ခုတစ်လော ကျွန်တော့်ဆရာတချို့ အတော်လက်သံပြောင် ကလောင်ထက်နေတာ အွန်လိုင်းကနေ ဖတ်နေရတယ်ဗျ။ ကျွန်တော့်ဆရာဆိုတာ သတင်းစာဆရာတွေကို ပြောတာပါ။ ယနေ့ခေတ်မှာတော့ သတင်းစာဆရာဆိုတာထက် သတင်းမီဒီယာသမားတွေလို့ ပြောတာကို ပိုကြိုက်ကြပုံရတယ်။ ကျွန်တော်တို့ကတော့ နှစ်ပေါင်းများစွာ တွင်ကျယ်စွာ သုံးနှုန်းခဲ့တဲ့ သတင်းစာဆရာဆိုတဲ့ စကားလုံးကို သံယောဇဉ်ရှိနေတုန်း journalist, press စသည်ကို သတင်းစာဆရာလို့သုံးရင် ပိုပြီး ဂုဏ်ရှိတယ်လို့ ယူဆတုန်းဖြစ်လို့ ဆက်ပြီး သုံးနှုန်းနေတာပါ။
ကျွန်တော် ချစ်ခင်လေးစား တန်ဖိုးထားတဲ့ သတင်းစာဆရာတချို့ဟာ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာတွေထွက်လာပြီးချိန်မှာ လက်ရည်တွေ ပိုတက်လာသလား အောက်မေ့ရတယ်ဗျ။ နေ့စဉ်သတင်းစာတွေက အရေးအသားတွေ၊ ခေါင်းကြီးပိုင်းတွေထဲက အများစုဟာ ပြည်သူလူထုရဲ့ သဘောထား အမြင်တွေကို ထင်ဟပ်တာ၊ ပြည်သူလူထုရဲ့ သဘောထားအမြင်တွေကို ဦးဆောင်ပေးနေတာ တွေ့ရလို့ ဘရာဗို၊ ဘရာဗိုလို့ အံ့ချီးမိတဲ့ အကြိမ်အတော်များများ ရှိခဲ့ပါတယ်။
ဂျာနယ်တွေလည်း ပြောင်မြောက်
နေ့စဉ်ထုတ်သတင်းစာတွေက ကလောင်ထက်လာကြတာကို အကြောမပေးဘဲ အပတ်စဉ်ထုတ် ဂျာနယ်တွေမှာလည်း ရဲရင့် ပြောင်မြောက်တဲ့ အရေးအသားတွေ ယခင်ကထက် ပိုတွေ့လာရသလား ထင်မိပါတယ်။
ကျွန်တော့်ဆရာတစ်ယောက်ဆို အသက်ကြီးလာပေမယ့် ခုမှ ပိုပြီး လက်သွက်လာနေတာ သတိထားမိတယ်ဗျ။ သူ့စာတွေ ဖတ်ရတာ မုန်တိုင်းတိုက်နေတဲ့ကြား ရောက်နေသလားတောင် ခံစားမိတယ်ဗျာ။
နိုင်ငံရေးသမားကြီး
လက်ရှိ သူ့အရေးအသားတွေကိုကြည့်ပြီး သတင်းစာဆရာနဲ့ နိုင်ငံရေးသမား တူညီချက်နဲ့ ခြားနားချက်တချို့ကို စဉ်းစားမိတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ဆရာက လက်တွေ့နိုင်ငံရေးနယ်ထဲမှာ လောလောဆယ်အချိန်အထိ ကာယကံမြောက် ရပ်တည်နေဆဲ၊ သို့ပေမယ့် သူ့ကိုယ်သူ နိုင်ငံရေးသမားလို့ မပြောဘဲ "ကျုပ်ကတော့ တစ်သက်လုံး သတင်းစာဆရာပဲ၊ ကျုပ်တွေးတာ ခေါ်တာ၊ ပြောတာဆိုတာ၊ လုပ်တာ ကိုင်တာတွေအားလုံး သတင်းစာဆရာ ရပ်တည်ချက်နဲ့ချည်းပဲ" လို့ ပြောနေတုန်း ဖြစ်ပါတယ်။
ကျွန်တော်က လက်တွေ့နိုင်ငံရေးမှာ ကာလတစ်ခု ပါဝင်လုပ်ဆောင်ခဲ့ပေမယ့် လက်ရှိအနေအထားမှာတော့ မိမိကိုယ်ကို သတင်းစာဆရာ တစ်ယောက်အဖြစ် အပြည့်အဝခံယူပြီး နေနေသူဖြစ်ပါတယ်။ လွတ်လပ်တဲ့ သတင်းစာဆရာတစ်ယောက်လို့လည်း မိမိဘာသာ နှလုံးသွင်းထားပါတယ်။
သို့ပေမယ့် ကျွန်တော့်ဆရာက ကျွန်တော့်ကို နိုင်ငံရေးသမား ပိုဆန်တယ်လို့ ရှုမြင်ခဲ့ပါတယ်။ ဘာကြောင့် အဲသလိုမြင်တာလဲလို့ ကျွန်တော် မမေးခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ တိကျတဲ့အဖြေတစ်ခုကို ကျွန်တော် မကြားချင်လို့ ဖြစ်ပါလိမ့်မယ်။
မုန်တိုင်းကလောင်
ဆရာကတော့ မုန်တိုင်းတိုက်တဲ့ကလောင်ကို ကိုင်စွဲပြီး သူ့ရင်ထဲရှိနေတာတွေကို သွန်ထုတ်နေလေရဲ့။ သူဟာ အမှန်တရားလို့ သူယုံကြည်တဲ့ ရပ်တည်ချက်ကနေ သူ့အမြင်တွေကို ဘွင်းခနဲ၊ ရှင်းခနဲ၊ ဒိုးခနဲ ဒေါက်ခနဲ ရေးနေ ပြောနေပါတယ်။
ဆရာနဲ့ ကျွန်တော် တွဲလုပ်ခဲ့ကြတုန်းက အဖွဲ့အစည်းရဲ့ စာစောင် ကလေးတစ်ခု (သတင်းရှင်းတမ်း) ထုတ်ခဲ့ကြဖူးတယ်။ အဲဒီတုန်းက ဆရာက စာစောင်ထိပ် ကြွေးကြော်သံအဖြစ် စစ်ကြိုခေတ် ကာတွန်းဆရာကြီး ရွှေတလေးရဲ့ဆောင်ပုဒ် "ကမ္ဘာသူ ဓာတ်မှန်ပြသည်သို့ အမှားကို အမှန်ကျအောင် ရေးရသည်ပဲ" ဆိုတာကို ထည့်ခိုင်းခဲ့တာ ပြန်သတိရမိတယ်။
နားရည်ဝနေတဲ့ စကားအချို့
ဆရာက ပီဘိ လွတ်လပ်တဲ့ သတင်းစာဆရာတစ်ယောက်ဟာ မိမိပါဝင်နေတဲ့ အဖွဲ့အစည်းရဲ့ မျက်နှာထက် တိုင်းပြည်မျက်နှာ၊ ပြည်သူမျက်နှာကို ကြည့်မယ်၊ သည်နေရာမှာလည်း အရာခပ်သိမ်း အများစု သဘောထားကို လိုက်နေစရာမလို၊ အများစုကြီးက အမှားလမ်းကြီးကိုလိုက်နေရင် အများစုကိုလည်း ဆန့်ကျင် ငြင်းပယ်ရမယ်၊ အမှန်ကို ထောက်ပြတည့်မတ်ပေးရမယ်လို့ ခံယူထားပါတယ်။ (ကျွန်တော်နဲ့ စကားလက်ဆုံကျတဲ့အခါများမှာ ကြားရဖန်များလို့ နားရည်ဝနေတာတွေထဲက ကောက်ချက်ဆွဲယူထားတာပါ။)
လက်တွေ့နိုင်ငံရေးသမား (politician) ကျတော့ မှန်တယ် ထင်တိုင်း မပြောဘူး၊ ပြောဖို့လိုတော့မှ ပြောတယ်။ တိုင်းပြည်အတွက်ရော၊ မိမိအတွက်ပါ ကြီးမားတဲ့ရေရှည်အကျိုးအတွက် လတ်တလော ရေတို ဝေဖန်ခံရမှု၊ ပြစ်တင်ခံရမှုတွေကို သည်းခံတယ်။ တချို့ကို မသိချင်ယောင်ဆောင်တယ်၊ ဥပေက္ခာပြုတယ်။ တချို့ကို မျိုချတယ်။
နိုင်ငံရေးသမား အောင့်နိုင်ရမယ်
ကျွန်တော့်ကို နိုင်ငံရေးရာ သိမှတ်ဖွယ်ရာတွေ တဖွဖွ သွန်သင်ခဲ့ဖူးတဲ့ ရှာမှရှားတဲ့ နိုင်ငံရေးသမားကြီး သခင်ဝတင်က "နိုင်ငံရေးသမားရဲ့ အခြေခံ အရည်အချင်းက အောင့်နိုင်ရမယ်ကွ၊ ချင်ခြင်းတွေနောက်ကို မလိုက်ဘဲ အောင့်နိုင်ရမယ်" လို့ အထူးပြု ပြောခဲ့ဖူးပါတယ်။ ဆရာကြီး သခင်ဝတင်က အင်မတန်မှ ဖြူစင်သန့်ရှင်းတဲ့ နိုင်ငံရေးသမားကြီးဆိုတော့ နိုင်ငံရေးသမားတွေရဲ့ ကိုယ်ကျင့်တရားဘက်က ပိုပြီး အလေးပေး ပြောခဲ့ပါတယ်။ လောဘ၊ ဒေါသ၊ မာန်မာန အစွယ်တွေကို ချိုးနှိမ်ပြီး အောင့်နိုင်သမျှ အောင့်နိုင်မှ ပြည်သူ လက်ခံတဲ့ နိုင်ငံရေးသမား ဖြစ်မယ်လို့ အတိအလင်းခံယူပါတယ်။
သတင်းစာဆရာစိတ်နဲ့ နိုင်ငံရေးနယ်ထဲရောက်နေတဲ့ ကျွန်တော့်ဆရာကတော့ အမြင်မတော်တာတွေ့ရင် သည်းမခံဘူး၊ အောင့်မထားဘူး၊ ပြောချိန်မတန်သေးပါဘူးလေဆိုပြီး ရက်မရွှေ့ဘူး။ သူက သူ့ကိုယ်ကျိုးအတွက် တစ်သက်တာလုံး ဘာလောဘမှ မရှိခဲ့ဘူး၊ ဒါကြောင့် သူ့မှာ ရှိတဲ့လောဘဟာ ပြည်သူ့အခွင့်အရေးတွေ ပြည့်ပြည့်ဝဝ ရဖို့ဆိုတဲ့ လောဘပဲ ဖြစ်နိုင်တယ်။ သူက ဒေါသကိုလည်း မအောင့်ဘူး။ သခင်စိုးကြီး ပြောခဲ့ဖူးတယ်ဆိုတဲ့ ပစ္စည်းမဲ့ဒေါသဆိုတာမျိုးတော့ မဟုတ်၊ ပြည်သူတွေဘက်က ထပ်တူခံစားတဲ့ ဒေါသမျိုးနဲ့ ရေးနေတယ် ပြောနေတယ်လို့ နားလည်ရပါတယ်။ မာန်မာနဆိုင်ရာမှာလည်း အလားတူပါပဲ။ ပြည်သူ့အခွင့်အရေးကို ထိရင် နည်းနည်းမှ သည်းမခံဘူးဆိုတဲ့ မာန်မာနအပြည့် ရှိပါတယ်။
တိုင်းပြည်အကျိုး ရှေးရှုတာချင်းအတူတူ
နိုင်ငံရေးသမားဘဝမှာ သတင်းစာဆရာစိတ်နဲ့ အလုပ်လုပ်နေတဲ့ ဆရာ့ရဲ့ အရေးအသားတွေကို ဆက်တိုက်ဖတ်မိနေရာက တွေးမိတာလေးတွေ ရေးချလိုက်တာပါ။ သည်ခေါင်းစဉ်ဟာ တကယ်တော့ အလွန်ကျယ်ပြန့်ပါတယ်။ စကားရည်လုပွဲလုပ်ရမှာမျိုးလည်း မဟုတ်ပါဘူး။ သတင်းစာဆရာက နိုင်ငံရေးသမားထက် တိုင်းပြည်အကျိုး ပိုလုပ်နိုင်တယ် စသည်ဖြင့် အဆို အခြေ လုပ်ဖို့လည်း မသင့်ပါ။
တကယ်ကတော့ သည်ဘဝနှစ်ခုရဲ့ကြားမှာ သေးသေးမျှင်မျှင် မျဉ်းကလေး တစ်မျဉ်းပဲ ခြားတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ နိုင်ငံရေးသမားနဲ့ သတင်းစာဆရာဟာ အခြေခံအားဖြင့် တိုင်းပြည်အကျိုးကို ရှေးရှုပြီး ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာပါပဲ။ သဘာဝအလျောက် ခံယူချက်၊ ရပ်တည်ချက်နဲ့ လုပ်ဟန်များမှာ မတူတာလေးတွေ ရှိနေတာလို့ ပြောချင်ပါကြောင်း။ ။
၁၂ မေ ၂၀၁၃
maungwuntha@gmail.com
ပြည်သူ့ခေတ်ဂျာနယ် ၁၅ မေ ၂၀၁၃ မှာ ဖော်ပြခဲ့တဲ့ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။
No comments:
Post a Comment