Friday, May 31, 2013

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား - ၂၀ (ကိုညို)

(အင်ဖားထောင်ထဲက ဘဝ)

“ပါလီ... ပါလီ... ပါလီ” 

နံနက်နေရောင်နဲ့အတူ စူးစူးဝါးဝါး အော်လိုက်တဲ့အသံကြောင့် အဆောင်အသီးသီးက အကျဉ်းသားတွေ ကမန်းကတန်းနဲ့ပဲ ကသဲ မယ်တော်ကြီး နတ်ကွန်းနားက မြေကြီးတွေနဲ့ ပေကျံမဲညစ်နေတဲ့ အဝတ်စုတ် အပိုင်းအစတွေကို အလုအယက်ပြေးကောက်ကြတယ်။ တချို့ကလည်း ရေပုံးတွေကိုင်ပြီး ထောင်ရဲတွေ ခွဲခြမ်းသတ်မှတ်ပေးတဲ့ မြေကွက်တွေကို ရေစိုအဝတ်နဲ့ ပွတ်တိုက်ရပါတော့တယ်။ 

“ပါလီ” ဆိုတာ မြေကြီးတွေကို ရေစိုအဝတ်နဲ့ပွတ်တိုက်ပြီး မြေကျံတဲ့အလုပ်ကို ပြောတာပါ။ အကျဉ်းဆောင်ပတ်ပတ်လည်နဲ့ နံရံဘေးတလျှောက် မြေကြီးမှန်သမျှ ပါလီ လုပ်ရတယ်။ မနက်တိုင်း မပျက်မကွက် လုပ်ရတယ်။ ထောင်ထဲက မြေမှန်သမျှ ပြောင်ရှင်းညီညာနေတာပဲ။ အကျဉ်းသားတွေ ပုံမှန်အလုပ်ဆိုလို့ နေ့စဉ် မြေကြီးကျံရတာရယ်၊ စားပြီးသား ပန်းကန်ခွက်ယောက်တွေ ဆေးကြောရတာရယ်၊ မိမိတို့အခန်း သမံတလင်းကို အစာမစားခင် တကြိမ်၊ အစားစားပြီး တကြိမ် ရေစိုအဝတ်နဲ့ ပွတ်တိုင်သန့်ရှင်းရတာပဲ ဖြစ်တယ်။ 


အဲဒါတွေအားလုံးကို အစုအဖွဲ့နဲ့ တာဝန်ခွဲလုပ်ရတာပါ။ အကျဉ်းသားထဲက လက်မှုလုပ်ငန်းကျွမ်းကျင်တယ်ဆိုရင်တောင် ထောင်ထဲကအလုပ်ရုံတွေမှာ အာဏာပိုင်တွေက တရားဝင်ခေါ်ခိုင်းတာမျိုး လုပ်ခွင့်မရှိဘူး။ ကာယကံရှင်အကျဉ်းသားက ကျနော် လက်သမားပညာတတ်ပါတယ်။ လက်သမားလုပ်ပါရစေလို့ အလုပ်တောင်းလို့ ထောင်ပိုင်ကလည်း လိုအပ်ချက်အရ သဘောတူတယ်ဆိုရင် ထောင်ကသတ်မှတ်တဲ့ အခကြေးနည်းနည်းပေးပြီး ခိုင်းတတ်ပါတယ်။ 

တကယ်တော့ ကျနော်တို့ကိုထားတာ ထောင်ဆိုပေမယ့် ထောင်အချုပ်သာဖြစ်တယ်။ ပြစ်ဒဏ်အမိန့်ကျ အဆောင်တွေမှာထားတာ မဟုတ်ဘူး။ ပြစ်ဒဏ်ကျပြီးသားတွေကို သီးခြားအဆောင်တွေမှာ ချုပ်နှောင်ထားတာဖြစ်တယ်။ ပြစ်ဒဏ်ကျအကျဉ်းသားတွေဆို အလုပ်လုပ်ရင် ပိုက်ဆံရတယ်။ အချုပ်ထောင်က အကျဉ်းသားတွေထက်လည်း အနေအထိုင်၊ အစားအသောက် ပိုချောင်တယ်။ ကျနော်တို့တတွေကတော့ အမှုတန်းလန်းနဲ့ စစ်ဆေးဆဲတွေချည်း စုပြုံထားတာဖြစ်တယ်။ ပေ ၂၀×၃၀ အခန်းလေးမှာ လူ အနည်းဆုံး ၂၅ ယောက်ကနေ ၄၀ နီးပါးရှိတတ်တယ်။ 

ကျနော်တို့ ထောင်ထဲရောက်တော့ ဆောင်းတွင်းကြီးဆိုတော့ လူက ၃၀ ကျော်ကျော်လေးပဲ။ အများအားဖြင့် လူငယ်တွေ။ တိတိကျကျပြောရရင် မူးယစ်ဆေးဝါးအမှုနဲ့ တရားစွဲခံရသူတွေနဲ့ မိဘက ဆိုဆုံးမ မရတာကြောင့် ရဲနဲ့နားလည်မှုယူပြီး ထောင်ထဲထည့်ထားတာမျိုးလည်း အများကြီးပဲ။ 

တချို့မဏိပူရလူငယ်တွေက တက္ကသိုလ် ကောလိပ် ပညာသင်တွေ။ အငေါင်းပါး လို့ နာမည်ပေးထားတဲ့ မူးယစ်ဆေးစွဲနေတဲ့ ကောလိပ်ကျောင်းသားလေးတယောက်နဲ့ ကျနော် ရင်းနှီးတယ်။ သူ့ မိဘတွေက ဆေးစွဲနေတဲ့သူ့ကို ထိန်းလို့မရတာကြောင့် ရဲကိုငွေပေးပြီး ထောင်ထဲထည့်ထားတာလို့ ပြောတယ်။ ကျနော်က သူ့ကိုပြောပြတယ်။ “ငါတို့နိုင်ငံမှာလည်း ကျောင်းသား လူငယ်တော်တော်များများ ထောင်ထဲမှာ ရောက်နေတယ်၊ ဒါပေမယ့် ဆေးစွဲလို့ မဟုတ်ဘူး၊ နိုင်ငံရေးလုပ်လို့” ဆိုတော့ သူ အံ့သြတယ်။ 

ဒီမှာတော့ လူငယ်တယောက် ထောင်ထဲဝင်လာပြီဆို အများစုက မူးယစ်ဆေးပဲ။ ထောင်ထဲရောက်တာနဲ့ ပုံစံပေးခံရတော့တာပဲ။ ကျနော်နဲ့ ညီညီလွင် စရောက်တဲ့ည၊ အိပ်ရာပြင်ပြီး စကားဝိုင်းဖွဲ့နေတုန်း ထောင်အလှည့်ကျရဲတယောက် ရောက်လာတယ်။ ဒီက ရဲတွေက လေးပေလောက်ရှည်ပြီး ကျပ်စေ့ဝိုင်းလောက်တုတ်တဲ့ ကြိမ်လုံးကိုင်လေ့ရှိတယ်။ 

ရဲက ကျနော့်ကို အရင်ခေါ်တယ်။ သံတိုင်တွေကြားကနေ လက်နှစ်ဖက်ကိုဆန့်ပြီး အပြင်ဘက်ထုတ်ခိုင်းတယ်။ ကျနော်က ထုတ်ပေးတော့ အင်္ကျီလက်ရှည် နှစ်ဖက်လုံး လက်မောင်းအထိ ပင့်တင်ခိုင်းတယ်။ ကျနော်လည်း ဘာအပြစ်မှမရှိဘဲ လက်ဝါးဖြန့်ပြီး ကြိမ်လုံးစာကျွေးတော့မယ် ထင်နေတာ။ သူက ကျနော့်လက်နှစ်ဖက်လုံး လက်ကောက်ဝတ်နဲ့ လက်ဖျံတလျှောက် လက်မောင်းရင်းထိ သေသေချာချာလိုက်ကြည့်တယ်။ အမှန်တော့ အပ်ပေါက်ရာတွေ ကြည့်တာ။ ဘိန်းဖြူထိုးသူတွေဆို အပ်ရာတွေက ထင်းခနဲပဲ။ ကျနော်တို့နှစ်ယောက်လုံးကို ဘာမှမလုပ်ဘူး။ လူသစ်ဝင်လာရင် ထိုင်ထလုပ်ခိုင်းတာမျိုးတောင် မခိုင်းခဲ့ဘူး။ အင်း... အပ်ပေါက်တွေ့ရင်တော့ မချောဘူး။ လက်နှစ်ဖက်လုံးကို သံတိုင်အပြင်ဘက် မှောက်ပြီးထုတ်ခိုင်းတယ်။ ပြီးတော့ သူ့လက်နှစ်ဖက်လုံးနဲ့ ကြိမ်ကိုဆုပ်ကိုင်ပြီး အသားကုန်လွှဲရိုက်တော့တာပဲ။ ဆေးသက် အနုအရင့်အလိုက်ပေါ့။ 

အနည်းဆုံး ၅ ချက်ကနေ ၁၀ချက်ထိ ရိုက်တယ်။ ရဲရိုက်နေတုန်း အထဲကအကျဉ်းသားတွေက “တစ်... နှစ်... သုံး… လေး...” နဲ့ သံပြိုင် အချက်ရေ လိုက်ရေပေးရသေးတယ်။ တချို့ကိုတော့ ခြေသလုံးအနှံ့ အရှိုးရာထပ်ပြီး ယောင်ကိုင်းနေအောင် ရိုက်တာပဲ။ အဲဒါ ရဲအသစ်တယောက်ပြောင်းရင် တခါခေါ်ပြီး အရိုက်ခံရတာ။ ထောင်ထဲဝင်လာစ ဘိန်းစားတွေဆို အရိုက်ခံရလို့ နာတာကတမျိုး၊ ဆေးစွဲတဲ့ဒဏ်ကြောင့် တကိုယ်လုံးကိုက်ခဲပြီး တညလုံး မအိပ်နိုင် မစားနိုင် ငရဲရောက်တော့တာပဲ။ ဘဝတူကိုယ်ချင်းစာသမားတွေက ဆေးရင်းထပြီး ကိုက်ခဲငြီးတွားနေသူကို ခြေမချိုး၊ ခြေချောင်း လက်ချောင်းတွေဆွဲ ကြွက်သားတွေ ထုထောင်းနှိပ်နယ်ပေးကြတယ်။ 

ဆေးသမားတွေ လေး ငါးရက်နေပြီးရင် ဆေးပြတ်ပြီး သက်သာသွားတာပဲ။ ဒါကို လုံးဝ မူးယစ်ဆေးပြတ်ပြီ မထင်နဲ့။ မူးယစ်ဆေးမရတောင် “ခိုင်နီး” လို့ခေါ်တဲ့ ပါးစောင်မှာငုံခဲရင် ရိပ်တိတ်ရိပ်တိတ်နဲ့မူးနေတဲ့ ဆေးပေါင်းလေးတွေရယ်၊ ဆေးရွက်ကြီးအမှုန့်လို ငုံဆေးတွေရယ် ခိုးသွင်းပြီးငုံတတ်ကြတယ်။ ထောင်ထဲမှာ ဆေးလိပ်လုံးဝမသောက်ရဘူး။ ဘီဒီ လို့ခေါ်တဲ့ လက်သန်းလောက်သာရှည်ပြီး တံပျက်စည်းချောင်းလောက်ပဲတုတ်တဲ့ ဆေးလိပ်တလိပ် အခန်းထဲရောက်လာပြီဆို တခန်းလုံး ရှုရှိုက်ကြတော့တာပဲ။ 

ဆေးလိပ်မီး ရှာဖွေပုံကလည်း အံ့မခန်းပါ။ ရှောစောင်တွေက ချည်စအမျှင်လေးတွေကို ခိုင်နီး သံဗူးအခွံသေးသေးမှာသိပ်ထည့်ပြီး နေ့ရောညပါ အိမ်သာမီးလုံးနား သွားကပ်ထားတယ်။ မီးလုံးအပူရှိန်ကြောင်း ချည်စတွေက ကျွတ်ကျွတ်ရွနေပြီ။ အဲ... ဆေးလိပ်ရပြီဆိုရင် တယောက်က သမံတလင်း ခပ်ကြမ်းကြမ်းနဲ့ သံချောင်းတချောင်းကို ပွတ်ပြီးဆွဲတယ်။ နောက်တယောက်က စောစောက လောင်ကျွမ်းဖို့ အဆင်သင့်ဖြစ်နေတဲ့ ချည်စလေးနဲ့ ခိုင်နီး ဗူးခွံလေးကို သံချောင်းခြစ်ပြီး ထွက်လာတဲ့ မီးပွားစတွေရှေ့ သွားခံတယ်။ မီးပန်းစနဲ့ ချည်စတွေ့တာနဲ့ ပါးစပ်နဲ့ဖြည်းဖြည်းချင်းမှုတ်ပြီး မီးမွှေးတယ်။ အဲဒီတော့ ခိုင်နီးဗူးခွံထဲက ချည်စတွေကိုမီးစွဲပြီး ဆေးလိပ်မီးညှိတယ်။ ကျောက်ခေတ်တုန်းက ကမ္ဘာဦးလူတွေ မီးခတ်ကျောက်နဲ့ မီးမွှေးယူနေသလိုပါပဲ။ ထောင်ထဲမှာ မီးခြစ်မဆောင်ရဘူး၊ သံအတိုအစတွေ၊ ပုလင်းကွဲတွေ လုံးဝ မတို့မထိရဘူး။ 

ဒါပေမယ့်လည်း “ပါလီ” လုပ်ရင်း (၁၀)ပေမြင့်တဲ့ ထောင်နံရံတွေထိပ်က ပုလင်းကွဲအပိုင်းအစတချို့ကောက်ပြီး လက်သဲညှပ်ကြတယ်။ တချို့က ပုလင်းကွဲနဲ့တောင် ဆံပင်ညှပ်တယ်။ သံဆူးကြိုးကို လိမ်ဖြတ်၊ နေ့စဉ် အချိန်အားသရွေ့ တမံသလင်းနဲ့ ပွတ်တိုက်ပြီး အပ်ဖြစ်အောင် သွေးတယ်။ အပ်ပေါက်ဖောက်ပြီး အပ်ကို ထောင်ဒေါ်လာနဲ့ ရောင်းတယ်၊ အပ်တချောင်းဆို အနည်းဆုံး ၃ ဒေါ်လာကနေ ၅ ဒေါ်လာထိရတယ်။ 

ထောင်ဒေါ်လာဆိုတာက မနက်စောစော ဝေတဲ့ ဂျုံနဲ့လုပ်တဲ့ “လိုတီး” ကိုပြောတာ။ မနက်အိပ်ရာထရင် မီးနဲ့ကင်ထားတဲ့ ဂျုံပြားလေးတချပ်နဲ့ လက်ဖက်ခြောက်နည်းနည်း၊ သကြားနည်းနည်း၊ ကရဝေးရွက် ထည့်ကြိုထားတဲ့ ကျငမ်း လို့ခေါ်တဲ့ နို့မပါ နီကျင်ကျင် ကျဲတောက်တောက် လက်ဖက်ရည်ဟာ စောစောစီးစီး ဟာနေတဲ့ဝမ်းမီးငြိမ်းစေဖို့ နတ်သုဒ္ဓါပဲ။ မှိုင်းကိုင်စက္ကူတချပ်လို ဟိုဘက်ဒီဘက် ဖောက်မြင်ရမတတ် ပါးလျှလျှ လိုတီး ဟာ ထောင်တွင်း အလဲအလှယ်၊ အရောင်းအဝယ်ကဏ္ဍမှာ အဓိကကျတဲ့ ဒေါ်လာဖြစ်တယ်။ လိုတီး ၃ ချပ်ဆို ရေချိုးဆပ်ပြာတခဲ၊ ၅ ဒေါ်လာဆို ရှောစောင်ခြုံထည် တထည်၊ ၁၀ ဒေါ်လာဆို အနွေးထည် ဒါမှမဟုတ် ဂျင်းဘောင်းဘီတထည်၊ အဲလို အမျိုးမျိုးအစားစား ဈေးဖြတ်ကြတယ်။ 

ကျနော်နဲ့ ညီညီ ရောက်စတုံးက မနက်ဆို လိုတီးမစားပဲ အစာအိမ်ဟောင်းလောင်းနဲ့ စောင်လေး၊ ဆပ်ပြာလေး၊ တဘက်လေးတွေ စုဆောင်းရတယ်။ နေ့လည်စာကို မွန်းတည့်ချိန်မှာစားရတယ်။အစောပိုင်းတွေက ထမင်းကိုကြိုက်ဆွဲ၊ အဝစားရပေမယ့် ကျနော်တို့ရောက်ပြီး ၂ လလောက်မှာ ထမင်းလည်း တပန်းကန်ပဲ ရတယ်။ ထမင်းကို မြန်မြန်နပ်အောင် ပွားအောင် ဆော်ဒါ ထည့်ချက်ဟန်တူတယ်။ ထမင်းက ပွပြီး ဘယ်လောက်စားစား မကြာခင် ပြန်ဆာတယ်။ စားနေကျဟင်းကတော့ ပဲဟင်းကျဲကျဲ တခွက်၊ အာလူးနဲ့ ဟင်းရွက်တချို့ရောချက်တာ တခွက်ပါ။ တပတ်တခါ အသားကျွေးတယ်။ အများနဲ့ရောချက်တဲ့ ထောင်ထမင်းဟင်းဆိုတော့လည်း အကောင်းကြီးမဟုတ်ပေမယ့် သန့်ရှင်းတယ်၊ စားလောက်တယ်။ 

ထမင်းမြိန်ချင်ရင်တော့ ရွှေလှံဗိုလ်ငြုပ်သီး နဲ့ ဆားနဲ့ကြိတ်ပြီး စားကြတယ်။ ရွှေလှံဗိုလ်ဆိုတာ အင်မတန်မှ ပူလောင် စပ်ဖျင်းတဲ့ငြုပ်ပါ။ နွားပေါင်တပေါင်ချက်ရင် ငြုပ်သီးတတောင့်ဆို အတော်ပဲလို့တောင် ပြောကြတယ်။ မြန်မာပြည်မှာတော့ ရွှေလှံဗိုလ်ငြုပ်ကို ဟင်းချက်ရင် ဒီအတိုင်းထည့်ချက်တာမဟုတ် ရေခွက်တခွက်ထဲ ငြုပ်သီးအခြောက်ကိုစိမ်ထားပြီး ခွက်ထဲကရေကိုပဲ ဟင်းထဲထည့်ချက်တာလို့တောင် ပြောကြတယ်။ ဒီလောက်စပ်တဲ့ငြုပ်သီးကို ကျနော်တို့ဒုက္ခသည်စခန်းမှာ မီးဖုတ်ပြီး ဆားနဲ့တို့စားကြတယ်။ ဝမ်းကိုက်ဝေဒနာဖြစ်တာတောင် အစားက မရပ်။ ရွှေလှံဗိုလ်ငြုပ်ဟာ စွဲတယ်။ သူ မပါရင် စားမမြိန်ဘူး။ 

တခါတလေ အခန်းထဲ မျက်စေ့လည်ပြီး ကြွက်ကလေး တကောင်စ နှစ်ကောင်စ ဝင်လာတတ်တယ်။ အဲဒီအခါ အကျဉ်းသားတချို့ (ကသဲတွေကတော့ ကြွက်မစားဘူး) ကြွက်ကို ပိတ်ဆို့ဖမ်းတယ်။ ကြာကြာ မဖမ်းရဘူး၊ မိတယ်။ ကြွက်ကို အရည်ဆုတ် ခေါင်းဖြတ် တုတ်ချောင်းနဲ့သီပြီး အိမ်သာမီးလုံးနား သွားကပ်ထားလိုက်တယ်။ ဒါနဲ့ ရက်အနည်းငယ်လောက်မှာ ကြွက်ကင်ကို စားကြတယ်။ 

ကျနော်တို့ရောက်တဲ့ကာလက ခေတ်ပျက်တဲ့အချိန်လို့ ပြောလို့ရတယ်။ အရင် ၁၉၈၀ မတိုင်ခင်အထိ ထောင်ထဲမှာ ကိုယ့်ဖာသာ ဟင်းချက်စားလို့ရတယ်တဲ့။ ထောင်ဖောက်ပြေးမှုဖြစ်ပြီးတဲ့နောက်ပိုင်း ကိုယ်ပိုင်ချက်စားတာ ခွင့်မပြုတော့ဘူး။ ထောင်ဖောက်ပြေးသူတွေက ဗမာပြည်သားတချို့လည်း ပါတယ်။ ရိက္ခာပို့ကား၊ ရေသယ်ကားနဲ့အတူ သံတူရွင်း၊ ဂေါ်ပြားတွေခိုးသွင်းပြီး မြေအောက်လှိုင်ခေါင်းဖောက်ပြီး ထွက်ပြေးကြတာလို့ ကသဲ အကျဉ်းသားဟောင်းတချို့က ပြောဖူးတယ်။ 

ထောင်ထဲမှာ တနေ့တာဖြတ်သန်းရတာ ပျင်းစရာကောင်းပေမယ့် ကြံဖန်ပြီး စိတ်ပျော်အောင်နေရပါတယ်။ အဆောင်တွေမှာ တနာရီ အထဲဝင်၊ တနာရီ အပြင်ပြန်ထွက်ရတာဖြစ်တယ်။ တချိန်လုံး အပြင်ထုတ်ထားတာ မဟုတ်။ မိုးရွာရင်တော့ အပြင်မထုတ်ဘူး။ အခန်းတံခါးဖွင့်ရင် အရင်ဆုံး လုပ်လေ့ရှိတာက ကိုယ့်အဝတ်အစားတွေနဲ့ စောင်တွေကို နေပူလှမ်းကြတာပဲ။ ပြီးတော့ ကိုယ့်အဖွဲ့နဲ့ကိုယ် ဟိုဟိုဒီဒီပြောကြပေါ့။ ကျနော်တို့ဗမာကျောင်းသားတွေက နိုင်ငံရေးစကားတွေ၊ စာအကြောင်း ပေအကြောင်း၊ ရုပ်ရှင်၊ ဘဝအတွေ့အကြုံ၊ အတင်းအဖျင်းကအစ တနေ့တနေ့ ပြောမကုန်ဘူး။ အာလည်း ကျယ်ကြတယ်။ ကသဲတွေက “ဟေး... ဘားမီးစ် ဘားမီစ်း” နဲ့ကို သတိပေးယူရတယ်။ 

စကားပြောရင်း ကိုယ့်အင်္ကျီလေးတွေ ကိုယ်စီချွတ်လို့... သန်းမကြီးတွေ တုပ်ရတယ်။ ကျနော့်ဘဝမှာ ကိုယ်သန်းလို့ခေါ်တဲ့ အဖြူရောင် သန်းမကြီးတွေကို အဲဒီကျမှ တအံ့တသြမြင်ဖူးတာ။ ပန်းချီထိန်လင်းရဲ့ မြောက်ပိုင်း အေဘီအက်စ်ဒီအက်ဖ် အကျဉ်းစခန်းက ရေနွေးနဲ့ပြုတ်သတ်ရတဲ့ ပေါလောပေါ် သန်းမကြီးတွေလောက်မဆိုးပေမယ့် မဏိပူရထောင်ထဲက ကိုယ်သန်းတွေကလည်း ခေသူမဟုတ်ပါ။ အင်္ကျီဂုတ်တွေ၊ ချိုင်းနဲ့ ကိုယ်က ကင်းခြေလိုက်ထားတဲ့ အင်္ကျီ ချောင်ကြို ချောင်ကြားတွေမှာ ခိုကပ်နေတဲ့ သန်းတွေဟာ နေ့စဉ်နှိမ်နင်းသုတ်သင်လို့ကို မကုန်နိုင်မခမ်းနိုင်ပဲ။ 

သန်းဖြူတွေလိုပဲ ဒုက္ခပေးတာက ကြမ်းပိုးပဲ။ အင်ဖားထောင် ကြမ်းပိုးက နံရံပေါ်က ဆေးသုတ်ထားတဲ့ အင်္ဂတေအခွံနဲ့ အုတ်အကြိုအကြားမှာ အသိုက်ဖွဲ့နေတာ။ နေ့ဆို အိပ်ပြီး ညပိုင်းဆို တပ်စုတပ်ဖွဲ့အလိုက်ချီတက်ပြီး တကိုယ်လုံး သမတယ်။ ကြမ်းပိုးကိုက်လွန်းလို့ လန့်ပြီးတောင် နိုးတယ်။ အိမ်သာမီးရော၊ အခန်းမီးရော တညလုံးထိန်ထိန်လင်းနေတော့ တရေးနိုး ကြမ်းပိုးထသတ်သူတွေတောင် ရှိတယ်။ ထောင်က သန့်ရှင်းတယ်။ အနံ့အသက်လည်း ကင်းတယ်။ ရေကန်ထဲမှာ ရေမပြတ် ဖြည့်ထားတယ်။ ပုံစံခွက်နဲ့ ရေချိုးစရာ မလို။ ကြိုက်သလောက်ချိုး။ 

ထောင်ထဲမှာ ပုံမှန်ပြုကျင့်တဲ့အရာတခုက ညနေ ၅ နာရီဆို Suching တပ်ဖွဲ့ (ရှာဖွေရေးတပ်) တွေ ပုံမှန်ရောက်လာတာပဲဖြစ်တယ်။ သူတို့က အိန္ဒိယတောင်ပိုင်းမှာနေထိုင်တဲ့ မာဒရာဇီ၊ တေလဂူ နဲ့ကယ်ရီလာ လူမျိုးတွေ။ ကာကီရောင် ယူနီဖောင်းဝတ်ပြီး အသားမဲမဲတွေနဲ့ တုတ်ရှည် ကိုယ်စီကိုင်ရင်း လာကြတာပါ။ Suching လာပြီဆို အခန်းထဲက စောင်တွေ၊ အခင်းနဲ့ အဝတ်အစား ပိုင်ဆိုင်တာအားလုံး ပွေ့ချီကိုင်မပြီး အပြင်မှာ တန်းစီရပ်ရတယ်။ မိမိစောင်တွေ၊ အဝတ်တွေတော့ ကိုယ့်ရှေ့မှာ ချထား။ သူတို့အဖွဲ့တွေ ထောင်ထဲ ချောင်ကြိုချောင်ကြားမကျန် တုတ်တွေနဲ့ ထိုးဆွစစ်ဆေးတယ်။ ပုလင်းကွဲ၊ အပ်၊ သံချောင်း၊ ကြိုး၊ ဘောပင်၊ ခဲတံ တွေကအစ စည်းကမ်းနဲ့မညီတာတွေ့ရင် မချောင်ဘူး၊ ရေရေလည်လည် အရိုက်ခံရသလို ဆဲလ် ခန်း (သီးခြား တိုက်ခန်း)ကိုပို့ပြီး ချုပ်နှောင်တယ်။ သူတို့ကိုယ့်ရှေ့လာရပ်ရင် ပုံစံအတိုင်းခေါက်ထားတဲ့ စောင်တွေ၊ အဝတ်တွေ ခါပြရတယ်။ ပြီးတော့ တကိုယ်လုံး ရှာတယ်။ လက်မြှောက်ပေးရတယ်။

ထောင်ထဲရောက်ပြီး ၄ လလောက်အကြာမှာ အခန်းထဲက ကသဲတယောက် မတော်တဆ တိုက်လိုက်ရာက ကျနော့်ရဲ့ မျက်မှန် ကျကွဲသွားတယ်။ ကံဆိုးချင်တော့ မှန် ၂ ဖက်လုံး ကွဲသွားတာ။ မှန်တဖက်က လုံးဝ သုံးမရတော့အောင် လေး ငါးစိတ်ကွဲသွားပေမယ့် တဖက်ကတော့ သုံးစိတ်လောက် ကွဲသွားတာ။ ကျနော့်မျက်စေ့က ဝါးတရိုက်လောက်ဝေးတဲ့ လူဆိုရင်တောင် မျက်နှာ ဘယ်သူဘယ်ဝါ မသဲကွဲဘူး။ တော်တော်ကို မှုန်တာ။ ဒီတော့ နည်းနည်းကြီးတဲ့ မှန်ကွဲစလေးတခုကိုတော့ လွှင့်မပစ်ရက်ဘူး။ လက်ညှိုးနဲ့ လက်မလေးနဲ့ကိုင်ပြီး အဝေးကြည့်မှန်အဖြစ် သုံးရတယ်။ ထောင်အာဏာပိုင်တွေ၊ လူကြီးတွေလာရင် ခိုးကြည့်ရတယ်။ လသာတဲ့ညတွေဆို ထောင်နံရံကနေတက်လာတဲ့ လပြည့်ဝန်းဝန်းကြီးကို ပြူတင်းပေါက် သံဇကာတွေကြားကနေကြည့်ရတဲ့အခါ မှန်ကွဲလေးကြောင့် ကြည်ကြည်လင်လင် မြင်ရတာ။ ဒီမျက်မှန်ကွဲလေးနဲ့ပဲ သဘာဝအလှတွေ ရှုမြင်ခံစားပြီး ထောင်ထဲမှာ ကဗျာလေး၊ သီချင်းတွေ ရေးဖြစ်တာ။ 

ကွဲနေသောမှန်တစဆိုပေမယ့် ကျနော့်အတွက် သိပ်ကို အဖိုးတန်တယ်။ မှန်ကွဲစလေးကို လက်ထဲအမြဲကိုင်ထားရတယ်။ စောစော Suching တပ်တွေ လာပြီဆိုရင်လည်း စည်းကမ်းအရ မှန်ကွဲကို အခန်းထဲဖွက်မထားရဲဘူး။ မိလို့ အရိုက်ခံရတာထက် ခန္ဓာကိုယ် အစိတ်အပိုင်းတခုလိုဖြစ်နေတဲ့ မျက်မှန်ကွဲလေးပြန်မရတော့မှာ စိုးရိမ်တာ။ ဒီတော့ မှန်ကွဲလေးကို ကျနော့်လက်ခလယ်နဲ့ လက်ညှိုကြားမှာညှပ်ပြီး ရှာဖွေရေးရဲတွေ ကိုယ့်နားရောက်တာနဲ့ အမြန်လက်မြှောက်ပေးလိုက်တယ်။ သူတို့က ကျနော့်လက်ချောင်းတွေမှာ အာရုံစိုက်တာမဟုတ်လို့ တော်သေးတယ်။ ကျနော့်ရဲ့ သတိကောင်းမွန်မှုကြောင့်လား၊ ဘုရားမလို့လား မသိဘူး၊ မှန်ကွဲနဲ့ပတ်သက်ပြီး တခါမှ ပြဿနာမတက်ဘူး။ ကျနော်လည်း ထောင်ကလွတ်တဲ့အထိ အဲဒီပုံစံအတိုင်းပဲ ရင်ဆိုင်သွားတယ်။ 

ညနေ ၆ နာရီ ညစာစားပြီးရင် ည ၉ နာရီဟာ အိပ်ချိန်ပဲ။ မအိပ်ခင် ဝိုင်းဖွဲ့စကားပြော စလိုက်နောက်လိုက်နဲ့။ ပြီးရင် အခန်းအပြင်က ထမင်းပန်းကန်နဲ့ ပုံစံခွက်လေးတွေကိုစီပြီး တီးဝိုင်းစတော့တာပဲ။ တခါတလေ ကသဲအဆိုတော်တွေလည်း မူးယစ်ဆေးအမှုနဲ့ ရောက်လာတတ်တယ်။ အဲဒီကျရင် အထူးပွဲပဲ။ တီးဝိုင်းကို စောစော စတယ်။ သာယာဝတီထောင်က ကိုဝင်းမော်တို့လို ဂစ်တာတွေ ဘာတွေတော့ လုပ်ခွင့်မရှိဘူး။ ကြိုးတပ်တူရိယာမပါတဲ့ ပါကားရှင်းနဲ့ ပါးစပ်တီးလုံးသက်သက်ပဲ။ နာမည်ကြီး ဟိန္ဒူ ရုပ်ရှင်ထဲက သီချင်းတွေ၊ ကသဲကား ဇာတ်ဝင်သီချင်းတွေနဲ့ ပုံစံခွက် ဗုံသံ၊ ပုံစံပန်းကန်းပြား တာပလာသံ မြူးမြူးကြွကြွနဲ့ပေါ့။ 

လူတယောက်ဟာ သူအဆင်မပြေတဲ့ ဘယ်နေရာပဲ ရောက်နေပါစေ... အနုပညာနဲ့ကိုယ်နဲ့ တွဲရှိနေရင် စိတ်ကျဉ်းကြပ်မှုတွေကို ကျော်လွှားနိုင်တာပဲ။ ကျနော်ဟာ ထောင်ထဲက တစိမ်းတရံတွေ၊ ဘာသာမတူ၊ စကားမတူ၊ စရိုက်မတူသူတွေကြားမှာ ကိုယ့်အနာဂတ်ကို ကိုယ်ဖန်တီးခွင့်မရဘဲ စိတ်ဓာတ်တွေပြိုကျနေတာကို ကိုယ့်ရဲ့ခံစားတတ်တဲ့ အနုပညာစိတ်နဲ့ပဲ ထိန်းမတ်ခဲ့ရတာပါ။ 

ကိုညို 
၃၁၊ မေလ၊ ၂၀၁၃


 

No comments: