Friday, June 8, 2012

သတင်းစကား ပါးလိုက်ပါရစေ (ခင်ငြိမ်းသစ်)

၁၉၈၈ ခုနှစ်ရဲ့ အစောပိုင်းက ရန်ကုန်မှာ မီးပြတ်တယ်ဆိုတာ ရှားပါးပါတယ်။ နွေရာသီလိုအချိန်မျိုးမှာ ၂ ရက်၊ ၃ ရက် လောက်တော့ ပြတ်သွားတတ်ပေမယ့် အခုလိုမျိုးကြီး တောက်လျှောက်ပြတ်တယ်ဆိုတာ မကြုံဖူးပါဘူး။ နယ်ဘက်မှာတော့ လျှပ်စစ်မီးက ရက်ခြားလာသလို၊ ညဘက်မှလာတဲ့ နေရာတွေလည်း ရှိပါတယ်။ ကျမ ၁၉၉၅- ၂၀၀၁ အတွင်း ကျမ အပြင်လောကနဲ့ အဆက်ပြတ်နေတာကြောင့် အပြင်လောကမှာ မီးလာတာ၊ မလာတာ စိတ်မဝင်စားနိုင်ခဲ့ပါ။ျမတို့နေရတဲ့ နေရာလေးမှာတော့ ညတိုင်ကြရင် နီကျင်ကျင်မီးလုံးရဲ့ အလင်းဒဏ်ကြောင့် မျက်နှာသုတ်ပုဝါ မျက်လုံးစည်း အိပ်ခဲ့ရတာ မှတ်မှတ်ရရ ဖြစ်နေပါတယ်။ ကျမရဲ့ ထောင်ဝင်စာမှာ မေမေ့ဆီက မီးပြတ်တဲ့အကြောင်း ညည်းညူတာ ကြားခဲ့ဖူးပေမယ့် ကျမ အများကြီး သတိမထားမိခဲ့ပါဘူး။

ကျမ ထောင်ကနေလွတ်ပြီး အိမ်ပြန်ရောက်တဲ့ညက အိမ်မှာမီးလာပါတယ်။ နောက်နေ့မှ သေချာသိရတာက နေ့လည် ၂ နာရီကနေ နောက်နေ့နေ့လည် ၂ နာရီအထိပဲမီးရပြီး တညလုံးနဲ့ နောက်နေ့တမနက်လုံး မီးမလာပါဘူး။ နေ့လည် ၂ နာရီမှ မီးပြန်လာပါတယ်။ ထူးပေစွပေါ့။ အဲဒီ့နှစ်ကနေစလို့ အလှည့်နဲ့မီးပေးတယ်ဆိုတာကို ကိုယ်တိုင်တွေ့ကြုံရပါတယ်။ အဲဒီ့ကာလတွေမှာ မိုးတွင်းတော့ မီးမှန်သလောက်ရှိပါတယ်။ အဲမိုးကုန်ပြီဆိုတာနဲ့ လျှပ်စစ်မီးက အလှည့်နဲ့လာပါတယ်။ ၂၀၀၃ ခုနှစ်ကနေစလို့ ရန်ကုန်မြို့တော်ရဲ့ နေရာတော်တော်များများမှာ အလှည့်နဲ့မီးပေးတယ်လို့ ပြောနေကြပေမယ့် မီးမလာတာက များပါတယ်။


ကျမတို့နေတဲ့ သုဝဏ္ဏဆိုတာ ၁၉၆၀ ကျော်နှစ်တွေတုန်းက အစိုးရဝန်ထမ်းတွေကိုယ်တိုင် စနေ၊ တနင်္ဂနွေတွေမှာ လုပ်အားပေးပြီး ဆောက်လုပ်ထားတဲ့ ဝန်ထမ်းအိမ်ယာတွေပါ။ အရင်ကတော့ ဝန်ထမ်းတွေပဲနေကြပါတယ်။ နောက်ပိုင်းတော့ ဝန်ထမ်အများစုကြားမှာ အစိုးရဝန်ထမ်းမဟုတ်သူတွေပါနေလာပေမယ့် အများစုကတော့ အစိုးရဌာနတွေက ဝန်ထမ်းတွေပါ။

၁၉၈၀ အစောပိုင်းတုန်းက သုဝဏ္ဏဆိုတာ လမ်းက ကြမ်း၊ လိုင်းကားကရှားပါးနဲ့ သွားရေးလာရေး မလွယ်ကူပါဘူး။ ၁၉၈၇ ခုနှစ်ကစလို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မ.ဆ.လ) က ဝန်ကြီးတွေနေဖို့ အိမ်ယာတွေ စတင်ဆောက်လုပ်ရာကနေ ၁၉၈၈ နောက်ပိုင်း ဗိုလ်ချုပ်တွေ၊ ဗိုလ်ချုပ်ကြီးတွေအတွက် မြေကွက်တွေပေးခဲ့တာကြောင့် ကျမတို့ သုဝဏ္ဏရဲ့ တဖက်ခြမ်းမှာ အထူးသီးသန့်ရပ်ကွက်တကွက် ပေါ်ပေါက်လာပါတယ်။ မြန်မာတပြည်လုံး မီးကို အလှည့်ကြစနစ်နဲ့ ပေးဝေနေပေမယ့် အထူးသီးသန့်ရပ်ကွက်ကတော့ မီးရော၊ ရေရော ပူစရာမလိုအောင် ၂၄ နာရီ အပြည့်လာနေပါတယ်။ မီးပြတ်တဲ့ ညတွေဆိုရင် ကျမတို့ သုဝဏ္ဏမှာ VIP အခြမ်းလို့ခေါ်ကြတဲ့ သီးသန့်ရပ်ကွက်မှာ မီးထိန်ထိန်လင်းနေပြီး ကျမတို့ အစိုးရ ဝန်ထမ်းအများစုနေထိုင်ရာ တိုက်ခန်းအိုတွေကတော့ မဲမဲမှောင်နေပါတယ်။

၂၀၀၃ နွေကိုရောက်တော့ မီးပေးချိန်က ပိုလို့ ပိုလို့ နည်းသွားပြန်ပါတယ်။ မီးမလာတာများတော့ ရေလည်း မရတော့ပါဘူး။ လူတွေအားလုံး မီးပြတ်၊ ရေငတ်ဖြစ်ကုန်ကြပါတယ်။ အီးပီးစီကို စာတွေဝိုင်းရေးကြပေမယ့် အီးပီစီက တာဝန်ရှိသူတွေက မဖတ်လိုက်ရတာလား။ ဖတ်ကိုမဖတ်တာလားမသိပေမယ့် ဘာမှ အထူးတလည် အကြောင်းပြန်တာ မရှိခဲ့ပါဘူး။

ကြာလာတော့ သုဝဏ္ဏနေ ပြည်သူတွေက သူတို့ရဲ့ VIP လိုင်းကနေ မီးခိုးသွယ်ကြပါတယ်။ ခိုးသွယ်တယ်ဆိုလို့ ကိုယ့်သဘောကိုယ်ဆောင်ပြီး လိုင်းဆွဲကြတာ မဟုတ်ပါဘူး။ EPC လို့ အများခေါ်ကြတဲ့ လျှပ်စစ်ရုံးကလူတွေကို ပိုက်ဆံပေးပြီး သွယ်ကြရတာပါ။ ဒီလိုမီးခိုးသွယ်တော့ သူတို့လိုင်းက မီအားတွေလျော့သွားတယ်တဲ့။ ဒါကြောင့် ဗိုလ်ချုပ်တဦးက ညဘက်မှာ အထူးလေ့လာရေး ထွက်ပါတော့တယ်။ အထူးလေ့လာရေးထွက်လာတဲ့ ဗိုလ်ချုပ်တဦးရဲ့ တွေ့ရှိချက်က တချို့အိမ်တွေမှာ မီးလင်းနေပြီး တချို့အိမ်တွေ မီးမှောင်နေတာကြောင့် မီးခိုးသွယ်တယ်ဆိုပြီး အီးပီစီကို ကွိုင်ရှာပါတယ်။ ဒါကြောင့် အီးပီစီက ဝန်ထမ်းတွေရောက်လာပြီး ကောင်းကောင်းမွန်မွန်ပြောပြကာ မီးလိုင်းတွေကိုတော့ ပြန်ဖြတ်သွားပါတယ်။

မီးမရှိတော့ ရေစက်တွေ ရေမတင်နိုင်ပါဘူး။ ပြည်သူတွေထံ ရေပေးဝေတဲ့ ရေစင်ကြီးတွေမှာ ခြောက်ကပ်နေပါတယ်။ ငွေကြေးတတ်နိုင်သူတချို့က ရေစက်တွေထောင်ပြီး ရေရောင်းစားကြပါတယ်။ မီးမလာတဲ့ တိုင်းပြည်ထဲမှာ မီးစက်သံတွေနဲ့ အမြဲလိုလို ဆူညံနေပါတယ်။ ရေတစည်ရဖို့အတွက် မနက်မိုးမလင်းခင်ကတည်းက စာရင်းပေးသွင်းကြရပါတယ်။ ရေတစည်ကို ၅၀၀ ကျပ်ကနေ အရမ်းပူတဲ့အချိန်ဆိုရင် ၁၅၀၀- ၂၀၀၀ ကျပ်လောက်အထိကို ဈေးပေါက်ပါတယ်။ ရေက ကိုယ်လိုချင်သလောက် အလုံအလောက်မရ၊ မီးစက်လည်း မဝယ်နိုင်တဲ့ လူတွေဟာ ညအရမ်းညဥ့်နက်တဲ့အချိန် အစိုးရ ရေပေးဝေတဲ့ ပိုက်တွေက တစက်ချင်းကျတဲ့ ရေကို ခံကြရပါတယ်။ အိမ်ရှိလူကုန် တယောက်တလှည့် ထပြီး ရေပိုက်ကနေ တစက်ချင်းကြတဲ့ရေကို ရေခွက်နဲ့ခံ ပြီးရင်ဘေးက ပုံးတွေထဲကို ထည့်ကြရတာပါ။ ဒါတောင် ကုန်းမြင့်ပေါ်ရောက်နေတဲ့ အိမ်တွေဆိုရင် ရေစက်တောင် မကျပါဘူး။ ညဘက်တွေမှာလည်း တဝုန်းဝုန်း၊ တဒိုင်းဒိုင်းနဲ့ မီးစက်သံတွေ၊ မီးစက်တွေကနေ ထွက်လာနေတဲ့ မီးခိုးငွေ့တွေနဲ့ ပတ်ဝန်းကျင်ဟာ ဝေဝေဆိုင်းဆိုင်းနဲ့ပါပဲ။

ဒါက အထပ်မြင့်မဟုတ်တဲ့ သုဝဏ္ဏမို့လို့ပါ။ ကန်ထရိုက်တိုက်ခန်းတွေရှိရာ ကျောက်မြောင်း၊ တာမွေ စတဲ့ ရပ်ကွက်ထဲမှာ ဆိုရင် ၇ လွှာ၊ ၈ လွှာမှာ နေရတဲ့သူတွေ ရေအတွက် တော်တော် စိတ်ဆင်းရဲရပါတယ်။ မီးမလာတော့ ရေအပေါ်တင်လို့ မရပါဘူး။ ဒါကြောင့် ရေရနိုင်တဲ့ ရေကန်တွေရှိရာကနေ ၇ လွှာ၊ ၈ လွှာအထိ ဆွဲတင်ကြရပါတယ်။ နွေရောက်တိုင်း ၇ လွှာ၊ ၈ လွှာနေသူတွေရဲ့ ဒုက္ခလည်း မသေးလှပါဘူး။ ပိုက်ဆံနဲ့ ပေးဝယ်ချင်ပါတယ်ဆိုရင်တောင် ရေတစည်ကို ၁၀၀၀ ကျပ်ကနေ ၁၅၀၀ ကျပ်လောက် အထိပေးဝယ်ရပေမယ့် ကိုယ်လိုချင်တဲ့ ရေစည်အရေအတွက် ဝယ်လို့မရပါဘူး။ ရောင်းတဲ့ သူရဲ့ အချိုးကျ ရောင်းချမှုကိုပဲ လက်ခံရပါတယ်။ ငွေ ၁၀၀၀၊ ၁၅၀၀ နဲ့ ပေးမဝယ်နိုင်သူတွေအတွက်တော့ တကယ့် ငရဲပါပဲ။

ကျမရဲ့ ခင်ပွန်း ထောင်ကနေလွတ်တော့ ၁၉၉၉ ခုနှစ်ပါ။ အဲဒီ့အချိန်ကတည်းက သူက မိတ္ထူဆိုင်လေး ထောင်ပါတယ်။ ၂၀၀၅ မိုးတွင်းပိုင်းလေးမှာပဲ ကျမတို့ လင်မယား မိတ္တူဆိုင်ကို သုဝဏ္ဏကို ပြောင်းရွေ့ပါတယ်။ မိတ္ထူဆိုင် စတဲ့ အချိန်တုန်းက မိုးတွင်းဆိုပေမယ့် မီးကတော့ သိပ်မမှန်လှပါဘူး။ ဒါပေမယ့် စီးပွားရေးလေး မှေးလုပ်လို့ ရတယ်ဆိုတဲ့ အနေအထားလောက်ပါပဲ။ မိုးလည်းကုန်ရော ကျမတို့ သုဝဏ္ဏမှာ မီးမမြင်ရတော့ပါ။ မီးစက်နဲ့ မိတ္ထူကူးရင် အမြတ်ရဖို့ မလွယ်ပါဘူး။ ဒါကြောင့် မိတ္ထူစက်ကို ခတ္တအနားပေးလိုက်ပြီး “မီယာမီ” ရေသန့်ဆိုင် လုပ်ရပါတယ်။ ဆောင်းတွင်းမှာတော့ အေးအေးချမ်းချမ်းနဲ့မို့ မီးခဏခဏပြတ်ပေမယ့်လို့ သောက်ရေသန့်ဘူးတွေအတွက် ပြဿနာမဖြစ်ပါဘူး။ နွေလည်းရောက်လာရော ရန်ကုန်မြို့မှာ မီးမမြင်ရတော့ပါဘူး။ ရာသီကလည်း အရမ်းပူနေပြီဆိုတော့ လူတွေ သောက်ရေသန့်ဘူးကို အလုအယက်မှာကြပါတယ်။

ရေသန့်ဘူးတွေရောင်းနေရတဲ့ ကျမတို့ရဲ့ ဒုက္ခကလည်း မသေးပါဘူး။ မြန်မာတနိုင်ငံလုံး မီးမလာတာကြောင့် စက်မှုဇုံတွေမှာ ထုတ်လုပ်မှုတွေကို လိုသလောက် မလုပ်နိုင်ကြပါဘူး။ ရေသန့်စက်ရုံကလည်း ရေသန့်ဘူးလိုသလောက် မထုတ်နိုင်ပါဘူး။ ဒါကြောင့် သူတို့ ထုတ်လုပ်နိုင်သမျှကိုပဲ ကျမတို့ဆိုင်တွေကို မျှပေးပါတယ်။ ကျမတို့ကလည်း ရေလိုသူတိုင်းကို ရောင်းပေးလို့ မရနိုင်တော့တာကြောင့် ဖောက်သယ်တွေကို မျှရောင်းပေးရပါတယ်။ အဲဒီ့ကိစ္စဟာ ကျမတို့ ရောင်းနေတဲ့ ရေကုမ္ပဏီတခုတည်းရဲ့ ပြဿနာမဟုတ်ဘဲ ရေသန့်ကုမ္ပဏီတိုင်းဖြစ်ကြရပြီး၊ ရေသန့်သောက်သုံးသူတိုင်း ကြုံနေကြရတာပါ။

ကျမတို့ဆိုင်ကို ရေသန့်လာချပေးဖို့ ကုမ္ပဏီကို ဖုန်းဆက်ပြီးရင် ကုမ္ပဏီကလာပို့မယ်လို့ပြောတဲ့အချိန်ကို ထိုင်စောင့်ကြရပါတယ်။ ည ၂ နာရီလာပို့မယ်ဆိုလို့ ကျမ ခင်ပွန်းနဲ့ ဆိုင်က အလုပ်သမားလေးတွေ ညမအိပ်ဘဲ ဖယောင်းတိုင်လေးတွေထွန်းပြီး စောင့်ကြရပါတယ်။ ခြင်က ကိုက်၊ ရာသီဥတုကပူပြင်းတာနဲ့ တော်တော်လေး စိတ်ရှည်ရှည်ထားရပါတယ်။ တချို့ရက်တွေမှာ စောင့်နေပေမယ့်လည်း ရေကားရောက်မလာတာကြောင့် အိပ်ရေးပျက်တာပဲ အဖတ်တင်ရတဲ့ အကြိမ်လည်း မနည်းပါဘူး။ ကျမတို့အနေနဲ့ ကုမ္ပဏီက လူကို ရန်တွေ့မိရင် အဲဒီ့လူပြန်ပြောနေကြစကားက “ကျနော်တို့က ရောင်းချင်တာပေါ့၊ ရောင်းရသမျှ ကျနော်တို့လည်း အမြတ်ရတာပဲ။ ရေဆိုတာ ခုလိုပူအိုက်တဲ့ အချိန်ဆိုတာ ရေပိုရောင်းရမှန်း ကျနော်တို့ မသိတာမှ မဟုတ်တာ၊ ဒါပေမယ့် မီးမလာတော့ ဘာမှ လုပ်လို့မရလို့ပါ” တဲ့လေ။

မှတ်မှတ်ရရ ၂၀၀၆ ခုနှစ်ထဲမှာပဲ မီးက ခဏလေးလာလိုက် ပြတ်သွားလိုက်ဖြစ်နေတော့ အိမ်တော်တော်များများ ဝါယာရှော့ဖြစ်တယ်လို့ ကြားရပါတယ်။ အိမ်ရှင်မတွေက မီးလေးလာတုန်း ရေနွေးအိုးတွေ၊ ထမင်းအိုးတွေ ပြေးတည်လိုက်ကြ၊ မီးလည်းပြတ်သွားရော “ဟော” သွားပါပြီဆိုပြီး စိတ်ညစ်ညစ်နဲ့ မီးသွေးမီးဖိုဖို့ ကြိုးစားနေကြရင်း ခလုတ်ပိတ်ဖို့ မေ့သွားကြပါတယ်။ ကိုယ်လုပ်စရာရှိတာလုပ်ပြီးတာနဲ့ အလုပ်ရှိရာကို ပြေးကြရတော့ မီးလာတဲ့အချိန် အိမ်မှာ လူမရှိတာနဲ့ ကြုံသွားတော့ ဝါယာရှောခ့် ဖြစ်ကြတာပါ။

တချို့ညတွေဆိုရင် မီးလေးလာလိုက်ရင် ပြည်သူတွေက ပျော်လွန်းလို့ “ဝေးးးးး” ခနဲ ထအော်လိုက်၊ နောက် ၂ မိနစ် လောက်မှာ မီးက ဖျပ်ခနဲ ပြန်ပြတ်သွားတော့ အားလျော့တဲ့ လေသံနဲ့ “ဝါး” ဆိုတဲ့ အော်သံတွေကို မှန်မှန်ကြားနေရပါတယ်။ ရန်ကုန်တမြို့လုံး မီးစက်တတ်နိုင်သူတွေ မီးစက်ဖွင့်ကြ၊ မတတ်နိုင်သူတွေက ရာသီဥတုရဲ့အပူဒဏ်ရော၊ မီးစက်က ထွက်လာတဲ့ အပူငွေ့တွေနဲ့ပါ ရောပြွန်းလို့ ခံစားကြနဲ့ နွေရာသီတွေကို အံတုကျော်ဖြတ်ကြပါတယ်။

ကျမတို့ မိသားစု ထိုင်းကိုစရောက်တဲ့နေက ကျမသားက မေမေ ဒီမြို့က မီးမပြတ်ဘူးနော်တဲ့။ သူ ထင်နေတာက ဒီမြို့ဟာ မြန်မာနိုင်ငံထဲက မြို့တမြို့လို့ ထင်နေပုံရပါတယ်။ ကျမလည်း သားကိုဘာမှ အထူးတလည် ရှင်းမပြတော့ပါဘူး။ ရှင်းပြလည်း သူ နားလည်နိုင်ဖို့ ခက်နေအုံးမှာပါ။

ထိုင်းမှာ ကျမ နေတဲ့ကာလတလျှောက် ဝါယာရှော့ခ် ဖြစ်တယ်လို့ မကြားမိပါဘူး။ မီးကလည်း ၂၄ နာရီလုံး အမြဲလင်းနေတာပါ။ ကိုယ်ဖွင့်ချင်မှ ဖွင့်လို့ရပါတယ်။ အားလုံး ကိုယ့်သဘောပါ။ ထိုင်းမှာ မီတာခ တယူနစ်ကို ၃ ဘတ်ခွဲလောက် ကျပါတယ်။ ထိုင်းပြည်သူတွေရဲ့ အနိမ့်ဆုံးလစာဟာ ဘတ် ၁ သောင်းခွဲလောက်ရှိပါတယ်။ တလလုံး ရေခဲသေတ္တာ၊ အဝတ်လျော်စက်၊ အဲယားကွန်း၊ တီဗွီ၊ ကွန်ပျူတာတွေ အကုန်လုံးသုံးတာတောင် မီတာခ ဘတ် ၅၀၀ ကျော်၊ ၆၀၀ လောက် ကျပါတယ်။ ထိုင်းပြည်သူတွေအနေနဲ့ အကုန်သုံးနိုင်ကြပါတယ်။

တောဘက်တွေမှာတော့ တောင်သူလယ်သမားတွေကို ဆိုလာပြားတွေ လုပ်ပေးထားပါတယ်။ လျှပ်စစ်မီး သွယ်တန်းပေးဖို့အတွက် မီတာတွေလိုက်တတ်ပေးတာကို အလုပ်ရှုပ်တယ်ဆိုပြီး လက်မခံလို့ ဘာမှ ပိုက်ဆံပေးဖို့ မလိုတဲ့ ဆိုလာတွေ တပ်ဆင်ပေးထားတာပါ။

ထိုင်းမှာရောက်နေတဲ့ မြန်မာတွေအတွက်ကတော့ မီတာခက ကြီးလေးပါတယ်။ မြန်မာအလုပ်သမားတွေရဲ့ ဝင်ငွေဟာ အမြင့်ဆုံးလူက ဘတ် ၄၅၀၀၊ ဘတ် ၅၀၀၀ လောက်ပဲ ရတာပါ။ ဒီထက်နည်းတဲ့လူပဲ ရှိပါတယ်။ ဒီ့ထက်များတဲ့ လူက ရှိရင်တောင် တော်တော်အရေအတွက် နည်းပါတယ်။

ကျမ နေနေတဲ့ ၃ နှစ်အတွင်း ထိုင်းနိုင်ငံရဲ့ တာဝန်ရှိသူ ဘယ်သူကမှ ချွေတာသုံးပါလို့ ပြောတာမကြားရပါဘူး။ ပြောစရာ မလိုအောင် ချွေတာသုံးအောင်လုပ်ပေးတဲ့ နည်းလမ်းရှိပါတယ်။ အဲဒါက ဘယ်သူမဆို ယူနစ် ၉၀ အောက် ချွေတာသုံးရင် မီတာခ ပေးဖို့မလိုတာပါပဲ။ ကျမလည်း ထိုင်းကိုရောက်ကတည်းက မီတာခ မပေးရတဲ့လက အများသားလေ။

ကျမကို တစုံတယောက်က မီတာချွေတာနော်လို့ ပြောစရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ ယူနစ် ၉၀ ကို ၁ ယူနစ်ပိုပြီး ၉၁ ဖြစ်သွားရင်တောင်မှ မီတာခပေးနေရမှာစိုးလို့ ကျမ ချွေတာပြီးသုံးပါတယ်။

ကျမ နားလည်သလောက်ပြောရရင် ထိုင်းနိုင်ငံမှာ လျှပ်စစ်ကို ဂတ်စ်ကနေ အများဆုံး ထုတ်လုပ်ပါတယ်။ အဲဒိ့ဂတ်စ်တွေကို မြန်မာပြည်ကနေ အကြမ်းထည်ဝယ်ပြီး ထိုင်းမှာ အဆင့်ဆင့် ပြန်လည်သန့်စင်ပါတယ်။ ထိုင်းမှာ ဟင်းချက်တဲ့ ဂတ်စ်လည်း အလွန်ပေါပါတယ်။ မြဝတီမြို့ဟာ မြန်မာနိုင်ငံမှာ မီးလာတဲ့ မြို့ပါ။ ထိုင်းဘက်ကနေ မြဝတီမြို့ကို မီးပေးတာကြောင့်ပါ။

ထိုင်းလူမျိုးတွေရော၊ ထိုင်းရောက်နေတဲ့ မြန်မာတွေရော လျှပ်စစ်နဲ့ ထမင်းလောက်ပဲချက်ပြီး ကျန်တာ ဂတ်စ်နဲ့ ချက်ကြပါတယ်။ ၆ ကီလို တအိုးကို ဘတ် ၁၁၀ ပဲကြပါတယ်။ ၃ ပိဿာဝင်အိုးတွေဆိုရင်တော့ ဘတ် ၃၀၀ ပဲ ကျပါတယ်။

လူတွေအတွက် ရွေးချယ်ဖို့ရှိတယ်ဆိုရင်တော့ ဘယ်သူမဆို သက်သာတဲ့အရာကိုပဲ ရွေးချယ်ကြလိမ့်မယ်ဆိုတာကို ဘယ်သူမှ မငြင်းပယ်ဘူးလို့ ထင်ပါတယ်။ ကိုယ့်နိုင်ငံကသုံးတဲ့ အရာထက် အမှန်တကယ်ပိုမှ အခြားနိုင်ငံတွေကို ရောင်းချရမှာပါ။ တကယ်တော့ ကျမတို့ နိုင်ငံမှာ ပြင်ဆင်စရာတွေ အရမ်းများနေပါတယ်။ အခုချက်ချင်းကြီး ထပြီး ပြင်ဆင်ဖို့လည်း မလွယ်ဘူးဆိုတာကို မြန်မာပြည်သူတွေ သိပါတယ်။ အမှားမှားအယွင်းယွင်းနဲ့ အုပ်စိုးလာတဲ့ နှစ်တွေအတွင်း ဖြစ်ပျက်ခဲ့တဲ့ အရာတွေအပေါ်မှာ ဇွတ်အတင်း ငြင်းဆန်နေမယ့်အစား အခုလောလောဆယ်ဆယ် တာဝန်ယူနေတဲ့ လူတွေအနေနဲ့ ပြည်သူတွေကို ကောင်းကောင်းမွန်မွန် မေတ္တာရပ်ခံမယ်။ တာဝန်ခံပြီး ရှေ့လျှောက် ဒီလို မဖြစ်စေရဘူးလို့ ပြောခဲ့ရင်တော့ ကျမတို့ မြန်မာပြည်သူတွေလည်း ကျေနပ်ကြပါလိမ့်မယ်။

ကျမတို့တိုင်းပြည်ရဲ့ အခြေအနေက အိမ်တလုံးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တအိမ်လုံး ခြစားပျက်စီးနေတဲ့အိမ်နဲ့ တူပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအိမ်ကို ပြင်ဆင်ရမယ်ဆိုတာက သမိုင်းကပေးလာတဲ့ တာဝန်ပါ။ ဒီအိမ်ကို ပြင်ဆင်ဖို့အတွက်ဆိုရင် ဒီအိမ်မှာ မှီတင်းနေထိုင်သူတွေအားလုံး ကြိုးစားရမှာပါ။ အားလုံးရဲ့ ကြိုးစားအားထုတ်မှုကို ဒီအိမ်ရဲ့ အကြီးအကဲက အသိအမှတ်ပြုပြီး အစီအစဉ်တကျဖြစ်အောင် သူက စီစဉ်ရမယ့် တာဝန်ရှိပါတယ်။ နှစ်ပေါင်း ၅၀ လောက် ယိုယွင်းနေတဲ့စနစ်ကို ပြုပြင်မယ်ဆိုရင် တာဝန်ရှိသူတွေအားလုံး တိုင်းပြည်နဲ့ ပြည်သူတွေအပေါ် စိတ်စေတနာ အရင်းခံလေးနဲ့ ပြုပြင်မယ်ဆိုရင် မြန်မာပြည်သူတွေ ကျေးဇူးတင်ပါလိမ့်မယ်။ တာဝန်မယ့်တဲ့ ပိုလို့ရောင်းစားနေတယ် လို့ပြောနေတဲ့ ဝန်ကြီးနဲ့ ဖယောင်းတိုင်လေးထွန်းနေလိုက်ပါလို့ လက်လွတ်စပယ် ပြောတတ်တဲ့ အကြံပေးတို့လို ပြဿနာကို မဖြေရှင်းဘဲ နည်းစနစ်တကျ ပြဿနာဖြေရှင်းတဲ့ အလေ့ရှိဖို့လိုနေပြီလို့လဲ အာဏာရ အစိုးရထံ သတင်းစကား ပါးလိုပါတယ်။ ။


 

No comments: