Saturday, June 9, 2012

သံလမ်းမဲ့ ရထား (နေဇော်နိုင်)

အတိတ်ဟာ
မေ့ပြီး မသုံးဘဲထားထား
ဒါမှမဟုတ်
မုန်းပြီး လွှင့်ပစ်ထားထား
အသွားထက်နေတဲ့ ဓားတလက်ပါပဲ။

အရိပ်ဆိုတာ
အဲဒီ အတိတ်က လာတာဖြစ်ပြီး
စိတ်နဲ့ အနာဂတ်ထဲ
ခိုတွဲနေတဲ့ အရာလေ
တို့အကြောင်း
တို့ထက် ပိုသိသူလည်း ဖြစ်နေပြန်ရဲ့။

ငါကတော့
ရည်းစားနဲ့ ကွဲရင်
စာတွေ မီးရှို့ပစ်သလိုမျိုး
ကိုယ့်အရိပ်ကိုယ်
အသုံးမလိုတော့ဘူး ထင်တာနဲ့
အဆုံးစီရင်ပစ်ခဲ့တယ်။

ဒါပေမယ့်
ဟိုး … ဝေးဝေးမှာ
ငါထားခဲ့တဲ့ အရိပ်တို့
တစ္ဆေလို လွင့်မျောလာကြရင်
ပလတ်စတစ်ကောက် သံချွန်လို အတွေးနဲ့
ဖြည်းဖြည်းချင်း ပေါက်ယူပြီး
ရင်အုံထဲ
ပစ် … ပစ် ထည့်မိတာပဲကွယ်။
ရထားရေ …
ငါ့ကို သယ်သွားပါတော့။

(တစ်)

အေဒီ (၆၅) ဆိုတော့
ငါ့မြေရဲ့ မဟာဘုတ်တွေ
အသက်ရှုကျပ်နေတုန်း ထင်ပါရဲ့။

‘မန်မလင်း’ ဆိုတာ
‘ဗန်းမော်’ တဖက်ကမ်းက
တနှစ်လုံး
ချမ်းနေတတ်တဲ့ ရွာကလေး။

(အဲဒီတုန်းကတော့)
ယမ်းငွေ့ခြုံပြီး
ရင်ခုန်တတ်တဲ့ တောင်တန်းတွေနား
ခဏ ခဏ
အသက်ရှုမှားရတဲ့ ရွာကလေးပေါ့။

ခွဲခွာစဉ် ငယ်လွန်းလို့
မျက်စိထဲ မြင်ဖူးပြီး
အသိနဲ့ မကြည့်ခဲ့ရဘူးတဲ့
ဇာတိရွာကလေးလည်း ဖြစ်တယ်။

ပြီးတော့
ပြက္ခဒိန် ဇယားကွက်တွေထဲ
ဘဝဝိုင်ကို
တခွက်ပြီးတခွက် ဖြည့်ဖို့
(ငါ့ရဲ့)
နေ့စေ့လစေ့ ရွာကလေးပါပဲကွယ်။

(နှစ်) 

ဘဝဟာ
မရခင်
တစုံတခု ဖြစ်နိုင်တယ်။

ရပြီးရင်တော့
ဒီထက်ပိုတဲ့ အဖြစ်တွေထဲ
ရင်ခုန်နေရတာပဲ မဟုတ်လား။

မိဘ နှစ်ပါးရဲ့
လျှာနဲ့သွား ပဋိပက္ခဟာ
ငါ့ဘဝအပေါ်
မုန်တိုင်းတခုလို ကျလာချိန်
ငါ့ဇီဝအိမ်
တနှစ်သားလေ။

လှပတဲ့
အိမ်ထောင်ရေးကို ထုဆစ်ဖို့
(သူတို့)
စိတ်ကူး စိတ်သန်းတွေ
ပါးလျခဲ့တာပဲဖြစ်မယ်။

မုန်တိုင်းစဲတော့
(အဖေနဲ့အမေ)
ပစ္စည်းတွေ ခွဲနေကြတော့တယ်။

အိမ်ထောင်မှု ဘုရားတည်
ဆေးမင်ရည် စုတ်ထိုး … တဲ့။
ကျေးလက် သင်ရိုးတွေ
မကျေညက်ခဲ့တဲ့ အမေဟာ
(နောက်ဆုံး)
ဧရာဝတီ အားကိုးပြီး
မြစ်ရိုးအတိုင်း စုန်ဆင်းခဲ့ပေါ့။

ခေါင်းပေါ်မှာ အဝတ်ထုပ်
(ငါ့ကို) ရင်ခွင်ထဲထည့်ပြီး လက်နဲ့ပုတ်လို့
အမြွှာဖြစ်လာမယ့် ငါ့ညီတွေကို
ဝမ်းနဲ့ လွယ်လာခဲ့ရတယ်။

