ကျနော်တို့ ရထားတဲ့သတင်းတွေအတိုင်း အနီးစပ်ဆုံးမှန်ခဲ့တယ်ဆိုရင် လူအစုလိုက်၊ အပြုံလိုက်သတ်မှု၊ အလောင်းတွေ ဖျောက်ဖျက်မှုဖြစ်တာကြောင့် ၁၉၆၂ ခုနှစ်၊ ကျောင်းသားသမဂ္ဂဖောက်ခွဲခံရတဲ့ကိစ္စလိုပဲ သမိုင်းမှာရှင်းရမယ့် ကိစ္စမျိုးဖြစ်တယ်။
နအဖ ဟာ ပြည်သူလူထုချင်း ပဋိပက္ခဖြစ်နေကြတဲ့ အခြေအနေမျိုးလို ဖန်တီးပြီး ဒိုင်လူကြီးယောင်ဆောင်နေတယ်။ ဒါပေမယ့် မအောင်မြင်ဘူး၊ ဘယ်သူမှ မယုံဘူး။ ဗိုလ်ချုပ်သန်းရွှေဟာ NLD ကို သည်ပုံစံမျိုးနဲ့ ရှင်းချင်တာကြာပြီ၊ သူ့ကိုယ်သူ ပိုတွက်နေတယ်ဆိုတဲ့ အချက်အလက်တွေလည်း ကျနော်တို့ ရထားတာ ကြာပြီ၊ အခုချိန်မှာတော့ လုပ်လို့ရပြီ၊ အဲ့သည်လို ယူဆသွားပုံပေါ်တယ်။
အောက်ခြေက တိုင်းမှူးတွေနဲ့ ထောက်လှမ်းရေးတွေကလည်း အထက်ကိုလိမ်ပြီး သတင်းပို့တယ်။ သူတို့တိုင်းတွေမှာ ဒေါ်စုကို လူတွေအများကြီး ထောက်ခံတယ်ဆိုရင် သူတို့ သိက္ခာကျတယ်လို့ ယူဆတယ်။ ဒါကြောင့် မြို့တိုင်းမှာ မမြင်ဘူးလို့သွားကြည့်တဲ့လူ ၃ဝဝ၊ ၄ဝဝ လောက်ပဲ ရှိတယ်လို့ တင်ပြတယ်။ ဒါပေမယ့် မိုးကုတ်တို့၊ မုံရွာတို့မှာ ကြုံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံရေး လှုပ်ရှားမှုကြီးကိုကြည့်ပြီး နအဖဟာ သွေးပျက်သွားပုံပေါ်တယ်။ အဲဒီ မနာလို ဝန်တိုစိတ်တွေကနေတဆင့်၊ အခုလို ရုပ်ပျက်ဆင်းပျက် နှိမ်နင်းမှုကြီး ပေါ်လာရတယ်။
နောက်ပြီး တိုင်းမှူးတိုင်းက NLD ကို အလုအယက် ချေမှုန်းပြပြီး ဗိုလ်သန်းရွှေ လူယုံ၊ လက်ရုံးလုပ်ချင်နေကြတယ်။ နောက်ပြီး NLD က အကြမ်းဖက်တယ်လို့ သူတို့က ဦးအောင် အော်ခဲ့တယ်၊ သူတို့က အဲ့သည်လို ကြေညာကတည်းက တခုခုဖြစ်တော့မှာပဲလို့ ကျနော်တို့ သံသယရှိခဲ့တယ်၊ ကြိုကာထားတာဖြစ်မယ်လို့ ယူဆခဲ့ကြတယ်။
ထင်တဲ့အတိုင်း နောက်တနေ့မှာ အခုလို ယုတ်မာတဲ့အကြံအစည်ကြီး ပေါ်လာတယ်။ အကျိုးဆက်အဖြစ် ဦးတင်ဦးရော၊ ဒေါ်စုပါ ဒဏ်ရာကိုယ်စီရသွားကြတယ်။ NLD ဦးဆောင်မှုနဲ့ ယန္တရားအားလုံးလည်း ရပ်သွားတယ်၊ CRPP ပါ ရပ်သလောက် ဖြစ်သွားတယ်။
အခု နအဖ က တပြည်လုံးက သူ့လူတွေကို တပ်လှန့်ထားတယ်။ စစ်တပ်မိသားစုဝင်တွေကို သတိနဲ့သွားလာကြဖို့ ညွှန်ကြားထားတယ်။ ရန်ကုန်မှာ လုံခြုံရေးတွေ အများကြီး တင်းကျပ်ထားတယ်။ အခုအခြေအနေတွေက ၈၈၈၈ အကြိုကာလက အခြေအနေတွေနဲ့ ခပ်ဆင်ဆင် တူနေတယ်။ ဖြစ်နိုင် မဖြစ်နိုင် ကျနော်တို့ တွက်ချက်ကြည့်ကြရအောင်။
၈၈၈၈ အရေးတော်ပုံကြီးဖြစ်ဖို့ အောက်ပါအချက်အချို့က တွန်းအားဖြစ်စေခဲ့တယ်။ ၁၉၈၇ မှာ မြန်မာပြည် LDC နိုင်ငံဖြစ်သွားတယ်။ မဆလ အစိုးရက ငွေစက္ကူတွေကို တရားမဝင်ကြေငြာလိုက်လို့ လူတွေအားလုံး မကျေမနပ် ဖြစ်ခဲ့ကြတယ်။ ဗိုလ်အောင်ကြီးရဲ့ ၄၂ မျက်နှာ စာတမ်းထွက်လာတော့ လူတွေက စိတ်ဝင်စားလာကြတယ်။ ဇာဂနာရဲ့ မဆလ ဆန့်ကျင်ရေးပျက်လုံးတွေ လူကြိုက်များလာတယ်။ နိုင်ငံရေး နိုးကြားလာကြတယ် ဆိုပါတော့။
အဲ့သည်အချိန်က ဆန်တပြည်ကို ၁၅ ကျပ်ကနေ ၂၅ ကျပ်ဖြစ်သွားတယ်။ အခြားကုန်ပစ္စည်းတွေလည်း အထွေထွေ ဈေးတက်လာခဲ့တယ်။ ၈၈ မတ်လ ၁၃ ရက်နေ့မှာ ကြို့ကုန်း အရေးအခင်း ဖြစ်တယ်။ မဆလ က သတင်းလိမ်ပြီး ကြေငြာလို့ နောက်တနေ့မှာ ပိုဆိုးလာတယ်။ အရေးအခင်းက မိန်းထဲကို ကူးသွားတယ်။ မဆလ က စုံစမ်းရေးကော်မရှင်ဖွဲ့ ပေးလိုက်ရတယ်။
တံတားနီ အရေးအခင်းဖြစ်တယ်၊ လူတွေ အများကြီးသေတယ်၊ အချုပ်ကားထဲမှာ ထပ်ပြီး ၄ဝ ကျော်သေ သွားတယ်၊ မဆလ က ဘယ်သူမှ မသေဘူးလို့ ထပ်လိမ်တယ်။ အဲ့သည်မှာ ပိုပြီးဆိုးလာတယ်။ ၈၈၈၈ အကြိုကာလတွေနဲ့ သည်ကနေ့အခြေအနေတချို့ တိုက်ဆိုင်မှုရှိနေတာကိုလည်း ကျနော်တို့ တွေ့ရတယ်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတွေက ၈၈ အခြေအနေတွေထက် အများကြီး ပိုဆိုးတာကိုတွေ့ရတယ်။ ဘဏ် အကျပ်အတည်းတွေ ဖြစ်နေတယ်။ ငွေကြေး မတည်မငြိမ် ဖြစ်နေတယ်။ နအဖ ဟာ ပြည်တွင်းမှာရော ပြည်ပမှာပါ ၈၈ တုန်းက မဆလ ထက် ရန်သူ ပိုများနေတယ်။
ဒါပေမယ့် ကျနော်တို့မှာ အခု လူထုခေါင်းဆောင် ထင်ထင်ရှားရှားရှိတယ်။ ၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ် ရှိတယ်။ နိုင်ငံတကာ ဖိအားလည်း ပိုများလာတယ်၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက တချိန်လုံး စောင့်ကြည့်နေတယ်။ ဖိနှိပ်ထားတဲ့ကြားက ဒေါ်စုကို လူထုထောက်ခံကြောင်း ပိုမို ထင်ရှားလာတယ်။
ကျောင်းသား၊ ရဟန်း၊ သီလရှင်၊ စစ်ပြန် စသဖြင့် အလွှာအသီးသီးက စစ်အုပ်စု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ၊ တကိုယ်တော်နဲ့ အစုလိုက်အပြုံလိုက် ဆန္ဒပြတာတွေ ခပ်စိပ်စိပ်ဖြစ်လာတာကို လူထုက သတိပြုမိလာတယ်။ ဒီပဲယင်းကိစ္စကို လိမ်ညာပြီး သတင်းထုတ်ပြန်ခဲ့တယ်။ အဲ့သည်အကျိုးဆက်အဖြစ် မုံရွာကို အဓိကရုဏ်း ကူးစက်သွားခဲ့တယ်။ ဒီပဲယင်းကိစ္စဟာ ကြို့ကုန်းအရေးအခင်းနဲ့ ခပ်ဆင်ဆင် ဖြစ်လာတယ်။
ဗိုလ်သန်းရွှေဟာ စိတ်လောနေပြီး စိုးနိုင်နဲ့တင် မလုံလောက်ဘူးထင်လို့ စိုးဝင်းကို ထုတ်သုံးခဲ့တယ်။ အဲ့သည်မှာ စိုးဝင်းဟာ ဒုတိယ စိန်လွင် ဖြစ်လာတယ်။
ဖြစ်ရပ်တွေဟာ သံတူကြောင်းကွဲတွေဆိုပေမယ့် သမိုင်းတွေဟာ ထပ်တူထပ်မျှ ဖြစ်လိမ့်မယ်လို့ ကျနော်တို့ မမျှော်လင့်နိုင်ပါ။ ၈၈၈၈ က အတိုင်း အစီစဉ်တကျဖြစ်လိမ့်မယ်လို့ ဆိုလိုနေတာ မဟုတ်ပါ၊ အဓိက ဆိုလိုနေတာက၊ မြန်မာပြည်ရဲ့အခြေအနေဟာ တစထက်တစ၊ ရင့်မှည့်လာနေတယ်ဆိုတာ ပိုပြီး သေချာလာတယ်။
သည်အခြေအနေတွေကို ကျနော်တို့က အကျိုးရှိရှိ အသုံးချတတ်ဖို့ လိုပါတယ်။ လူတိုင်းက လူထုတိုက်ပွဲ ဖြစ်လာမလားလို့ မျှော်လင့်ကြတယ်။ ဒါပေမယ့် အဲ့သည်လုပ်ငန်းကို အင်တိုက်အားတိုက်လုပ်ကြသူ သိပ်နည်းတယ်။
သည်ကနေ့ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ကျနော်တို့တွေကြားထဲမှာ ရှုပ်နေတာတချို့ ရှင်းသွားတဲ့အတွက်တော့ ဝမ်းသာတယ်။ ဒါကတော့ အရှုံးထဲက အမြတ်ပဲ။ ကိုယ့်အချင်းချင်းပြောရင် မယုံချင်ကြဘူး၊ ရန်သူက ပြဋ္ဌာန်းပေးလိုက်တော့မှ လက်ခံသွားကြတယ်။
နောက်ပြီး ကျနော်တို့လူတွေက ဒိုင်ယာလော့တစ္ဆေ လိုတာထက်ပိုပြီး ခြောက်နေကြတယ်။ သည်နေ့လုပ်ရမယ့် အလုပ်တွေထက် နက်ဖြန်မှလုပ်ရမယ့်အလုပ်တွေက ပိုပြီး အရေးကြီးနေကြတယ်၊ Day one ကိစ္စတွေထက် Day two ကိစ္စတွေကိုပဲ ပိုပြီးအာရုံစိုက်နေကြတယ်။
ဒီပဲယင်းကိစ္စလည်းဖြစ်ရော လူတိုင်းက တွေ့ဆုံဆွေးနွေးရေးလမ်းတော့ ပိတ်သလောက်ဖြစ်သွားပြီ။ သည်တိုင်းတော့ သွားလို့မရတော့ဘူးလို့ အလုအယက် ပြောကြတယ်။
ကိုင်း … ကောင်းပြီ ဒါဆိုရင် ဘာလုပ်ကြမလဲဆိုတော့ အဖွဲ့အစည်းတော်တော်များများမှာ ဒိုင်ယာလော့ မဖြစ်ရင် ဘာလုပ်မယ်ဆိုတဲ့ Program မည်မည်ရရ ဘယ်သူ့ဆီမှာမှ မရှိဘူး။ အချို့မှာတော့ ရှိတယ်။ ဒါပေမယ့် အလုပ်ဖြစ်အောင် သိပ်လုပ်မထားကြဘူး၊ ကျနော်တို့ အဲ့ဒါတွေကို ပြင်ကြရလိမ့်မယ်၊ တွေ့ဆုံဆွေးနွေးရေး လမ်းဟာ အပြီးသတ် ပိတ်သွားပြီလို့တော့ မပြောနိုင်သေးတာ အမှန်ပါ။
ဒါပေမယ့် အချို့လူတွေ စိတ်ကူးယဉ်နေသလို ရန်သူထဲမှာလည်း သည်လမ်းက ထွက်ချင်နေတဲ့လူတွေ ရှိနေတယ်ဆိုတာ မဟုတ်မှန်းကတော့ သေချာသွားပါပြီ။ ဗိုလ်ချုပ်အောင်ဆန်း ဘိလပ်သွားတုန်းက ‘ရရင် ရ မရရင် ချ’ ဆိုတဲ့ Alternative Program ရှိတယ်။ ကျနော်တို့လည်း ဒါမျိုး ရှိကို ရှိရမယ်၊ ဒါမျိုး မရှိရင် ရှုံးလိမ့်မယ်။
သည်နေ့အချိန်မှာကို ကျနော်တို့ အင်အားစုတွေက လူထုကိုပေးတဲ့ Message တွေက ရှင်းရမယ်။ ဝေ့လည်ကြောင်ပတ်လုပ်လို့ မရဘူး။ မစွန့်ပယ်ပေမယ့် ဒိုင်ယာလော့ကို မှိန်ထားရမယ်။ လူထုကို Awareness ရအောင် လုပ်ရမယ်။
အခွင့်အရေးရရင် လှုံ့ဆော်ရမယ်၊ နောက်ပြီး ကျနော်တို့ Movement ရဲ့ အာဏာပိုင်တွေက၊ ကုလသမဂ္ဂကိုပါ မေးခွန်း ထုတ်ရလိမ့်မယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းလိုက် လွှတ်လိုက်၊ နိုင်ငံရေးအကျဉ်းသမားအချို့ကို ဖမ်းလိုက် လွှတ်လိုက်၊ ကုလသမဂ္ဂအတွင်းရေးမှူး ကိုယ်စားလှယ်တွေ သွားလည်လိုက် ပြန်လာလိုက်၊ နိုင်ငံတကာ အစိုးရတွေက စစ်အုပ်စုကို Credit ပေးလိုက်၊ Pressure ပေးလိုက်၊ သည်ကစားပွဲကြီးဟာ ဘယ်တော့ဆုံးတော့မှာလဲလို့ ပြတ်ပြတ်သားသား မေးရလိမ့်မယ်။ အခုပဲ ၁၃ နှစ် ရှိနေပြီ။
သည်နေ့ အခြေအနေအပေါ် တော်တော်များများက စိုးရိမ်ပူပန်ကြပါတယ်။ ရန်သူဟာ သူ့လည်ပင်းကို သူ ကြိုးကွင်းစွပ်နေတယ်လို့ သုံးသပ်သူတွေတောင် ရှိကြပါတယ်။ ရန်သူ တကယ် အခြေအနေဆိုးနေတယ်လို့ ယူဆရင်တောင် ကျနော်တို့ သတိထားရမှာတွေ ရှိလာတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အတွေ့အကြုံအရ သူဆိုးရင် ကိုယ့်ဆီမှာလည်း တခုမဟုတ်တခု ကြံဖန်ပြီး ဆိုးလာတတ်တယ်။ ပယောဂတွေလည်း ဝင်လာတတ်တယ်။ ဒါကို ကျနော်တို့ သတိရှိရမယ်။ နောက်တခု အခြေအနေတခုခု ထူးပြီဆိုရင် ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အရေးပေါ်ကော်မတီတွေ အဖွဲ့အစည်းတွေ ခါတော်မီ တိုက်ပွဲခေါင်းဆောင်တွေ ပေါ်လာတတ်ကြတယ်။ ပန်းတိုင်းပွင့်ခွင့်ရှိတာကို မငြင်းလိုပါ။ ဒါပေမယ့် ကျနော့်အမြင်က ရှိပြီးသားအင်အားစုတွေကိုပဲ၊ ခိုင်မာသထက် ခိုင်မာအောင် အားရှိသထက် အားရှိအောင်ပဲ ပိုလုပ်ကြစေချင်တယ်။
နောက်ပြီး အရေးပေါ်လာမှ ခါးတောင်းကျိုက်ချင်တဲ့ စိတ်ဓာတ်မျိုးထက် လှုပ်ရှားမှုကြီးတခုလုံးအတွက် Full Time လုပ်ကြပါလို့ အချို့လူတွေကို မေတ္တာရပ်ခံရလိမ့်မယ်။ ရန်သူက သည်လိုလုပ်ရင် သူ နာမည်ပျက်မယ်ဆိုတာကို သိပါတယ်။ သည်လောက် မ,အပါဘူး။ ဒိုင်ယာလော့ဝင်ရင် သူ စပြီး ရှုံးတော့မယ်ဆိုတာကို သဘောပေါက်ပါတယ်။ အဲ့သည်တော့ အရှုံးမခံဘူး၊ နာမည်အပျက်ပဲ ခံမယ်။ သူ့အတွက် နာမည်ပျက်တာ မဆန်းတော့ဘူး။ သည့်ထက်လည်း ပျက်စရာ မရှိတော့ဘူးလို့ ထင်တယ်။
ဒါကြောင့် သူ အခုရွေးတဲ့လမ်းကို ကျားကုတ်ကျားခဲ ကာကွယ်လိမ့်မယ်။ ကျနော်တို့ကလည်း ဥစ္စာရင်းလို ဥစ္စာရင်းခဲ တိုက်ကြရလိမ့်မယ်။ နည်းနည်းလေးမှ လျှော့လိုက်လို့ မရဘူး။ သည်တခါ သူ အသာစီးရသွားရင် ဘယ်လောက် ထပ်ကြာသွားမယ်ဆိုတာ မပြောနိုင်ဘူး။ ကျနော်တို့လူတွေ အခုထက် အများကြီး ပိုပြီး အလုပ်လုပ်ကြဖို့ လိုပါတယ်။
ပိုပြီးရှင်းအောင် အကြံပေးရမယ်ဆိုရင်တော့ ရန်သူအပေါ်မှာ စိတ်ကူးမယဉ်ပါနဲ့၊ ကိုယ့်တိုက်နိုင်စွမ်းအားကသာ အောင်ပွဲဆီကို အရောက်ခေါ်သွားနိုင်တယ်ဆိုတာကို မုချယုံကြည်ကြပါ။ အလုပ်တွေပိုပြီး လုပ်ကြပါ။ လမ်းမှန်ရင် ပန်းတိုင် တွေ့ပါလိမ့်မယ်။ ။
လူ့ဘောင်သစ်ဂျာနယ် အတွဲ ၈၊ အမှတ် ၁ အောက်တိုဘာလ ၂၀၀၃ ခုနှစ်မှ ...
ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှုကြီး နှစ်ပတ်လည်နေ့ အမှတ်တရ ပြန်လည်ဖော်ပြပါတယ်။
No comments:
Post a Comment