Wednesday, May 29, 2013

ကမ္ဘာမှာလည်း အာဏာရှင် တို့လည်းအာဏာရှင် သံစဉ်သီချင်းနဲ့ ကြီးပြင်းခဲ့ကြတဲ့ တို့လူမျိုး (ဟံသာဝတီ ဦးဝင်းတင်)

ပူလိုက်တာဗျာ။ လူတစ်ကိုယ်လုံးလည်း ငါးဖန်းမကြပ်တိုက်လို ဖြစ်နေပြီ။ ဒီကြားထဲ မိုးသံလေသံတွေ ကြားလာရတယ်။ မုန်တိုင်းသံတောင် ပါသေးသဗျ။ 

ကျုပ်လည်း ပျော်ပြုံးရာက ဝါးလုံးကွဲ ဟားတိုက်လိုက်မိပါသဗျ။ ပျော်ရာကပြုံး၊ ပြုံးရာက ဟားတိုက်မိတာကတော့ ဒီလိုကြောင့်ပါဗျာ။ ရယ်စရာ ရွှင်စရာတွေ ဆိုတာကလည်း ပေါင်းစုံဝေဖြာကြပေသကိုးဗျာ။ 

ကြားလိုက်ကြရဲ့ မဟုတ်လား။ စစ်အာဏာနန်းကျဟောင်းကြီးတစ်ဆူက သူတော့ဖြင့် ပါတီနိုင်ငံရေး လုံးဝ (လုံးဝ) မလုပ်တော့ပါဘူးတဲ့။ သာရေး၊ နာရေး၊ သာသနာရေးပဲ ဆောင်ရွက်ပါတော့မယ်တဲ့။ ဒီလိုစကားမျိုးကြားတော့ ကျုပ် ဝမ်းသာတာပေါ့။ ဝမ်းသာတော့ ဟားတိုက်မိတာပေါ့ဗျာ။ 


ကျုပ်တို့ရဲ့ မြန်မာနိုင်ငံရေးလောကမှာ ဒီလိုရယ်စရာ (အဲအဲ ပျော်စရာစကား) တွေကကြားရမြဲလေဗျာ။ ကျုပ်ကတော့ အဲဂလို စကားမျိုးတွေကြားရတိုင်း ရယ်မိတာပဲ။ ပျော်စရာကောင်းတဲ့ စကားတွေကိုးဗျာ။ ကျုပ်တို့သာ ပျော်စရာကောင်းတာ မဟုတ်ဘူးဗျ။ အချစ်ဓာတ်တွေ တကယ်ကို ဝင်းဝင်းရွှေပြီး စစ်ဖိနပ်တွေ လည်မျိုနင်းနင်းချေခံခဲ့ရဖူးတဲ့ ပြည်သူလူထုကြီးက ပိုလို့တောင် ပျော်တာပဗျာ။ 

မှန်တာပြောရရင် အဲဂလို နန်းကျအာဏာရှင်ဟောင်းတွေ အဲဂလို NO နိုင်ငံရေးစကားတွေ၊ ဟင့်အင်း နိုင်ငံရေးလေသံတွေ ပြောတိုင်း၊ ပေးတိုင်း ကျုပ်တို့ မျက်စိလည်ခဲ့ဖူးကြတာပဲဗျာ။ အမျိုးသားနိုင်ငံရေး လုပ်မယ်ပြောလိုပြော၊ သာသနာနိုင်ငံရေး လုပ်မယ်ဆိုလိုဆို၊ အမျိုးကိုစုံနေတာပဲဗျာ။ ကျုပ်ဖြင့် မျက်စိသူငယ် နားသူငယ်၊ ဘယ်လိုတွေလဲဗျို့လို့ ဟစ်ခဲ့ရတဲ့အကြိမ်ပေါင်းက နည်းမှတ်လို့။ 

အခု နန်းကျ အာဏာရှင်ဟောင်းကြီးတစ်ယောက် လေသံအသစ်ဖောက်လာတာကို ကျုပ်ကတော့ ကြိုဆိုသဗျာ။ အဲ ... ကျုပ်ပြောချင်တာလေး တစ်ခွန်းတော့ရှိသပေါ့ဗျာ။ အဲဒီတစ်ခွန်းက “ပြောမယ့်ပြော နလပိန်းတုံးလူထုကြီး နားကြောတစ်ထောင် စိမ့်သွားအောင် ပြောရော့ပေါ့ဗျာ။ စစ်နိုင်ငံရေး၊ အာဏာနိုင်ငံရေး၊ ပါတီနိုင်ငံရေး၊ ငါဆရာနိုင်ငံရေး၊ ခွေးချီလာတောင် ကောက်မဝါးတော့ပါဘူးဗျို့” လို့ ပြတ်ပြတ်သားသားကြီး ပြောလိုက်ရောပေါ့ဗျာ” 

အဲဂလိုစကားကြားရလို့ လံကဓောလောကဓံသား ကျုပ်တို့ လန်ငရုပြဲ လူးငရဲပြန်တွေ အူတက်လို့ လူသက်ပါ ပျောက်ချင်ပျောက်ပါစေဗျာ။ ကြားချင်ရိုး အမှန်ပါ။ 

ပျော်စေ ပြက်စေပါဗျာ။ ဗိုလ်ချုပ်ကြီးတို့လို ပုဂ္ဂိုလ်တွေ အဲဂလို သစ္စာစကားဆိုသံ၊ ဖိန်းသံကြားတော့ တကယ်ဝမ်းသာတာပါ။ 

ဗိုလ်ချုပ်ကြီးလို ချုပ်ကြီးတွေ၊ မှူးကြီးတွေ၊ ချုပ်မှူးကြီးတွေဆီက အဲဂလိုသစ္စာစကားတွေကို ကျုပ်တို့ပြည်သူတွေက ကြားချင်နေတာဗျ။ အဲဂလို စကားမျိုးတွေကို ဦးပုညရေးခဲ့သလို မေတ္တာသုတ် တစ်ပုဒ်လုံး ပုဒ်မပါကျုံးပြီး ဝုန်းလိုက် ဖြုန်းလိုက်ကြစမ်းပါဗျာ။ 

ဗမာလူမျိုးအချင်းချင်းတွေပဲဗျာ။ ရှင်းရှင်းနဲ့ ဘွင်းဘွင်းပေါ့။ ဒီလိုများ မပြောချင်ဘူးလား။ 

 “ကဲ... ကဲ ကိုယ့်ပြည်သူတို့ လွန်တာရှိ ဝန္ဒာမိပေါ့ဗျာ။ ဗဲရီးဆောရီး တောကြီးမြိုင်လယ်ပါပဲ။ ခွင့်လွှတ်ပေတော့ဗျို့။ နောင်များတော့ ရှောင်ရှားပေါ့ကွယ်။ စစ်နိုင်ငံရေး၊ အာဏာနိုင်ငံရေးအတွေးနဲ့တောင် မပြစ်မှား၊ အားလုံးယုံစားကြစေချင်တယ်” ဘာညာပေါ့ဗျာ။ 

အဲဂလိုစကားမျိုးကို ဟိုအာဏာရှင်ပဂေးကြီးတွေ၊ ပဂေလေးတွေ၊ ပဂေးပိစိကွေးတွေ၊ ပဂေးချာတိတ်တွေ အားလုံးအားလုံး စကားကြွေးမချန်ဘဲ ဖွင့်အန်ပြောကြစေချင်သပေါ့ဗျာ။ 

ဟိုတစ်လောက် အဲဒီပဂေးကြီးတွေရဲ့ အိမ်တော်ပါပဂေးလေးပြောတဲ့စကား ကြားယောင်နေပါသေးတယ်။ 

သူ့အပြောက အဲဒီအာဏာပဂေး ပါဝါဆွေးကြီးတွေခမျာ ချစ်သူဝိုင်းဝိုင်းလည်နေ ဆိုပါလား။ ချစ်သူ၊ ခင်သူ၊ ကြည်ဖြူသူ၊ ဆည်းကပ်သူ၊ ကိုးကွယ်သူတွေ အသင်္ချေအနန္တ ဆိုပါလား။ ဗမာအစ ကျောက်ဆည်က ဆိုတာ မှန်စရာရှိတယ်။ ဗမာဂါရဝ ပုဂံကဆိုတာလည်း မှန်စရာရှိတယ်။ ဒီခေတ်အထိ ဗမာတွေ ကျောက်ဆည်နတ်ဆိုး ကိုးကွယ်တုန်းပေကိုး။ ပုဂံအရည်းဆိုး ဆည်းကပ်တုန်းပေကိုး။ 

ကျုပ်ကတော့ ယုံသွားပြီ။ ဒီအဆိုတွေ မှန်နိုင်တယ်။ တခြားမကြည့်နဲ့ဗျာ။ ဒီနေ့အထိ ကျုပ်တို့နိုင်ငံ ဘယ်သူတွေ စိုးမိုးအုပ်ချုပ် မင်းလုပ်စံမြန်းနေကြသလဲ။ အာဏာရှင်ခေတ်အိမ်ရှေ့ရာဇာ သေနာပတိ ဝန်ကြီး၊ ဝန်ငယ်တွေ စိုးစံနေတာ မဟုတ်လား။ ကျုပ်တို့ ကြည်ဖြူလေးစား ဘုရားငယ်တစ်ပါးလို တဟားဟား တဟီးဟီး ဘာကြီးညာကြီး လုပ်နေတဲ့ အကြီးအချုပ်ပုဂ္ဂိုလ်ကြီးက စစ်အာဏာပဂေးခေတ်က မင်းလုပ်စိုးအုပ်ဝန်တစ်ဆူ ချုပ်ခဲ့သူမဟုတ်လား။ 

ကျုပ်တို့ဗမာတွေ ကမ္ဘာနဲ့မတူတစ်မူထူးကာ အဲဒါပဲဗျ။ လစ်ဗျားလိုနိုင်ငံမှာ အာဏာရှင် ကဒါဖီခေတ် ဝန်ကြီး၊ ဝန်ငယ်တွေကို ဒီမိုကရေစီ အပြောင်းအလဲခေတ်အစိုးရတွေမှာ အနားတောင်သီခွင့်မပေးဘူးဗျ။ ရာထူးရာခံနဲ့ စိုးစံမင်းမူခွင့်ပေးဖို့ဆိုတာ ဝေလာဝေး။ 

ကျုပ်ကတော့ ဗမာနည်းပဲ ကြိုက်သဗျာ။ ဟေ့ကမ္ဘာ့ကောင်တွေ ဗာလချောင် လာမလုပ်ကြနဲ့။ တို့ကတော့ တို့နည်းနဲ့ တို့ပဲ။ ဒီမိုး ဒီလေ ဒီလူတွေနဲ့ ဒီမင်း ဒီစိုး ဒီဟိုဒင်းနဲ့ဆိုတာပဲ ကြိုက်တယ်ကွာ။ ဂုဏ်ယူတယ်ကွာ။ ဘာဖြစ်သေးလဲ။ ဟဲ ဟဲ ဟဲ။ ဟေ့ တို့ခေတ်သစ်ရွှေနိုင်ငံမှာ ထီးရိုးနန်းရိုးမဟုတ်တဲ့ ငါ့တပါး မင်းခွေးချေးတွေ မပေါ်ဘူးကွ။ ဘေးတော်အစဉ် ဘိုးတော်အဆက် မင်းအာဏာ အာဏာမင်းတွေပဲ စိုးစံတော်မူသကွာ။ 

ကျုပ်လာစမ်းလို့ကတော့ ဒီအတိုင်း ဘွင်းဘွင်းပြောပစ်လိုက်မှာပေါ့။ ဘာရမလဲကွယ်။ 

ကျုပ်တို့ ‘ကမ္ဘာမှာလည်း အာဏာရှင် တို့လည်းအာဏာရှင်’ ဆိုတဲ့ နိုင်ငံရေးသံစဉ်သီချင်းနဲ့ ကြီးပြင်းလာခဲ့တဲ့ လူမျိုးမဟုတ်လား။ ဟား... ဟား... ဟား။ ။ 

ဟံသာဝတီ ဦးဝင်းတင် 
ဒီလှိုင်း ဂျာနယ်၊ အတွဲ (၂)၊ အမှတ် (၁၉) 


 

No comments: