တောင်စိမ်းမြို့ကလးသည်လည်း အလားတူ တောမြို့ငယ်ငယ်လေး ဖြစ်သည်။ အပူပိုင်းဒေသဖြစ်သည်မို့ တောင်စိမ်းတွင် စပါးမထွက်။ ပဲ၊ နှမ်း၊ ကြက်သွန်၊ ထန်းလျှက် စတာတွေပဲ ထွက်ရှိသည်။ ဤမြို့လေးတွင် ထူးခြားသည်က မြို့သူကြီးများ ကြာကြာမမြဲခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တောင်စိမ်းကား ရေကြမ်း မြေကြမ်းသော အရပ်ဖြစ်သောကြောင့်ပင်။ အခြားသော တောမြို့လေးများတွင် မြို့သူကြီးဖြစ်လိုသူတွေ ရိုက်သတ်လို့မကုန်အောင် ပေါလှသော်လည်း တောင်စိမ်း၌ မြို့သူကြီးလုပ်လိုသူက ရွှေထက်ပင် ရှားလေသည်။ မြို့ကလေးသည် ရာသီဥတုပူပြင်းသည့်ဒဏ်နှင့် နိုင်ငံရေးပူပြင်းသည့်ဒဏ်ကို တပြိုင်တည်း ခံနေရသည်ဟု ဆိုနိုင်သည်။
တောင်စိမ်းတွင် တနေ့တနေ့ ဘာတွေဖြစ်သနည်း။ လူသတ်မှုတွေက တလလျှင် ဆယ်မှု ဆယ့်ငါးမှု။ ဓားမြှောင်နှင့် ထိုးသွားခြင်း၊ ပုဆိန်ဖြင့် ခုတ်သတ်သွားခြင်း၊ ငှက်ကြီးတောင်ဓားနှင့် အပိုင်းခံရခြင်း၊ ထန်းလှီးဓားနှင့် လည်မြိုကိုလှီးသွားခြင်း၊ သေနတ်နှင့်ပစ်သွားခြင်း၊ ဟိုဘက်ရွာနှင့် သည်ဘက်ရွာအချင်းများ၍ အုပ်စုလိုက် ရိုက်နှက်ထိုးခုတ်ကြခြင်း စသဖြင့် လူသတ်မှုများကလည်း မရိုးနိုင်အောင် အမျိုးစုံလှသည်။ လူရိုက်မှုလောက်ကို ဂတ်သွားတိုင်လျှင် ပုလိပ်များက အရေးလုပ်၍လိုက်သည် မဟုတ်။ ရိုက်သည့်ဘက်နှင့် အရိုက်ခံရသည့်ဘက် ကိုယ့်ဟာကိုယ်သာ နားလည်သလို ရှင်းစတမ်း။ ဒါကြောင့် အပြန်အလှန် လက်စားချေ သတ်ဖြတ်တာတွေက ယဉ်ကျေးမှုတခုလို ဖြစ်နေသည်။ သည့်အပြင် ရန်ကြွေးရန်စရှိသူအချင်းချင်း လစ်ရင်လစ်သလို သူ့အိမ်ကိုယ့်အိမ် အပြန်အလှန် မီးကွင်းပစ်သည်ကလည်း မကြာခဏပင်။
နွားခိုးခြင်း၊ လှည်းခိုးခြင်း၊ အရက်ပုန်း ချက်ခြင်း ရောင်းခြင်း၊ ဖဲဝိုင်းနှင့် လေးကောင်ဂျင်ဝိုင်းများ အပါအဝင် လောင်းကစားမျိုးစုံကလည်း ထွန်းကားသေးသည်။ ဘယ်အိမ်မှာ၊ ဘယ်ရပ်ကွက်မှာ၊ ဘယ်ရွာမှာ ဓားပြတိုက်သွားပြန်ပြီဆိုတာတွေကလည်း မကြားချင်မှ အဆုံး။
ဓားပြတိုက်နေစဉ်တန်းလန်း ဂတ်တဲသို့သွား၍ အကြောင်းကြားသည့်တိုင် ပုလိပ်များ၏လှုပ်ရှားမှုသည် လိပ်တို့နှင့်အပြိုင် နှေးကွေးလွန်းလှသည်။ အကြောင်းမှာ ဓားပြဂိုဏ်းများကို ပုလိပ်တွေကိုယ်တိုင်လည်း ခပ်လန့်လန့် ဖြစ်သာကြောင့်ပင်။ ထို့အပြင် ဘယ်ဓားပြဂိုဏ်းက ဘယ်နေ့မှာ ဘယ်သူ့အိမ်ကို ဝင်တိုက်မည်ဆိုတာကို ပုလိပ်များ သိထားပြီးသား။ ပုလိပ်များ ဝင်မနှောင့်ယှက်ဖို့ ဓားပြဂိုဏ်းဘက်ကလည်း ကြိုတင်၍ ညှိထားပြီးသား။ ရသည့်တိုက်ရာပါ ပစ္စည်းနှင့်ငွေအပေါ်မှာ အချိုးချ၍ ပုလိပ်များကို ပေးရသည်မှာလည်း ရိုးရာတခုနှယ်။ သည့်အတွက် ဓားပြများ ထွက်သွားအပြီး တဝါဆိုလောက်ရှိမှ ပုလိပ်များ ရောက်လာလေ့ရှိသည်။ ထိုအထဲမှာမှ လူပြန်ပေးကလည်း ကြားညှပ်၍ ပါလိုက်သေးသည်။ ပိုက်ဆံရှိသူတွေ ခံပေရော့။ ထို့အတွက် တောင်စိမ်းသည် ဆရာမနိုင် နှစ်ဆောင်ပြိုင် ဇာတ်လမ်းကို ကနေသည့်အရပ်ဟုလည်း ဆိုနိုင်ပေ၏။
တောင်စိမ်းကား ရထားဘူတာရုံ တခုကဲ့သို့ပင်။ မြို့သူကြီးများ တယောက်တက် တယောက်ဆင်း။ ထိုကဲ့သို့ အရပ်မျိုး၌ မြို့သူကြီးလုပ်လိုသူ မရှိတာ ဘာမှမဆန်း။
ကံကြီးမောင် ဦးဆောင်သော အုပ်စုကား တောင်စိမ်းနယ်တကြောတွင် အားအကောင်းဆုံးဂိုဏ်းဟု ဆိုနိုင်သည်။ ကံကြီးမောင်၏ဂိုဏ်းသည် အရက်ပုန်းလည်း ချက်သည်၊ လောင်းကစားဝိုင်းမျိုးစုံကိုလည်း ထောင်ထားသေးသည်။ လက်နက်ပုန်းများလည်း ပိုင်ဆိုင်သောကြောင့် ဓားပြလည်းတိုက်သည်။ ဓားပြဂိုဏ်း အငယ်စားများကို သေနတ်ငှားစားသလို တိုက်ရာပါပစ္စည်းအပေါ် အခြေခံ၍ ဆက်ကြေးလည်းကောက်သည်။ အမှန်ကိုဆိုရရင် ကံကြီးမောင်က သည်မြို့ကို သွယ်ဝိုက်သောနည်းဖြင့် အုပ်ချုပ်နေသူ။ ခေတ်အဆက်ဆက် မြို့သူကြီးများ သူ့ကို ကျော်လို့မှ မရခဲ့သည်ပဲ။
“ဒကာကြီးမှ ရွေးကောက်ပွဲမဝင်ရင် ဘုန်းကြီးတို့မြို့မှာ မြို့သူကြီးမရှိလို့ ဘေးမြို့တွေကြားမှာ အတော် မျက်နှာငယ်ရလိမ့်မယ်။”
သည်တပတ် မြို့သူကြီး ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့်ကိုယ်စားလှယ်လောင်း တဦးမှ မရှိ။ ထို့ကြောင့် ဆရာတော်ဘုရား အပါအဝင် မြို့မိမြို့ဖများက ထန်းလျှက်ပွဲရုံပိုင်ရှင် ဦးဘအုံကို မြို့သူကြီး ရွေးကောက်ပွဲဝင်ဖို့ ဝိုင်းဝန်း နားချကြသည်။ တိုတိုပြောရရင် မြို့သူကြီး ရွေးကောက်ပွဲဝင်ရန် ဦးဘအုံဘက်က သဘောတူလိုက်သည်။
အားလုံးဝိုင်းနားချသည့်အကြောင်းကတော့ ကံကြီးမောင်သည် ဦးဘအုံနှင့် နှစ်ဝမ်းလား သုံးဝမ်းကွဲလား တူအရီး တော်စပ်သောကြောင့် ဖြစ်သည်။ တူအရီးချင်းဆိုတော့ သွေးနီးသည်မို့ ဘာပဲပြောပြော တချို့ကိစ္စတွေမှာ ညှိနိုင်းလို့ရနိုင်သည်ဟု မြို့မျက်နှာဖုံးလူကြီးများက တွက်ဆထား၍ ဖြစ်သည်။ တခြားပြိုင်ဖက် သူကြီးလောင်း မရှိသောကြောင့် ဘာမှမပင်ပန်းလိုက်ရဘဲ မြို့သူကြီး ရွေးကောက်ပွဲတွင် ဦးဘအုံတယောက် မဲတွေအောတိုက်၍ရကာ အနိုင်ရလေသည်။ သည့်နောက် ဦးဘအုံ မြို့သူကြီး ဖြစ်တော့သည်။
“ကျနော့် တာဝန်ရှိတဲ့ မြို့သူကြီးသက်တမ်းအတွင်း မြို့ရဲ့ ကောင်းရာ ကောင်းကျိုးတွေကို အတတ်နိုင်ဆုံး ကျနော် သယ်ပိုးပါ့မယ်”။
မြို့သူကြီး ဖြစ်အပြီး ပထမဆုံး အစည်းအဝေးတွင် ဦးဘအုံ ပြောကြားခဲ့သော စကားဖြစ်သည်။ ဝတ္တရားရှိလို့သာပြောရပေမယ့် သူပြောသလောက် လုပ်ဖို့မလွယ်ကြောင်းကို ဦးဘအုံကိုယ်တိုင်လည်း သဘောပေါက်ပြီးသား။ ကျားဖမ်းတာကမှ ကံကြီးမောင်၏ သြဇာရိပ်ကိုကျော်ဖို့ထက် လွယ်လိမ့်ဦးမည်။
ထို့ကြောင့် မြို့သူကြီး အသစ်စက်စက်သည် ကံကြီးမောင်နှင့် ကြိတ်ဆွေးနွေးဖို့ ဖြစ်လာသည်။
“ကံကြီးမောင့့်  ငါ့တူနဲ့ ဦးလေး တခုလောက်တော့ ညှိပြီးလုပ်ချင်တာလေးတွေ ရှိတယ်” ဟု ဦးဘအုံက အောက်ကျို့သောလေသံဖြင့် ဆိုလာသည်။
တူအရီးချင်းဆိုတော့ ကံကြီးမောင်ကလည်း “ပြောပါ ဦးလေး။ ကျုပ်နိုင်တာတော့ ဝန်မလေးပါဘူး”
“ဒီလိုကွာ့  မင်းလဲသိသားပဲ။ တို့မြို့ထဲမှာ ဖဲဝိုင်းတွေ၊ ဂျင်ဝိုင်းတွေက များလွန်းတော့ တဝိုင်းနှစ်ဝိုင်းလောက်တော့ ဦးလေးအနေနဲ့ အဖမ်းပြဖို့လိုတယ်။ ငွေလေးအနည်းအကျဉ်းနဲ့ သုံးလေးဦးစ ဆိုသလို အဖမ်းပြ။ ပြီးတော့ ဒဏ်ငွေလေး ငါးကျပ်လောက် ဆောင်ခိုင်းပြီး ပြန်လွှတ်လိုက်မှာပေါ့။ နို့မဟုတ်ရင် မင်းနဲ့ငါက တူအရီးဆိုတော့ တို့နှစ်ယောက် လက်ဝါးရိုက်ပြီး လုပ်နေတယ်လို့ စွပ်စွဲကြမှာ”
ဒီလောက်တော့ ကံကြီးမောင်အနေနဲ့ ဝန်မလေး သဘောတူလိုက်သည်။
သည့်နောက်တော့ ပုလိပ်သား သုံးလေးဦးကို ဦးဆောင်၍ မြို့သူကြီး ဦးဘအုံ ဖဲဝိုင်းများ ဂျင်ဝိုင်းများကို ဖမ်းလေတော့သည်။ သို့သော် တလမှ တခေါက်နှစ်ခေါက်လောက် အဖမ်းပြခြင်းသာ။ ကစားသူများထံကလည်း ငွေကြေး များများစားစား မမိ။ ထို့အပြင် ကစားသူများက အပျော်ကစားတာပါဟု လျှောက်လဲသောကြောင့် နောက်နောင် လောင်းကစားခြင်း မပြုလုပ်ရန်သတိပေး၍ ဒဏ်ငွေ အနည်းအကျဉ်းတပ်ကာ ပြန်လွှတ်လိုက်၏။ ကံကြီးမောင်လည်း မနာသလို ဦးဘအုံလည်း မင်းတိုင်းကြေ လုပ်နေသည်ကို မြို့ကလူတွေ သဘောပေါက်သည်။ ဘာတတ်နိုင်မည်နည်း။ သူတို့ ရွေးကောက်ထားသော မြို့သူကြီးပေကိုး။ သို့သော် ခရိုင်မင်းကြီးနှင့် အရေးပိုင်မင်းများကတော့ ဦးဘအုံကို ချီးမွမ်းကြသည်။ အရင့်အရင် မြို့သူကြီးများတုန်းက သူတို့ထံ တမှုတလေတောင် မတင်နိုင်သောကြောင့် ဖြစ်သည်။
သည်ကြားထဲ ဦးဘအုံ နာမည်ပိုကြီးဖို့ အဖြစ်တခု ကြုံလာသည်။ “ဦးလေး နွားအိမ်တောင်ဘက်က မဲဇော်တို့အုပ်က ကျုပ်တို့ တောင်စိမ်းဘက်ကို မျက်စပစ်နေတယ်ဗျ။ လာမယ့် ဘုရားပွဲရက်တွေမှာ တချို့နေရာတွေကို ဓားပြဝင်တိုက်လိမ့်မယ်။ အဲတာ ဦးလေး စီစဉ်နိုင်အောင် ကျုပ်အသိပေးတာ”
ပြောရရင် မဲဇော်တို့ဂိုဏ်းက ကံကြီးမောင်တို့ဂိုဏ်းထက် လက်နက်ပိုကောင်းသည်။ ထို့ကြောင့် မြို့သူကြီးက ဦးဆောင်ပြီး ပုလိပ်အဖွဲ့နှင့် နှိမ်နင်းပေးရန် ကံကြီးမောင်က သွယ်ဝိုက်၍ တောင်းဆိုခြင်းဖြစ်သည်။ သူပိုင်နယ်အတွင်း မဲဇော်က အခုလို တင်တင်စီးစီး ကျူးလာသည်ကို မခံချင်တာကလည်း သဘာဝကျသည်။ သည်လိုနှင့် ကိုယ့်ဘက်က သတင်းဦးထားတာ တပိုင်း၊ ကံကြီးမောင်ရဲ့ဂိုဏ်းက ပုလိပ်တွေကို တဖက်လှည့်နဲ့ ဝင်ကူတာကလည်း တပိုင်းဆိုတော့ တောင်စိမ်းနယ်ကိုအဝင်မှာ တိုက်ပွဲဖြစ်၍ မဲဇော်တို့တဂိုဏ်းလုံး အငိုက်မိကာ သေသူသေ ပြေးသူပြေးနှင့် ဖြစ်ကုန်တော့သည်။ သို့သော် မဲဇော်ကိုတော့ မမိလိုက်။
ရလဒ်ကတော့ မြို့သူကြီး ဦးဘအုံအား ခရိုင်မင်းကြီးမှနေ၍ နာမည်ကောင်းလက်မှတ်နှင့် နှစ်လုံးပူးသေနတ်တလက် ဆုချသည်။ တောင်စိမ်း မြို့သူကြီးကား ရာဇဝတ်မှုများကို ဖိဖိစီးစီး နှိမ်နင်းသည်ဟု အထက်လူကြီးများအကြား နာမည်ရလာသည်။ ပုလိပ်မင်းကြီး၊ ခရိုင်မင်းကြီး စသည်တို့လည်း တောင်စိမ်းကို မကြာခဏ ဆိုသလို အဝင်အထွက် ရှိလာသည်။ ဦးဘအုံလည်း အဲသည်မှာပင် အောက်ခြေ စလွတ်တော့သည်။
သည့်နောက်တော့ နှစ်လုံးပူးရ မြို့သူကြီးဆိုသော သြဇာကိုသုံးကာ မြို့ထဲရှိ ဖဲဝိုင်းဂျင်ဝိုင်းများကို တကယ်ဖမ်းလေတော့သည်။ သို့သော် ဓားပြတိုက်မှုများကိုတော့ ပုလိပ်များက အမှန်တကယ် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသောကြောင့် မနှိမ်နင်းနိုင်။ အလားတူပင်ဖြစ်နေကြ လူသတ်မှုများကိုလည်း အမှုပေါ်အောင် လိုက်နိုင်ခြင်းမရှိ။ မြို့တွင် အရက်ပုန်း သောက်သုံးသူ များသထက်များလာသော်လည်း အရက်ပုန်းရောင်းသူ ချက်သူများကို မိအောင်မဖမ်းနိုင်။ တကယ်တမ်းဆိုရပါက ကံကြီးမောင်ဂိုဏ်းနှင့် ပုလိပ်များက ပုလင်းတူ ဗူးဆို့တွေ ဖြစ်ကြသည်ကိုး။ နောက်တကြောင်းကလည်း မြို့ထဲက လောင်းကစားဝိုင်းတွေကနေ ပုံမှန်ရသောဝင်ငွေက အသက်ကိုရင်း၍ ဓားပြတိုက်တာထက် အများကြီးပိုသည်။ ကြာတော့ ကံကြီးမောင် သည်းမခံနိုင်တော့။ သူ့စီးပွားရေးကို ထိခိုက်လာသလို ကံကြီးမောင်ကွ ဆိုသော သူရဲ့အရှိန်အစော်ကိုပါ ထိပါးသလို ဖြစ်လာတော့သည်။
“ဦးလေး သလိုတော့ဖြင့် မဖြစ်နိုင်တော့ဘူး။ တောင်စိမ်းဆိုတာ တကယ်တော့ ဦးလေး မြို့သူကြီး မဖြစ်ခင်ကတည်းက ကျုပ် အပိုင်နယ်ပါ။ တကယ်တမ်းပြောရရင် သည်နယ်မှာ ကျုပ် ညှိုးညွှန်ရာ ရေဖြစ်တယ်။ ဦးလေး လုပ်နေတာတွေ ရပ်တန်းက ရပ်ပါ။ နို့မဟုတ်ရင် နောင်မှာ ကျုပ်ကို အဆိုးမဆိုနဲ့”
အရင်တုန်းက ကံကြီးမောင်အား ခပ်မာမာပင် မပြောဝံ့သော ဦးဘအုံကား ယခုတော့ ဘဝင်အဆိပ် ငယ်ထိပ်ရောက်၍ သတ္တိများကောင်းကာ “ဟေ့ကောင် ကံကြီးမောင် ငါက နှစ်လုံးပူးရ မြို့သူကြီးကွ။ ငါ့နယ်မှာဖြစ်နေတဲ့ ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့ ငါ့မှာတာဝန် ရှိတယ်” ဟု တုံ့ပြန်လေတော့သည်။ ခရိုင်မင်းကြီး၊ ပုလိပ်မင်းကြီးတို့ အားကိုးနှင့် သူ့ကို ခံတံတံလုပ်သည်ဟု ကံကြီးမောင်က တေးမှတ်ထားသည်။
ကံကြီးမောင်ဘက်မှတွက်တော့လည်း ဦးဘအုံ အခုလို နာမည်ကောင်းလက်မှတ်နှင့် နှစ်လုံးပူးသေနတ်ရတာ သူ့ကြောင့်။ အခုတော့ သည်ကျေးဇူးကိုမှ မထောက် သူ့စီးပွားကိုလည်း ဝင်ဖျက်သလို သူ့ကိုလည်း ကာပြန်သည်ဟု စိတ်အနာကြီးနာလျက်ရှိသည်။
တရက်သောနေ့။ တမြို့လုံးတွင် တလုံးထဲသာရှိသော မီးသတ်ဌာနမှ ရေဒီယိုကို အခြားသူများကဲ့သို့ ဦးဘအုံလည်း သွားနားထောင်သည်။ မီးသတ်ဌာနရှေ့ရှိ အုတ်ခုံပေါ်၌ထိုင်၍ နားထောင်နေသည်။ နားထောင်သူ ပရိတ်သတ်အားလုံး “ဟာ” ခနဲ ဖြစ်ရသည့် သတင်းတပုဒ်ကို ရေဒီယိုမှ ကြေငြာသည်။ ထိုနေ့နံနက်က ရန်ကုန်ရှိ အတွင်းဝန်များရုံးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လုပ်ကြံခံရသော သတင်းဖြစ်နေသည်။ နောက်ဆက်တွဲ ပြောကြားလာသည့်သတင်းကို ပရိတ်သတ်များအားလုံး အပ်ကျသံပင်မကြား ငြိမ်၍နားထောင်နေစဉ် “သူကြီး သူကြီး” ဟု အော်ခေါ်သံကြောင့် အသံလာရာသို့ ဦးဘအုံရော ပရိတ်သတ်များပါ ပြိုင်တူလှည့်ကြည့်လိုက်ကြသည်။
ကံကြီးမောင်နှင့် နောက်လိုက်တယောက်။ လက်ထဲတွင် ခြောက်လုံးပူးသေနတ် ကိုယ်စီကိုင်ထားလျက်။ ချက်ချင်းဆိုသလို အနီးကပ်၍ ဦးဘအုံအား တယောက် နှစ်ချက်စီ ပစ်ထည့်လိုက်သည်။ သေနတ်ဒဏ်ရာဖြင့် ဦးဘအုံ လဲကြသွားသလို ကံကြီးမောင်နှင့် သူ့တပည့်တို့လည်း ပရိတ်သတ်၏မြင်ကွင်းမှ တရှိန်ထိုး ထွက်ပြေးပျောက်ကွယ်သွားတော့သည်။
ဒဏ်ရာပြင်းလွန်းသဖြင့် ခရိုင်ဆေးရုံကြီးသို့ အမြန်တင်လိုက်ရသည်။ ဦးဘအုံကား မသေ။ ကံကောင်းလှသည်။ နှစ်ချက်ကလွဲသွား၍ နှစ်ချက်က ပေါင်ကိုသာ ထိသွားသောကြောင့်ဖြစ်သည်။ သို့သော် ဆေးရုံမှ ဆင်းဆင်းခြင်း မြို့သူကြီးအဖြစ်က နုတ်ထွက်လိုက်သည်။ ကိုယ် တကယ်ခံလိုက်ရသည့်အပြင် ဘဝင်သွေးကလည်း အေးသွားပြီဆိုတော့ အရင်က သတ္တိများ ကြက်ပျောက် ငှက်ပျောက်။ ကံကြီးမောင် နောက်တခေါက် ပြန်လာပါက မြို့သူကြီးတဦးအနေဖြင့် မျက်နှာချင်းဆိုင်ရမည်ကို စိုးရွံ့မိသည်။ ဒါ့အပြင် ကံကြီးမောင်၏ တပည့်တပန်းများနှင့် နောက်လိုက်များက မြို့ထဲတွင် လက်ညှိုးထိုးမလွဲ ရှိနေသေးသည် မဟုတ်လော။
မြို့ကလူအများရှေ့မှောက်တွင် ဦးဘအုံကို ပြောင်ပြောင်တင်းတင်း ပစ်ခတ်ခဲ့ခြင်းဖြစ်၍ ကံကြီးမောင်လည်း ချက်ခြင်း မြို့သို့ မပြန်ရဲသေး။ ထို့ကြောင့် လုံလုံခြုံခြုံ ပုန်းအောင်းနိုင်ရန် နီးရာနယ်ကို ကူးလိုက်သည်။ ဤအချိန်တွင် ကံကြီးမောင်တယောက် ကံမကြီးနိုင်တော့။ ကျောင်းတော်ကရန်စရှိသော မဲဇော်တို့ဂိုဏ်း ကြီးစိုးရာ နွားအိမ်တောင်ဘက်ကို ကူးသွားခဲ့၍ဖြစ်သည်။ ကံကြီးမောင် သူ့နယ်အတွင်း ပုန်းအောင်းရန် ရောက်လာသည်ဟု သတင်းရရခြင်း မဲဇော်က ပိုက်စိတ်တိုက်၍ ရှာတော့သည်။ ကံကြီးမောင်အား မဲဇော်က အရှင်မိသွားသည်။ လက်ပြန်ကြိုး တန်းလန်းနှင့် ကံကြီးမောင်အား နွားအိမ်တောင် တောင်ထိပ်ပေါ်တွင် မဲဇော်က နားထင်ကိုတေ့၍ သေနတ်နှင့် ပစ်သတ်လိုက်သည်။ သည့်နောက် အလောင်းကို ချောက်ထဲကန်ချ၍ သူ့ပြိုင်ဖက်တဦးအား မဲဇော်က လက်စတုံးလိုက်တော့သည်။
သည်လိုစနစ်နှင့် သည်လိုအဖြစ်မျိုးတွေ မြန်မာနိုင်ငံမှာ တချိန်က ရှိခဲ့ဖူးသည်။ ခေတ်ခြင်းသာ ကွာသွားသည် အခုကော ထိုနည်းနှင်နှင်ရှိသေးသည်ဟု ဆိုလာလျှင်လည်း မမှား၊ ဟုတ်သည်ဟုသာ ပြန်ဖြေရပေလိမ့်မည်။ နောင်တွင်လည်း သည့်ထက်ပိုဆိုးတာမျိုး ဖြစ်ကောင်းဖြစ်လာနိုင်သည်။ စဉ်းစားမိသည့် တချက်ကတော့ ၂ဝ၁ဝ ခုနှစ်တွင် ရွေးကောက်ပွဲကြီး ဖြစ်မြောက်ခဲ့သည်ဟုဆိုပါက ဖွဲ့စည်းလာမည့် ပါလီမန်ကြီးသည် သြဇာအာဏာ အမှန်တကယ်မရှိသော ဦးဘအုံနှင့်တူ၍ စစ်တပ်ကတော့ ကံကြီးမောင်တို့ မဲဇော်တို့နေရာများမှ ဆက်လက်ကပြပေလိမ့်မည်။
နောက်ဆက်တွဲ ပြောရမည်ဆိုပါက ယခုလက်ရှိ အစိုးရသည် သက်တန်း နှစ်နှစ်ရှိပေပြီ။ ပါလီမန်ကြီးတွင် ထိုင်၍ဆွေးနွေးနေကြသော ပါလီမန်အမတ်များ (ဝါ) ပြည်သူ့ကိုယ်စားလှယ်များသည် တကယ်ကော ဆုံးဖြတ်ပိုင်ခွင့် အာဏာနှင့် သြဇာရှိပါ၏လော။ သမ္မတမှစ၍ ဝန်ကြီးဝန်ကလေး ရာထူးများကို စစ်ဗိုလ်လူထွက်အများစုက ယူထားသည်မဟုတ်လော။ လက်ရှိ ယူနီဖောင်းဝတ်ထားသော စစ်ဗိုလ်များကလည်း ရွေးကောက်ခံစရာမလိုဘဲ ပါလီမန်တွင် ၂၅% ပြောင်ကျကျ နေရာယူထားသေးသည်။ ပါလီမန်နှင့် ပါလီမန်အမတ်များသည် ယခုတိုင် စစ်တပ်ကို ကြောက်နေရသေးသည်။ ကြောက်နေရဆို ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံကြီးချောက်ထဲကျမည့် အရိပ်အယောင်မြင်ရင် အာဏာသိမ်းနိုင်တယ်လို့ ဥပဒေက ရေးထားသည်ကိုး။
ရောင်နီလာဖို့ ဝေးသေးသည့်အချိန်များတွင် အမှောင်ထုက ဗိုလ်ကျစိုးမိုးသည်မှာ ဓမ္မတာပင်။
ဇော်မင်း
(ဤဝတ္ထုတိုကလေးကို ရေးသားဖြစ်ခဲ့သည်မှာ ၂ဝဝ၈ ခုနှစ်က ဖြစ်သည်။ ငါးနှစ်နီးပါး ရှိခဲ့ပြီ။ မြန်မာပြည်မှာ ပြောင်းကုန်ပြီ ပြောင်းကုန်ပြီလို့ဆိုသော်လည်း တကယ်တန်းမှာတော့ အတွင်းကလီစာများကား မပြောင်းသေးပါ။ မျက်နှာဖြူ စကားပုံတခုအတိုင်းပြောရပါက ဝိုင်ပုလင်းအသစ်ထဲသို့ ဝိုင်ပုလင်းအဟောင်းထဲမှ ဝိုင်အရက်ကို ပြောင်းထည့်ထားတာသာ ဖြစ်သည်။ လက်ရှိဖြစ်နေတာတွေနဲ့ ကိုက်ညီနေသေးတာမို့ အနည်းအပါး ထပ်မံဖြည့်စွက်ပြီး ပြန်လည်တင်ပြလိုက်ခြင်း ဖြစ်သည် - စာရေးသူ)
(ရွက်မွန် ဘလော့ဂ် မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်)
No comments:
Post a Comment