြည်ရဲ့ သယံဇာတအပိုင်း၊ တိုင်းသူပြည်သားတွေရဲ့ ပညာရေးအပိုင်း၊ တစ်နည်းအားဖြင့် လူသားအရင်းအမြစ်အပိုင်း၊ ပြီးတော့ အရင်းအနှီးအင်အားအပိုင်းတွေကော အရေးမကြီးဘူးလားဆိုတော့ အဲဒါတွေလည်း သူ့ကဏ္ဍအလိုက် အရေးကြီးပါတယ်၊ သို့ပေမယ့် ခေါင်းဆောင်မှုအပိုင်းဟာ အဲဒါတွေ အားလုံးထက်ပိုပြီး ပဓာနကျတယ်ဆိုတဲ့ သင်ခန်းစာတွေကို ဂျပန်နဲ့ စင်ကာပူက လက်တွေ့ပြနေတာ အထင်အရှား တွေ့နေရပါတယ်။
အံ့ဖွယ်ဂျပန်
အားလုံး သိပြီးကြတဲ့အတိုင်း ဂျပန်နိုင်ငံဟာ မည်မည်ရရ သယံဇာတ ဘာမှ မထွက်ပါဘူး။ သို့ပေမယ့် ဒုတိယကမ္ဘာစစ်ပြီးချိန် စစ်ရှုံးနိုင်ငံဘဝကနေ ပြန်လည် ကုန်းရုန်းထနိုင်ခဲ့တယ်။ ဆယ်စုနှစ်နှစ်ခု ကာလအတွင်း အံ့သြစရာ ကောင်းလောက်အောင် စက်မှုနိုင်ငံတစ်နိုင်ငံအဖြစ် ပြန်လည်ခေါင်းမော်လာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ၂၅ နှစ်အကြာ၊ ၁၉၇၀ ပြည့်နှစ်လောက်မှာ ကမ္ဘာ့ထိပ်ဆုံးတန်း စီးပွားရေးအင်အားရှင်နိုင်ငံကြီး ဖြစ်လာခဲ့ပါတယ်။
ဘက်ပေါင်းစုံခေါင်းဆောင်မှု
အဲဒါ ဂျပန်နိုင်ငံရဲ့ စစ်ပြီးခေတ်ခေါင်းဆောင်မှုအဆက်ဆက်ရဲ့ အရည်အသွေးကြောင့်ပဲ ဖြစ်ပါတယ်။ သည်နေရာမှာ ခေါင်းဆောင်မှုလို့ပဲ သုံးနှုန်းထားတာကို သတိပြုစေချင်ပါတယ်။ ခေါင်းဆောင် တစ်ဦးတစ်ယောက်၊ ဆူဇူကီးရယ်၊ တာနာကာရယ် မဆိုလိုပါဘူး။ အစိုးရအဖွဲ့တွေ တစ်နှစ်ပဲခံခံ၊ နှစ်နှစ်ပဲခံခံ၊ အစိုးရအပြောင်းအလဲတွေ ဘယ်လောက်များများ၊ လွှတ်တော်ရယ်၊ တရားစီရင်ရေးစနစ်ရယ်၊ နိုင်ငံရေးသမားတွေရယ်ဆိုတဲ့ တိုင်းပြည်ရဲ့ ခေါင်းဆောင်မှုအပိုင်းဟာ ပုံမှန် ဟန်ချက်ညီညီ အလုပ်လုပ်နေခဲ့ကြတယ်။
ဒါတင်မက ဂျပန်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသူတွေဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်များကလည်း မျိုးချစ် ပြည်ချစ်စိတ်အပြည့်အဝနဲ့ တိုင်းပြည်အကျိုးကို ရှေ့တန်းတင်ပြီး တာဝန်ကျေခဲ့ကြတယ်။ အဲဒီကဏ္ဍတွေအားလုံးကို စောင့်ကြည့်ပြီး ဝေဖန်ထောက်ပြကာ အများပြည်သူထင်မြင်ချက်ကို ဦးဆောင်ပေးခဲ့ကြတဲ့ ဂျပန်စတုတ္ထမဏ္ဍိုင် (ဂျပန်သတင်းစာလောက)ရဲ့ အခန်းကဏ္ဍကလည်း အရေးပါတဲ့အခန်းကဏ္ဍကပါခဲ့တယ်ဆိုတာ ဂျပန်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာသူတိုင်းလိုလိုက ထည့်သွင်းရေးသားခဲ့ကြပါတယ်။
ဂျပန်က အစိုးရဝန်ထမ်းတွေ
နောက်တစ်ခုက ခေါင်းဆောင်မှုအပိုင်းရဲ့ အဓိက ထောက်တိုင်တွေဖြစ်တဲ့ အုပ်ချုပ်ရေးဝန်ထမ်းအများစုရဲ့ ကိုယ့်အလုပ်ကိုယ်တာဝန်ကျေစွာလုပ်မှု ဖြစ်ပါတယ်။ သူတို့ဟာ ဘယ်ပါတီက နိုင်ငံရေးသမားတွေ အစိုးရတက်ဖြစ်ဖြစ်၊ ပုံမှန်ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာပါပဲ။ သူတို့ဆီမှာက ရာသက်ပန် အပြောင်းအလဲ မရှိတဲ့ အစိုးရဆိုတာ မရှိတဲ့ နိုင်ငံဖြစ်လေတော့ အာဏာရ ပါတီကလူတွေကို အသေကပ်ထားစရာ မလိုဘူး။ ဘယ်ပါတီကိုမှလည်း သံယောဇဉ်ထားနေစရာ မလိုဘူး။ သူတို့ဆီမှာ မိုးကျရွှေကိုယ်ဆိုတဲ့ လူ့အလွှာလည်း လုံးဝမရှိ၊ ရှိခဲ့ရင်လည်း စတုတ္ထမဏ္ဍိုင်ရဲ့ ဖော်ထုတ်ဖွင့်ချမှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဂျပန်မှာ မသမာမှုတွေကို သတင်းစာတွေက ဖွင့်ချလို့ ဝန်ကြီးချုပ်တွေတောင်ပြုတ်ကျတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။
ဂျပန် အုပ်ချုပ်ရေးဝန်ထမ်းတွေရဲ့ လစာဝင်ငွေကလည်း အပြင်လုပ်ငန်းဌာနတွေက ပုဂ္ဂလိကဝန်ထမ်းတွေထက် ပိုများတယ်။ ပြီးတော့ တချို့နိုင်ငံတွေမှာလို အစိုးရဝန်ထမ်းတွေကို အထင်သေး အမြင်သေးမဖြစ်ဘဲ ပြည်သူတွေက လေးစားသမှုရှိကြပါတယ်။ အစိုးရဝန်ထမ်းတွေဟာလည်း လောဘတိုက်သူနဲ့ လောင်းကစားဖက်မိသူတွေကလွဲလို့ လာဘ်စားမှု၊ ငွေအလွဲသုံးမှုတွေ အလွန်နည်းပါးပါတယ်။
စင်ကာပူလည်း အလားတူ
စင်ကာပူနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလေ့လာရင်လည်း ခေါင်းဆောင်မှုအပိုင်းရဲ့ အရည်အသွေးကြောင့် ဆင်းရဲသားနိုင်ငံဘဝကနေ နှစ်အစိတ်လောက်အတွင်း ပထမကမ္ဘာစာရင်းဝင်နိုင်ငံဖြစ်သွားတာပဲလို့ တွေ့ရှိကြရပါတယ်။ စင်ကာပူကတော့ ဂျပန်လို လစ်ဘရယ် ဒီမိုကရေစီစနစ်ကို မကျင့်သုံးခဲ့ပါဘူး။ မလေးရှားကနေ ခွဲထွက်လာရပြီးချိန်ကစလို့ ခုချိန်ထိ ကြိုးကိုင်ဒီမိုကရေစီစနစ်ကိုပဲ ကျင့်သုံးပါတယ်။ စင်ကာပူလည်း ဂျပန်လိုပဲ ဘာသယံဇာတမှ မထွက်ပါဘူး။ ဂျပန်ထက်ဆိုးတာက ဂျပန်က လူသားအရင်းအမြစ် ရှိပြီးသားအခြေအနေကနေ တိုင်းပြည်ကို ပြန်လည်ထူထောင်တာဖြစ်တယ်။ စင်ကာပူဟာ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က အသိပညာ၊ အတတ်ပညာ၊ နည်းပညာလူသားအရင်းအမြစ် ဘာတစ်ခုမှ မရှိခဲ့ဘူး။ တချို့ ချိုးနှိမ်ချင်သူတွေပြောသလို တံငါရွာသာသာအဆင့်ပဲရှိခဲ့တယ်ဆိုတာ မမှားပါဘူး။
အဲဒီအခြေအနေကနေ နိုင်ငံခြား လူသားအရင်းအမြစ်၊ နိုင်ငံခြား စီးပွားရေးရင်းနှီးမြှပ်နှံမှုတွေ စိတ်ချလက်ချ ဝင်လာအောင် ခေါင်းဆောင်ကြီး လီကွမ်ယူက ဖိတ်ခေါ်နိုင်ခဲ့တယ်။ ကိုယ့်ဆီက မျိုးဆက်သစ်လူငယ်တွေကို ပညာရေးဘက်မှာ ကမ္ဘာ့အဆင့်မီ ပညာတတ်တွေဖြစ်အောင် ပျိုးထောင်နိုင်ခဲ့တယ်။ (စင်ကာပူနိုင်ငံ ပထမကမ္ဘာစာရင်းဝင်ဖြစ်လာတဲ့အထိ အောင်မြင်မှု ဇာတ်လမ်းတွေကို စာအုပ်စာတမ်းတွေ အတော်များများထွက်ခဲ့ပြီးဖြစ်လို့ အကျယ်မရေးတော့ပါ။) ပြောချင်တာကတော့ ခေါင်းဆောင်မှုပါပဲ။
ခေါင်းဆောင်ကို မွေးယူတယ်
လီကွမ်ယူက သူအနားယူတော့ တပည့်ကျော်တစ်ယောက် (ဂိုချောက်တောင်) ကို သူ့နေရာဆက်ခံစေခဲ့တယ်။ အဲဒီကာလများအတွင်း သားဖြစ်သူ လီရှောင်လုံးကို ခေါင်းဆောင်မှုပညာတွေ ဆည်းပူးစေခဲ့တယ်။ နတ်ရေကန်ထဲပစ်ချပြီး လူလားမြောက်ခိုင်းခဲ့တာမျိုးမဟုတ်။ ဟော- ဂိုချောက်တောင် ရာထူးသက်တမ်းနှစ်ဆက်လောက်လုပ်ပြီးတော့ လီရှောင်လုံး ဝန်ကြီးချုပ် ဝင်လုပ်တယ်။ အားလုံး အဆင်ချောပါတယ်။ သူတို့ ပီအေပီပါတီကလည်း တိုင်းပြည်ထူထောင်ချိန်ကစလို့ ခုထိ အာဏာရပါတီပါပဲ။ ယနေ့ထိ လွှတ်တော်ထဲမှာ အတိုက်အခံအမတ် ၆ ယောက်ထက် မပိုသေး။ နည်းမျိုးစုံနဲ့ ဤအခြေအနေကို အပြောင်းအလဲ မရှိအောင် လုပ်ထားပါတယ်။ ပြည်သူအများစုကလည်း စားဝတ်နေရေး မပူပင်ရတဲ့အတွက် ယေဘုယျအားဖြင့် ကျေနပ်နေကြတယ်။ စင်ကာပူနိုင်ငံသားဖြစ်ရမှုကို ဂုဏ်ယူနေကြတယ်။
ဆိုရှယ်လစ်အမြင်နဲ့ မတူ
သမိုင်းရဲ့ ဖြစ်ပေါ်တိုးတက်မှုကို ရှုမြင်တဲ့နေရာမှာ ဆိုရှယ်လစ် သမိုင်းအမြင်ကိုလက်ခံသူများက လူပုဂ္ဂိုလ်အခန်းကဏ္ဍကို လက်အောက်ခံ ပြဿနာလို့ပဲ သဘောထားတယ်ဆိုတာ လမ်းစဉ်ပါတီခေတ်က ဆိုရှယ်လစ် နိုင်ငံရေးသင်တန်းနဲ့ ဆိုရှယ်လစ် သတင်းစာပညာသင်တန်း တက်ခဲ့ဖူးတဲ့ ကျွန်တော့်အနေနဲ့ နားရည်ဝနေပါတယ်။ သမိုင်းပညာရှင်၊ နိုင်ငံရေးဒဿနဆရာ ထောမတ် ကာလိုင်း (၁၇၉၅-၁၈၈၁) ကတော့ လူထူးချွန်တွေရဲ့အခန်းကဏ္ဍဟာ သမိုင်းကိုဖန်တီးရာမှာ အလွန်အရေးပါတယ်လို့ ဆိုခဲ့တယ်။ အလွန်အားကြီးတဲ့ လူပုဂ္ဂိုလ်တွေဟာ ကမ္ဘာကြီးရဲ့ အကောင်းအဆိုးကို အဆုံးအဖြတ်ပေးခဲ့ကြတဲ့ အကြောင်း အထောက်အထားတွေ ဖော်ပြခဲ့ပါတယ်။
ချာချီ စတာလင်
ဒုတိယကမ္ဘာစစ်ကာလအတွင်း အင်္ဂလန်မှာ ချာချီ ဝန်ကြီးချုပ်ဖြစ်လာလို့ ဂျာမနီကို စစ်အနိုင်တိုက်နိုင်ခဲ့တာလို့ အများက ယုံကြည်ကြတယ်။ ချိန်ဘာလိန်သာ ဝန်ကြီးချုပ်ဆက်လုပ်နေရင် ဂျာမန်လက်အောင်ကျသွားနိုင်တယ်လို့ အဆိုရှိတယ်။ ရုရှားမှာ အာဏာရှင် စတာလင် ဓာတ်ကြမ်းတိုက်ပြီး ကြံ့ကြံ့ခံခဲ့လို့ ဂျာမန်တွေ ဦးကျိုးသွားတာလို့လည်း သမိုင်းဆရာတွေက ရေးတယ်။
အပြောင်းအလဲတွေ ဖြစ်စေခဲ့
လူပုဂ္ဂိုလ် ခေါင်းဆောင်မှုရဲ့ အရေးပါမှုကို မှတ်တမ်းတင်ခဲ့ကြတာတွေ အများကြီးပါ။ ဒုတိယကမ္ဘာစစ်အပြီးမှာ ကုလသမဂ္ဂအဖွဲ့ကြီး ပေါ်လာပြီး ဟမ္မားရှိုးလို၊ ဦးသန့်လို အတွင်းရေးမှူးချုပ်တွေ အစွမ်းပြနိုင်ခဲ့တာ၊ မာရှယ်တီတိုး၊ ချူအင်လိုင်း၊ ဆူကာနို၊ နေရူး၊ နာဆာ၊ ဦးနု စတဲ့ပုဂ္ဂိုလ်များ ဦးဆောင်မှုကြောင့် ဘက်မလိုက်နိုင်ငံများအုပ်စု ပေါ်လာခဲ့တာတွေဟာ အားကောင်းတဲ့ လူပုဂ္ဂိုလ် အခန်းကဏ္ဍတွေပဲ မဟုတ်ပါလား။
ဒါတင်မက ဖရန်ကို ကွယ်လွန်ပြီးနောက် ဆက်ခံသူ ဘုရင် ဟွမ်ကာလို့စ်ကြောင့် စပိန်နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်လာခဲ့တယ်။ ဆိုဗီယက်မှာ ပြည်ထောင်စုသမ္မတ ဂေါ်ဘာချော့ဗ်ကို စစ်တပ်က အာဏာသိမ်းတော့ ရုရှားပြည်ရဲ့ သမ္မတ ယဲ့လ်ဆင်က တင့်ကားပေါ်ခုန်တက်ပြီး ရဲရဲတောက် တရားဟောကာ ခုခံတိုက်ပွဲဝင်ခဲ့လို့ တစ်ပါတီစနစ်အောက် ပြန်လည်ကျရောက်မယ့်အန္တရာယ်က လွတ်ကင်းခဲ့တယ်။ နယ်လ်ဆင်မင်ဒဲလားကြောင့် တောင်အာဖရိက နိုင်ငံရေးအပြောင်းအလဲ ချောမွေ့ခဲ့တယ်။ ဖိလစ်ပိုင်က ဗိုလ်ချုပ်ကြီး ရာမို့စ်ကြောင့် နာရီပိုင်းအတွင်း တစ်ဆစ်ချိုး အပြောင်းအလဲဖြစ်ပြီး ပြည်သူ့အာဏာ တော်လှန်ရေး အောင်ပွဲခံနိုင်ခဲ့တယ်။
ဒါကြောင့် ကျွန်တော်ကတော့ လူပုဂ္ဂိုလ်တစ်ဦးချင်း ခေါင်းဆောင်မှုကော၊ အစုအဖွဲ့လိုက် ခေါင်းဆောင်မှုရော အလွန်အရေးကြီးတယ်လို့ ပြောချင်တယ်။
၂၆၊ ၀၅၊ ၂၀၁၃
maungwuntha@gmail.com
(ပြည်သူ့ခေတ်ဂျာနယ် ၂၉ မေ ၂၀၁၃ ပါ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး)
No comments:
Post a Comment