ဒီအကြောင်းတွေကို
နောက်မှ ပြန်သိရပြီး
အရင်ဆုံး တွေးမိတဲ့အခါတိုင်း
(ဒီတုန်းက)
တို့သားအမိတတွေကို
အဖေ့ထက် ပိုချစ်သူဟာ
‘ဧရာဝတီ’ ပဲဖြစ်မယ် ထင်မိတယ်။

ကြည့်လေ
အမေ့မျက်ရည်ပူတွေ
သူ့ကျောပေါ် ပြုတ်ကျတာတောင်
မသိဟန်ဆောင်နေခဲ့တယ်။

(ပြီးတော့) သူ မမြင်ဘူးသေးတဲ့
ငါ့ညီတွေကို တွေးပြီး
ရင်လေးနေလို့
သူ့ခြေလှမ်းတွေ နှေးကွေးတာ ဖြစ်မပေါ့။

အို … ချစ်ရဲ့
ငါ့ … ဧရာဝတီ
(ဘယ်တော့မှ)
မင့် … နာမည်
ငါ မေ့မှာမဟုတ်တော့။

ဒီတုန်းက
အမေ့ပါးပြင်ပေါ် စီးဆင်းတဲ့
အချစ်မဲ့
အိမ်ထောင်ရေး ချော်ရည်မြစ်ဟာ
ရက်စွဲသစ်တွေ ရေးချင်ရေးနေလိမ့်မယ်။

ဘာပဲဖြစ်ဖြစ်
(အိမ်သစ်တက်ချင်တဲ့
အဖေ့ ခြေထောက်တွေရယ်
အလေးချိန်မဲ့
အမေ့ မာနတွေရယ်)
တို့ အသိုက်အမြုံရဲ့
ရင်တုန် ပန်းတုန် ရက်စွဲကို
ဆုတ်ဖြဲလိုက်တာတော့ သေချာတယ်။


(သုံး) 

ဘယ်သူဟာ
ဘဝ စာမျက်နှာဖွင့်ရင်
ပြဋ္ဌာန်းမှု အနိမ့်အမြင့်ကို
ငြင်းပယ်ခွင့် ရနိုင်ကြသလဲ။

‘ဟင်္သတ - ပုသိမ်’ သွား
မီးရထားလမ်းပေါ်
ကျောခင်းနေတဲ့ အဘိုးအိုဟာ
အင်္ဂလိပ်ခေတ်လုပ်
သမိုင်းဝင် ရှိုးတံတားကြီးပါပဲ။

အဲဒီတံတားကြီး
သူ့ဇရာမျက်လုံး ထောင့်ကပ်လို့
လှမ်းကြည့်နေတတ်တဲ့ ရွာဟာ
‘ဒါးက’ … တဲ့
ငါ့ … ဒုတိယ ခိုလှုံရာ။

တကြိမ်တည်း
ကလေးနှစ်ယောက် မွေးပေးဖို့
လက်တုန်နေတဲ့ ကြားက
ငါ့ညီ အမြွှာနှစ်ကောင်ကို
တံငါစောင်ကလေးနဲ့ ပတ်ပြီး
လောကထဲ အရောက်ပို့ပေးနိုင်ခဲ့တယ်။

ကျယ်လွန်းတဲ့
ကျေးလက်ခြံကြီးထဲ
အဘိုးရယ်
အဘွားရယ်
အမေရယ်
ငါရယ် ငါ့ညီ အမြွှာနှစ်ကောင်ရယ်
ပိုက်ကွန်တလက်ရဲ့ စောင့်ရှောက်မှုကြား
ရိုးသားစွာ လှပခဲ့ပေါ့။

ဒီရွာမှာ
ဗျည်း သရ
အပင့် အသတ်တွေ အကြောင်း
ခေါင်းလောင်းသံ ချိုမြမြနဲ့
စပြီး
စာလုံးပေါင်း ခဲ့ရတယ်။

မိုးချုပ်ရင်
အိမ်အောက်မှာ ငုတ်တုတ်
ခေတ်ကလည်း ခပ်လှုပ်လှုပ်ရယ်။

ညဆို
မျက်စိမှုန်တတ်တဲ့
သေနတ်တွေကြောင့်
မီးတုတ် မီးခွက်နဲ့ လမ်းထွက်ရတယ်။

“တနေ့
ငါတို့ဆီ ပြန်လာနိုင်ဖို့
အခု
ငါတို့ဆီက ထွက်ခွာရဦးမယ်” ဆိုပြီး
စုထားသမျှ ငွေကြေး
တချို့ တဝက်နဲ့
အမေ … မြို့တက်သွားတယ်။

ငါ့အဘိုးကတော့
မိုးလင်းရင် ကွန်တလက် ထမ်း
ရေထဲက ငါးတွေ ဖမ်းနေတုန်းပေါ့။

အဘိုး ပိုက်ကွန်ကြား ငြိတဲ့
လမ်းမသိ ငါးတကောင်တလေဟာ
ငါ ဖြစ်လာမလားလို့
(ဒီတုန်းက)
ဘယ်တွေးမိပါ့မလဲကွယ်။

အမေကတော့
ဘဝကို တယောက်တည်းတိုက်ရင်
အငိုက်မိမှာစိုးလို့ ထင်ပါရဲ့။

အမေ့ရဲ့ ဒုတိယ အိမ်ထောင်ဘက်ဟာ
သူ့ကားကို
သူကိုယ်တိုင် မောင်းတတ်သတဲ့။
ရွာကနေ ငါတို့ ကြားရတယ်။

အရှေ့ဘက်မှာ ရထားလမ်း
အနောက်ဘက်ကျတော့ မြစ်
ပိုက်ထောင်၊ ကွန်ပစ်၊ ဈေးရောင်းနဲ့
(ဘဝကို)
ကုန်းကြောင်းလျှောက်သူတို့ နေထိုင်ရာ
အဲဒီရွာကလေးထဲ
အမေ လှမ်းပို့တဲ့ နို့ဆီတွေ
ထမင်းနဲ့ နယ်စား
အမေ့ အစ်မကြီးရဲ့
ထောက်ပံ့သမျှတွေ ဝတ်ဆင်လို့
(ဘဝကို)
မနာကျင်တတ်ခဲ့ပြန်ဘူး။

အစေ့ကျဲသူ ထက်
မြေကြီးက သစ်ပင်ကို ပိုချစ်သလိုမျိုးလို့
အမေ့ကို
ဒီလို ငါမြင်ပါရဲ့။

(လေး) 

မှတ်မှတ်ရရ
ပထမတန်း ဖြေပြီးစပေါ့။

 နွေဟာ
 အိမ်ခေါင်မိုးတွေကို ကုတ်ခြစ်
သက်ငယ်တွေနဲ့
ရန်ဖြစ်နေကြရဲ့။

ဘဝများ
ရွာဘုရားပွဲမှာ ပြသွားတဲ့
မျက်လှည့်အတိုင်းပါပဲကွယ်။

ဒုတိယတန်းတက်တော့
(ရန်ကုန်)
ထီရုံးဝန်းထဲက ကျောင်းမှာ။

မနေ့က …
လမ်းမဲ့ ရေနည်းငါးတကောင်
ဒီကနေ့ …
ဘဝနဲ့ အသက်ကို
မေတ္တာနဲ့ လင်းလက်လိုသူတို့ရဲ့
မွေးစားသား။

ငါဝတ်ထားတဲ့
သက္ကလပ် ဘောင်းဘီတိုကလည်း
ရွာကလိုက်လာတဲ့ အနာတွေကြောင့်
ဒေါပွနေပြီ ထင်ပါရဲ့။

(ဒါပေမယ့်)
ငါ့ညီ အမြွှာနှစ်ကောင်
မျက်တောင် ပုတ်ခတ် ပုတ်ခတ်နဲ့
ဘူတာမှာ လက်ပြကျန်ရစ်ခဲ့တာ။

ရထားက
တံတားကြီးပေါ် ဖြတ်တော့
ရွာကို ဆတ်ခနဲ ကြည့်ရင်း
မျက်တောင်တချက် ခတ်မိတာ။

(ငါး) 

လူဟာ
အသက် အသိရှိတဲ့
ရုပ်ဝတ္ထု အစုအဝေးပဲ မဟုတ်လား။

မပျက်စီးသေးသရွေ့
(အားလုံးရဲ့)
ထိတွေ့ခြင်းကို ခံရတတ်တယ်။

အချိန်ကတော့
‘ယုဇန ရုပ်ရှင်ရုံ’
မီးထဲခုန်မချခင် ထင်တာပဲ
အဖေ ရန်ကုန်ရောက်လာတယ်။
ငါ့ မြင်တော့
မျက်ရည်နဲ့ အရင်နှုတ်ဆက်တယ်။

ဘယ်လောက်ဝေးဝေး
သွေးဟာ စကားပြောသတဲ့။

(ဒါပေမယ့်)
ငါ့ … ဆွံ့အ နှုတ်ခမ်းတို့
စကားလုံးမဲ့
အပြုံးမဲ့
ဝေးရတဲ့ နှစ်တွေထဲ
အဖေ ဘာလုပ်နေသလဲ ဆိုတာရယ်
ငါနဲ့ ငါ့ညီတွေကို ချစ်တဲ့စိတ်
(သူ့ရင်ထဲ)
ဘယ်လောက်ထိ ဖိတ်ကျနိုင်သလဲ ဆိုတာရယ်
ဒါတွေပဲ
ထပ်ကာထပ်ကာ တွေးနေမိတော့တယ်။

ဒုတိယအကြိမ်
အဖေ ငါ့ဆီရောက်လာတော့
(သူ့) ဒုတိယ အိမ်ထောင်ဖက်နဲ့
မိတ်ဆက်ပေးတယ်။

အကြည့်က
ခေတ်ပေါ်နားဆွဲတွေ လှုပ်ယမ်းပုံမျိုး
ဧည့်သည်ဆန်ဆန် အပြုံးနဲ့
(ငါ့ကို)
နှုတ်ခမ်းတွေနဲ့ပဲ ချစ်သူ။

အဲဒီနောက်
ငါတို့ဆီ နောက်ပြန်ဆုတ်ဖို့
အဖေ့ ခြေလှမ်းတွေ
ကျောက်ရုပ်ဖြစ်သွားတယ် ထင်ရဲ့။

တို့ညီအစ်ကိုတွေဟာ
(သူ့ဘဝရဲ့)
ဖျက်မရတဲ့ စာလုံးတွေ အဖြစ်နဲ့ပဲ
လောကထဲ
သိမ်းထားခြင်း ခံခဲ့ရတော့တယ်။

(ခြောက်) 

လူတယောက်ရဲ့
ဇာတာ လမ်းကြောင်းကို
ဓားနဲ့ မြောင်းဖော်
အမြင့်ကို လှမ်းခေါ်လို့ မရနိုင်ဘူး။

အချိန်ကာလ က
အသိကို ပြဋ္ဌာန်း
သူ့လမ်းဟာ
သူ့ဆုံးဖြတ်ချက်နဲ့ ကြမ်းချင်ကြမ်းမယ်
(ဒါမှမဟုတ်)
ချောမွေ့ကောင်း ချောမွေ့မယ်။

မွေးစားမိဘတွေဟာ
ငါ့အနာဂတ်ရဲ့
အမြင့်မားဆုံး အရပ်ဒေသကို
မျှော်ကြည့်
မေတ္တာကို ရှိသမျှပေးကြရဲ့။

ဒါပေမယ့်
(ကြက်မကြီးက ဘယ်လောက်ဝပ်ဝပ်
အချိန်တန်တော့
ရေထဲဆင်းချင်တဲ့ ဘဲကလေးလို)
အမေ့ကို ငါ လွမ်းလှပေါ့။

အမေ့အိမ်ဟာ
လက်ရှိနေထိုင်ရခြင်းထက်
အဆများစွာ မှိန်စေဦးတော့
ငါ ပျော်မယ်။

ဒီလိုနဲ့
မွေးစား မိဘတွေရဲ့
 ဆေးရုံလို တိုက်ကြီးထဲကနေ
ပြေး ထွက် လာခဲ့မိတယ်။

စိတ်ကူးအိပ်မက်တို့ ချိုမြိန်မှုထဲ
ဝံ့ရဲရသမို့
အဲဒီညကို
ခုထိ … ဦးညွတ် နေမိပေါ့။

(ခုနစ်) 

သမိုင်းလမ်းဆုံ
ကြွေရည်သုတ်စက်ရုံ အနောက်ကို
မီးမလောင်ခင်
ငှက်ပျောတောလို့ ခေါ်ကြတယ်။

အဲဒီရပ်ကွက်မှာ
အမေ နေပါတယ်။

အမေ့အိမ် … တဲ့
ကျိန်ပြောရင်တောင် ယုံမှာ မဟုတ်ဘူး။

အိမ်ရှင်ရဲ့ အိမ်သာနဲ့နီးတယ်
အဲဒီအိမ်သာထက် နည်းနည်းပဲကြီးတယ်။
အမေ့အိမ်က စားပွဲဟာ
တနေ့ကို
တာဝန်နှစ်ခု ယူရတယ်။

တစ်ခုက
သူ့ကျောပေါ်မှာ
ငါတို့ ထမင်းပြင်စားတယ်။

တို့အိပ်တော့
အိမ်ရှေ့တံခါးပေါက်ကို
သူ့ကျောနဲ့ ပိတ်ပြီး
တညလုံး ငုတ်တုတ်ထိုင်နေရတယ်။

အမေက
သူ့ဘဝထဲ ငါ့ မခေါ်ချင်ဘူး။

တကယ်တမ်း
ငါ တိုးဝင်တော့လည်း
အမေ မငြင်းနိုင်ဘူး ထင်ပါရဲ့။

ငါသိတာကတော့
ဓာတ်လေးပါး အစုရဲ့
အမျိုးမျိုး ပြုပြင်မှုကြားမှာ
(ကိုယ်ဝန်ဆောင် မိန်းမလို)
သစ်စေ့တွေ ကုန်းထလာကြမယ်
ပြီး … အပင်ပေါက်ရဲ့။

အဲဒီ အပင်ကလေး
မြေကြီးနဲ့ ဝေးမှာကြောက်ပြီး
(ခွဲစိုက်လို့လည်း မရ)
အမြစ်နဲ့ ကုပ်တွယ်ထားသလိုမျိုး
အမေ့ ရင်ထဲ
အချစ်နဲ့ ငါ တိုးဝင်ခဲ့တာ။

မြေကြီးကို ယုံပြီး
ဘဝကို လုံခြုံစေချင်တာလေ။

ညဥ့်နက်ရင်
ဟေ့ … မီးထွန်း … မီးထွန်း … ဆိုပြီး
တတိယမြောက်
ငါ … ကောက်ရတဲ့ အဖေဟာ
ဆိုက်ကားသိမ်းပြီး အိမ်ပြန်လာတတ်တယ်။

အမေက
သူ့ … တတိယမြောက်ရဲ့
ဒုတိယကလေး
(ငါ့ညီလေး)ကို ကျောပုတ်
ခြင်ထောင်ထဲ
(အချိုမှုန့်တွေ ထုပ်နေရာက)
ထပြီး
မီးခွက် ပြတတ်တယ်။

တကယ်တော့ ငါ့အမေဟာ
သူ့ ကိုယ်ကျင့်တရားတွေကို
ခြင်ထောင်ထဲ ဝင်ပြီး
အချိုမှုန့်လို ထုပ်
အရောင်း အဝယ် လုပ်နေတာလေ။

တနေ့
အမှန်တရားဟာ
ကျောင်းကပြန်လာမယ့် ငါ့ မစောင့်ဘဲ
အမေ့ကို ခေါ်သွားတော့တယ်။

“ဘာ …
အရီးလေးက ခုမှသိသလား
အ ပါ့ရှင် … အ ပါ့
ဘယ်လောက်ကြာပြီလဲ
အချိုမှုန့်…အချိုမှုန့်နဲ့
ဒီကောင်မ … ဆေးခြောက်ရောင်းနေတာ”

တို့ရပ်ကွက်ရဲ့
နံနက်ချိန်ခါ တေးဟာ
အမေ့ သတင်းနဲ့ပဲ
ပျက်ယွင်းခဲ့ရပေါ့။

ဘယ်သူပဲဖြစ်ဖြစ်
တိမ်ဆံမျှင်မှာ စံပယ်ပွင့်တွေ
လွင့်ချင်တိုင်း လွင့်နေကြ
အိမ်တံစက်မြိတ်က
လရိပ် လျောကျ
အဲဒီလိုညရဲ့ ရင်ခုန်သံတိုးတိုးထဲ
ဘဝကို
ခိုတွဲ ထားချင်မပေါ့။

နောက်တော့
ကျောက်ဆည် ကျောက်ထုစခန်းမှာ
(ငါးနှစ်တိတိ)
အမှန်တရားကို ထုခွဲရှာဖွေဖို့
အမေ ရောက်သွားတော့တယ်။

ငါလည်း
စတုတ္ထမြောက် ခိုလှုံရာအရပ်ကနေ
လေပြင်းပြင်းထဲ
နေရင်း စွန့်ပြေးရတဲ့
သစ်ရွက်ကလေး ဖြစ်သွားပေါ့။

မိဘ နှစ်ပါးရဲ့
အတိုဆုံး လမ်းများပေါ်မှ လွင့်ခဲ့သူ
အသိအတွေး တဝက် တပိုင်းမို့
ထင်ရာစိုင်းချင်စိတ်တွေလည်း
ရင်ထဲ ဖိတ်ကျမိသေးရဲ့။

(ရှစ်) 

‘ဟင်္သာတ - ကြံခင်း’ သွား
မီးရထားလမ်းပေါ်က
ဆုံကုန်းတံတားကြီးရဲ့ အနောက်
ကိုးမိုင်ပေါက်တဲ့ ခရီးဟာ
‘ကွင်းကောက’် … တဲ့
ငါ့ရဲ့
ပဉ္စမမြောက် ခိုလှုံရာ။

ဆည်းဆာဟာ
ဟိုး … အနောက်
ရိုးမ တောင်ပေါ်ကနေ
အဲဒီရွာ ‘နန်ကသူ’ ချောင်းထဲ
ရေဆင်းချိုးပြီးမှ ပြန်တတ်တယ်။

သုံးရာသီရဲ့ ဝဿန်
ချောင်းရေလျှံပြီလားဆိုရင်
ရိုးမဆီက ထင်းခြောက်
ကောက်ပြီး ယူလာတတ်တဲ့ ချောင်းကလေး။

ငါ့ ကဗျာရဲ့
ပထမ စာလုံး
ရိုးမကို ခေါင်းအုံးအိပ်တဲ့
ချောင်းကလေးလည်း ဖြစ်တယ်။

ရိုးမကို ယုံလို့
ဘဝကို ပုံအပ်ထားကြ
ဆေးမြီးတို စနစ်နဲ့
ရှေးနည်းကို ချစ်ကြ
ရိုးအတဲ့ ကျေးလက်သားတို့နေထိုင်ရာ။

လေးကြိမ်တိတိ
မီးပုံထဲ ခုန်ဆင်းမိရာက
အင်္ကျီ၊ လုံချည်သစ်တွေ
လဲဝတ်ခဲ့ရတဲ့ ကျေးလက်ရွာ။

အမည်း
အညို
ကာကွယ်ရေး
အဖြူ
သမိုင်းခေတ် ခြေသံပြင်းပြင်းတို့
ဖြတ်နင်းခံရတဲ့ ကျေးလက်ရွာ …။

အသိနဲ့
မကြည့်ခဲ့ရဘူးတဲ့
(ဇာတိထက်)
ပိုပြီး ချစ်ရသမို့
မွေးစားဇာတိလို့ အမည်တပ်
ငါ လေးမြတ်ရာ
ကျေးလက်ရွာကလေး ဖြစ်တယ်။

ဒီရွာကလေးမှာပဲ
ကဗျာ ချစ်စိတ်တို့
ငါ့ ဘယ်ဘက်အိတ်ထဲကနေ
နိုးထ
လောကကို မျှော်ကြည့်တတ်လာတယ်။

အသစ်ဖောက်တဲ့
‘ပုသိမ် - မုံရွာ’ ကားလမ်းမကြီး
သူ့မျက်စိရှေ့က ဖြတ်သွားသမို့
မြို့ပြရောဂါ တဝက်နဲ့
အဖျားတက်နေတဲ့ ကျေးလက်ပေါ့။

အဲဒီ ကျေးလက်ကပဲ
ငါ့ အနာဂတ်ရဲ့
လတ်လတ်ဆတ်ဆတ် လေညင်း ဖြစ်ခဲ့တယ်။

ရင်ခုန်သံ အသစ်နဲ့
လက္ခဏာ အရေးအကြောင်းတို့
အပြောင်းလဲကြီး ပြောင်းလဲခဲ့ရာ အရပ်
သစ္စာတရားနဲ့
လူသား အတွေးအမြင်တို့
ရှင်သန်စေခဲ့ရာ အရပ်မို့
ခုထိ
လေးမြတ်နေရဆဲ ဖြစ်တယ်။

ပြီးတော့
ငါ့ဘဝရဲ့
ဒုတိယ ရူးသွပ်မှုတွေ
ဖြစ်ထွန်းခဲ့တာလည်း
အဲဒီ ကျေးလက်ပါပဲကွယ်။

ဘဝမှာ
အနုပညာက လွဲရင်
ငါ့ကို ရူးသွပ်နိုင်စေတာ
မိန်းမပေါ့။

‘တင်မာဦး’ က
သူ့ ပြည့်စုံမှုတွေနဲ့
ငါ့ကို သိမ်းပိုက်ချင်တယ်။

‘မချိုမော်’ ကျတော့
ငါ တွက်မရတဲ့
သင်္ချာတပုဒ်
တံခါးကို
သူ့မျက်လုံးတွေနဲ့ ခတ်ထားသူလေ။

ဒါပါပဲ
အဲဒီမိန်းမ နှစ်ယောက်ပဲ
ဘဝရဲ့
ဒုတိယ ရူးသွပ်မှုတွေ ဖြစ်ရဲ့။

ဒါနဲ့များ
(၈၅) ကျတော့
‘ကွင်းကောက်’ ကို
ငါ ပစ်ထားခဲ့ရပြန်ရော။

‘မချိုမော်’ ရေ …
တောင်တရိုးမှာ
 မင်းထိုးတဲ့ ခေါင်းလောင်းသံ
ထိမှန်၊ လှုပ်ခတ်
အားလုံး စာတတ်ကြစေတော့။

နေခဲ့တော့
ပဉ္စမမြောက် ခိုလှုံရာ …
ငါ မရှိပေမယ့်
စုပုံ ဘဝဟောင်းထဲကနေ
(ကွင်းကောက်ရေ …)
မင်း ထ မြောက် နိုင်ပါစေတော့။

ဒီလိုနဲ့
ငါ့ မျက်လုံးတွေထဲ
ငါ့ ရင်အုံထဲ
‘ကွင်းကောက်’ ကို
လုံလုံခြုံခြုံ သိမ်းဆည်းလို့
ခရီးတစ်ခု ထွက်ခဲ့ရပြန်တယ်။

ပြက္ခဒိန်ထဲမှာ
ချော်လဲရလွန်းလို့
ညနေတိုင်း အသည်းကွဲပြီး
မုန်တိုင်းကလည်း မိချင်သေးတဲ့ကောင်။

(ကိုး)

နောက်ဆုံး
အနုပညာရဲ့
မညှာမတာ သိမ်းပိုက်ခြင်းထဲ
ငါ့ ခန္ဓာ
ငါ့ အသွေးအသားကို ထိုးအပ်တယ်။

မင်းဟာ
ငါ့ရဲ့ ဓာတ်ကြီးလေးပါး ဖြစ်တယ်။

‘နေဇော်နိုင်’ … တဲ့
‘ဟင်္သတ မောင်နွယ်ထွဋ်’
သူလွှတ်တဲ့ မြင်းရိုင်းတကောင်။

(တစ်ဆယ်) 

တို့ ငယ်ငယ်က
ပိုက်ဆံကောက်ရလို့ ဟောင်းနေရင်
မြေကြီးပေါ် ပစ်ချ
ဖနောင့်နဲ့ ပွတ်တိုက်ရတာကို
မှတ်မိသေးရဲ့။

ငါ့ ဘဝမှာ
ကောက်ရသမျှ အခွင့်အရေးတွေ
လင်းလက်လိုသမို့
ကိုယ့်ဖနောင့်နဲ့
ကိုယ် ကိုယ့်ဘဝကို ပွတ်တိုက်ရသလိုမျိုး
အခြားသူတို့ရဲ့
ပွတ်တိုက် ခံရတာမျိုးတွေ
ရှိခဲ့ပေါ့။

(လမ်းဘေး ဈေးသည်
ရုပ်ရှင် ကြော်ငြာသူ
ဖိနပ်သဲကြိုး အလုပ်သမား
ကျောပိုးအိတ် ခရီးသည်
ဒီလိုနဲ့
နွေဦးချစ် သက္ကရာဇ် ငှက်တကောင်
နောက်
ကားဂိတ်မှူး
မဂ္ဂဇင်း တောက်တိုမယ်ရ
ဘိလိယက်ခုံက ဒိုင်
ကဗျာဆရာ ပေါက်စ
နေ့မြင်ညပျောက် ဆောင်းပါးများ ရေးသူ
အဝေးရောက် ငှက်တကောင်ရဲ့
တောင်ပံ တဖက်
ဗွီဒီယို မှတ်တမ်းတင်
အမည်မဲ့ အယ်ဒီတာ
ဇာတ်ညွှန်းရေးဆရာ ပေါက်စ)

ဒါတွေ အားလုံးဟာ
ခဏ ခဏ
ငါ့ကိုငါ ထိုးအပ်ခဲ့ဖူးတဲ့
အပေါင်ဆုံး လက်မှတ်တွေ ဖြစ်တယ်။

(ဒါမှမဟုတ်)
ဘဝထဲက ထုတ်သုံးပြီး
လွှင့်ပစ်ခဲ့ရတဲ့
ငါ့ … မီးခြစ်ဆံ အဟောင်းတွေလည်း ဖြစ်ရဲ့။

(တစ်ဆယ့်တစ်) 

အခုတော့
မျှော်လင့်နိုင်ခွင့်တွေထဲ
အိပ်မက်ကို
အိပ်မက်ပြန်လုပ်ရမှာ မုန်းတယ်။

အိပ်ရာ မှားနေတဲ့
သိက္ခာတရားတွေကို မုန်းတယ်။

အချိန်ကတော့
ပြက္ခဒိန် ပြောင်းတတ်သွားမှာပဲလေ။

အမှောင်က
ဘာမှ မသယ်ဆောင်နိုင်ခင်
ငါ့ ကောင်းကင်ကို
ငါ မြင်အောင် ကြည့်ခဲ့တယ်။

လွတ်လပ် ဘဝပေမယ့်
လှပ စိတ်ကူး စိတ်သန်းတွေ
အချိန်ကာလရဲ့
ပြဋ္ဌာန်းမှုနဲ့အတူ နိုးသမို့
(ဘဝတေးဟာ)
တဖြည်းဖြည်း ချိုမြိန်လာတယ် ထင်မိရဲ့။

ဒါပေမယ့် …
တို့ထက် စင်ကြယ်သူတွေတောင်
မှောင်နေဆဲ လမ်းတော့
ဘဝကို ပုံအပ်ပြီး
အချည်းနှီး ငါ မပြုနိုင်ဘူး။

ငါက
တချို့ ရက်စွဲတွေမှာ
ဘုံဆိုင်ထဲ ဝင်ပုန်းတတ်သူလေ။

ဘာပဲဖြစ်ဖြစ်
ငါ့ကို ထမ်းပိုးရာ
အနုပညာရဲ့ ပခုံးထက်
ရင်ခုန်သံတို့ လင်းလက်ခဲ့ပေါ့။
လမ်းတွေကို
အလိုလို ငါ မှတ်မိလာခဲ့တယ်။

ပြုတော့ …
ပြုတော့ … အနုပညာ
ငါ့ … ခန္ဓာ
ငါ့ … အသွေးအသားကို ထိုးအပ်တယ်။

မင်းဟာ
ငါ့ရဲ့ ဓာတ်ကြီးလေးပါး ဖြစ်တယ်။

(တစ်ဆယ့်နှစ်) 

ချစ်သူတို့ …

စာသင်ခန်းထဲက
ချစ်သော စံပယ်တို့ …

နို့ရည်မဲ့
ကွဲအက် နှုတ်ခမ်းတို့ …

မင်းတို့ လမ်းတွေ
ဘယ်တော့မှ မှောင်မကျစေရ။

ဘယ်သူကမှ
မင်းတို့ရဲ့
သန့်ရှင်းဘဝတွေပေါ်
မကျူးကျော်စေရ။

လှပတဲ့ အတွေးအမြင်ဟာ
ဘဝရဲ့ သင်ကြားချက်များနဲ့သာ
ရင်မှာ ပေါက်ဖွားလာရမြဲ ဖြစ်တယ်။

ဘဝ
ဘဝချင်း မြတ်နိုးရင်
သယ်ပိုးရတဲ့ဝန်က ပေါ့ပါးလိမ့်မယ်။

မိမိကို မိမိ
ယုံကြည်လို့ ရရင်
ယုံကြည်ခြင်းဟာ
ခရီးအစစ်တွေဆီ သွားဖို့
ခြေထောက်တွေကို လမ်းပြလိမ့်မယ်။

ငါကတော့
ယုံကြည်ခြင်းဟာ
မြင်းတကောင် ဖြစ်ခဲ့ပြီ။

“ငါ့မြင်း
မင့် … ခွာသံ ပြင်းပြင်းမှာ
မြစ်တို့ စီးဆင်း နေရမယ်”

(တစ်ဆယ့်သုံး) 

ချစ်သူတို့ … 
(၆၅) ခုဖွား
ရေနည်းငါး တကောင်
ပြက္ခဒိန် ဇယားကွက်တွေထဲ
ခဏ ခဏ
ချော်လဲခဲ့ဖူးတဲ့ ကောင်၊

ကံတရားဟာ
ချန်ထားတာလား
ကျန်သွားတာလား လို့
စဉ်းစား ဆုံးဖြတ်
အအေးပတ်ခဲ့ဖူးတဲ့ ကောင်။

(ဒါပေမယ့်)
ငါ့ … ရက်စွဲတို့
အတွေးအမြင် ခပ်မွဲမွဲနဲ့
မြေညံ့တွေပေါ်မှာ လဲမကျခဲ့ဘူး။

သူက
လူထုကို ချစ်ပြီး
သူ့ကို
လူထုက ချစ်တဲ့
ဝိဉာဉ်အစစ်တွေရဲ့ သမိုင်းဟာ
 မြေရိုင်းကို ရွှေဖြစ်စေရဲ့။

ငါ … ယုံတယ်။

ဦးခေါင်းထဲ
ချုံပုတ် တခုရှိရင်
ဒုက္ခပေးတတ်တဲ့ သတ္တဝါတွေ
ပုန်းခိုတတ်တာပဲလေ။

မုန်းလိုက်တာ။

ဘဝဟာ
အကြွင်းမဲ့ မှီခိုခြင်းနဲ့
တံခါးကို တွန်းဖွင့်လို့ မရဘူး။

ဘဝကြွေးဟာ
အသိနဲ့ ဆပ်နေသမျှ
လှပစွာ ပျောက်ကင်းသွားနိုင်တယ်။
ဒါမှမဟုတ်
သွေးနဲ့ဆပ်မှ ပျောက်လိမ့်မယ်။

ငါ့ အမေဆိုရင်
ထောင်ကျ
သုံးခုလပ် … မိန်းမကြီးအဖြစ်
ကွမ်းယာဗန်းကို ယုံပြီး
သူ့ဘဝကို ပုံအပ်ထားချေပေါ့။

ငါ့ အဖေကျတော့
(သူ့)
စတုတ္ထမြောက် ကမ်းခြေမှာ
လေကလေး တချွန်ချွန်နဲ့။

ငါကတော့
စာအုပ်ပုံကြားမှာ
ပိုးဟပ်တကောင်လို ဖျားနာခဲ့ရင်
ငါ့ကိုငါ အဆုံးစီရင်ဖို့
ဓားရိုးပေါ် လက်တင်ထားသူလေ။

(တစ်ဆယ့်လေး) 

ချစ်သူတို့ …

ဟိုးဝေးဝေးက
အရိပ်တွေထဲ နာဖျားခဲ့သူမို့
(ဘဝကို စိတ်ဝမ်းကွဲခဲ့ရင်)
ဒီကဗျာ
ငါ ရေးနိုင်မယ် မဟုတ်တော့။

ဘဝရဲ့
ပြဋ္ဌာန်းမှု အားလုံးဆီက
ရသအစစ်ကို
ရှာတွေ့မှာ မဟုတ်တော့။

ခရီးဆက်ဖို့ထက်
(လမ်းရဲ့ သတ်မှတ်ချက်တွေပဲ တွက်နေရင်)
ဒီနေရာမှာ
ငါ့ကို မြင်ရလိမ့်မယ် မဟုတ်တော့။

ဒါပေမယ့်
ငါ … ဟာ
ရထားတစင်းဖြစ်တယ်။

သံလမ်းရဲ့
ပြဋ္ဌာန်းခံ ရထားသက်သက်တော့ မဟုတ်၊

ဘဝ
ဝန်ထုပ်ဝန်ပိုး အားလုံးသယ်ဆောင်
အလင်း အမှောင်
ခြေချင်းလိမ် လမ်းကြောင်းတွေထဲ
မိုင်နှုန်းမဲ့ ခုတ်မောင်း
ဘူတာစဉ် ဘယ်မှာ ဆုံးမယ်မသိသူ
သံလမ်းမဲ့ ရထားတစင်းပဲ ဖြစ်တယ်။

သံ လမ်း မဲ့ ရထား ဟာ
ငါ ဖြစ် တယ်။ ။

နေဇော်နိုင်
(၂၀၊ မေ၊ ၁၉၉၄)


No comments: