Wednesday, May 15, 2013

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား - ၁၈ (ကိုညို)

“ဘယ်လိုထင်ထင် ဖြစ်တယ်လေ ××× ထာဝစဉ်မှန်ကန်တဲ့တရား မရှိနိုင်ပါ ­­­­­­­­­­­­­­×× တချပ်မှောက်တဲ့ ကစားကွက်များ ××× အဖြေဟာ ဝိုင်းသိမ်းတော့မှတွေ့မှာပါ ××

ငါဟာ မတည်ငြိမ်မိုးတိမ်ပဲ ×× ဂျစ်ပစီတွေလို ×× မရပ်မနားခရီးနှင်နေ ×× ဘယ်လိုနေထိုင်မှာလဲ ဘဝဆိုတာ ×× ပြဇာတ်တပုဒ်ပါပဲ ×××

အဆိုတော်သန်းနိုင် ဆိုထားပြီး တေးရေးဆရာ ဝင်းမင်းထွေးရဲ့ ဂျစ်ပစီမိုးတိမ် သီချင်းလေးဟာ ကျနော်တို့ တက္ကသိုလ်ကျောင်းသားဘဝက ညည်းဆိုနေကျ သီချင်းလေးပါ။ စိတ်ကူးယဉ် အိပ်မက်တွေ၊ ရည်မှန်းချက်တွေ အလွဲလွဲအချော်ချော်နဲ့ လူငယ်ဘဝတွေကို ပုံဖော်ထားသလိုဖြစ်နေလို့ပါ။

စခန်းမှာ ဂစ်တာကောက်ကိုင်မိတိုင်း အဲဒီသီချင်းလေးကို အမြဲဆိုညည်းမိတယ်။ ကိုယ်လိုပဲ ခံစားချက်တူ အကြိုက်တူတွေက အများသား။ ကိုဝင်းနိုင်ဦး (နိုင်ငံရေးအကျဉ်းသားဟောင်း၊ RFA ဝန်ထမ်းဟောင်း)နဲ့ ပန်းချီထိန်လင်းတို့ အမြဲပွဲတောင်းတဲ့ သီချင်းလေးပါ။ စခန်းထဲက ကျနော်တို့ဘဝဟာ စိတ်ကူးတိမ်လို လွင့်နေပေမယ့် အတောင်ပံ အညှပ်ခံထားရတဲ့ငှက်တွေလို ဖြစ်နေပါတယ်။ မိုးကောင်းကင်ကြီးဆီ ပျံတက်ဖို့ ကြိုးပမ်းနေတဲ့ တွင်းအောင်းသတ္တဝါတွေနဲ့လည်း တူနေပါတယ်။


တရက်မှာတော့ မိမိစိတ်ကူးရည်မှန်းချက်ကို တက်ရွက်အစုံလွှင့်ပြီး ရှာပုံတော်ဖွင့်နေတဲ့ ကျောင်းသားရဲဘော်တချို့ ချန်ဒယ်ခရိုင်ရဲတချို့နဲ့အတူ ကျနော်တို့နေတဲ့စခန်းကို ရောက်လာပါတယ်။ ညနေစောင်း စစ်သင်တန်းအပြီး တောင်ပေါ်ကဆင်းလာတဲ့ ကျနော်တို့က လူသစ် ၅ ယောက် ထပ်ရောက်လာတာလို့ထင်ပေမယ့် သူတို့က လူသစ်တွေ မဟုတ်ပါဘူး။ ကျနော်တို့နဲ့ တောထဲမှာလမ်းခွဲပြီး မီဇိုရမ်ဘက်ခရီးနှင်သွားတဲ့ ကိုမြင့်စန်း နဲ့ ကျန်ဖိုင်းစခန်းက ရဲဘော် ငါးဦး ဖြစ်ပါတယ်။

ကိုမြင့်စန်း၊ ကိုစိန်ဝင်း(တပ်မတော် - လေ)၊ ကိုလင်္ကျာဝင်း (ရန်ကုန်)တို့နာမည်ပဲ မှတ်မိတော့တယ်။ သူတို့ကို ထမင်းကျွေးပြီး အဆောင် (၂) မှာ တည်းခိုစေပါတယ်။ ကျနော်ကတော့ ကိုယ့်ရေဒီယိုသတင်းနဲ့ကိုယ်မို့ ကိုမြင့်ဆန်းတို့ကို သွားနှုတ်မဆက်ဖြစ်ဘူး။ စခန်းတာဝန်ခံ ဒေါက်တာအောင်ကျော်ဦး နဲ့ သူတို့ စကားပြောနေလို့ မသွားဖြစ်တာလည်းပါတယ်။ မနက်မှ တွေ့တော့မယ်လို့ပဲ ဆုံးဖြတ်လိုက်တယ်။ ညအိပ်ချိန်အရောက်ခင် ကျနော်တို့အိပ်တဲ့ အဆောင်(၁)မှာ အရေးပေါ် အစည်းအဝေး လုပ်တယ်။ ဒေါက်တာအောင်ကျော်ဦးက အားလုံးကို ရှင်းပြတယ်။ ကိုမြင့်ဆန်းတို့နဲ့စကားပြောတော့ သူတို့ ဒီစခန်းမှာ နေဖို့လာတာ မဟုတ်ဘူး။ ရှီလောင်းမြို့ (မက်ဂါလီယာပြည်နယ်မြို့တော်) မှာ ရဲကဖမ်းမိလို့ မဏိပူရကနေထွက်လာတဲ့ ဗမာကျောင်းသားတွေပါလို့ရှင်းပြအပြီး ဒီကိုပို့ပေးတာလို့ သိရတဲ့အကြောင်း ဗမာပြည်ထဲပြန်ဝင်မယ့် အစီအစဉ်ရှိတဲ့အကြောင်း ရှင်းပြတယ်။ အလှည့်ကျ ကင်းသမားတွေ လုံခြုံရေးသတိရှိဖို့ မှာတယ်။

နောက်နေ့မနက် ကျနော်က ထမင်းချက်တာဝန်ကျတယ်။ ကျနော်တို့မီးဖိုထဲမှာ ထင်းခွဲရေခပ်ပြီး ထမင်းအိုးတည်ထားတုန်း ကိုမြင့်ဆန်းတို့ကို ပြန်ဖမ်းလာခဲ့တယ်ဆိုပြီး ရဲဘော်တယောက် လာပြောတယ်။ ကျနော်တို့လည်း အံ့သြနေတယ်။ စခန်းမှာ မနေချင်ရင် တရားဝင်အသိပေးပြီး ညပိုင်းဖြစ်စေ၊ မနက်စောစောဖြစ်စေ ပြည်တော်ပြန်ဝင်တတ်တာ သိပ်တော့မဆန်းဘူး။ ကျနော်လည်း ကိုမြင့်ဆန်းတို့ကိုထားတဲ့အဆောင် ခဏပြေးပြီး သွားကြည့်တယ်။

သူတို့ထဲက ကိုစိန်ဝင်းကို ဒေါက်တာအောင်ကျော်ဦးက ဆေးထည့်ပေးနေတာတွေ့ရတော့ ထိုးကြိတ်တဲ့အထိတွေဖြစ်ခဲ့တယ်လို့ သဘောပေါက်လိုက်တယ်။ သူတို့အားလုံး မျက်နှာတွေ သုန်မှုန်နေတယ်။ မကျေမနပ်ဖြစ်နေကြတယ်။ ကိုမြင့်စန်းကို ကြည့်လိုက်တော့ သူ့တပ်နေကျ မျက်မှန်ကိုင်းတဖက်က ကျိုးနေလို့ ဝါးချမ်းပြားလေးနဲ့တွဲပြီး မျက်မှန်ကိုင်းကို ချီထားတာတွေ့ရတယ်။ အခုမှ ကိုင်းကျိုးတာတော့ မဟုတ်ဘူး။ စခန်းပြန်ဝင်မလာခင်ကတည်းက ကျိုးနေတာဖြစ်လိမ့်မယ်။ ကျနော်လည်း မျက်မှန်သမားဆိုတော့ စိတ်ထဲမကောင်းဘူး။

သူတို့အိတ်တွေနဲ့ ပါလာတဲ့စာအုပ်တွေကိုလည်း စခန်းက တာဝန်ရှိသူတချို့ မွှေနှောက်ရှာဖွေနေတာ တွေ့ရတယ်။ ကျနော်လည်း မီးဖိုချောင်ဘက် ပြန်လှည့်ထွက်လာခဲ့တယ်။ နောက်ပိုင်းမှာ ကသဲစစ်ဗိုလ်နဲ့ စစ်သားတချို့နဲ့အတူ ကိုမြင့်စန်းတို့ ပါသွားတယ်။ နောက်မှသိရတာက သူတို့ကို ချန်ဒယ်ရဲစခန်းကို ပို့လိုက်ပြီး အဲဒီကတဆင့် နယ်စပ်ကိုပြန်ပို့နိုင်သလို အင်ဖားထောင်လည်း ရောက်သွားနိုင်တယ်ဆိုတဲ့ ခန့်မှန်းတွက်ဆ ပြောသံတွေ ကြားရတယ်။

စခန်းမှာတော့ တနေ့တနေ့ ကိုယ့်တပ်စုအလိုက် လေ့ကျင့်ခန်းလုပ်တဲ့လူနဲ့၊ ထင်းခုတ် ထင်းခွဲတဲ့လူနဲ့၊ ထမင်းချက်အဖွဲ့နဲ့ အလှည့်ကျလုပ်နေကြတာပါပဲ။ မိုးရေးက ဒေါက်တာမန်းမြင့်ဆိုင်လည်း တခါတခါလာပြီး ငပိလေး ကုလားပဲလေး သယ်လာလိုက်၊ စိတ်ဓာတ်မြှင့်တင်ရေး လုပ်သွားလိုက်၊ ကတိတချို့ပေးလိုက်နဲ့ သံသရာလည်နေပါတယ်။ သူ့ကတိတွေဖြစ်မလာတော့လည်း ရဲဘော်တွေ စိတ်လေပြီး စစ်ရေးလေ့ကျင့်ခန်းကို မလုပ်ကြတော့ဘူး။ ရွာထဲသွားလည်လိုက်၊ အနီးအနားက ပါလဲမြို့နဲ့ နာဂရွာလေးတွေက အသိတွေဆီ သွားလည်ကြနဲ့ပေါ့။

အနီးအနားရွာတွေကလည်း ဘားမီးစ်ရဖြူဂျီ (မြန်မာဒုက္ခသည်)တွေဆိုတာ သိကုန်ကြပြီ။ တချို့ရဲဘော်တွေလည်း စိတ်ဓာတ်တွေကျပြီး ကြောင်တောင်တောင်တွေဖြစ်ကုန်တာလည်း ရှိတယ်။ တချို့က ပုတီးတွေစိတ် တရားထိုင်၊ တချို့က ဘယ်သူမှလေ့ကျင့်ခန်းမလုပ်လည်း ကိုယ့်ဖာသာတယောက်ထဲ လုပ်နေတယ်။ တချို့လည်း တနေကုန် တောလည်ထွက်နေတယ်။ တချို့ကတော့ ချောင်းထဲတနေကုန် ငါးသွားမျှား၊ တချို့က အပြင်ထွက်လည်နဲ့ပေါ့။

ညနေလူစုချိန်ဆိုရင်တော့ အားလုံး အလျှိုလျှိုနဲ့ ပြန်ပေါ်လာတာပါပဲ။ တခါတလေ အိန္ဒိယ သတင်းဌာနတချို့ကလာပြီး ဓာတ်ပုံမှတ်တမ်းတွေရိုက်၊ အင်တာဗျူးတွေလုပ်ကြတာလည်း ရှိတယ်။ တချို့စတနာရှင် အဖွဲ့တွေလည်း ခြင်ထောင၊် လေမှုတ်ခေါင်းအုံး၊ ဘောလုံးတွေ လာလှူတယ်။ ကျနော်တို့ဆီကလူတွေလည်း သုံးစရာငွေမရှိတော့ စခန်းအနီး ကွန်မရာသာဗီရွာထဲက ထိုင်နေကျ ကသဲ လက်ဖက်ရည်ဆိုင်မှာ မတန်တဆလျှော့ဈေးနဲ့ ပြန်ရောင်းကြတာပါပဲ။

စခန်းမှာ ဖျာပုံက ကိုတာရာဆိုတာ ဗေဒင်ဟောတာ နာမည်ကြီးတယ်။ ကျနော်ကတော့ အဲဒါတွေ သိပ်အယုံအကြည်မရှိတော့ မမေးမိဘူး။ ဒါပေမယ့် ဘာစိတ်ကူးပေါက်သွားလည်း မသိဘူး၊ တနေ့ နောက်သလိုလို၊ ပြောင်သလိုလိုလုပ်ပြီး သူ့ရှေ့လက်ဝါး ၂ ဖက်ဖြန့်ပြီး သွားထိုင်တယ်။ သူက ကျနော့်လက် ၂ ဖက်ကို အတည်ပေါက်နဲ့ကြည့်ပြီး ...

“ဟ ... ခင်ဗျား နိုင်ငံခြားသွားရကိန်းရှိတယ်ဗျ” လို့ တအံ့တသြဟန်လေးနဲ့ ပြောတယ်။

“ဟာဗျာ ... မနောက်နဲ့လေ၊ အခုလည်း နိုင်ငံခြားရောက်နေတာပဲ မဟုတ်ဘူးလား”

“မဟုတ်ဘူး၊ ဒီထက်ပိုဝေးတဲ့ ရေခြားမြေခြားတနေရာပဲဖြစ်မယ်ဗျ” ဆိုပြီး လက်ဝါးပေါ်က ဟိုအရေး၊ ဒီအကြောင်းတွေကိုပြပြီး ရှင်းပြနေတယ်။ ပြီးတော့ သူ့မျက်နှာ တချက်တည်ပြီး မျက်မှောင်တချက် ကျုံ့သွားတယ်။

“ နေအုံးဗျ ကိုညို၊ ဒီတကွက်တော့ ကျနော် မကြိုက်ဖူး၊ မကြာခင် ခင်ဗျား အကျဉ်းအကြပ်ထဲရောက်ဖို့ရှိတယ်၊ ထောင်ကျနိုင်တယ်” ကျနော် ပိတ်ရီပစ်တယ်၊ “တာရာက ရယ်စရာတော်တော်ပြောတာပဲ၊ အခုလည်း အကျဉ်းအကြပ်ထဲရောက်ပြီး ထောင်ကျနေတာနဲ့မတူဘူးလား၊ အခုနပဲ နိုင်ငံခြားရောက်မယ်ဆို” လို့ မေးလိုက်တယ်။ သူက “ဟုတ်တယ်၊ ခင်ဗျား အကျဉ်းအကြပ်တခုထဲ ရောက်မယ်၊ ထောင်ကျနိုင်တယ်၊ အဲဒီကတဆင့် နိုင်ငံခြားရောက်မှာ” သူ အဲလောက်ပဲပြောခဲ့တယ်။

ဖျာပုံ ကိုတာရာဟောကိန်း မမှားခဲ့ပါဘူးဆိုတာ နောက်ပိုင်း ကျနော် အင်ဖားထောင်ကို ရောက်သွားတော့မှ သိလိုက်ပါတယ်။ ပြီးတော့ ထောင်ကနေတဆင့် နယူးဒေလီကိုရောက်သွားတာဆိုတော့ သူ့ဗေဒင်က ဟုတ်တုတ်တုတ်။

တနေ့ စခန်းကို တမူးက ကိုတင်ဝင်း(လူ့ဘောင်သစ်ပါတီ) နဲ့ ကလေး၊ ကလေးဝ၊ မုံရွာဘက်က လူသစ်တချို့ ရောက်လာပါတယ်။ သူတို့လာတဲ့အချိန် စခန်းမှာ လူတော်တော်များများက စိတ်လေနေတဲ့အချိန်ပါ။ လူသစ်တွေလာပြီဆိုရင် ဘာပဲဖြစ်ဖြစ် စိတ်ပြန်တက်ကြွတတ်ပါတယ်။ အဲဒီနေ့မှာ ကျနော်နဲ့ ဗမာပြည်ကနေ တလှေထဲအတူစီးပြီး နယ်စပ်ထွက်လာတဲ့ စစ်သင်တန်းမှူး ကိုညီညီလွင်က “ကိုညို အပြင်ထွက်ရအောင်၊ ကျနော် ခြင်ထောင်ရောင်းရတဲ့ပိုက်ဆံရှိတယ်” ဆိုပြီး ခေါ်ပါတယ်။ ညီညီလွင် စိတ်ညစ်နေပြီဆိုတာ ကျနော် သဘောပေါက်တယ်။

တလောတုန်းကလည်း လူသစ်တချို့ရာက်လာပြီး ဆရာမန်းမြင့်ဆိုင်က တာဝန်ပေးထားတယ်ဆိုတဲ့ အသက် ၅၀ ဝန်းကျင်လူကြီးတယောက်က “အထူးစစ်သင်တန်းပေးမယ်၊ အခုဟာ ဗိုလ်သင်တန်းဖြစ်တယ်၊ သင်တန်းသားတွေအားလုံး မိမိကိုယ်မိမိ ဗိုလ်လောင်းတွေအဖြစ် ခံယူပါ” ဆိုပြီး ခပ်တည်တည်နဲ့ အခြေခံစစ်ပညာသင်တန်းတွေ ပြန်ပေးတယ်။ ရဲဘော်တချို့က အရင်က တက်ခဲ့တဲ့သင်တန်းတွေကရောလို့ စောဒကတက်တော့ “အရင်ဟာတွေမေ့ထားလိုက်အခုဟာ ဗိုလ်သင်တန်းဖြစ်တယ်” လို့ ခပ်တည်တည်ပြောတော့၊ ကျနော်တို့အားလုံး ဟာသတွေဖြစ်ကုန်ပြီး အဲဒီသင်တန်းကို မတက်ကြတော့ဘူး၊ စခန်းကလူတယောက်နဲ့ တယောက်ကိုလည်း နာမည်ရှေ့မှာ ဗိုလ်တွေတပ်ခေါ်ပြီး ပျက်ရယ်ပြုကြတယ်။ အဲလိုအခြေအနေဖြစ်ပြီး တပ်ပျက်နေချိန် ဒေါက်တာမန်းမြင့်ဆိုင်က အခုတခါ လူသစ်တွေထပ်လွှတ်ပြီး ဘာကြံအုံးမလဲမသိဘူးဆိုပြီး တွေးနေရင်း ကျနော်တို့ စိတ်တွေလေနေတယ်။ မပျော်ဘူး။ သင်တန်းမှူး ညီညီလွင်က ပိုခံစားရမှာပေါ့လေ။

ဒီလိုနဲ့ ညီညီလွင်နဲ့ ကျနော် ဘတ်စ်ကားတစီးပေါ် ခပ်တည်တည်တက်လိုက်သွားတယ်။ ကားပေါ်မှာ စခန်းက ရဲဘော်တချို့လည်း ပါတယ်။ ပါလဲမြို့ လမ်းခွဲရောက်တော့ ကိုယ့်စခန်းက လူတော်တော်များများ ဆင်းသွားတယ်။ ဒီနေရာ အရင်က ကျနော်တို့နှစ်ယောက်လုံး တခါမှမရောက်ဖူးဘူး။ ကျနော်က ဆင်းမယ်လုပ်တော့ ညီညီလွင်က ကျောကိုလက်ကုတ်ပြီး မဆင်းနဲ့လို့ အသိပေးတာကြောင့် ဆက်စီးသွားတယ်။ ကားက မြို့တမြို့ရောက်သွားတော့ ဆက်မသွားတော့ဘူး၊ ကျနော်တို့လည်း ဆင်းလိုက်တယ်။ ဆိုင်းဘုတ်တွေလိုက်ဖတ်ကြည့်တော့ မြို့နာမည်က Kakching ပါ။ ကျနော်တို့စခန်းရှိတဲ့ Chandal မြို့နယ် မြောက်ဘက်ကျတဲ့ Thoubal မြို့နယ်ထဲက မြို့လေးတမြို့ပါ။

“အစားမတော် တလုတ်၊ အသွားမတော် တလှမ်း” ဆိုတဲ့စကားပုံနဲ့ ကျနော်တို့ ကွက်တိပါပဲ။ ထမင်းစားချိန်ဆိုတော့ ညီညီလွင်က ဗိုက်ဆာတယ် ထမင်းစားရအောင်ပြောတာကြောင့် လမ်းဘေးက ကသဲဆိုင်တဆိုင် ဝင်လိုက်ပါတယ်။ ကျနော်တို့ အခုလို အပြင်ထမင်းဆိုင်မှာ တခါမှ မစားဖူးဘူး။ နှစ်ယောက်လုံး ကသဲစကားလည်း ကောင်းကောင်းမတတ်ပါဘူး။ အင်္ဂလိပ်လိုပဲ ဝက်သား ၂ ပွဲနဲ့မှာပြီး ချပေးတဲ့ ပဲဟင်းတခွက်၊ အိဒုံးဗတ် လို့ခေါ်တဲ့ ရွှေလှံဘိုငြုပ်သီးစပ်စပ်နဲ့ ကသဲ အသုတ်ဟင်းရယ်၊ ဟင်းရွက်တခွက်ရယ်နဲ့ အပီအပြင်စားပါတယ်။

“အရက် ရမလား မသိဘူး၊ တခွက်စီလောက်ချရအောင်” ကျနော်က ပြောပြောဆိုဆို ဆိုင်ရှင်ကိုမေးကြည့်တော့ ကသဲအရက် ၂ ခွက်လာချပေးတယ်။ နှစ်ယောက်သား အရက်ရှိန်လေးနဲ့ စခန်းကခံစားချက်တွေ တယောက်နဲ့တယောက် ရင်ဖွင့်ကြတယ်။ အဲဒီအချိန် ဆိုင်မှာထိုင်နေတဲ့ ကသဲတယောက်က ကျနော်တို့စားပွဲနားကပ်လာပြီး ဘယ်က လာကြတာလဲ၊ ဘာအလုပ်လုပ်လဲဆိုပြီး စပ်စုပါတယ်။ ကျနော်ကလည်း ချန်ဒယ်မှာရှိတဲ့ မြန်မာဒုက္ခသည်စခန်းကပါ၊ လာလည်တာပါလို့ ပြန်ရှင်းပြတယ်။ အဲဒီကသဲလည်းအပြင်ထွက်သွားပါတယ်။

ကသဲ ဝက်သားဟင်းကလည်း သိပ်ကိုစားလို့ကောင်းပါတယ်။ “နောက်ထပ် ဝက်သားတပွဲမှာဗျာ” ညီညီလွင်က အားမရလို့ နောက်တပွဲမှာပြီး မြိန်ရေရှက်ရေစားပါတယ်။ ဝက်သားခွက်ထဲကအသားတွေ ကုန်အောင်မစားရသေးဘူး၊ ဆိုင်ထဲကို ရဲ ၃ ယောက်ဝင်လာပါတယ်။ ကသဲလို “မင်းတို့ ဘယ်ကလဲ၊ ဘယ်သူတွေလဲ” လို့ မေးပါတယ်၊ ပြီးတော့ အရက်ခွက်ကို တချက်နမ်းကြည့်ပြီး ကျနော်တို့ စားလက်စ ခွက်တွေရော၊ ပန်းကန်တွေကိုရော သူ့လက်ထဲက တုတ်နဲ့မွှေ့ရမ်းမှောက်သွန်လိုက်ပါတယ်။ ပြီးတော့ ကျနော်တို့နှစ်ယောက်ရဲ့ လက်မောင်းတွေကို ခပ်ကြမ်းကြမ်းဆွဲကိုပြီး ဆိုင်အပြင်ကို ခေါ်ထုတ်သွားပါတယ်။ ကျနော်တို့ရှင်းပြနေတာလည်း နားမထောင်ပါဘူး၊ ဆိုက်ကား ၂ စီးပေါ်တင်ပြီး ရဲစခန်းကို ခေါ်သွားပါတယ်။

ရဲစခန်းရောက်တော့ ရုံးခန်းတခုထဲခေါ်ပြီး စစ်ဆေးပါတယ်။ ကျနော်တို့ကလည်း အင်္ဂလိပ်စကားနဲ့ ဒုက္ခသည်စခန်းကဖြစ်ကြောင်း၊ အပြင်ခဏ ဈေးဝယ်ထွက်လည်ပြီး ထမင်းစားတာဖြစ်ကြောင်း ပြောပါတယ်။ စခန်းမှူးက မင်းတို့ အရက်သောက်တယ်မို့လား၊ ဒီမှာ အရက်မရောင်းရဘူး၊ မသောက်ရဘူးဆိုတာ မသိဘူးလားလို့ မေးပါတယ်။ ပြီးတော့ ကျနော့်ကိုသေချာကြည့်ပြီး ဘာအလုပ်လုပ်လဲဆိုတာ မေးပါတယ်။

ကျနော် နောက်မှ သဘောပေါက်သွားပါတယ်။ မဏိပူရမှာ အရက် တရားဝင်မရောင်းဘူး၊ အိန္ဒိယမှာ အရက် မရောင်းရတဲ့ပြည်နယ်တချို့ ရှိပါတယ်။ ဥပမာ- မီဇိုရမ်၊ မဏိပူရ၊ နာဂလင့်ပြည်နယ်တွေမှာ လက်နက်ကိုင် သူပုန်တွေကအစ အရက်ကို ပိတ်ပင်ထားပါတယ်။ နောက်တခုက ကျနော့်ပုံစံပါ။ မဖီးမသင်တဲ့ဆံပင်ကရှည်ပြီး ဂုတ်ပေါ်ဝဲနေပါတယ်။ အဟာရချို့တဲ့မျက်နှာနဲ့ အသားအရောင်က မွဲခြောက်ခြောက်၊ မဲကြုတ်ကြုတ်၊ နှုတ်ခမ်းမွှေးကားကား ရှုနာရိုက်ကုန်း ပုံစံဆိုတော့ မသိတဲ့လူကတော့ ဘိန်စားလို့ မလွဲမသွေ ထင်မှာပဲ။ ဗမာစကားတွေကျယ်ကျယ်ပြောနေတော့ အစောတုန်းက ဆိုင်ထဲမှာလာစပ်စုတဲ့ ကသဲက သတင်းသွားပေးတာဖြစ်မယ်။ အဲဒီအချိန်တုန်းက မြန်မာပြည်ကနေ နယ်စပ်ဖြတ်ပြီး ဘိန်းရောင်းသူတွေလည်းရှိနေတော့ ကျနော့်ကို ဘိန်းဖြူရောင်းတဲ့ကောင်လို့လည်း ထင်ချင်ထင်နိုင်ပါတယ်။

ရဲစခန်းအချုပ်တိုက်ထဲမှာ တညအိပ်ရပါတယ်။ တမံတလင်းပေါ် ခြုံစောင်ပါးပါး နံနံစော်စော် တထည်စီနဲ့ နှစ်ယောက်သား ကွေးရပါတယ်။ စိမ့်အေးနေလို့ အိပ်မရပါ။ ည ၁၁ နာရီလောက်မှာ အချုပ်တိုက်ခန်းထဲ ပွစိပွစိစကားများနေတဲ့ လူတယောက် ဝင်လာပါတယ်။ တညလုံး ဆူဆူညံညံနဲ့ အော်ဟစ်စကားပြောနေပါတယ်။ အခန်းကလည်းမှောင်မဲနေတာ၊ ကိုယ့်လက်တောင် ကိုယ်မမြင်ရဘူး။ လုံးဝအိပ်မရဘူး၊ မြန်မြန်မိုးလင်းစေချင်တဲ့ စိတ်ပဲရှိနေတယ်။ မနက် ၆ နာရီမှာ တံခါးလာဖွင့်တယ်။ ညက ပူညံပူညံတယောက်ကိုတော့ ဆက်ချုပ်ထားပါတယ်။ နောက်မှသိရတာက အဲဒီလူက အရူးတဲ့။ တော်သေးတာပေါ့၊ ညက စိတ်ဖောက်ပြီး မှောင်မဲမဲထဲ လည်မြိုထညှစ်ရင် ခံရအုံးမှာ။

ရဲက ကျနော်တို့နှစ်ယောက်ကို လက်ဖက်ရည်ဆိုင်ခေါ်ပြီး လက်ဖက်ရည်နဲ့ မုန့်ကျွေးပါတယ်။ ကျနော်တို့အပေါ် ရဲစခန်းက လူတွေက ကောင်းကောင်းဆက်ဆံပါတယ်။ တနေကုန် စခန်းဝင်းထဲ လွတ်လွတ်လပ်လပ် နေခိုင်းတယ်။ ထမင်း ကောင်းကောင်းကျွေးတယ်။ သူတို့ စတင်းဂမ်းနဲ့ ရိုင်ဖယ်သေနတ်တောင် မကိုင်ဘူးလို့ ကိုင်ခိုင်းတယ်။ မောင်းတင်နည်းတွေ ဘာတွေတောင် ပြလိုက်သေးတယ်။

စခန်းမှူးကလည်း ချန်ဒယ်က ကျနော်တို့စခန်းရှိရာ အမှတ် ၈ မဏိပူရ ရိုင်ဖယ်တပ်ရင်းမှူးကို လှမ်းဆက်သွယ်တယ်။ ကျနော်တို့ ၂ ယောက်ကို လာခေါ်ဖို့ အကြောင်းကြားထားကြောင်းလည်း ပြန်ရှင်းပြတယ်။ ချန်ဒယ်ရဲစခန်းက လာခေါ်ရင် အဲဒီကတဆင့် စခန်းကိုပြန်လွှဲပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် တရက်လည်း လာမခေါ်၊ တပတ်လည်းလာမခေါ်နဲ့ ရက်တွေကြာလာပြီ။ နေ့ဆို ရဲစခန်းဝင်းထဲနေ၊ ညပိုင်းဆို တိုက်ခန်းထဲအိပ်ပေါ့။ ညညဆို အပြင်က ဝိုင်းဖွဲ့ဆိုတဲ့ ယေရှုဂုဏ်တော် ကျူးရင့်တဲ့ ကယ်ရိုအဖွဲ့တွေရဲ့ ခရစ်ယာန်ဓမ္မတေးသံတွေကြားရတော့ ခရစ်စမတ်အချိန်တောင် ရောက်ခါနီးနေပါလားလို့ သွားတွေးမိတယ်။ ညတိုင်း တမံတလင်းအေးအေးမှာ စောင်ပါးလေးခြုံပြီး ဇာတိမြေကိုလွမ်းရင်း အိပ်မပျော်ဘူး။

တနေ့မှာ ရဲအရာရှိတယောက် ရောက်လာတယ်။ ကျနော်တို့ ဒုက္ခသည်စခန်းမှာတုန်းက ကသဲစစ်တပ်က အရာရှိမို့ တယောက်နဲ့တယောက် မျက်နှာတမ်းမိကြတယ်။ သူက ကျနော်တို့ကို စိတ်မပူဖို့ မင်းတို့ကို ဒုက္ခသည်စခန်းထက် ကောင်းမွန်တဲ့နေရာကို ပို့ပေးမယ့်အကြောင်း ပြောတယ်။ ကျနော်တို့က ဘယ်လဲမေးတော့ အင်ဖား ဗဟိုအကျဉ်းထောင်ကိုပါတဲ့။ ကျနော်တို့က မပို့ပါနဲ့ ဒုက္ခသည်စခန်းပဲပြန်ပို့ပါဆိုတော့ အဲဒီမှာ မင်းတို့ကို လက်မခံဘူးလို့ ရှင်းပြတယ်။ မှတ်မှတ်ရရ အဲဒီနေ့က ၁၉၈၉ ဒီဇင်ဘာ ၂၅ ရက် ခရစ်စမတ်နေ့ကြီးပါ။

ကျနော်တို့နှစ်ယောက်ကို ရဲက လက်ထိတ်ခတ်ပြီး ရဲကားပေါ်တက်ဖို့ပြောပါတယ်။ ကျနော်က အရာရှိဘက်လှည့်ပြီး “ကျနော်တို့ဘဝမှာ လက်ထိတ်ခတ်ခံရတာ ဒါ ပထမဆုံးအကြိမ်ပါပဲ” လို့ ပြောလိုက်တော့ ရဲအရာရှိက စိတ်မကောင်းဖြစ်သွားတယ်နဲ့ တူတယ်၊ “သူတို့လက်ထိတ်တွေ ပြန်ဖြုတ်ပေးလိုက်ပါကွာ” လို့ ရဲကို အမိန့်ပေးလိုက်တယ်။ ပြီးတော့ “မင်းတို့စိတ်မပူပါနဲ့ ထောင်ဆိုပေမယ့် ဘာမှ မလုပ်ရပါဘူး၊ ကောင်းကောင်းမွန်မွန်နေရမှာပါ တပတ်လောက်ပဲကြာမှာပါ၊ ပြန်လွှတ်ပေးမှာပါ ” လို့ ဖြေသိမ့်တယ်။

အဲဒီအရာရှိပြောတဲ့ တပတ်ဆိုတာ အတော်ကြာပါတယ်။ အသွားမတော် တလှမ်း၊ အစားမတော်တလုတ်ကြောင့် ကျနော်တို့နှစ်ယောက် မဏိပူရပြည်နယ် မြို့တော် အင်ဖားရဲ့ ဗဟို အကျဉ်းထောင်မှာ ရက်အကန့်အသတ်မရှိနေထိုင်ရဖို့ အကြောင်းဖန်ခဲ့ရတယ်။ တေးရေး ဝင်းမင်းထွေးရဲ့ ဂျစ်ပစီမိုးတိမ် သီချင်းထဲကလို ကံကြမ္မာဆိုတာ မှန်းဆလို့လည်း မသိနိုင်တဲ့ တချပ်မှောက် ပဟေဋိ ဖဲတချပ်ရဲ့အပေါ်မှာ တည်မှီနေတာမို့ အဖြေမထွက်သေးခင် ဝိုင်းသိမ်းတဲ့အချိန်အထိတော့ မျှော်လင့်ချက်နဲ့ ကူးခတ်နေရအုံးမယ့်ဘဝတွပါပဲ။

ကိုညို
၁၅၊ မေလ၊ ၂၀၁၃


 

No comments: