Sunday, May 26, 2013

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား - ၁၉ (ကိုညို)

“မင်းက ဘယ်ကလဲ” 
“ဗမာပြည်က” 
“မင်းက သူခိုးပဲ” 
“ကျနော် သူခိုး မဟုတ်ဘူး၊ တော်လှန်ရေးသမား” 
“မင်းဟာ ငါတို့နိုင်ငံကို ခိုးပြီးဝင်လာတာဖြစ်တယ်၊ အဲဒီတော့ သူခိုးပဲ” 
“ခိုးဝင်လာတာ မဟုတ်ဘူး၊ ရာဂျစ်ဂန္ဒီ ခေါ်လို့လာတာ၊ ဒုက္ခသည်စခန်းမှာ နေတာပဲ တနှစ်လောက်ရှိပြီ” 

အင်ဖားထောင်ဘူးဝက ကုလားထိုင်မှာထိုင်နေတဲ့ အသက် ၅၀ ကျော် အသားညိုညို တုတ်တုတ်ခိုင်ခိုင်ထောင်မှူးကြီးနဲ့ ငုတ်တုတ်ထိုင်နေတဲ့ အကျဉ်းသားတွေထိပ် ကျနော်တို့ အင်္ဂလိပ်လို အချီအချပြောကြတာပါ။ ထောင်မှူးကြီးရုပ်က ငယ်ငယ်တုန်းကကြည့်ဖူးတဲ့ ဂျပန်အက်ရှင်ကားတွေထဲက မင်းသားကြီး ဆန်နီချေးဗားလို မျက်ခုံးထူထူ မေးရိုးကားကား ယောင်္ကျားပီသတဲ့ရုပ်ရည်မျိုးပါ။ ကျနော်က ထောင်မှူးကို နှုတ်လန်ထိုးနေတာ ထောင်မှူးက ခပ်ပြုံးပြုံးပေမယ့် ကျနော့်ရှေ့ နားက မဏိပူရရဲက သိပ်ကြိုက်ဟန်မတူဘူး။ တချက်မာန်ပြီး စကားဆက်မပြောဖို့ လှမ်းဟောက်လိုက်ပါတယ်။ 


အဲဒီ ထောင်မှူး နောက်ပိုင်းမှာ ထောင်ထဲဝင်ရင် “ဟေ့ ဗမာ ... နေကောင်းလား” ဆိုပြီး နှုတ်ဆက်တတ်ပါတယ်။ ကျနော်နဲ့ ညီညီလွင် Kakching ရဲစခန်းမှာ ၁၀ ရက်လောက်နေခဲ့ရာက ဒုက္ခသည်စခန်းက ပြန်လည်လက်မခံတဲ့အတွက် (အမှန်တော့ စခန်းကို ထိန်းချုပ်တဲ့ အမှတ် ၈ ရိုင်ဖယ်တပ်ရင်းက တပ်ရင်းမှူးက လက်မခံတာ ဖြစ်တယ်) နောက်ဆုံး အင်ဖားမြို့မှာရှိတဲ့ မဏိပူရ ဗဟိုအကျဉ်းထောင် (MCJ- Manipur CentralJall) ကို ပို့လိုက်တာ ဖြစ်တယ်။ ထောင်ထဲမထည့်ခင် Thoubal မြို့နယ် တရားရုံးမှာ ကျနော်တို့ကိုခေါ်လာတဲ့ရဲတွေက တရားစွဲပါတယ်။ ပုဒ်မ ၁၄ (စ) တရားမဝင် နယ်စပ်ဖြတ်ကျော်မှုပါ။ အမှန်တော့ ကျနော်တို့ တရားဝင် ဒုက္ခသည်စခန်းမှာနေတာပဲ တနှစ်လောက်ရှိနေပါပြီ။ 

ထောင်ဘူးဝမရောက်ခင် တကြိမ်၊ ထောင်ဘူးဝမှာ တကြိမ်၊ သံတံခါးနှစ်ဆင့်ကျော်ပြီး နောက်ဆုံးသံတံခါးတခုကို ရောက်တယ်။ အဲဒီမှာ အကျဉ်းထောင်ရုံးခန်းနဲ့ ထောင်ဝင်စာတွေ့နိုင်တဲ့ရုံးခန်းထဲမှာ နောက်ဆုံးအနေနဲ့ နာမည်နဲ့ အဖနာမည် ပြန်စစ်ဆေးပြန်တယ်။ ခန္ဓာကိုယ်လည်း ထပ်ပြီးစစ်ဆေးပြန်တယ်။ ဓာတ်ပုံရိုက် အရပ်တိုင်းပြီး ဆံပင်၊ မျက်လုံး၊ ခန္ဓာကိုယ်က အမှတ်အသား သေချာစစ်ပါတယ်။ ဖိနပ်ကြိုးနဲ့ ခါးပတ်တွေလည်း သိမ်းပါတယ်။ ထောင်ထဲ ကြိုးဆွဲချ လုပ်ကြံမှုကို ကာကွယ်တာပါ။ ပိုက်ဆံပါရင် ပိုက်ဆံအပ်ထားရပါတယ်။ ကိုယ်လိုအပ်ရင် (တပတ်တခါ) ထောင် ကင်တင်းအရောင်းဆိုင်က ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ ဘီစကစ်မုန့် စတာတွေ ဝယ်လို့ရပါတယ်။ ထောင်ဝတ္တုတွေထဲကလို “ဂျိမ်း” ခနဲ ကျွိခနဲ သံတံခါး အဖွင့် အပိတ်သံတွေက တော်တော့ကို နားကြားပြင်းကပ်စရာပါ။

နောက်ဆုံး တခါးဖွင့်ပေးအပြီး ရဲက ကျနော်နဲ့ ညီညီလွင်ကို အကျဉ်းသားအဆောင်တွေဘက် ခေါ်သွားပါတယ်။ အကျဉ်းဆောင်က ကိုက် ၁၀၀ ကျော်အကျယ်အဝန်းရှိတဲ့ ပစောက်ပုံ တထပ်ဆောင်တွေပါ။ အဆောင် ၂ ခုကို အလယ်မှာ သွပ်ပြားတွေနဲ့ကာပြီး ၃ ပိုင်း ပိုင်းထားတယ်။ အရှေ့ဆုံးအပိုင်းမှာ အဆောင်တခုပဲရှိတယ်။ အသက်အရွယ်ကြီးသူတွေ များတယ်။ ယာဘက်အခြမ်း အဆောင် ၂ မှာတော့ တိုက်ခန်း ၂ ခန်း ရှိတယ်။ အလယ်မှာ လူသွားလမ်းနဲ့ ရေအမြဲပြည့်နေတဲ့ ရေချိုးကန်ကြီးရှိတယ်။ သွပ်ပြားကာထားတဲ့ ဝဲဘက်အခြမ်းမှာလည်း ယာဘက်အခြမ်းလိုပဲ ရေချိုးကန်နဲ့ တိုက်ခန်း ၃ ခန်း ရှိတယ်။ ကျနော်တို့နှစ်ယောက်ကို အဆောင် ၁ အခန်းထဲ ခေါ်သွားတယ်။ အခန်းက ပေ ၂၀× ပေ ၃၀ ကျယ်မယ် ခန့်မှန်းတယ်။ 

ကျနော်တို့ အခန်းရှေ့ သံတိုင်တံခါးဝရောက်တာနဲ့ “ဟေ့ မောင်ညိုလား ... မောင်ညိုမို့လား” ဆိုပြီး ဗမာလိုခေါ်တဲ့အသံ ကြားလိုက်တော့ ရုတ်တရက် အံ့သြသွားတယ်။ ဟုတ်တယ် ... ဦးဇင်း ဦးနန္ဒာသီရိပါ။ ဦးအောင်ချမ်း ခေါ် ဦးနန္ဒာသီရိပါ။ ဦးဇင်းဆိုပေမယ့် သင်္ကန်းတော့ မဝတ်ပါဘူး။ အသားဖြူဖြူ၊ အရပ်ပြတ်ပြတ်၊ ဥပဓိကောင်းကောင်း ကတုံးနဲ့ မျက်မှန်တပ်ထားတယ်။ ကျနော်တို့ဝင်လာတာနဲ့ အထဲက ကသဲအကျဉ်းသားတွေအနားကို ဝိုင်းလာတယ်။ တယောက်တပေါက် ဟိုမေးဒီမေး၊ စလိုက် ပြောင်လိုက် ရယ်မောလိုက်နဲ့ တချို့က တွန့်လိမ်ခွေကောက်ပြီး ဂုတ်ပေါ်ဝဲနေတဲ့ ကျနော့် ဆံပင်ရှည်ကို ဆွဲလိုက် ကိုင်လိုက်လုပ်နေတယ်။ ကျနော်တို့နှစ်ယောက်ကတော့ ဟိုကြည့် ဒီကြည့် မျက်လုံးလေး ကလယ်။ အမဇုံတောထဲက လူရိုင်းတွေအကြား မျက်စေ့လည်ပြီး ရောက်သွားသလိုမျိုး။ 

ဦးဇင်းကြီးကတော့ “Thay are my party” (သူတို့ ငါ့အဖွဲ့တွေ) လို့ ရှင်းပြနေတယ်။ တကယ်တော့ ဦးဇင်း ဦးနန္ဒာသီရိ က ဖဆပလခေတ်က နိုင်ငံရေးသမားဟောင်းကြီး။ ဆိုရှယ်လစ် ပါတီကပါ။ ၈၈ အရေးတော်ပုံအပြီး အိန္ဒိယဘက်က ကူညီနေတယ်ဆိုတဲ့ သတင်းတွေကြားပြီး သင်္ကန်းဝတ်ကြီးနဲ့ စွန့်စားထွက်လာခဲ့တာပါ။ မိုးရေးရောက်တော့ မိုးရေးဘုန်းကြီးကျောင်းမှာ သီတင်းသုံးရင်း အခြေအနေကို အကဲခတ်လေ့လာနေခဲ့တယ်။ ဆရာမန်းမြင့်ဆိုင်နဲ့ တွေ့တယ်။ ဦးဇင်းနဲ့ နိုင်ငံရေးအယူအဆတွေက မတူဘူး။ သဘောထား မတိုက်ဆိုင်ဘူး။

ပြီးတော့ မိုးရေး ဘုန်းကြီးကျောင်းကိုရောက်လာတဲ့ ရှမ်းပြည်က နီပေါလူမျိုး ဘုန်းကြီးတပါး (နောက်ပိုင်း လူထွက်သွားတော့ ပေါပေါကြီးလို့ လူသိများတယ်) လည်းရောက်လာတော့ ဦးဇင်း၂ ပါးက နယူးဒေလီထိ ရောက်သွားတယ်။ ဒေလီမှာ ဦးမောသီရိ (အော်လ်အင်ဒီးယား ရေဒီယို)၊ ဒေါ်သန်းသန်းနု (ဝန်ကြီးချုပ်ဟောင်း ဦးနုသမီး) တို့နဲ့တောင် တွေ့ခဲ့သတဲ့။ နောက်တော့ ဘုန်းကြီး ၂ ပါး ငွေရေးကြေးရေးကိစ္စတွေနဲ့ ကတောက်ကဆ ဖြစ်တယ်။ ဒေလီက လူကြီးတွေနဲ့ အဆင်မပြေဖြစ်တယ်။ နောက်ဆုံး လူဝတ်လဲသွားကြတယ်။ ပြီးတော့ နယူးဒေလီကနေ နယ်စပ် ပြန်ရောက်လာတယ်။ သူတို့ဇာတ်လမ်းတွေကလည်း ခပ်ရှုပ်ရှုပ်ပဲ။ 

ဗမာပြည်ပြန်မယ်လုပ်တော့ ဆရာမန်းက ဘုန်းကြီးလူထွက် ဦးအောင်ချမ်းကို မသင်္ကာဖြစ်ပြီး ရဲကိုတဖက်လှည့်နဲ့ ဖမ်းခိုင်းတယ်။ ဦးဇင်း ဦးအောင်ချမ်းက ကျနော်တို့ရှိနေစဉ် စခန်းကို ရောက်လာတယ်။ ရက်အနည်းငယ်ကြာတော့ စခန်းကနေ (ဆရာမန်းနဲ့ ဒေါက်တာအောင်ကျော်ဦးတို့ အစီအစဉ်နဲ့) ချန်ဒယ် ရဲတွေ လာခေါ်သွားတယ်။ အဲဒီနောက် အင်ဖားထောင်ကိုရောက်သွားတာပါ။ ထောင်ထဲရောက်တော့ ကျနော်တို့ ပိုင်ဆိုင်တာက မဲညစ်ညစ် စောင်ပါး ၃ ထည်၊ ပုံစံခွက် ဒန်ထမင်းပန်းကန်တချပ်၊ ဟင်းထည့်တဲ့ စတီးပုဂံလုံးတခွက်၊ ရေခွက်တခွက်ပဲ ဖြစ်ပါတယ်။ ပြန်ထွက်ရင် အတိအကျပြန်အပ်ရမယ်လို့ ရဲက မှာထားပါတယ်။ 

ကျနော်တို့ထောင်ထဲဝင်တဲ့နေ့က ခရစ်စမတ်နေ့မို့ စပယ်ရှယ်ညစာနဲ့ တိုးပါတယ်။ ငါးဟင်းကြော်ချက်၊ ပဲဟင်း၊ အသီးအရွက်ပေါင်းကြော်နဲ့ အီဒွန်းဗတ်လို့ခေါ်တဲ့ ကသဲဟင်းတို့ ဖြစ်တယ်။ ပန်းသီးတလုံးလည်း ပေးပါတယ်။ ည ၉ နာရီ ဆို အိပ်ချိန် ဖြစ်ပါတယ်။ အခန်းကပေ ၂၀×၃၀ ဆိုပေမယ့် ဘေးပတ်ပတ်လည်နဲ့ အလယ်နေရာတွေအားလုံး လူတွေပြည့်နေပြီ။ အခန်းဒေါင့်လေးမှာ ရေလောင်းအိမ်သာရှိတယ်။ အုတ်ခုံလှေခါးနှစ်ထစ်နဲ့ အပေါ်ပိုင်းကျကျလေးမှာပါ။ အိမ်သာသွားတဲ့လမ်းနားမှာ လွတ်နေတယ်။ ညီညီနဲ့ ကျနော့်ကို အဲဒီမှာပဲ ကသဲတန်းစီးက နေရာချပေးတယ်။ 

အိမ်သာက သန့်ရှင်းပြီး အနံ့အသက်မရပေမယ့် တပိုတပါးသွားချင်သူတွေက ခေါင်းရင်းကနေ ဖြတ်ဖြတ်နေတာရယ်၊ အိမ်သာတံခါးအဖွင့် အပိတ်၊ အတက်အဆင်း အသံတွေကြောင့် အိပ်ရေးပျက်တယ်။ ဘာပဲဖြစ်ဖြစ် ဘဝမှာ အချုပ်ထဲ၊ ထောင်ထဲ ပထမဆုံး အတွေ့အကြုံတခုတော့ ဖြတ်သန်းရပြီမို့ ဖြစ်သမျှအကြောင်းအကောင်းလို့ပဲတွေးလိုက်တာက စိတ်သက်သာရရပါတယ်။ ဦးအောင်ချမ်းရဲ့ ပြောပြချက်အရ ဒီထောင်ထဲမှာ ကျနော်တို့စခန်းက ရဲဘော်တွေနဲ့ ကိုမြင့်ဆန်းတို့ ရောက်နေတယ်ဆိုတာ တိတိကျကျ သိလိုက်ရတယ်။ 

စခန်းက ရဲဘော်တွေက ၁၉၈၉ အစောပိုင်းလတွေမှာ မဏိပူရကနေ မီဇိုရမ်စခန်းကိုအသွား ရဲက လမ်းမှာဖမ်းဆီးမိပြီး နယ်ခြားဖြတ်ကျော်မှုနဲ့ပဲ တရားစွဲပြီး ထောင်ကိုပို့လိုက်တာ ဖြစ်တယ်။ သူတို့က အောင်သန့်မင်း ( မန္တလေးကနေ ကျနော်တို့နဲ့ တလှေထဲစီးလာသူ) ကိုထွန်းထွန်း၊ ကိုခိုင်ထွန်း၊ ကိုနေမျိုးအောင် (ကျနော်တို့ရောက်တော့ ကိုနေမျိုးအောင်က ထောင်ကလွတ်ပြီး ဒေလီရောက်သွားတယ်) ကိုဇော်မြင့်တို့ ဖြစ်တယ်။ မနက် ၆ နာရီထိုးတော့ ကျနော်တို့ကို ထောင်တံခါးဖွင့်ပေးတယ်။ သွပ်ပြားကာထားတဲ့ တဖက်က အဆောင် ၂ က ရေကန်ကိုသွားတယ်။ အဲဒီမှာ စခန်းက သူငယ်ချင်းတွေနဲ့ ကိုမြင့်ဆန်းတို့ရယ်၊ တခြား ဘိန်းဖြူရောင်းဝယ်မှု၊ မူးယစ်ဆေးမှုနဲ့ ဗမာ တော်တော်များများကို တွေ့လိုက်ရတယ်။ ကျနော်တို့ ရှစ်လေးလုံးအုပ်စုတွေက အခန်းတွေပြန့်ကြဲရောက်နေကြတာပါ။ 

တချို့က ဆောင် ၃ ခန်းမှာ ကျနော်တို့ကို လွှတ်ပေးရင် သူတို့က တိုက်ခန်းထဲဝင်နေရတာ။ သူတို့ကိုလွှတ်ချိန် ကျနော်တို့ ဝင်ရတယ်။ ကျနော်ကတော့ ကိုယ့်လူတွေတွေ့တော့ အားအတော်ရှိသွားတယ်။ တနေရာမှာ ကိုလက်ျာဝင်းနဲ့ ကိုစိန်ဝင်းကို မြင်တော့ ဝမ်းသာအားရ သွားနှုတ်ဆက်မိတယ်။ ဒါပေမယ့် သူတို့က အေးစက်စက်ပဲ။ ကိုလင်္ကျာဝင်းက “ခင်ဗျား ကျနော်တို့ကို လာစကားမပြောနဲ့ဗျာ၊ ဒီမှာ ဗမာအချင်းချင်း ပြဿနာ မတက်ချင်ဘူး” လို့ မကျေမနပ် ပြောပါတယ်။ ကိုစိန်ဝင်းကလည်း “ခင်ဗျား သွားဗျာ..” လို့ နှင်ထုတ်တယ်။ 

ကျနော်လည်း စိတ်မကောင်းဖြစ်ပြီး ကိုယ့်အခန်းဘက် ပြန်လှည့်လာခဲ့တယ်။ အတူနေ ကိုညီညီလွင်နဲ့ ဦးဇင်းကို ပြန်ပြောပြတော့ သူတို့က ဖျောင့်ဖျတယ်။ ဦးဇင်းက “သူတို့ဘက်က ခံစားကြည့်အုံးလေ၊ စခန်းကလူတွေက ထိုးကြိတ်ပြီး ထောင်ထဲထည့်လိုက်တော့ စိတ်နာမှာပေါ့၊ ငါ့ကိုလည်း မန်းမြင့်ဆိုင်က ခြေတောက်နဲ့ကန်တာ ကာလိုက်လို့ အခုထိလက်က ဒဏ်ဖြစ်နေတယ်။ မင်းတို့က ဓားစာခံတွေပေါ့၊ သူတို့ကို ငါရှင်းပြပေးပါ့မယ်၊ ဒီထဲမှာတော့ တယောက်နဲ့တယောက် ခင်ခင်မင်မင်နေတာ ကောင်းပါတယ်” လို့ ပြောတယ်။ 

ကျနော်တို့ရောက်ပြီး နောက်တလလောက်ကြာတော့ ကိုမြင့်စန်းတို့လည်း လွတ်တယ်။ အမှန်တော့ နိုင်ငံခြားသား အက်ဥပဒေ ၁၄ (စ) ဟာ အလွန်ဆုံး ၆ လပဲ ထောင်ချလို့ရတယ်။ ဒါပေမယ့် အမှုပြတ်ပြီး ထောင်ကလွတ်တယ်ဆိုရင်တောင် မိုးရေးနယ်စပ်ကို ရဲကားကြုံရှိမှ ထွက်ရတာ။ ကားကြုံမရှိရင် လွတ်ရက်စေ့ပေမယ့် ထောင်ထဲမှာ ဆက်နေရသေးတယ်။ ကိုမြင့်ဆန်းတို့က အမှုပြတ်ပေမယ့် တလလောက် ပိုနေရမယ်လို့ ထင်တယ်။ သူတို့ လွတ်တဲ့နေ့မှာတော့ ကိုမြင့်ဆန်း ကျနော့်နဲ့ ညီညီကို လာနှုတ်ဆက်တယ်။ ကျနော်က “နယ်စပ်ရောက်ရင် ဟိုဘက်က ရဲတွေဆီလွှဲမှာမို့ ခင်ဗျားတို့ ထပ်ပြီး အရေးယူခံရနိုင်တယ်၊ မဏိပူရ ရဲတွေကို လာဘ်ထိုးပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ဝင်ဗျာ” လို့ ပြောတယ်။ ကိုမြင့်ဆန်းက “ဒီနံရံကြီး ဟိုဘက်ရောက်ရင် ဘာမှ မစိုးရိမ်တော့ပါဘူး” လို့ ပြန်ပြောတယ်။

နောက်ပိုင်းမှာ ကိုမြင့်ဆန်းတို့အုပ်စုကို စစ်အစိုးရ ပြန်ပြီးဖမ်းထားလိုက်တယ်ဆိုတဲ့ သတင်းပြန်ကြားပါတယ်။ အဲဒီနောက်ပိုင်း ကျနော်တို့ ရှစ်လေးလုံးအဖွဲ့တွေကို အမှုပြတ်ပေမယ့် ထောင်ကနေ လွှတ်ပေးဖို့အစီအစဉ် မရှိတော့ဘူးဆိုတာ နောက်မှသိလိုက်ရပါတယ်။ ဘာလို့လည်းဆိုတော့ နယူးဒေလီမှာနေထိုင်တဲ့ ဗဟိုတရားရုံးရှေ့နေတယောက်လည်းဖြစ်၊ လူ့အခွင့်အရေး ရှေ့နေတဦးလည်းဖြစ်တဲ့ နန်ဒီတာ ဟတ်က်ဆာ (Nandita Haksar ) လို့ခေါ်တဲ့ အမျိုးသမီးကြီးတယောက်က အင်ဖားထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေးလှုပ်ရှားတဲ့ မြန်မာကျောင်းသားတွေ တယောက်မှကို မြန်မာပြည်ပြန်မပို့ဖို့၊ ထောင်အာဏာပိုင်တွေကို မေတ္တာရပ်ခံထားလို့ ဖြစ်ပါတယ်။ 

သူဟာ ကိုမြင့်စန်းတို့ကို မြန်မာအာဏာပိုင်တွေ ထပ်ပြီးထောင်ချတယ်ဆိုတဲ့ သတင်းကြားတာနဲ့ တုန်လှုပ်သွားတဲ့အကြောင်း၊ ဒါကြောင့် အင်ဖားထောင်ထဲက ကျောင်းသားတွေ နောက်ထပ် အန္တရာယ်ထပ်မကျအောင် မြန်မာပြည်ပြန်မပို့ဖို့ မဏိပူရထောင်ရဲ့ အကြီးအကဲကို တွေ့ဆုံမေတ္တာရပ်ခံခဲ့တယ်လို့ အန်တီ နန်ဒီတာက နောက်ပိုင်းမှာ ကျနော့်ကို ပြောဖူးပါတယ်။ ဒီနေရာမှာ ထောင်ထဲက ကျနော်တို့တတွေနဲ့ အန်တီ နန်ဒီတာ ဆုံခဲ့ပုံကလည်း စိတ်ဝင်စားစရာ ရုပ်ရှင်ဇာတ်လမ်းဆန်ဆန်လေးမို့ ပြန်ပြီးပြောပြချင်တယ်။ 

ဆောင်းပါးအမှတ် (၁၀) မှာ ရူပါကောင်းကောင်း ကသဲစစ်ဗိုလ် တယောက်နဲ့ ကျနော်တို့စခန်းက မအိ ဆိုတဲ့ အမျိုသမီးတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ရေးခဲ့ဖူးတာမှတ်မိမယ်ထင်တယ်။ ၁၉၈၉ မတ်လထဲမှာ ကျနော်တို့ အပေါ် အကျဉ်းသားတွေလို ဆက်ဆံတာကြောင့် ကသဲအရာရှိတွေကို ဆန္ဒပြသပိတ်မှောက်ရာကနေ နောက်ဆုံး နယ်စပ်တောထဲပို့ခံရတဲ့ အဖြစ်အပျက်ပါ။ 

အဲဒီတုန်းက စခန်းမှာရှိတဲ့ အမျိုးသမီး (၃) ယောက်လုံး (မအိ၊ မစန်းပွီး၊ မနီနီသိန်း) တို့ကို တောင်ပေါ် ရွာလေးမှာထားပြီး ကျနော်တို့က တောထဲမှာနေကြပါတယ်။ မအိနဲ့ တရားဝင်လက်မထပ်ပေမယ့် အတူပေါင်းသင်းနေထိုင်တဲ့ ကသဲစစ်ဗိုလ် ချောင်ဗားက ဗမာဒုက္ခသည်အမျိုးသမီးကို ခိုးပြေးလို့ ရာထူးချခံနေရတဲ့ အချိန်ပါ။ ကျနော်တို့ကို နယ် စပ်မောင်းထုတ်တော့ ချောင်ဗားက ခရီးလွန်နေတယ်။ သူပြန်လာတော့ မအိက မရှိတော့ဘူး။ သူလည်း မိုးရေးနယ်စပ်ထိ စုံစမ်းရှာဖွေသေးတယ်။ အမှန်တော့ ရွာမှာခိုလှုံနေတဲ့ မစန်းပွီး၊ မအိနဲ့ နီနီသိန်း တို့ကို ကသဲစစ်တပ်က ရိုက်နှက်ဖမ်းဆီးပြီး အင်ဖားထောင်ကို ပို့လိုက်တယ်။ နောက်ဆုံးတော့ ချောင်ဗားလည်း မအိ ထောင်ကျနေတယ်ဆိုတဲ့သတင်း ရသွားတယ်။ ဒါနဲ့ ကသဲရှေ့နေတွေကိုငှားပြီး မအိကို ထောင်ကထုတ်ဖို့ ကြိုးစားတယ်။ 

ဒါပေမယ့် အဆင်မပြေဘူး။ သူတို့နှစ်ယောက်က မဏိပူရထုံးတမ်းအရ တရားဝင် လက်ထပ်ထားသူတွေမဟုတ်တော့ ထင်သလို မလွယ်ကူဘူး။ မအိက ဒုက္ခသည် ပြီးတော့ အစ္စလမ်ဘာဝင်၊ ချောင်ဗားက ဟိန္ဒူပုဏ္ဍားမျိုးတွေဆိုတော့ ချောင်ဗားရဲ့မိဘဆွေမျိုးတွေကလည်း သဘောမတူဘူး။ မျိုးနွယ်တူ ကသဲဆရာဝန်မလေးနဲ့တောင် စေ့စပ်ဖို့ကမ်းလှမ်းတဲ့ကြားက ခုလိုဖြစ်သွားတာဆိုတော့ မကြည်ဖြူဘူး။ ကန့်ကွက်ကြတယ်။ ချောင်ဗားကလည်း ကြားလူဘယ်လိုဖျက်ပစေ မအိမှ မအိ။ မအိကို သနားကြင်နာ ပြီး တော်တော်ချစ်ရှာတယ်။ နောက်ဆုံး မဏိပူရက နာမည်ကြီး လူငယ် လူ့အခွင့်အရေးရှေ့နေ တီးရှိုဝါး (နောက်ပိုင်းမှာ ကျနော်တို့အမှုပါ လိုက်ပေးသူ) နဲ့ တွေ့တယ်။ သူကတဆင့် အန်တီနန်ဒီတာနဲ့ ဆုံကြတာပါပဲ။

ဖြစ်ချင်တော့ မအိက ကသဲစကားရော၊ အင်္ဂလိပ်စကားရော မတတ်ဘူး။ သူတို့ ချစ်ကျွမ်းဝင်ခဲ့တာကိုက လက်ဟန်ခြေဟန်တွေစတာ။ ထောင်ထဲရောက်တာလဲ တလကျော်ပဲရှိသေးတယ်။ ဒီတော့ ဘာသာပြန်လိုအပ်တာနဲ့ အစောကတည်းက ထောင်ထဲရောက်နေတဲ့ ရှစ်လေးလုံးကျောင်းသား ကိုနေမျိုးအောင်က အကူအညီပေးတယ်။ အဲဒီမှာ အန်တီနန်ဒီတာက ထောင်ထဲက ဗမာ ကျောင်းသားတွေရဲ့ အကြောင်းစုံကို သိလိုက်ရတယ်။ လက်ထပ်စာချုပ်ကို မအိက ထောင်ထဲမှာပဲ လက်မှတ်ထိုးလိုက်တာ။ ဒါနဲ့အမှုကို ဖြတ်နိုင်ပြီး ရုပ်ရှင်ဆန်တဲ့ သူတို့အချစ်ဇာတ်လမ်းဖြောင့်ဖြူးသွားတယ်။ (ဒီဆောင်းပါးရေးဖို့ မအိကိုဆက်သွယ်တော့ သူတို့ဇနီးမောင်နှံ သားသမီး သုံးယောက်နဲ့ အင်ဖားမြို့မှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေပြီး သူ့ခင်ပွန်း ချောင်ဗားလည်း မဏိပူရ စစ်တပ်အရာရှိကြီး ဖြစ်နေပြီတဲ့)။ 

အန်တီနန်ဒီတာက ထောင်ထဲက မစန်းပွီးကို အရင်ဆုံး ထုတ်တယ်။ ပြီးတော့ ကိုနေမျိုးအောင်ပါ။ ထောင်ထွက်တယောက်အဖို့ နယူးဒေလီလို ဆွေမျိုး အသိအကျွမ်းမရှိတဲ့နေရာမှာ ရေရှည် ရှင်သန်ရပ်တည်ဖို့ ခက်ခဲပါတယ်။ ဥပဒေရဲ့ အကာအကွယ်၊ လုံခြုံရေး၊ အလုပ်အကိုင်၊ စားဝတ်နေရေးကိုပါ ထည့်သွင်းစဉ်းစားရတာဆိုတော့ ရှေ့နေအန်တီကြီးဟာ အရင်ဆုံး အကူအညီပေးနိုင်သူကို အရင်ရှာရပါတယ်။ 

မြန်မာ့အရေးတက်ကြွတဲ့ အော်လ်အင်ဒီးယား ရေဒီယိုဝန်ထမ်း ဦးမောသီရိဆီကိုရော ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့သမီး ဒေါ်သန်းသန်းနုကိုရော ဆက်သွယ်ပြီး မစန်းပွီးနဲ့ ကိုနေမျိုးအောင်တို့ နေထိုင်ရေးကို အကူအညီယူတယ်။ နှစ်ယောက်စလုံးက တတ်နိုင်သလောက် အကူအညီပေးပါတယ်။ နောက်ထပ်လည်း ထောင်ထဲမှာ ကျောင်းသားတွေ ကျန်နေသေးလို့ အားလုံးရဲ့ အနာဂတ်အတွက် အန်တီနန်ဒီတာက UNHCR ကို ချည်းကပ်တယ်။ UN ကလည်း အိန္ဒိယအစိုးရနဲ့ နားလည်မှုယူ ရုံးဖွင့်ထားတာ၊ အိမ်နီးချင်းနိုင်ငံတွေက ဒုက္ခသည်တွေကို အိန္ဒိယက နယူးဒေလီမှာ လက်မခံဘူး။ အဲဒီတုန်းက UNHCR အစောင့်အရှောက်ခံ ဒုက္ခသည်ဆိုလို့ အာဖဂန်နစ္စတန်နဲ့ အီရန်တွေပဲ ရှိတယ်။ 

ဒါပေမယ့် အန်တီနန်ဒီတာရဲ့ ဥပယ်တမျှင်နဲ့ မစန်းပွီးကို UNHCR က အသိအမှတ်ပြု အောင်လုပ်နိုင်ခဲ့တယ်။ အိန္ဒိယမှာ မြန်မာဒုက္ခသည်အဖြစ် မစန်းပွီးက အရင်ဆုံး အသိအမှတ်ပြုခံရတယ်။ သူ့ ဒုက္ခသည် မှတ်ပုံတင်နံပါတ်က (၀၀၀၁) ဖြစ်တယ်။ အဲဒီအချိန် ထောင်ထဲက ကျနော်တို့အားလုံး အပြင်ကအခြေအနေတွေဘာမှ မသိတော့ မျှော်လင့်ချက်မဲ့နေသလို ခံစားနေရတယ်။ စကားလည်း မတတ်၊ စရိုက်လည်းမတူ တပါးနိုင်ငံအကျဉ်းထောင်မှာ အနှိမ်ခံ၊ အရိုက်ခံပြီး စိတ်ကျဉ်းကြပ်နေတယ်။ 

တနေ့တနေ့ ထောင်နံရံအပြင်က လေတိုက်ပြီးယိမ်းနွဲ့နေတဲ့ ယူကလစ်ပင်ကြီးကို အားကျနေတယ်။ ထောင်အပြင်က ဓာတ်တိုင်ကြီးတွေဖြစ်ချင်နေတယ်။ နေ့စဉ် ခေါင်းပေါ်ကပျံသန်းသွားတဲ့ လေယာဉ်ပျံကြီးကို ငေးမော စိတ်ကူးယဉ်နေတယ်။ အုတ်နံရံကြီးအပြင်ကို အုပ်စုလိုက်ပျံတက်သွားတဲ့ ခိုငှက်တွေ ဖြစ်ချင်နေတယ်။ စိတ်မွန်းကြပ်မှုတွေနဲ့ ရူးသလို ကြောင်သလို ဖြစ်နေတယ်။ ထောင်ထဲနေရမှ လွတ်လပ်မှုရဲ့အရသာကို ပိုခံစားသဘောပေါက်လာတယ်။ ဒါပေမယ့် ကိုယ် မသိမမြင်နိုင်တဲ့ ဘဝအဆက်ဆက်က ဝဋ်ကြွေးတွေကို ဆပ်နေကြရတုန်း ...။ 

ကိုညို 
၂၄ မေ ၂၀၁၃ 




No comments: