လူတွေဟာ လှိုင်းလုံးကြီးတွေလို တရွေ့ရွေ့ တအိအိ။ အနီအောက်ခံမှာ အပြာနဲ့ အဖြူကွတ်ထားတဲ့ ကြက်ခြေခတ် အလံတွေကလည်း Karljohn လမ်းမပေါ်မှာ တဖြတ်ဖြတ်။ ဆယ်နှစ်ဝန်းကျင်အရွယ် ရောင်စုံ ယူနီဖောင်းတွေဝတ်ပြီး လေမှုတ်တူရိယာတွေ၊ ဘင်ခရာတွေ တီးနေကြတဲ့ ကလေးငယ်တွေက တက်တက်ကြွကြွ။ ပျိုပျို၊ ငယ်ငယ် အိုအို အရွယ်သုံးပါး နဲ့ မြို့တော်သူ မြို့တော်သားတွေဟာ ရယ်မောပျော်ရွှင်လို့၊ ဒုဂ်နပ် လို့ခေါ်တဲ့ ပိုးဖဲ နဲ့ ငွေပြားကပ် ဝတ်စုံတွေနဲ့ ဝင့်ဝင့်ကြွားကြွား။ လူတိုင်းဟာ ဒီကနေ့မှာ အတောက်ပဆုံး အလှပဆုံးဝတ်စုံတွေနဲ့ အလံတွေကိုယ်စီကိုင်ပြီး လမ်းပေါ်မှာရော၊ လမ်းဘေး ဝဲယာမှာရော ပြည့်ကြပ်နေအောင် လျှောက်နေကြတယ်။ ပလက်ဖောင်းမှာ ခြေချစရာနေရာ မရှိ။
သူတို့အားလုံး ပင်လယ်ကမ်းမြှောင် လက်တက်ကို မေးတင်ထားတဲ့ အော်စလို မြို့ရိုးကနေ မြို့လယ်လမ်းမကြီးအတိုင်း ကြွေးကြော်သံတွေ၊ နိုင်ငံတော် သီချင်းတွေကို အားရပါးရဟစ်ဆိုပြီး တရွေ့ရွေ့ချီတက်နေတယ်။ သူတို့ဦးတည်နေတာက မြို့လယ်ခေါင်ကို စီးမြင်နေရတဲ့ ဘုရင့်နန်းတော်ရာ ကုန်းမြင့်ဆီကိုပါ..။ နန်းတော်ရင်ပြင်နဲ့ ဥယျာဉ်တလျှောက် လူတွေဟာ ပျားကောင်တွေနဲ့ တူနေတယ်။ နော်ဝေးဘုရင်နဲ့ မိဖုရားရယ် အိမ်ရှေ့မင်းသားနဲ့ မင်းသမီး အပြင်သူတို့ရဲ့ ရင်သွေးနှစ်ယောက်နဲ့ မင်းမျိုးနွယ်တွေက နန်းတော် လေသာဆောင်ကနေ တန်းစီပြီး ချီတက်လာတဲ့ ကလေးတွေနဲ့ လူအုပ်ကြီးကို လက်တွေဝှေ့ရမ်း နှုတ်ဆက်ကြိုဆိုနေတယ်။
ဒီမြင်ကွင်းတွေကို နန်းရှေ့စင်မြင့်တနေရာက ကရိမ်းတပ် ခေတ်မီကင်မရာတပ်ဆင်ထားတဲ့ မီဒီယာအဖွဲ့တွေက စနစ်တကျမှတ်တမ်းတင်ပြီး နော်ဝေးတနိုင်ငံလုံးကို ရုပ်မြင်သံကြားအစီအစဉ်တွေကနေ တိုက်ရိုက်ပြသနေတယ်။ ဒီနေ့ဟာ အော်စလိုတမြို့လုံးကလူတွေ လမ်းပေါ်ရောက်နေတဲ့ နေ့ဖြစ်တယ်။ အဝတ်အစားသစ်တွေနဲ့ တက်ကြွရွှင်ပျတဲ့နေ့ဖြစ်တယ်။ နော်ဝေးနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးကို ရေးဆွဲအတည်ပြုခဲ့တာ နှစ်ပေါင်း (၁၉၉)နှစ်ပြည့်တဲ့နေ့ ဖြစ်တယ်။ နော်ဝေးနိုင်ငံမှာ လူအစည်ကားဆုံးနဲ့ အပျော်ရွှင်ကြဆုံး ဂုဏ်အယူဆုံး အတက်ကြွဆုံး အမျိုးသားထု အောင်ပွဲနေ့လည်းဖြစ်တယ်။ နော်ဝေးတပြည်လုံးပျော်တဲ့နေ့ ဖြစ်တယ်။
သူတို့ရဲ့ မူလ အစက (၈၀၀-၁၀၃၀) ပင်လယ်ကြီးကို အစာအိမ်လုပ်ပြီး ကျက်စားလှုပ်ရှားခဲ့တဲ့ ဗိုက်ကင်းလူမျိုးတွေဖြစ်တယ်။ ရဲရင့်တယ်၊ စွန့်စားတယ်၊ ရိုးသားတယ်။ အင်္ဂလန်ကိုတောင် ခြိမ်းခြောက်မင်းမူခဲ့တဲ့ ပင်လယ်ဓားပြတွေလို့ ပြောရင်မမှားဘူး။ နိုင်ငံကို သြဇာရှိသူတွေက သူတလူ ငါတမင်း အုပ်ချုပ်ခဲ့တယ်။ ဗိုက်ကင်းယဉ်ကျေးမှုဟာ ဥရောပတိုက်မှာ အတော် သြဇာကြီးခဲ့တယ်။ ကျနော်တို့ဆီက ပုဂံခေတ်ထက် စောတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၉၈၀ ကျော်လောက်မှာတော့ ခရစ်ယာန်အယူဝါဒတွေ လွှမ်းမိုးလာပြီး ဘုရင်တပါးထဲ အုပ်ချုပ်တဲ့စနစ်အောက် ညီညွတ်ရေး ရသွားတယ်။ ဒီနေ့အထိ ခရစ်ယာန်ဘာသာလည်း နိုင်ငံတော်ဘာသာဖြစ်သွားတယ်။ ဘာသာရေးနေ့မြတ်တိုင်း အားလပ်ရက်၊ ရုံးတွေ ကျောင်းတွေပိတ်ရက်ဖြစ်ပေမယ့် မေလ ၁၇ ရက်လို နိုင်ငံတော် ရုံးပိတ်ရက်လောက် မခမ်းနားဘူး။
ဒီနေ့လို ခမ်းနား ပျော်ရွှင်ဖို့ နော်ဝေးလူမျိုးတွေ နှစ်ပေါင်းရာနဲ့ချီပြီး ဒုက္ခတွေနဲ့ရင်းခဲ့ရတယ်။ တပါးနိုင်ငံတွေရဲ့လက်အောက်မှာ နေခဲ့ရတယ်။ ၁၃ရာစု အလယ်လောက် (၁၃၄၉) မှာ သူတို့အားလုံး အမှောင်လွှမ်းတဲ့ခေတ်ထဲကျခဲ့တယ်။ ပုလိပ်ရောဂါကပ်ဆိုးကြီးကျခဲ့တယ်။ ၁၄ ရာစုထဲအထိ ကပ်ရောဂါနဲ့သေဆုံးသွားကြတာ အဲဒီတုန်းက တနိုင်ငံလုံးရဲ့ လူဦးရေ သုံးပုံနှစ်ပုံပဲ ကျန်ခဲ့တယ်။ မင်းမျိုးအနွယ်တွေ မူးမတ်တွေကအစ ရောဂါဘေးသင့်ကုန်လို့ နော်ဝေးလူမျိုး အထက်တန်းလွှာ မင်းမျိုးဆက်တောင် ပြတ်သွားတယ်။ (အခုနောက်ပိုင်း မင်းဆက်က ဒိန်းမတ်မင်းသားတပါးကနေ ဆက်ခံလာတာဖြစ်တယ်။ မျိုးဆက် ၃ ဆက်ရှိသွားပြီ) ကပ်ဘေးသင့်ရာကနေ နော်ဝေးအတွက် ပိုဆိုးတာက လွတ်လပ်ရေးပါ ဆုံးရှုံးသွားတာပဲ။ အိမ်နီးချင်း ဒိန်းမတ်နိုင်ငံလက်အောက် ရောက်သွားတယ်။ ဒိန်းမတ်ရဲ့ အစောင့်ရှောက်ခံဘဝနဲ့ နှစ်ပေါင်း ၄၀၀ လောက် နေလိုက်ရတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀၀ နီးပါး (၁၈၁၄)ကျမှ ဒိန်းမတ်ရဲ့အုပ်ချုပ်ရေးဟာ အဆုံးသပ်သွားတယ်။ ဒါနဲ့ပဲ နော်ဝေးနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မေလ ၁၇ ရက်မှာ အတည်ပြုနိုင်ခဲ့ရာက မေ (၁၇) အောင်ပွဲကြီး ပေါ်ပေါက်လာတယ်။ နော်ဝေးတမျိုးသားလုံး ပျော်ရွှင်စရာ နေ့ထူးရက်မြတ်ဖြစ်သွားတယ်။
ဒိန်းမတ် အချုပ်အခြာက လွတ်မြောက်ပေမယ့် နော်ဝေးရဲ့ စီးပွားရေးက ချို့တဲ့တယ်။ ညီနောင်နိုင်ငံဖြစ်တဲ့ ဆွီဒင်နိုင်ငံရဲ့ အကူအထောက်ရနိုင်ဖို့ ဆွီဒင်နဲ့ ပြည်ထောင်စုဖွဲ့ပြီးနေခဲ့ရတယ်။ တပါးသြဇာခံဘဝက မလွတ်ကျွတ်သေးဘူး။ ပြည်သူတွေ ဆင်းရဲလွန်းလို့ အမေရိကန်ကို ပြောင်းသွားကြတာ အများကြီး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်(၁၉၀၅) လောက်ကျမှ လုံးဝ လွတ်လပ်တဲ့နိုင်ငံ ဖြစ်သွားတာပါ။ ဒါတောင် နော်ဝေးနိုင်ငံဟာ ဒုတိယကမ္ဘာစစ် ၁၉၄၀ ကနေ ၁၉၄၅ အထိ ဂျာမဏီလက်အောက် ရောက်ခဲ့တယ်။ ခုခံမှုစစ်ပွဲတွေ မျိုးချစ်တွေနဲ့ ပြည်သူတွေရဲ့ ပြောက်ကျားတိုက်ပွဲတွေက ဂျာမဏီအုပ်ချုပ်ရေးကို ဒုက္ခပေးခဲ့တယ်။ ကမ္ဘာစစ်အပြီး စစ်လက်နက်နဲ့ ဗုံးဒဏ်တွေကြောင့် အကြီးအကျယ် ဆုံးရှုံးခဲ့တာမျိုးမရှိပေမယ့် စီးပွားရေးကတော့ နလံမထူနိုင်သေးဘူး။ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ သစ်တောလုပ်ငန်းက အဓိကဆိုပေမယ့် စိုက်ပျိုးရေးက တနှစ်မှ ၃ လထဲ စိုက်နိုင်တယ်။ လွန်ခဲ့တဲ့အနှစ် ၄၀ ကျော်လောက်မှာတော့ ပင်လယ်ရေအောက်ကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကြောကြီးသွားတွေ့ပြီး ဒီကနေ့ဆို ကမ္ဘာ့ထိပ်တန်း အချမ်းသာဆုံးနိုင်ငံအဆင့် ရောက်သွားတယ်။
နော်ဝေးနိုင်ငံဟာ ချမ်းသာပေမယ့် မနှစ်က စာရင်းအရ လူဦးရေ ၅ သန်းနီးပါးပဲရှိတယ်။ ရန်ကုန်မြို့ လူဦးရေကတောင် ပိုများနေသေးတယ်။ လူဦးရေနည်းတော့ ဆိုရှယ် ဒီမိုကရက်စနစ်ကို အကောင်အထည်ဖော်ရတာ ပိုပြီးလွယ်ကူဟန်တူတယ်။ ပိုပြီးအဓိကကျတာက အစိုးရက သန့်ရှင်းတယ်။ ပြည်သူတွေကို လေးစားတယ်။ လူအချင်းချင်း တန်ဖိုးထားတယ်။ ပြည်သူတွေကလည်း ဆိုရှယ်လစ်စိတ်ဓာတ်တွေ ရှိကြတယ်။ အလုပ်ကြိုးစားတယ်။ အစိုးရ စီမံကိန်းအတိုင်း လိုက်ပါဖော်ဆောင်တယ်။ လာဘ်ပေးလာဘ်ယူမှု အတော်လေးနည်းတယ်။ ပြည်သူတွေရဲ့ စိတ်ဓာတ်ယဉ်ကျေးမှုက အဆင့်မြင့်တယ်။ တယောက်နဲ့တယောက် ယိုင်းပင်းကူညီတယ်။ မခိုမကပ်စိတ်ရှိသလို စည်းကမ်းကြီးတယ်။ အခွင့်အရေးနဲ့တာဝန်ကို ခွဲခြားနားလည်ပြီး မိမိတို့ရပိုင်ခွင့် အခွင့်အရေးကို အထိအပါးမခံသလို တာဝန်သိစိတ်နဲ့လည်း မခိုမကပ် အလုပ်ကြိုးစားတယ်။
ဒီကနေ့ နော်ဝေးနိုင်ငံဟာ ကမ္ဘာ့နေချင်စရာအကောင်းဆုံး ထိပ်တန်း ၅ နိုင်ငံအဆင့်ထက် ယုတ်လျှော့သွားတာမျိုး မရှိသလို အော်စလိုဟာလည်း ဒီနှစ်ဆိုရင် ဥရောပမှာ ကမ္ဘာလှည့်ခရီးသွားတွေကို အဆွဲဆောင်ဆုံးမြို့တော်စာရင်း ဝင်နေတယ်။ တိုင်းပြည်ရဲ့ ကြွယ်ဝမှုတွေကို နိုင်ငံဖွံ့ဖြိုးရေးနဲ့ ပညာရေးသာမက သုသေသနနဲ့ ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စတွေမှာ ပိုပြီး အသုံးချတယ်။ နိုင်ငံတကာမှာ ရင်းနှီးမြှုတ်နှံမှု မောက်မြားစွာရှိတယ်။ သီးခြား စစ်တပ်အင်အား ကြီးကြီးမားမားမရှိသလို လက်နက်အင်အား ခိုင်မာတောင့်တင်းတဲ့နိုင်ငံလည်း မဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေရှိပြီး အပျော်ထမ်းတပ်တွေလည်း ရှိတယ်။ အခုဆို အမျိုးသမီး အပျော်တမ်း စစ်သည်တော်တွေတောင် လေ့ကျင့်သင်ကြားပေးနေတယ်။ စစ်ရေးအရ နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်သလို နိုင်ငံတကာ အကြမ်းဖက်နှိမ်နင်းရေးစစ်ပွဲတွေမှာ နေတိုးတပ်တွေနဲ့အတူ အချိုးကျ ပါဝင် တိုက်ပွဲဝင်နေတယ်။ စစ်ရေးနဲ့ ကာကွယ်ရေးစရိတ် မကြီးမားအောင် လုပ်ဆောင်နေပေမယ့် တဖက်မှာ ညူးကလီးယားနဲ့ စစ်လက်နက်ထုတ်လုပ်မှုဆိုင်ရာ သုသေသနနဲ့ နည်းပညာတွေကို လေ့လာဖော်ထုတ်နေတာတွေ ရှိတယ်။
ဒီကနေ့လို တိုင်းပြည်တပြည်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ဖော်ပြတဲ့နေရာမှာတော့ နော်ဝေးဟာ သူများနဲ့မတူတဲ့ ထူးခြားမှုတွေ ရှိနေတယ်။ အဲဒါကဘာလဲဆိုတော့ ဒီလိုအခါသမယမှာ သူများနိုင်ငံတွေက စစ်အင်အားတွေ လက်နက်ဆန်းတွေနဲ့ ချီတက်ကြပေမယ့် နော်ဝေးကတော့ သူတို့ရဲ့မျိုးဆက် ကလေးငယ်တွေရဲ့ ပျော်ရွှင်မှုမျက်နှာတွေနဲ့ ချီတက်နေကြတယ်။ ကလေးတွေရဲ့ လှုပ်ရှားမှုတွေကို အကြီးအကျယ် ဖော်ထုတ်ပြသနေတာပဲဖြစ်တယ်။ တိုင်းပြည်ရဲ့တကယ့်ရတနာဟာ သစ်တောတွေ၊ ဓာတ်ငွေ့တွေ ပတ္တမြားတွေနဲ့ သယံဇာတတွေ မဟုတ်ဘူး၊ သူတို့ရဲ့ ရင်သွေး ကလေးငယ်တွေဖြစ်တယ်ဆိုတဲ့ စကားလေးအတိုင်း ကလေးတွေကို ဦးစားပေးပြီး တိုင်းပြည်အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံနေတာကို တွေ့ရတယ်။ ကလေးတွေ ပညာရေး၊ ကလေးတွေ စွမ်းရည် စိတ်ဓာတ်မြင့်မားရေး၊ ကလေးတွေ ဒီမိုကရေစီနဲ့လူသားပီသတဲ့ သဘောထားတွေ အားပေးမြှင့်တင်နေသလို တယောက်နဲ့တယောက် ကူညီယိုင်းပင်းတတ်တဲ့ ဆိုရှယ်အတွေးအခေါ်တွေကို ပျိုးထောင်ပေးနေတယ်။
အနာဂတ်မှာ နော်ဝေးနိုင်ငံကို ဆက်လက်ဦးဆောင်သွားမယ့်သူတွေဟာ ဒီကလေးငယ်တွေသာဖြစ်တယ်၊ တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးကို ဖော်ဆောင်မယ့်သူတွေဟာ ဒီကလေးငယ်တွေသာဖြစ်တယ်ဆိုတာကို သူတို့ ဦးခေါင်းနဲ့ရော ရင်ဘတ်နဲ့ပါ အတိအကျ ယုံကြည်နေသူတွေဖြစ်တယ်။ ယနေ့လူငယ်တွေဟာ အနာဂတ်ခေါင်းဆောင်တွေဆိုတဲ့စကား ကျနော်တို့ ငယ်ငယ်ကတည်းက ကြားဖူးနေတာ ရိုးနေပြီပါပြီ။ ဒါပေမယ့် အဲဒီစကားရဲ့ လေးနက်မှုဟာ ကျနော်တို့ ဦးနှောက်နဲ့ အသဲနှလုံးမှာ မစွဲပါဘူး။ ပါးစပ်ဖျားလေးပေါ်က အပေါ်ယံကြွေးကြော်သံတွေပါ။ ဒီနိုင်ငံမှာတော့ မျိုးဆက်သစ်တွေရဲ့ အနာဂတ်ကို အလေးအနက်ယုံကြည်ပြီး လက်တွေ့ကျကျ စီမံကိန်းချလုပ်နေကြတယ်။ မိဘတွေကလည်း ကလေးတွေကို စိတ်ပိုင်း ရပ်ပိုင်း စနစ်ကျကျပျိုးထောင်နေတယ်။ ကျောင်းဆရာ ဆရာမတွေကလည်း ကလေးတွေ ပညာရေးသာမက စိတ်ဓာတ်နဲ့ လူ့ကျင့်ဝတ်ဆိုင်ရာကိစ္စတွေပါ သုသေသနလုပ်ပြီး သေသေချာချာ သင်ကြားပေးနေတယ်။ စာသင်တာတောင် သင်လို့ သင်မှန်းမသိအောင်ကို လက်တွေ့ဘဝထဲကနေ ပြသပေးနေတယ်။ ပျော်စရာ၊ စိတ်ဝင်စားစရာ အခင်းအကျင်းတွေ ဖန်တီးပြီး ပုံသွင်းပေးနေတယ်။ နော်ဝေးနိုင်ငံမှာ ခိုလှုံရောက်ရှိလာတဲ့ ဘာသာမတူ၊ လူမျိုးခြား၊ မျိုးရိုးဗီဇနဲ့ အသားအရောင်ကွဲ၊ စရိုက်လက္ခဏာ ခြားနားမှုတွေအားလုံးကို နေ့ကလေးထိန်းကျောင်းနဲ့ စာသင်ခန်းတွေကနေ စက်ရုံတရုံထဲကထုတ်လိုက်တဲ့ ပုံစံတူ အရုပ်တွေလို လှလှပပ ဖန်တီးပေးနေပါတယ်။
နော်ဝေးနိုင်ငံရဲ့ နှစ်ပေါင်းရာချီ ရာသီဥတု ကြမ်းတမ်းမှု၊ အစားအစာရှားပါးမှု၊ ဆင်းရဲမွဲတေမှုနဲ့ တိုင်းတပါးလက်အောက် အသက်ရှင်သန်ရမှုတွေကနေ ဒီကနေ့ ရာစုသစ်ထဲမှာ ဂုဏ်သိက္ခာမြင့်မားစွာ သက်တောင့်သက်သာနဲ့ ခရီးဆက်နေပါတယ်။သူတို့ဟာ သူတို့ ဖြတ်သန်းလာတဲ့ ဘဝကို ကောင်းကောင်းသိကြတယ်။ ကောင်းကောင်းတန်ဖိုးထားတယ်။ တချိန်က ဘဝဆိုးတွေကို မေ့မေ့ပျောက်ပျောက်မနေခဲ့သလို အနာဂတ်အတွက်လည်း အတွေးသစ်၊ အမြင်သစ်နဲ့ စိတ်ဓာတ်အသစ်တွေ မွေးကြတယ်။ ကိုယ့်ဘဝကို ပြည့်စုံအောင်မွေးမြူသလို အနာဂတ်မျိုးဆက်သစ်တွေကိုလည်း လှလှပပဖြစ်အောင် ဖန်တီးနေတယ်။ သူတို့ရဲ့ အောင်ပွဲကို မျိုးဆက်သစ်တွေက ဆက်ပြီးကြီးထွားအောင် လုပ်သွားမယ်ဆိုတာ မျက်စေ့မှိတ်မသွားခင်ကတည်းက သူတို့ စိတ်ချလက်ချယုံကြည်နေပြီး ဖြစ်တယ်။
နော်ဝေးနိုင်ငံရဲ့ အမျိုးသားအောင်ပွဲမြင်ကွင်းတွေကိုကြည့်ပြီး တွေးတော မုဒိတာပွားနေရင်းနဲ့ ... ကျနော်တို့တတွေရော ကိုယ့်မျိုးဆက် ကလေးငယ်တွေအတွက် ဘယ်လောက် အချိန်ယူ ပြင်ဆင်ထားပြီးပြီလဲ၊ ကိုယ့်ရဲ့မျိုးဆက်သစ်တွေက ကိုယ့်အပေါ် ဘယ်လောက်ယုံကြည်ကြသလဲ၊ ကိုယ်ကရော ကိုယ့်မျိုးဆက်သစ်တွေကို ယုံကြည်စိတ်ချစွာ ချန်ထားရစ်နိုင်တဲ့အခြေအနေမျိုး ရှိသေးရဲ့လား၊ မျိုးဆက်သစ်တွေအတွက် ကိုယ်ဘာလုပ်ပေးဖို့ လိုအပ်နေသေးလည်းဆိုတာတွေကို အပြန်ပြန်အလှန်လှန်နဲ့ ကိုယ့်ကိုယ်ကိုပဲ ပြန်မေးနေမိပါတော့တယ်။
ကိုညို (အော်စလို)
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment