Thursday, June 14, 2012

သီလကို အစစ်ဆေးခံဖို့ စိန်ခေါ်ရဲတဲ့ ခေါင်းဆောင်တွေ များများပေါ်ထွန်းပါစေ (မောင်ဝံသ)

ခေါင်းဆောင်တွေရဲ့ အားသာချက် အားနည်းချက် 

ခုတစ်လော ကျွန်တော် အချိန်ပေးပြီး လုပ်နေတဲ့ အလုပ်တွေထဲမှာ ဟောပြောပို့ချမှုတချို့လည်း ပါဝင်တယ်ဗျ။ အထူးသဖြင့် မြန်မာနိုင်ငံရေးအကြောင်း (အဓိကအားဖြင့် ဒုတိယကမ္ဘာစစ်ပြီးချိန်ကစလို့ မျက်မှောက်ကာလအထိ) ဆွေးနွေးဖလှယ်တာပါပဲဗျာ။

ကျွန်တော်က နိုင်ငံရေးအဖြစ်အပျက်များကို အချက်အလက်တွေအပေါ် သုံးသပ်တင်ပြတဲ့ချဉ်းကပ်မှုအပြင် နိုင်ငံရေးဇာတ်ခုံမှာ ပါဝင်ကပြခဲ့ကြတဲ့ အဓိက ပုဂ္ဂိုလ်တွေရဲ့ ထူးခြားချက်၊ အားသာချက်၊ အားနည်းချက်၊ ခေါင်းဆောင်မှုဆိုင်ရာ သင်ခန်းစာများကိုလည်း ထုတ်နှုတ်တင်ပြဖို့ ကြိုးစားတယ်ဗျ။ ဘယ်သူက စမလဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကပဲ စရတာပေါ့။ အဲဒီမှာ သတိထားမိတာက ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ကျွန်တော် ဆွေးနွေးတင်ပြတာတွေ အတော်များများကို သင်တန်းသားတွေက သိနေတာ ဖြစ်တယ်ဗျ။ ကျွန်တော့် သင်တန်းပို့ချနည်းက ဆရာတစ်ယောက်တည်းက တစ်ဖက်သတ် ပြောသွားတာမျိုးမဟုတ်ဘဲ သင်တန်းသားတွေကို များများ ပါဝင်ဆွေးနွေးခိုင်းတာဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်ပြီး သူတို့ ဘယ်လောက် ဖတ်ရှုလေ့လာထားတယ် ဆိုတာ သိရတာပေါ့။

ဗိုလ်ချုပ်ကလွဲပြီး မသိတာကများ

သို့ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းကလွဲပြီး ကျန်တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်ကြီးတွေအကြောင်း သူတို့ခမျာ မသိတာက များနေတယ်။ ဥပမာ - ဆရာကြီး သခင်ကိုယ်တော်မှိုင်းအကြောင်းဆိုရင် စာပေပညာရှင်ကြီးတစ်ယောက် ဆိုတာလောက်ပဲ သိတယ်။ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ခေတ်အဆက်ဆက် အာဏာရ အာဏာမဲ့ နိုင်ငံရေးသမားအားလုံးလိုလိုရဲ့ ဂုရုကြီးတစ်ဆူဆိုတာကို မသိသူက ပိုများနေတယ်ဗျာ။ ရန်ကုန်မှာ အနေကြာကြပေမယ့် ရွှေတိဂုံစေတီ တော်ကြီးရဲ့ တောင်ဘက်မုခ်အနီး ရွှေတိဂုံဘုရားလမ်းမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ကြီးရှိတယ်ဆိုတာကိုတောင် အတော်များများက မသိကြဘူးဗျ။ ကျွန်တော်က ဆရာကြီးမှိုင်းရဲ့ ဂူဗိမာန်ဘေးမှာ စုဖုရားလတ် ဂူဗိမာန်၊ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ဂူဗိမာန်၊ ဦးသန့်ဂူဗိမာန်တို့ပါရှိနေကြောင်း တစ်ဆက်တည်း ရှင်းပြရတယ်ဗျာ။

သူတို့တွေ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်စာပေအများအပြား ဖတ်ရှုလေ့လာရင်း မလွဲမသွေ သိရှိမှတ်မိကြလိမ့်မယ်လို့ထင်ရတဲ့ ဝန်ကြီးချုပ် ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ကွန်မြူနစ်ခေါင်းဆောင် သခင်စိုး၊ သခင်သန်းထွန်း၊ ဦးသိန်းဖေမြင့် စသူတွေအကြောင်းကို ပြောပြတော့လည်း အသစ်အဆန်းတွေ ဖြစ်နေကြတယ်ဗျ။ ဒေါက်တာဗမော်ဆိုရင် ဂျပန်ခေတ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကိုလေ့လာရင် တွဲပြီးသိရမယ့်ပုဂ္ဂိုလ်ဖြစ်ပေမယ့် ဝိုးတိုးဝါးတားနဲ့ မမှတ်မိသူက များနေတယ်။ ဂဠုန် ဦးစောကျတော့ ဗိုလ်ချုပ်ကို လုပ်ကြံသူအဖြစ် သိတယ်။ သို့ပေမယ့် ကိုလိုနီခေတ် နိုင်ငံရေးသမားလက်ဟောင်းတွေထဲမှာ သူဟာ ဘယ်နည်းဘယ်ပုံ ရှေ့တန်းရောက်ခဲ့သလဲ၊ သူ့ရဲ့ တော်ကွက်၊ ရှော်ကွက်တွေက ဘာတွေလဲဆိုတာ ပြောပြတဲ့အခါ အတော်ကို အံ့သြကုန်ကြတယ်ဗျ။

ဦးနုအကြောင်း ပြောစရာတွေ 

မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်မှာ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး ၁၉၆၂ ခုနှစ်မှာ အပြီးအပြတ် အာဏာအသိမ်းခံလိုက်ရတဲ့ ဦးနုအကြောင်းကို ကျွန်တော် မကြာခဏ အလေးထားပြီး ပြောတယ်။ ၁၉၅၈ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်းတို့လူစုက အာဏာသိမ်းဖို့စီစဉ်ပေမယ့် ဦးနုက အာဏာ အသိမ်းမခံဘဲ အာဏာလွှဲပေးလိုက်တဲ့ အနေအထားမျိုးဖန်တီးပြီး ပါလီမန် ဒီမိုကရေစီ ဆက်လက်တည်တံ့အောင် တတ်နိုင်သမျှ ကြိုးစားခဲ့ပုံကို ကျွန်တော် ရှင်းပြတယ်။ ၁၉၆၁ မှာ တောင်ကြီးညီလာခံကျင်းပပြီး ရှမ်းပြည်နယ်နိုင်ငံရေးခေါင်းဆောင်တွေက ပြည်ထောင်စုစစ်စစ် ဖက်ဒရယ်မူကို တောင်းဆိုကြတဲ့အခါ ဦးနုက ရန်ကုန်ကိုဖိတ်ပြီး အကျေအလည် ဆွေးနွေးတယ်။ အသံလွှင့်ရုံကြီးမှာကို ညီလာခံ ကျင်းပပေးပြီး အခြေအတင် ဆွေးနွေးခွင့်ပေးတယ်။

ဦးနုရဲ့ သိမ်မွေ့ညင်သာတဲ့ ကိုင်တွယ်မှုကြောင့် ရှမ်းခေါင်းဆောင်တွေဟာ ပြည်ထောင်စုကနေ ခွဲထွက်သွားမယ်ဆိုတဲ့စကားကို မပြောတော့တဲ့အထိ အခြေအနေတိုးတက်လာတယ်။ တိုင်းရင်းသားလူမျိုးအားလုံး တန်းတူရေးနဲ့ ပြည်ထောင်စုအတွင်း ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးကိုပဲ အလေးထားပြောကြတော့တယ်။ အဲဒီအခိုက်မှာပဲ ဗိုလ်ချုပ်နေဝင်းက ကောက်ခါငင်ကာ အာဏာသိမ်းလိုက်တာပါပဲဗျာ။ လက်ညှိုးထိုးပြတော့ အားလုံးသိကြတဲ့အတိုင်း ဖက်ဒရယ်မူကြောင့် ပြည်ထောင်စုကြီးပြိုကွဲတော့မှာကို လက်မတင်လေး ကယ်တင်လိုက်ရတဲ့ပုံ။

ထိန်းသိမ်းခံဘဝကနေ ၁၉၆၆ ခုနှစ် စက်တင်ဘာလမှာ လွတ်ငြိမ်းခွင့်ရလာတဲ့ ဦးနုကို လုပ်သားပြည်သူ့နေ့စဉ် သတင်းထောက်အနေနဲ့ ကျွန်တော် သွားရောက် တွေ့ဆုံမေးမြန်းခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဦးနုက “ပြည်ထောင်စုကြီး ပြိုကွဲတော့မယ့်အခြေအနေနဲ့ ကြုံနေရပြီလို့ ကျုပ်ကို ၂ မိနစ်ပဲ ကြိုပြောပါ။ အာဏာသိမ်းစရာ မလိုပါဘူး၊ ချက်ချင်း အာဏာလွှဲပေးလိုက်မှာပေါ့။ အဲသလိုဆိုရင် ခုလို ဒီမိုကရေစီ ပျက်စီးရတဲ့အခြေအနေ မရောက်တော့ဘူးပေါ့” လို့ ပြောခဲ့တာ ကောင်းကောင်း မှတ်မိနေတယ်ဗျာ။

ကျုပ်ကို အာဏာပြန်အပ်ပါ

နောက် ၁၉၆၈-၆၉ လောက်မှာ ဗိုလ်ချုပ်နေဝင်းက ပြည်တွင်းညီညွတ်ရေးအကြံပေးအဖွဲ့ဆိုပြီး ဦးနု အပါအဝင် နိုင်ငံရေးသမားကြီး ၃၃ ဦးနဲ့ဖွဲ့စည်းပေးပြီး တိုင်းပြည်ရှေ့ခရီးအတွက် အကြံပေးခိုင်းတယ်။ ဦးဗဆွေ၊ ဦးကျော်ငြိမ်း အစရှိတဲ့ ပုဂ္ဂိုလ်များက ဒီမိုကရေစီ ဆိုရှယ်လစ် နိုင်ငံရေးလမ်းစဉ်ကို တင်ပြတယ်။ အစိုးရ၊ သမဝါယမ၊ ပုဂ္ဂလိက၊ ဖက်စပ်တို့ပါဝင်တဲ့ ခြေလေးချောင်းထောက် စီးပွားရေးစနစ်ဆိုတာကို တင်ပြတယ်။ ဝိဓုရ သခင်ချစ်မောင် အစရှိတဲ့ ပမညတ အများစုပါဝင်တဲ့ အုပ်စုက ဆိုရှယ်လစ် ဒီမိုကရေစီလမ်းစဉ်ကို တင်ပြတယ်။ ဆိုရှယ်လစ် စီးပွားရေးစနစ်နဲ့သွားဖို့ တိုက်တွန်းတယ်။

ဦးနုတစ်ယောက်တည်းက ဘာတင်ပြသလဲဆိုတော့ သူ့ကို အာဏာပြန်အပ်ပါ။ သူ့ကို အာဏာပြန်အပ်တယ်ဆိုတာ ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားခြင်းကို လေးစားတဲ့အနေနဲ့ ပြည်သူကို အာဏာပြန်အပ်တာနဲ့ အတူတူပဲ။ သူ့ကို အာဏာပြန်အပ်လိုက်ပြီးတာနဲ့ သူက ချက်ချင်းပဲ ဗိုလ်ချုပ်နေဝင်းကို အာဏာပြန်လွှဲပေးလိုက်မယ်။ အဲသလိုဆိုရင် အင်မတန်အရုပ်ဆိုးတဲ့ အာဏာသိမ်းထားတဲ့ အစိုးရဆိုတာမျိုး မဟုတ်တော့ဘူး။ အဲဒီတော့မှ တိုင်းပြည်ကောင်းကျိုးအတွက် လုပ်စရာရှိတာတွေ ဆက်လုပ်ပါတဲ့ဗျာ။ ထိုစဉ်က ကျွန်တော် လုံးဝ ဉာဏ်မမီခဲ့ပါဘူး။ ခုခါကျမှ ဦးနုရဲ့ ရပ်တည်ချက်နဲ့ သဘောထားကို ကျွန်တော်နားလည် သဘောပေါက်လာပြီး လက်ဖျားခါမိတယ်ဗျ။

အဲဒီတုန်းက ၃၃ ဦး အကြံပေးအဖွဲ့လည်း နောက်ဆုံးတော့ အဖျားရှူးသွားတာပါပဲ။ ဗိုလ်ချုပ်နေဝင်းက ဘယ်သူ့အကြံဉာဏ်မှ မယူတဲ့အပြင် ဦးနုက အာဏာပြန်တောင်းတာကို ရှူးရှူးရှားရှား ဖြစ်ခဲ့သဗျာ။

နိုင်ငံရေးအကွက် ရှေ့ကပြေးနေတာချည်း 

 နောက် နှစ် ၂၀ အကြာ ၁၉၈၈ ကျပြန်တော့ ၉ စက်တင်ဘာ ၈၈ မှာ ဦးနုက “၁၉၆၂ခုနှစ် မတ်လ ၂ရက်နေ့တွင် မိမိထံမှ ဗိုလ်ချုပ်နေဝင်းက သိမ်းယူသွားသော အာဏာအရပ်ရပ်ကို ပြန်လည်ရယူလိုက်ပြီ” လို့ကြေညာပြီး စင်ပြိုင်အစိုးရ ထူထောင်ခဲ့တယ်ဗျာ။ ဦးနုက သူ့ရဲ့ စင်ပြိုင်အစိုးရကကြီးမှူးပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို အမြန်ဆုံး ကျင်းပပေးမည်လို့ အတိအလင်း ကြေညာပါတယ်။ ဦးနုရဲ့ နိုင်ငံရေးအကွက်တွေက သူများတွေထက် ရှေ့က ပြေးနေတာချည်းပါပဲ။ ကျွန်တော့်ရဲ့ မြန်မာ့နိုင်ငံရေး လေ့လာဆွေးနွေးချက်တွေထဲမှာ ဦးနုရဲ့ နိုင်ငံရေး လုပ်နည်းလုပ်ဟန်တွေအကြောင်းကို ပို့ချချိန် စုစုပေါင်း ၆ နာရီလောက် ရှိတတ်ပါတယ်။ တကယ်အသေးစိတ် ပြောမယ်ဆိုရင် အဲဒီနှစ်ဆလောက် အချိန်ပေးရမယ် ထင်တယ်ဗျ။

တကယ်သန့်ရှင်းတဲ့ ဦးနု 

ဦးနုအကြောင်းပြောရင် သန့်ရှင်း ဖဆပလ ဆိုတဲ့ နာမည်လည်း တွဲလျက်ပါတယ်။ ပညတ်သွားရာ ဓာတ်သက်ပါဆိုသလို ဦးနုရဲ့ ကိုယ်ကျင့်သိက္ခာ သန့်ရှင်းမှုနဲ့ ကိုယ်ကျိုးစီးပွားရှာမှုမှ သန့်ရှင်းမှုကိုလည်း အထူးပြု ပြောစရာရှိတယ်။

ဦးနု ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေချိန်မှာ ပြောခဲ့တဲ့စကားတစ်ခွန်းကို ဖဆပလကနေ သန့်ရှင်းနဲ့ တည်မြဲ ကွဲပြီးချိန် သတင်းစာတွေက အလေးထားဖော်ပြခဲ့ကြဖူးတယ်။ “ကျွန်တော် ဝန်ကြီးချုပ်ရာထူးက ထွက်ခွာသွားချိန်မှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဥစ္စာပစ္စည်းတွေကို စစ်ဆေးပါ။ ဝန်ကြီးချုပ်မဖြစ်ခင်ကထက် တစ်ကျပ်ပိုရှိနေတာ တွေ့တယ်ဆိုရင် ကျွန်တော့်ကို သူခိုးလို့ ကြေညာပါ။ ကျွန်တော် ခံပါ့မယ်” ဆိုပြီး ရဲရဲဝံ့ဝံ့ ပြောဆိုခဲ့တာ ဖြစ်တယ်ဗျာ။ သူပြောခဲ့တဲ့ အတိုင်းပါပဲ။။ ဦးနုနဲ့ပတ်သက်ပြီး သူ့ရဲ့အတိုက်အခံတွေဘက်က တခြား မကျေနပ်တာတွေ ရှိရင်ရှိမယ်။ ဒါပေမယ့် အကျင့်ပျက်ခြစားတဲ့ ဦးနုဆိုတဲ့ စွပ်စွဲမှုမျိုးတော့ ကျွန်တော် ကြားလည်း မကြားဖူး၊ ဖတ်လည်း မဖတ်ဖူးဘူးဗျ။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ သမ္မတအဖြစ် ပထမဆုံးမိန့်ခွန်းမှာ ကောင်းမွန်သော အုပ်ချုပ်ရေးနဲ့ သန့်ရှင်းသော အစိုးရဖြစ်စေရပါမယ်လို့ ကတိပေးခဲ့စဉ်က ကျွန်တော် ပထမဆုံး ပြေးသတိရလိုက်မိတာ ဦးနု စိန်ခေါ်ပြီးပြောခဲ့တဲ့ စကားထဲက “ဝန်ကြီးချုပ်မဖြစ်ခင်ကထက် တစ်ကျပ်ပိုရှိနေတာ တွေ့တယ်ဆိုရင် ကျွန်တော့်ကို သူခိုးလို့ ကြေညာပါ။ ကျွန်တော် ခံပါ့မယ်” ဆိုတာပါပဲဗျာ။

ကျွန်တော်တို့တိုင်းပြည်မှာ အဲသလို သီလကို အစစ်ဆေးခံဖို့ စိန်ခေါ်ရဲတဲ့ ခေါင်းဆောင်တွေ များများ ပေါ်ထွန်းလာစေချင်ကြောင်းပါခင်ဗျ။

၀၈၊ ၀၆၊ ၁၂
maungwuntha@gmail.com

ပြည်သူ့ခေတ်၊ အတွဲ ၂၊ အမှတ် ၉၈ 


No comments: