Sunday, May 12, 2013

ပုန်းတမ်းရှာတမ်း ကစားခြင်း (ခင်မမျိုး)

ကျွန်မတို့ငယ်ငယ်တုန်းက တူတူပုန်းတမ်းကစားကြတဲ့အခါ ပုန်းနေသူက အသံပေးရပြီး လိုက်ရှာသူက တူတူ အသံပေးရာကို လိုက်ရှာရပါတယ်။ တခါတရံကျတော့လည်း ပုန်းနေသူက လေးငါးယောက်၊ လိုက်ရှာသူက တယောက်ဖြစ်ပြီး အရင်ဆုံးမိတဲ့သူက တခါပြန်ပြီး လိုက်ရှာသူ ဖြစ်သွားပါတယ်။ ဒါက ကလေးဘဝ ကစားကြတဲ့အခါတုန်းကပါ။ 

လူကြီးဘဝမှာ ဂိမ်းတွေကစားကြတဲ့အခါကျတော့ ပုန်းတမ်းရှာတမ်း ကစားရတာက တူတူပုန်းတမ်း ကစားသလောက် မလွယ်ကူတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပုန်းနေသူက အသံပေးရတာ မဟုတ်ဘဲ၊ ရှာဖွေသူကသာ ပုန်းနေသူရဲ့ သဲလွန်စကို ဉာဏ်လွှာပြီး လိုက်ရှာကြရတာကြောင့်ပါ။ 

လူတစ်ယောက် (သို့မဟုတ်) အင်စတီကျူးရှင်းတစ်ခုရဲ့ လုပ်ဆောင်ချက်တွေဟာ အခြားလူတစ်ယောက် (သို့မဟုတ်) အခြားအက်စတီကျူးရှင်းတခုရဲ့ လုပ်ဆောင်ချက်တွေပေါ်မှာ အပြန်အလှန် အကျိုးသက်ရောက်မှုတွေ ရှိနေမယ်ဆိုရင် ဒီလူနှစ်ယောက် (သို့မဟုတ်) အင်စတီကျူးရှင်းနှစ်ရပ်အကြားမှာ မဟာဗျူဟာအရ အပြန်အလှန် မှီခိုဆက်စပ်မှု (strategic interdependence) ဖြစ်တည်နေပြီလို့ ဆိုနိုင်ပါတယ်။ 


တဖက်ရဲ့လုပ်ဆောင်ချက် (သို့မဟုတ်) ပြုမူဆောင်ရွက်ချက်တွေဟာ အခြားတဖက်ကို သက်ရောက်မှုရှိနေတဲ့ အခြေအနေတွေကို ဂိမ်းသီအိုရီရှုထောင့်အရ strategic games လို့ သတ်မှတ်ခေါ်ဆိုကြပါတယ်။ ဒီဂိမ်းတွေမှာ ပါဝင်နေသူတွေကိုတော့ ဂိမ်းကစားသူများ (players) လို့ သတ်မှတ်ကြပြီး၊ ဂိမ်းကစားသူများ အပြန်အလှန် အသုံးပြုကြတဲ့ လှုပ်ရှားမှု အစီအမံတွေကိုတော့ strategy လို့ ခေါ်ဝေါ်ကြပါတယ်။ 

strategic games တွေဟာ နေရာတကာမှာ ရှိနိုင်ပါတယ်။ သားငယ်လေးကို အရုပ်ဝယ်ပေးဖို့ ဈေးဆိုင်တဆိုင်ကို ခေါ်သွားတဲ့အခါ သားငယ်လိုချင်တာက ကားတစီးဖြစ်ပြီး၊ အမေဝယ်ပေးချင်တာက ရဟတ်ယာဉ်လေး ဆိုပါစို့။ အကျိုးစီးပွားနှစ်ခု မတူညီတဲ့အခါ အပေးအယူ (bargain) လုပ်ပြီး cooperative bargaining၊ Non-cooperative bargaining နည်းလမ်းတွေ အသုံးပြုဖို့ လိုလာတော့မှာ ဖြစ်ပါတယ်။ 

ဒီလို အမေနဲ့သား ဆက်ဆံရေးက အစပြုပြီး နိုင်ငံတွင်းပဋိပက္ခတွေမှာ ဘက်နှစ်ဖက် ညှိနှိုင်းတာ၊ နှစ်နိုင်ငံ ကုန်သွယ်ရေးပြုလုပ်တာတွေအထိ နေရာတိုင်းမှာ strategic games တွေ ရှိနေတတ်ပါတယ်။ တချို့ဂိမ်းတွေမှာ ဘက်နှစ်ဖက်စလုံးက တပြိုင်တည်းလှုပ်ရှားပြီး၊ သူတို့လှုပ်ရှားမှုတွေကလည်း လျှို့ဝှက်ချက် ဖြစ်နေတတ်ပါတယ်။ ဒါကို ဂိမ်းသီအိုရီ သဘောတရားအရ simultaneous move games (သို့မဟုတ်) static games လို့ သတ်မှတ်ခေါ်ဝေါ်ပါတယ်။ 

တချို့ဂိမ်းတွေမှာကျတော့ ဘက်တဖက်က စတင်လှုပ်ရှားလာပြီးမှ အခြားဘက်တဖက်က တုံ့ပြန်လှုပ်ရှားတာ ဖြစ်ပါတယ်။ ဥပမာ - စစ်တုရင်ကစားခြင်း၊ နိုင်ငံတနိုင်ငံကို အခြားနိုင်ငံက ဝင်ရောက်ကျူးကျော်ခြင်း စတာမျိုးတွေပါ။ ဒါကို ဂိမ်းသီအိုရီအရ sequential-move games (သို့မဟုတ်) dynamic games လို့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။ 

ပုန်းတမ်း၊ ရှာတမ်း ကစားပွဲတွေကတော့ တပြိုင်နက်တည်း လှုပ်ရှားတဲ့ simultaneous move games (သို့မဟုတ်) static games အမျိုးအစား ဖြစ်ပါတယ်။ ရာဇဝတ်ပြစ်မှုကျူးလွန်ထားသူနဲ့ ဥပဒေဘက်တော်သားတွေအကြား သတ်ဖြတ်ခံရဖို့ ခြိမ်းချောက်ခံထားရသူနဲ့ လူသတ်သမားအကြား၊ မြေအောက်ယူဂျီ လှုပ်ရှားသူများနဲ့ အာဏာပိုင်ထောက်လှမ်းရေးများ အကြား၊ ထင်ပေါ်ကျော်ကြားသူများနဲ့ သတင်းမုဆိုးများ အကြား၊ နယူးကလီးယားလက်နက် တိတ်တဆိတ် ထုတ်လုပ်နေသူများသူများနဲ့ နိုင်ငံတကာ လုံခြုံရေး အဖွဲ့အစည်းများအကြားနဲ့ စစ်ပွဲများမှာ တဖက်နဲ့တဖက် ရင်ဆိုင်နေရသူများအကြားမှာ ဒီလို ဂိမ်းလေးတွေ ရှိတတ်ပါတယ်။ 

တခါတရံကျတော့လည်း နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးရာတွေမှာ နောက်ကွယ်ကနေ ကြိုးကိုင်ထားတဲ့လက်တွေ ရှိတတ်ပါတယ်။ ဒါတွေဟာ ပုန်းနေတဲ့လက်တွေပါပဲ။ ပုန်းနေတဲ့လက်တွေကိုမသိဘဲ ကိုယ်ကပဲ လိုက်ရှာနေတဲ့အခါ၊ တပြိုင်တည်းမှာတင် ကိုယ့်ကိုလည်း ရှာသူရှိနေပြီး မုဆိုးကနေ သားကောင် ပြန်ဖြစ်သွားနိုင်ပါတယ်။ 

ဒါကြောင့်လည်း နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးရာတွေမှာ ဖြစ်ပေါ်နေတဲ့ ဂိမ်းတွေရဲ့ အရှုံး အနိုင်တွေ၊ ရလဒ်ကောင်းထွက်ပေါ်မှု စတာတွေဟာ ဆုံးဖြတ်ချက်ပေးနိုင်သူများရဲ့ ဦးနှောက်အရည်အသွေးပေါ်မှာ အဓိက မူတည်တယ်လို့ ဆိုစကားရှိကြတာ ဖြစ်ပါတယ်။ စိန်အရောင်းအဝယ်လုပ်ချင်ရင် စိန်အကြောင်းနားလည်ဖို့ လိုအပ်သလိုပဲ ဂိမ်းကစားမယ့်သူတွေဟာလည်း ဂိမ်းတွေရဲ့အကြောင်းတွေ၊ အခြေခံသဘောတရားတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ကွက်ကျော်ကြည့်နည်းတွေကို သိထားဖို့ လိုပါတယ်။ 

ပုန်းတမ်း၊ ရှာတမ်း ကစားပွဲရဲ့ အခြေခံသဘောတရားလေးတွေကို ရိုးရှင်းတဲ့ ဥပမာလေးတခုပေးပြီး တင်ပြလိုပါတယ်။ ဖိုးကောင်းလေးနဲ့ ပူစူးမ တို့ဟာ ပိုက်ဆံ ငါးဆယ် လောင်းကြေးပါတဲ့ ပုန်းတမ်းရှာတမ်း ကစားပွဲတခုကို ကစားကြပါတယ်။ ပူစူးမက အိမ်အတွင်း (သို့မဟုတ်) ပန်းခြံထဲမှာ ပုန်းရမှာဖြစ်ပြီး၊ ဖိုးကောင်းလေးက ပူစူးမကို လိုက်ရှာရမှာ ဖြစ်ပါတယ်။ ဒီလိုလိုက်ရှာတဲ့အခါ အိမ်အတွင်း (သို့မဟုတ်) ပန်းခြံတခုခုမှာ လိုက်ရှာဖို့ ဖိုးကောင်းလေးက ရွေးချယ်ရမှာဖြစ်ပြီး ရှာဖွေချိန် ဆယ်မိနစ် ရပါတယ်။ ဒီဆယ်မိနစ်အတွင်းမှာ ပူစူးမကို ဖိုးကောင်းလေးက ရှာတွေ့ခဲ့ရင် ပိုက်ဆံငါးဆယ်ရမှာဖြစ်ပြီး ရှာမတွေ့ခဲ့ရင်တော့ ပူစူးမက ပိုက်ဆံ ငါးဆယ် ရပါလိမ့်မယ်။ 

ဒီဂိမ်းလေးကို ပူစူးမ ရှုထောင့်ကနေ စဉ်းစားကြည့်ရအောင်ပါ။ ပူစူးမက အိမ်ထဲမှာပုန်းပြီး ဖိုးကောင်းလေးက အိမ်ထဲမှာလိုက်ရှာခဲ့ရင် ဒီပွဲမှာ ပူစူးမ ရှုံးမှာဖြစ်တဲ့အတွက် ပူစူးမရဲ့အကျိုးအမြတ်က သုည (၀) ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ပူစူးမက ပန်းခြံထဲမှာပုန်းပြီး ဖိုးကောင်းလေးက အိမ်ထဲမှာလိုက်ရှာခဲ့ရင် ဒီဂိမ်းမှာ ပူစူးမ နိုင်မှာဖြစ်တဲ့အတွက် အကျိုးအမြတ်က ငါးဆယ် (၅၀) ဖြစ်ပါတယ်။ တကယ်လို့ ပူစူးမက အိမ်ထဲမှာပုန်းပြီး ဖိုးကောင်းလေးက ပန်းခြံထဲမှာလိုက်ရှာခဲ့ရင်လည်း ဒီဂိမ်းမှာ ပူစူးမ နိုင်မှာဖြစ်တဲ့အတွက် အကျိုးအမြတ်က ငါးဆယ် (၅၀) ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ပူစူးမက ပန်းခြံထဲမှာ ပုန်းပြီး ဖိုးကောင်းလေးက ပန်းခြံထဲမှာလိုက်ရှာခဲ့ရင်တော့ ဒီဂိမ်းမှာ ပူစူးမ ရှုံးမှာဖြစ်တဲ့အတွက် ပူစူးမရဲ့အကျိုးအမြတ်က သုည (၀) ဖြစ်ပါတယ်။ 

ဒီဂိမ်းလေးကိုပဲ ဖိုးကောင်းလေး ရှုထောင့်ကနေ စဉ်းစားကြည့်ရအောင်ပါ။ ပူစူးမက အိမ်ထဲမှာပုန်းပြီး ဖိုးကောင်းလေးက အိမ်ထဲမှာလိုက်ရှာခဲ့ရင် ဒီပွဲမှာ ဖိုးကောင်းလေးက နိုင်မှာဖြစ်တဲ့အတွက် ဖိုးကောင်းလေးရဲ့အကျိုးအမြတ်က ငါးဆယ် (၅၀) ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ပူစူးမက ပန်းခြံထဲမှာပုန်းပြီး ဖိုးကောင်းလေးက အိမ်ထဲမှာလိုက်ရှာခဲ့ရင် ဒီဂိမ်းမှာ ဖိုးကောင်းလေး ရှုံးမှာဖြစ်တဲ့အတွက် အကျိုးအမြတ်က သုည (၀) ဖြစ်ပါတယ်။ တကယ်လို့ ပူစူးမက အိမ်ထဲမှာပုန်းပြီး ဖိုးကောင်းလေးက ပန်းခြံထဲမှာလိုက်ရှာခဲ့ရင်လဲ ဒီဂိမ်းမှာ ဖိုးကောင်းလေး ရှုံးမှာဖြစ်တဲ့အတွက် အကျိုးအမြတ်က သုည (၀) ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ပူစူးမက ပန်းခြံထဲမှာပုန်းပြီး ဖိုးကောင်းလေးက ပန်းခြံထဲမှာလိုက်ရှာခဲ့ရင်တော့ ဒီဂိမ်းမှာ ဖိုးကောင်းလေး နိုင်မှာဖြစ်တဲ့အတွက် ဖိုးကောင်းလေးရဲ့အကျိုးအမြတ်က ငါးဆယ် (၅၀) ဖြစ်ပါတယ်။ 

ဒါတွေကို ခြုံကြည့်ပြီး ဂိမ်းသီအိုရီအရ pay-off matrix တွေ ဆွဲလို့ရပါတယ်။ 

ဒီဥပမာမှာ ဖော်ပြထားတဲ့ဂိမ်းက အရမ်းကို ရိုးရှင်းပေမယ့် လက်တွေ့နိုင်ငံရေး၊ စစ်ရေး၊ ရာဇဝတ်မှု နှိမ်နင်းရေးနယ်ပယ်မှာကျတော့ အလွန်ကိုရှုပ်ထွေးတဲ့ဂိမ်းတွေ ဖြစ်သွားတတ်ပြီး တခါတရံမှာ models တွေ၊ pay-off matrix လေးတွေ ပေါ်ထွက်လာဖို့ ရာနဲ့ချီတဲ့ ဂိမ်းသီအိုရီကျွမ်းကျင်သူများက ဝိုင်းဝန်းကြိုးပမ်းကြရတာလည်း ရှိတတ်ပါတယ်။ 

ရာဇဝတ်မှုနှိမ်နင်းရေး၊ စစ်ရေးနဲ့ နိုင်ငံရေးရာတွေမှာ သက်ဆိုင်ရာဂိမ်းရဲ့ သဘောသဘာဝပေါ် မူတည်ပြီး pay-off matrix ပေါင်းများစွာကို ကြိုတင်ရေးဆွဲ၊ ဆန်းစစ်လေ့လာပြီးမှ အရေးပါတဲ့ခြေလှမ်းတွေကို စလှမ်းကြတာ ဖြစ်ပါတယ်။ ငွေကြေးနဲ့ လောင်းကြေးထပ်တာမဟုတ်ဘဲ အသက်တွေ၊ ဘဝတွေ၊ အနာဂတ် လူ့အဖွဲ့အစည်းတွေကို လောင်းကြေးထပ်တာဆိုရင်တော့ ခြေလှမ်းတိုင်းကို ဂရုပြုဖို့ လိုအပ်ပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် ပုန်းတမ်း၊ ရှာတမ်း ကစားတဲ့အခါမှာတော့ ကိုယ်က ပုန်းသူလား၊ ရှာသူလားဆိုတာ သိဖို့လိုအပ်သလို တပြိုင်နက်တည်းမှာတင် ရှာသူလည်းဖြစ်၊ တခြားရှာသူတွေရဲ့အန္တရာယ်ကနေ ပုန်းရသူလည်းဖြစ်တဲ့အခါမျိုး ကြုံလာခဲ့ရင် ပုန်းသင့်တဲ့အချိန် ပုန်းပြီး ရှာသင့်တဲ့အချိန် ရှာတတ်ဖို့ လိုအပ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။ ။ 

ခင်မမမျိုး 
(၂၃၊ ၈၊ ၂၀၁၁)


 

No comments: