Sunday, June 3, 2012

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၃၇)

ခေါင်းဆောင်မှာ အဓိက တာဝန်ရှိတယ် 

နောက်တိုက်ပွဲတပွဲက ဝါးခယ်မ ရုံးထောင့်တိုက်ပွဲပဲ။ အဲဒီပွဲမှာတော့ အဖိုးတို့ဘက်က အထိနာတယ်။ ဝါးခယ်မမြို့မှာ အဖိုးတို့နေတာ သုံးလလောက်ကြာသွားတယ်။ တိုက်ပွဲတွေဖြစ်တာ ဆက်တိုက်ပဲ။ အဲဒီမှာ ဗိုလ်မှူးချစ်လေးမောင်နဲ့ အဖိုး တွေ့တယ်။ သူကလည်း တချက်တကောင် ချစ်လေးမောင်ဆိုပြီး နာမည်ကြီးပဲ။ အဖိုး သူ့ကိုမှာတော့ သူ ရောက်လာတယ်။

“ဗိုလ်ချုပ် ကျနော့်ကို မှာတယ်ဆို”

“အေးကွ။ ဟင်းစားရှိလို့ မင်းကိုမှာတာ”

“ဟာ ဟုတ်လား”

ဗိုလ်မှူးချစ်လေးမောင်နေရာက ဝါးခယ်မနဲ့ဆိုရင် ၄ နာရီလောက် လမ်းလျှောက်ရတယ်။ ချစ်လေးမောင်ဟာ အကောင်ငယ်ငယ်ပဲ။ အကောင်သာငယ်တာ သူက ဘရင်းဂမ်းမှ ကိုင်တာ။ အဖိုးနဲ့ဆို ၁ဝ နှစ်လောက်ငယ်တယ်။


“မင်းကိုမှာတာ မင်းသိလား”

“သိတာပေါ့။ စစ်တိုက်ဖို့ မဟုတ်လား”

“အေး မင်း မဆိုးဘူးကွ”

“ဂတ်တဲနားက ရုံးထောင့်ကို မင်း သေသေချာချာ အခြေအနေလေ့လာ။ အခြေအနေအားလုံးကို ဒီ ၃-၄ ရက်အတွင်းမှာ ရနိုင်အောင် မင်း ကြိုးစား”

“ဟုတ်ကဲ့” ဆိုပြီး သူ ပြန်သွားတယ်။

ရုံးထောင့်စခန်းက ဘတ်ဒုံချောင်းရဲ့ ကမ်းနားမှာရှိတယ်။ ချောင်းကမ်းနားနဲ့ ကိုက် ၃ဝ လောက်ပဲ ကွာမယ်။ အဲဒီအနားမှာ လှေဆိပ် ရှိတယ်။ တံတား ရှိတယ်။ သမ္ဗာန်လေးတွေ၊ လှေလေးတွေ သွားလာနေတယ်။ စစ်သားတွေတော့ အမြဲမရှိဘူး။ နှစ်ရက် တခေါက်လောက်မှ ရှိတတ်တယ်တဲ့။

“ဒါဆိုရင် တို့ တိုက်မယ်”

“ကျနော်တို့လည်း ချချင်တာ ကြာပြီ”

“မင်း တပ်စုနှစ်စုဆန့်တဲ့ ပေါင်းမိုးပါတဲ့ သမ္ဗာန်အကြီးတစင်း ရှာထား။ တပ်တွေလည်း အသင့်ပြင်ထား။ တို့ ချမယ့်နေရာမှာ တပ်တွေကို ကြိုနေရာချထား”

သူလည်း အဖိုးပြောတဲ့အတိုင်း စီစဉ်တယ်။ အဲဒီညရောက်တော့ အဖိုးလည်း လိုက်မယ်ဆိုတော့ ‘မလိုက်နဲ့။ မလိုက်နဲ့’ လို့ ချစ်လေးမောင်က တားတယ်။

“မလိုက်ရဘူးဆိုရင် ခပ်လှမ်းလှမ်းကုန်းပေါ်ကနေ ငါ ကြည့်မယ်။ မင်းတို့ရဲဘော်တွေကို ကျကျနန လုပ်နော်”

“ဟုတ်ကဲ့ပါ” ဆိုပြီး ထွက်သွားတယ်။

ဒီကောင်တွေ ညီလည်း တော်တော်ညီတယ်။ သမ္ဗာန်ကြီး တံတားထိပ်မှာကပ်ပြီးတော့ တယောက်ချင်း ဆင်းတာ။ ပြီးတော့မှ ပေါင်းမိုးကို လှန်ချပြီး အကုန်လုံး တံတားပေါ်တက်တာ။ အဲဒီညက ကံဆိုးချင်တော့ ရန်သူတပ်က ပြန်ရောက်လာတယ်။ ရုံးထောင့်ကိုဝင်တဲ့ တံခါးချိတ်ကလည်း တော်တော်နဲ့ ဖြုတ်မရဘူး။ အရင်ကဆို အဲဒီတံခါးက ဖွင့်ရက်သားပဲ။ အဖိုးက ခပ်လှမ်းလှမ်း တောင်ကုန်းပေါ်က သွားနားထောင်တော့ နှစ်ဖက် အပြန်အလှန် ပစ်နေတဲ့အသံတွေ ကြားရတယ်။ ၁ဝ မိနစ်လောက် ကြာတယ်။ ပစ်နေတုန်းပဲ။ ကြာတော့ အဖိုးက မသင်္ကာတော့ဘူး။ တို့လူတွေခံရပြီ ထင်တယ်။

အဖိုးတို့ဘက်က တပ်စိပ်မှူး နှစ်ယောက် ကျတယ်။ ရဲဘော်နှစ်ယောက် ဒဏ်ရာရတယ်။ အဲဒီသတင်းကြားရတော့ အဖိုးက ကိုယ်တိုင်သွားချမယ်လုပ်တော့ တပ်စုမှူးက အဖိုးကို တားတယ်။

“ဗိုလ်မှူးချုပ် မရှိရင် ဘယ်လိုလုပ်မလဲ” ဆိုပြီး အဖိုးကို ဆွဲထားတယ်။

“ကဲ ဒီလိုဆိုလို့ရှိရင် ငါ့တပ်တွေ ပြန်ဆုတ်ခိုင်း” အဖိုးတို့တပ်တွေ ပြန်ဆုတ်လာတာပေါ့။

တိုက်ပွဲမှာကျသွားတဲ့ တပ်စုမှူးနဲ့ ရဲဘော်တယောက်အလောင်းကို အဖိုးတို့ ပြန်မရတော့ဘူး။

တိုက်ပွဲကို ပြန်သုံးသပ်တော့ …

“ဒီလိုဖြစ်ရတာ ငါ့အမှားကြောင့်။ ငါ စေ့စပ်သေချာမှုမရှိလို့ ဖြစ်ရတာ”

အဖိုး တပ်စုမှူးက …

“ဗိုလ်မှူးချုပ်တယောက်ထဲ မဟုတ်ပါဘူး။ ကျနော်တို့လည်း ပါပါတယ်။ ကျနော်တို့လည်း ပေါ့ဆတာပါ။ ဒီနေ့ကျမှ တံခါးကို သေသေချာချာ သတိမထားမိဘူး။ ဒါဟာ ကျနော်တို့ အားနည်းချက်ပါ” တဲ့။

“အေး ဘာပဲပြောပြော။ ခေါင်းဆောင်မှာ တာဝန်အရှိဆုံးပဲ။ အုပ်ချုပ်ရေးမှာပဲ ဖြစ်ဖြစ်၊ စစ်ရေးမှာပဲဖြစ်ဖြစ်။ ခေါင်းဆောင်မှု အားနည်းရင်၊ တခုခုချို့ယွင်းရင် ခေါင်းဆောင်မှာ တာဝန်အရှိဆုံးပဲ”

အဲဒီတိုက်ပွဲမှာ အဖိုးတို့ အထိနာခဲ့တယ်။ လူထုတွေလည်း ဒီသတင်းတွေကြားတော့ စိတ်မကောင်းကြဘူး။ ကျသွားတဲ့ ရဲဘော်တွေရဲ့အလောင်း ပြန်မရတာ အဖိုး တော်တော်စိတ်ထိခိုက်တယ်။

တိုက်ပွဲဆိုတာ ကိုယ်မနိုင်ရင် ရန်သူ နိုင်မယ်။ ရန်သူ မနိုင်ရင် ကိုယ်နိုင်မယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ကိုယ့်ရဲဘော်တွေရဲ့အလောင်းကို ကိုယ်ပြန်မကောက်ပေးနိုင်တာကိုတော့ တော်တော်စိတ်မကောင်း ဖြစ်ရတယ်။

ဆက်လက်ဖော်ပြပါမယ်။ 


 

No comments: