Friday, June 1, 2012

နောက်ကြည့်မှန် (မင်းကိုနိုင်)


ပုံနှိပ်မှတ်တမ်း 

ထုတ်ဝေသူ ။ ။ နိုင်ငံအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)


ထုတ်ဝေခြင်း ။ ။ ပထမအကြိမ်၊ ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ


မျက်နှာဖုံးနှင့် အတွင်းဒီဇိုင်း ။ ။ သီဟမောင်မောင်


ဆက်သွယ်ရန် ။ ။ P.O Box 93, Maesod, Tak, 63110, Thailand
Tel: 66 (0)55 545 495


e.mail: info@aappb.org, website: www.aappb.org


သည်ပန်းချီကားတချပ်တွင် တစုံတရာ ဖြည့်စွက်ရန်လိုနေသည်ဟု သူမအနေဖြင့် တောင့်တမိသည်မှာ ကြာပြီ။ ခုလိုနွေဦးတွင် ပို၍ထင်ရှားသည်မှာ နောက်ခံကွင်းပြင်နှင့် မှုန်ပျပျကားလမ်း ပြီးတော့ ဟိုတပုံသည်တပုံ စုထားသည့် သံလမ်းတိုရှည်များနှင့် ဇလီဖားတုံးအပုံတို့ရှေ့မှာ ထီးတည်း ကုက္ကိုပင်ကြီးက ခါးနွဲ့နွဲ့နှင့် ထီးဆောင်းထားသော မိန်းမနှယ်။

တံလှပ်တွေကြွယ်သည့် နေ့လည်ခင်းမှာ ညိုတယောက်ထဲ ထိုမြင်ကွင်းကိုကြည့်ရင်း လက်တွေ့ကျသော အလုပ်ကို လုပ်ဖြစ်ခဲ့သည်၊ ထွေထွေထူးထူး စဉ်းစားမနေတော့ အိမ်ဘေးရှိ သစ်တိုသစ်စများဆွဲထုတ်ကာ လက်သမားကိရိယာများပါ ယူခဲ့သည်။

“ဘာလဲ မိန်းကလေး ... ကျုပ်ကို ဘာခိုင်းဦးမှာလဲ”

အဘမောင်သည် ဆရာသမားဖြစ်သူ၏သမီးမို့ အလိုလိုက်ရသည်ထက် ပျော်စရာကောင်းသော ကစားနည်းတခုကို မကြီးမငယ်အရွယ်မှာ ပျင်းပျင်းရှိတိုင်း ကစားခွင့်ရသူနှယ် ခံစားတတ်ရ၍ ထိုသို့အမေးကို မဲ့ရှုံ့ရှုံ့ဟန်လုပ်ကာ မေးရင်း ကွမ်းတယာ ဝါးသည်။ ညိုက ဒါကို ဒီလောက်ဖြတ်ပေး၊ ဒါကို သံနဲ့ရိုက်မယ်၊ ဒီလိုပုံဟု အဆောက်အအုံကြီး တခမ်းတနား ဆောက်လိုသူနှယ် ညွှန်ပြနေ၏။ စိတ်လိုလက်ရရှိသည်နှင့် အဘမောင် ဇိုးဇိုးဇတ်ဇတ် လုပ်ပေးလိုက်ပြီ။ သူမ ညွှန်ကြားရာနေရာမှာ တတ်ဆင်ပေးခဲ့ပြီ။

ညိုတယောက် အိမ်ထဲဝင်ပြီး ရေအိုးတလုံးသယ်လာကာ နေရာချပြီးတွင် ကုက္ကိုပင်ခါးပန်း၌ ရေချမ်းစင်တခုအဖြစ် ကျက်သရေရှိရှိ တည်ပြီးဖြစ်တော့သည်။

“အလှူရှင် ကမ္ပည်းထိုးဦးလေ” ဟု အဘမောင်က တိုက်တွန်းပြီး မြေဖြူတခဲယူလာကာ ရေချမ်းစင်အခြေ သစ်တန်းတွင် မည်သို့ရေးရန်မည်ကို အမူအယာဖြင့် မေးသည်။


“အဘမောင် ကောင်းမှုပေါ့”

“အို ... ကျုပ်က မိန်းကလေးခိုင်းလို့ လုပ်ပေးရတာပဲ မိန်းကလေးတို့ မိသားစုနာမည် ရေးပါလား”

“ဟာ … မလုပ်ပါနဲ့၊ နေဦး စဉ်းစားဦးမယ်”

ညိုက အကြံရခက်၍ တွေဝေနေစဉ် အဘမောင်ကပင် ဝိုင်းစက်သော စာလုံးများဖြင့် ‘စေတနာရှင် ဒေါ်ကျွဲမ ကောင်းမှု’ ဟု ရေးသည်။ ညိုစိတ်ပျက်ပြီး အိမ်ဘက်ပြန်ထွက်သွား၏။ ဒေါ်တင်တင်သည် ရေသောက်မည်ကြံပြီးမှ သောက်ရေအိုး ပျောက်နေခြင်းကြောင့် “ဟဲ့ ...” ဟု ရေရွတ်ကာ ဟိုဟိုဒီဒီ ရှာသည်။

အိမ်ပေါ်တက်လာသော ညိုအားတွေ့၍ “ညည်း ခုနက သောက်ရေအိုးလှယ်နေတာ ဘာလို့ ရေအိုးစင်မှာ ပြန်မထားတာလဲ” ဟု မေး၏။

“ရေအိုးစင်မှာ ထားလိုက်တာပဲ”

ညို့အဖြေကြောင့် ဒေါ်တင်တင်မျက်စောင်းထိုး၍ “ဘယ်မလဲဟဲ့ ဒီမှာမရှိဘူး၊ အတောင်ပေါက်ပြီး ပျံသွားလို့လား" ဟု ဇိုးဆတ်ဆတ် မေး၏။

“အင်း ... ဒါဖြစ်နိုင်တယ်၊ သဒ္ဒါတရားက အတောင်တပ်ပေးလိုက်တာပေါ့”

မနေ့ကပင် စာမေးပွဲကြီးဖြေပြီး၍ ဘာလုပ်ရမှန်းမသိ ယောင်ရှာနေပြီဟု သမီးဖြစ်သူအား သနားမိခဲ့သည်ကိုပင် နောင်တရမိ၏။

ကြီးကျယ်သော ညို့စကားကြောင့် ဒေါ်တင်တင် ရေငတ်ရသည့်အထဲ စိတ်မရှည်တော့၊ ဘယ်မလဲဟုသာ ထပ်မေး၏။ ညို မေးထိုး၍ ညွှန်ပြလိုက်သည်။ ကုက္ကိုပင်ခန်းပန်းတွင် အခန့်သားနေရာယူသွားသည့် ရေအိုးကိုမြင်သည်နှင့် ...

“ဟင် ... ငါတို့က ဘာနဲ့သောက်ရမလဲ” ဟု မေး၏။

“လောလောဆယ် ဒန်ချိုင့်ကြီးထဲ ထည့်သောက်မယ် အမေရာ၊ အဖေပြန်လာမှ အိုးတလုံးအသစ်ဝယ်ကြတာပေါ့၊ ညို သဒ္ဓါပေါက်ပြီး လှူပြီးပြီ၊ ပြန်ယူလို့မရတော့ဘူး”

“ရာသီဥတု ပူရတဲ့အထဲ ဒန်ချိုင့်ထဲကရေက နွေးနွေးကြီးဖြစ်နေမှာပေါ့၊ ဈေးက အသစ်ဝယ်လို့လဲ မြေအိုးပဲရမှာ ဒီ သဲစိမ့်အိုးမျိုးက ရှားပါဘိ ငါတော့ မပြောလိုက်ချင်ဘူး၊ စိတ်ကူးပေါက်တိုင်း ကို့ယို့ကားယား ထ ထလုပ်နေတာပဲ”

ညိုကား သူမ မိခင် ရေရွတ်နေသည်ကို ဂရုမပြုတော့၊ အသစ်စက်စက် ရေအိုးစင်တွင် ပထမဆုံးလာမည့် အလှူခံပုဂ္ဂိုလ်၏ ကျေနပ်ပီတိဖြင့် သုံးဆောင်မည့်မျက်နှာကိုသာ ခံစားရန် စိတ်စောနေ၏။

xxxxx 


တနေ့ခင်းလုံးမျှော်သည့်တိုင် အလှူခံပုဂ္ဂိုလ်က ပေါ်တော်မမူ။ တွေ့နေကျမဟုတ်၍ အမှတ်မဲ့ ဖြတ်ကျော်သွားကြသည်လည်းရှိမည်ဟု နားလည်ထားသည့်တိုင် နွေအပူတွင် ရေချမ်းစင်ကို မရှာဖွေရကောင်းလားဟု သူမ ငြိုငြင်မိသည်။ တယောက်တလေက မြင်သွားပါလျှက် ကိုယ့်လမ်းကိုယ် ဆက်သွားသည်ကို ညို မြင်သော် မချိတင်ကဲ ကျန်ခဲ့၏။

“လူတွေက ကြီးကျယ်လို့ ငါ ဒီလောက်အပင်ပမ်းခံ လုပ်ပေးထားတာ စေတနာကို အသိအမှတ်ပြုရကောင်းမှန်း မသိကြဘူး။ ဒီတနေ့လုံး တယောက်မှမသောက်လို့ကတော့ ငါကိုယ်တိုင် ရေအိုးကို လက်ဝါးစောင်းနဲ့ ရိုက်ခွဲလိုက်မယ် ... ဟယ် ဖွ .. ဖွ .. ယောင်လို့၊ ဒါနကုသိုလ်ဆိုတာ အကုသိုလ်စိတ် မထားရဘူး တဲ့၊ အင်း … အေးမြကြစေ ... သောက်သုံးသူတွေ”

အလိုမကျခြင်းကို ချိုးနှိမ်၍ သူမ ဆုတောင်းရင်း ဗျာများနေသည်ကို အဘမောင် ကြည့်၍ရယ်ကာ အလှူရှင် ဒေါ်ကျွဲမ ဆိုတော့ လူတွေက အခတ်ခံရမှာ ကြောက်ကြတယ်။ နာမည်ပြောင်းပေးလိုက်ရမလားဟု မထိတထိစရင်း မေးသည်။ သူမ ရေအေး အလွန်ကြိုက်၍ ရေချိုးလျှင် မပြီးနိုင်သောကြောင့် အမေက စိတ်တိုတိုင်း ကျွဲမ ဟု ခေါ်သည်ကို အဘမောင် သံယောင်လိုက်ခြင်းအတွက် သူမ ပို၍အလိုမကျဖြစ်လာသည်။

ညနေရောက်လာသော်လည်း အပူရှိန်က မလျော့သေး၊ အဝေးမှ ဦးထုပ်ပျော့တလုံး ငိုက်ငိုက်စောင်း၍ စိုက်စိုက်လာနေသူတဦး ရေအိုးစင်မြင်ပြီး အမြန်လျှောက်လာသည်ကို ညိုတွေ့လိုက်ရ၍ ဝမ်းသာအားရ ခြံစည်းရိုးထောင့်သို့ ပြေးသွားကာ အကဲခတ်နေလိုက်၏။

သူမနှင့် လေးငါးလံခန့်အကွာရှိ ရေအိုးစင်၏ ရေမှုတ်ကို ထိုသူကဆွဲကိုင်ပြီး အငမ်းမရသောက်နေသည်ကို နောက်ကျောဘက်မှမြင်ပြီး ညို ပျော်ရွှင်နေသည်။

“အား ... ကောင်းပါ့ဗျား၊ အလှူရှင် ဒေါ်ကျွဲမ ချမ်းသာသုခပြည့်ပါစေသတည်း”

ရေနှစ်မှုတ်ဆင့်သောက်ပြီး ကျေနပ်ဝမ်းသာဖြင့် ထိုသူ စာတမ်းက ကမ္ဗည်းကိုဖတ်ကာ ဆုတောင်းပေး၍ ထွက်သွားသည်တွင် ညိုမှာ နှစ်သက်ခြင်းနှင့် အလိုမကျခြင်း နှစ်မျိုးရောလျက် ကျွဲမြီးတိုကျန်ရစ်ခဲ့၏။


xxxxx

ဆက်လက်ဖော်ပြပါမည်။ 

ကြိုတင် တောင်းပန်စကား ။ ။ ကျနော်တို့မှာ မူရင်း ပုံနှိပ်စာအုပ် မရှိပါ၊ (ရှိပါတယ်။ မိတ်ဆွေ တယောက် ငှားသွားပြီး ပြန်မပို့သေးတာပါ) ရထားတဲ့ အီးဘုတ်စာအုပ်လေးမှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။ အကျ အပေါက် အမှားအယွင်းများရှိခဲ့သော် ပြန်လည်ဖော်ပြတဲ့ ကျနော်တို့က ကြိုတင် တောင်းပန်အပ်ပါတယ်။


 

2 comments:

MoeMaKa said...

ကိုဦး ကျနော် ပို့ပေးမှာပေါ့
စိတ်ချ ရှေ့တပတ် စာအုပ်ပေးလိုက်မယ်
စာတိုက်က

ရွှေအိမ်စည် said...

ကျေးဇူးဖတ်သွားတယ်...ကူးသွားတယ်နော်