Wednesday, June 27, 2012

ဖြစ်တည်နေဆဲ အကြောင်းအရာများ (ခင်ငြိမ်းသစ်)

ကျမတို့ အိမ်သစ်ကိုပြောင်းဖြစ်တော့ ကျမတို့ရဲ့ဘေးအိမ်မှာ မိန်းကလေး ၃ ယောက် နေကြပါတယ်။ ၂ ယောက်က စက်ရုံတွေမှာ အလုပ်လုပ်ပေမယ့် တယောက်ကတော့ ရွေ့ပြောင်းကျောင်းလေးမှာ ဆရာမလုပ်တယ် တဲ့။

သူတို့ ၃ ယောက်ရဲ့ ပုံစံကိုကြည့်ရင်းနဲ့တောင် သူတို့ဟာ အမျိုးကောင်းသမီးလေးတွေမှန်း သိသာပါတယ်။ ဆရာမလေးကတော့ တခါတရံ ထိုင်းအမျိုးသားတဦးနဲ့ ပြန်ပြန်လာတတ်ပါတယ်။ အမြဲလိုလိုတွေ့မြင်နေရတော့ ကျမအတွက် သူတို့ဟာ မြန်မာမလေးတွေအဖြစ်ကလွဲရင် ဘာမှ ထူးခြားမှုမရှိပါဘူး။

တခါတရံ သူတို့နဲ့ စကားပြောဖြစ်ရင်တော့ သူတို့ဟာ မြန်မာပြည်မှာကျန်ရစ်တဲ့ သူတို့မိသားစုတွေကို လုပ်ကိုင်ကျွေးနေတဲ့ သူတွေတဲ့ လေ။ အဲဒီအထဲမှာ မေမိုးဆိုတဲ့ ဆရာမလေးက သူတို့တအိမ်လုံးကို သူတယောက်ထဲလုပ်စာနဲ့ ထိမ်းထားရတယ်လို့ ပြောပါတယ်။

တရက်တော့ မေမိုးတို့အိမ်ထဲကို ထိုင်းအမျိုးသမီးတဦးက ဝင်လာပါတယ်။ ထိုင်းလိုပြောနေလို့ ကျမ နားမလည်ပေမယ့် ဒေါသနဲ့ပြောနေတာကတော့ သေချာပါတယ်။ မေမိုးအေးက ထိုင်းလို ပြန်ပြောတတ်ပေမယ့် ဘာမှ ပြန်မပြောဘဲ ငြိမ်ခံနေပါတယ်။ ဒါပေမယ့် မေမိုး မျက်လုံးလေးတွေမှာ မျက်ရည်ဥတွေ ခိုတွဲနေပါတယ်။


အဖြစ်အပျက်ကို ဘာတွေမှန်းမသိပေမယ့် မိန်းမတို့သဘာဝ စပ်တော့ စပ်စုလိုပါသေးတယ်။ အဲဒီရက်တွေအတွင်းက မေမိုး ကံဆိုးနေတယ်ထင့်။ တကျောင်းထဲ အတူလုပ်တဲ့ ဆရာမနဲ့ စကားများလာတော့ အဲဒီဆရာမက မေမိုး အရှက်ကွဲအောင် တမင်ကိုပဲ ကျမတို့ခြံထဲမှာ ရန်လာတွေ့ပါတယ်။ သူ တခွန်း၊ ငါ တခွန်း ပြောကြရင်းနဲ့ ကျမတို့ နားထောင်တဲ့လူတွေတောင် ဇာတ်ရည်လည်လာပါတယ်။

ဒီလိုနဲ့ မေမိုး တရက် နှစ်ရက် အိမ်တွင်းပုန်းနေပါတယ်။ နည်းနည်းသွေးအေးသွားတော့မှ မေမိုးက သူ ဖြတ်ကျော်ခဲ့ရတဲ့ ဘဝခရီးအကြောင်း ပြောပြပါတယ်။

မေမိုးတို့က သိပ်ဆင်းရဲတယ် တဲ့။ မေမိုး အဖေက လယ်ယာလုပ်ငန်းကို လုပ်ကိုင်ပေမယ့် လယ် မပိုင်ဘူးတဲ့။ သူများလယ်မြေကို ငှားရမ်းလုပ် ကိုင်ရတာပေါ့။ ကံဆိုးချင်တော့ မေမိုး ၃ တန်း ကျောင်းသူဘဝမှာ သူ့အဖေ ဆုံးသွားပါတယ်။ အမေ မုဆိုးမကြီးက သားသမီး ၅ ယောက်ကို လုပ်ကိုင်ကျွေးမွေးရပါတယ်။ မေမိုးက သမီးအကြီးဆုံး၊ မြန်မာတွေရဲ့ အယူအဆအရ “သားဦး ကြာသာပတေး၊ အကျိုး မပေး” ဆိုလို့ မေမိုး အမေက မေမိုးအပေါ်မှာ အကျိုးမပေးတဲ့ သားသမီးလို့ ယူဆပြန်ပါသတဲ့။ ဒါကြောင့် မေမိုးခင်မျာ စိတ်ရောလူရော ပင်ပန်းရပါတယ်။ မေမိုး ၆ တန်း ရောက်တော့ မေမိုးအမေက မေမိုးကို ကျောင်းထွက်ခိုင်းပါတယ်။ မြို့မှာ အိမ်အကူလုပ်ဖို့အတွက်လည်း ပြောထားပါသေးတယ်။

မေမိုးကတော့ ကျောင်းပဲဆက်တက်ချင်တယ် တဲ့။ မြို့ကိုလည်း မသွားချင်ဘူးတဲ့။ ဒါကြောင့် ငိုယိုပြီးအတင်းပြောတော့မှ အမေကကျောင်း ဆင်းကျောင်းတက် အကြော်ရောင်းရင် ကျောင်းတက်လို့ရမယ် ပြောပါတယ်။ ဒါကြောင့် မေမိုး အကြော်ရောင်းရင်းနဲ့ ကျောင်းတက်ရပါတယ်။ အိမ်မှာတော့ တခြားမောင်နှမတွေထက်စာရင် မေမိုးက အမြဲတမ်း အလုပ်ပိုလုပ်ရပါတယ်။

မေမိုး ကျောင်းမတက်ခင်နဲ့ ကျောင်းဆင်းချိန်မှာ အကြော်လိုက်ရောင်းရပါတယ်။ မေမိုးက ရုပ်ကလေးကလည်း ချောတယ်၊ ချစ်စဖွယ်သောစကားကိုလည်းဆိုတတ်တော့ မေမိုးကို လူတွေက ချစ်ခင်ကြပါတယ်။ မေမိုး အကြော်တွေလည်း ရောင်းကောင်းပါတယ်။ ဒီလိုနဲ့ မေမိုး ၁၀ တန်း ရောက်လာပါတယ်။ ၁၀ တန်းကို နှစ်ချင်းပေါက်အောင်ဖို့ဆိုတာ မေမိုးတို့ အခြေအနေနဲ့ အလှမ်းဝေးတယ်လေ။ ဒါကြောင့် မေမိုး ၁၀ တန်းကျသွားတယ်။ ဒါကြောင့် ကျောင်းဆက်မတက်ဖြစ်ဘူး။

မေမိုး အလုပ်လုပ်ဖြစ်ပါတယ်။ ပဲခူးမြို့ပေါ်က အထည်ချုပ် စက်ရုံမှာပါ။ လခက သိပ်မရပါဘူး။ မေမိုးရဲ့ မိသားစုမှာ မေမိုးနဲ့ အမေနှစ်ယောက်ထဲကပဲ အလုပ်လုပ်တော့ လောက်ငှတယ်လို့ မရှိပါဘူး။ ဒီကြားထဲ မေမိုးအောက်ကညီမ ရီရီမိုးက အိမ်ထောင်ကျသွားတယ်။ ကောင်လေးက အလုပ်အကိုင်လည်း သေချာမရှိဘူး။ မေမိုးတို့အိမ်မှာပဲ ဝိုင်းလုပ်ဝိုင်းစားဖြစ်သွားတယ်လေ။

အိမ်သုံးစရိတ်က ကြီးလာပေမယ့် ဝင်ငွေကတိုးမလာတော့ မေမိုးတို့ ပိုကြပ်တည်းလာတယ်။ မေမိုးနဲ့အတူတူ စက်ရုံမှာလုပ်တဲ့ မအေးစမ်းဆီက သတင်းစကားတခု ရလာတယ်။ မဲဆောက်မှာ အထည်ချုပ်တွေရှိတယ် တဲ့။ အဲဒီမှာလုပ်ရင် မြန်မာပြည်ထက် ပိုပြီးတော့ပိုက်ဆံရသတဲ့။ ဒါကြောင့် မအေးစမ်း အပါအဝင် မေမိုးတို့ ၄ ၊ ၅ ယောက်လောက် မြန်မာပြည်ထဲက ထွက်လာတယ်။

ဒီကိုရောက်တော့ မေမိုးနဲ့ သက်နွယ်ပဲ စက်ရုံတူတယ်၊ တခြားလူတွေ စက်ရုံတွေ ကွဲသွားတယ်။ မေမိုးတို့လုပ်တဲ့ စက်ရုံက အိမ်ရုံလေးပါ။ ဒါပေမယ့် လခ ကောင်းတယ်။ ထမင်းကျွေးတယ်၊ နေဖို့ပေးတယ်၊ မဆိုးဘူး ကိုက်တယ်ပေါ့။ အဲဒီ စက်ရုံမှာ မန်နေဂျာလုပ်တဲ့လူက သူဋ္ဌေးရဲ့ ညီအရင်း။ သူက လိုအပ်ရင် ကားတွေဘာတွေလဲ မောင်းတယ်။ မနက်ပိုင်းနဲ့ ညနေပိုင်းဆိုရင် ကျောင်းကားမောင်းတယ်။ အဲ ဒီလူက မေမိုးအပေါ်မှာ ဂရုတစိုက်ရှိတယ်။ သူ့ကို အားလုံးက ဖိနွမ် လို့ ခေါ်ကြတယ်။ မေမိုးတို့ အလုပ်ပိတ်ရက် အပြင်သွားမယ်ဆိုရင် ဖိနွမ်က လိုက်ပို့တယ်။ တချို့ အရင်ရောက်နေတဲ့ လူတွေက မေမိုးကိုနောက်ကွယ်မှာ ဖိနွမ်နဲ့ သမုတ်ကြတယ်။ မေမိုးကပြန်ကြားတော့ ရှက်တာပေါ့၊ ဒီတော့ ရှက်ရမ်းရမ်းတယ်။ အဲဒီမှာပဲ ပြဿနာတွေဖြစ်ကြတယ်လေ။ ဒါကြောင့် မေမိုးစက်ရုံက ထွက်လိုက်တယ်။ သက်နွယ်ကတော့ ဆက်လုပ်နေတယ်။

မေမိုး နောက်အလုပ်တခုရှာနေတုန်း ဖိနွမ်က သူ့မိတ်ဆွေဆီမှာ အပ်ပေးတယ်။ အဲဒီစက်ရုံက နေစရာ မစီစဉ်ပေးဘူး၊ ဒါကြောင့် အတူတူလုပ်နေကြတဲ့ လူချင်းတွေ စုပေါင်းနေကြတယ်။ အဲဒီမှာ မေမိုး မသီတာနဲ့နေကြတယ်။ ဖိနွမ်က မေမိုးဘဝကိုသနားတယ်။ မေမိုးက ချွေတာပြီး မိသားစုကိုပိုက်ဆံပို့နေတာတွေကို ဖိနွမ် သိတယ်။ ဒီတော့ မေမိုး စားဖို့သောက်ဖို့ ဖိနွမ်က ထောက်ပံ့တယ်။ တဖက်ကတော့ မေမိုးက ဖိနွမ်ကို လိုက်လျောရတာတွေ ရှိတယ်။ ဒါပေမယ့် အဲဒီ အခြေအနေတွေကို မေမိုး ကျေနပ်နေတယ်။ စက်ရုံကလူတွေ တဖြည်းဖြည်း သိလာကြတယ်။ ဒါကြောင့် မေမိုးစက်ရုံမှာ နေရကြပ်လာတယ်။

ဖိနွမ် ကားမောင်းပေးတဲ့ ရွေ့ပြောင်း မြန်မာကျောင်းမှာ ဆရာမတွေလိုနေတယ် တဲ့။ ဒါကြောင့် မေမိုးရော မသီတာပါ အဲဒီကျောင်းကို ပြောင်းရွေ့လိုက်တယ်။ နေတာလည်း ၂ ယောက်အတူတူ ဆက်နေတယ်။ ၂ ယောက်ထဲနေတော့ ဖိနွမ်က အိမ်ကိုပိုလာဖြစ်တယ်။ ဖိနွမ်ရဲ့မိန်းမသိသွားလို့ ပြဿနာဖြစ်ရတယ်။ ဖိနွမ်ရဲ့မိန်းမက ဖိနွမ်ကို မကျေနပ်တိုင်း မေမိုးကို လာလာသောင်းကျန်းတတ်တယ် တဲ့။ ဒါပေမယ့် မေမိုးက နောက်တော့ပြန်မဆုတ်ချင်တော့ဘူး။ မသီတာက ပထမပိုင်းတုန်းက မေမိုးနဲ့ကပ်ပြီး ဖိနွမ်ဆီက စားတာသောက်တာတွေ လုပ်တယ်။

တရက်တော့ ဖိနွမ် မိန်းမ လာပြီး သောင်းကျန်းတယ်။ မေမိုးကို တော်တော် ရက်ရက်စက်စက်ပြောတယ်။ အဲဒါကို မသီတာက သူ့ကိုပါထိခိုက်တယ်ဆိုပြီး မေမိုးနဲ့ လမ်းခွဲကြတယ်။ မေမိုးလည်း သက်နွယ်တို့နဲ့ပေါင်းပြီး အိမ်ငှားနေလိုက်တယ်။ သက်နွယ်လည်း စက်ရုံမှာမနေချင်တော့တဲ့အချိန်ဆိုတော့ အံကိုက်ပဲပေါ့။

ဒါဆို မေမိုးဆီလာနေတဲ့သူကို ဖိနွမ်ပေါ့လို့မေးလိုက်တော့ ဟုတ်တယ်လို့ ပြောပါတယ်။ မေမိုးပြောတာကတော့ ဖိနွမ်ကလည်း သူ့ကို တရားဝင်လက်ထပ်ဖို့ မပြောပါဘူး တဲ့။ သူလည်း တရားဝင်တော့ လက်မထပ်ချင်ဘူးတဲ့လေ။ သူက ဖိနွမ်ကို အားကိုးအားထားပြုတာပါ တဲ့။ တရားဝင်ပတ်သက်ဖို့အထိတော့ သူ့မှာ သတ္တိမရှိဘူးတဲ့။ သူ နားလည်သလောက် ထိုင်းအမျိုးသားတွေမှာ အဲသလိုထားတာက ရိုးရိုးလေးဖြစ်နေကြတဲ့။

ကျမ မေမိုးဆိုတဲ့မိန်းကလေးကို ငေးမောကြည့်နေမိပါတယ်။ အဲဒီအဖြစ်အပျက်တွေကို အဖြေဘာလို့ မရှာကြတာလဲ၊ ကျမတို့ လူမျိုးတွေဟာ တဦးရဲ့အားနည်းချက်ကို တဦးကဝေဖန်နေခြင်းထက် ပိုပြီးတော့ ဘာကြောင့်မလုပ်ချင်ကြတာလဲ။

တကယ်တော့ မေမိုးက အမျိုးကောင်းသမီးလေးပါ။ သူ့ဘဝပွန်းပဲ့သွားခဲ့ရတာက ခေတ်နဲ့စနစ်ရဲ့ ဘေးထွက်ဆိုးကျိုးဆိုရင် စာဖတ်သူတွေ လက်ခံမလား။

မေမိုးလို မိန်းကလေးမျိုး အများကြီးရှိနေခဲ့ပါတယ်။ ရှိနေဆဲပါ။ နောက်ထပ်လည်းရှိလာပါလိမ့်မယ်။ ကျမတို့ အမျိုးသမီးတွေ ပွန်းပဲ့ကြတယ်ဆိုတာ လူမျိုးပွန်းပဲ့သွားတာပါပဲ၊ ဒါဆိုကျမတို့ ဘာတွေဆက်လုပ်မှာလဲ။ ဘာတွေဆက်လုပ်နိုင်မှာလဲ။

ဖြစ်တည်ပြီးသား ပြဿနာတွေကို ဖြေရှင်းဖို့ ကျမတို့အတွက်လိုအပ်ချက်တွေ အများကြီးရှိနေဆဲပါ။ ။


 

No comments: