မနက်မလင်းမီပင် သူမ ချမ်းသာစွာနိုးနေပြီ၊ တံမျက်စည်းကိုဆွဲ၍ မြူတွေဆိုင်းနေသော ခြံအပြင်ထွက်ခဲ့သည်။ ကုက္ကိုပင်ခြေတဝိုက် တဂျွမ်းဂျွမ်းမြည်အောင် သူမ တံမျက်စည်းလှည်းသံကြောင့် ငှက်ကလေးတို့ စောစောနိုးသွားပြီး ပကျစ်ပကျစ်နှင့် အော်ကြသည်။ ဘာလဲဟဲ့ စောစောထတာ မင်္ဂလာရှိတယ်။ ကျန်းမာရေးကောင်းစေတယ် နင်တို့ ဘာသိလဲဟု ညိုတယောက်တည်း ငှက်ကလေးတွေကို ပြန်၍ရန်လုပ်နေ၏။
ဝေလီဝေလင်းအချိန်တွင် သံလမ်းပေါ်မှ ရထားဖြတ်မောင်းသည်ကိုကြည့်ရင်း သူမ ရေအိုးကိုလှယ်နေရာမှ ငါတော့ အတန်းတင်စာမေးပွဲပြီးလို့ ယောင်နေတာ အခုမှ အလုပ်ရတယ်ဟုတွေးကာ ကျေနပ်နေသည်။ နေမြင့်လာသည်နှင့်အမျှ ဘူတာလေးတဝိုက် ရောက်လာသူတို့ ရေငတ်ပြေသောက်ကြသည်ကိုလည်း သူမ သတိပြုမိရင်း ကျေနပ်မဆုံး။
အထူးသဖြင့် သူမတို့၏ ကြားဘူတာလေးတွင်ဆိုက်သော အနှေးရထားပေါ်မှ ဆင်းလာသည့် ခရီးသည်တွေ နေပူထဲ မဖြတ်ခင် တယောက်တလှည့် စောင့်ဆိုင်း၍ သောက်နေရသည်ကိုပင်မြင်၍ ရေမှုတ်တခုတော့ ထပ်လုပ်ဦးမှပဲဟု တွေးမိပြန်သည်။
အဘမောင်အား အုန်းပင်တက်ခိုင်းပြီး အလုံးသေးသေး ရွေးခူးခိုင်းသည်။ အုန်းသီးတလုံးထဲနဲ့ “ကျုပ် အပင်ရတက်ရတာ မကာမိဘူး” ဟုညည်းရင်း အခွံနွာ အုန်းသီးခွဲစားကြပြီး အုန်းမှုတ်ခွက်ဖြင့် ရေမှုတ်အသစ်ထပ်လုပ်ရသည်နှင့်ပင် နေစောင်းပြီ။ မနေ့ကအချိန် မနေ့ကပုဂ္ဂိုလ် ထပ်ရောက်လာပြန်၏။ သူမ၏ ပထမဆုံး အလှူခံပုဂ္ဂိုလ်မို့ ညို မှတ်မိနေပြီး ဂရုတစိုက် အနားသို့ မယောင်မလည် ကပ်သွားမိသည်။
ညိုထက် ငါးနှစ် ခြောက်နှစ်ခန့်ကြီးမည်ဟု ထင်ရသော ထိုသူမှာ ဦးထုပ်စုတ်နှင့် အဝတ်နွမ်းများကြောင့် လူကြီးတယောက်လို သာမန်ကြည့်လျှင် တွေ့ရမည်ဖြစ်သည်။ သူကား လွယ်အိတ်စုတ်တလုံးကို စလွယ်သိုင်းလျက် ရေ တဝကြီးခပ်သောက်ကာ “သာဓုပါ ဒေါ်ကျွဲမရယ်” ဟု ခေါ်နေပြန်၏။
ရက်အတန်ကြာသော် တနေ့ ညို သောက်ရေဖြည့်နေခိုက် သူ ရောက်လာသည်။ သောက်ရေစစ်တွင် အမှုန်များကပ်နေ၍၊ သူမ ဆေးကြောသန့်စင်နေသည်ကို သူ စောင့်နေ၍ ညို အားနာကာ ...
“ခဏလေးနော် … ဒီနေ့ အလုပ်တွေရှုပ်သွားလို့ ရေဖြည့်တာ နောက်ကျသွားတယ်” ဟု စကားစပြောမိသည်။
သူက “ရပါတယ် ဖြည်းဖြည်းလုပ်၊ အခုမှ နေပူထဲကလာတော့ ချွေးသိပ်လိုက်ဦးမယ်” ဟု ပြောကာ ညို့အား ရပ်ကြည့်နေသည်။ အသားညိုစိမ့်စိမ့်နှင့် နှစ်လိုဖွယ်မျက်နှာပိုင်ရှင်ကလေး၏ ကျက်သရေမှာ သူမရင်တွင်းက စေတနာဓာတ်ခံကြောင့် ပို၍ဆွဲဆောင်မှုရှိလေသလားဟု သူ တွေးနေ၏။ ကုက္ကိုရွက်များလေအဝှေ့တွင် တဖွဲဖွဲ ကြွေလွင့်လာသည်။ အဖုံးမပါသော ရေပုံးထဲကျမည်စိုး၍ ညို အလုပ်ရှုပ်သွားသည်ကို သူ ဝင်ကူရင်း ...
“ဒီမှာ ... ဒေါ်ကျွဲမ ဆိုတာ ဒီအနားမှာနေတာလား” ဟု မေး၏။
ညို ရယ်ချင်စိတ်ကို မြိုသိပ်ရင်း “အင်းပေါ့” ဟုသာ ဖြေလိုက်သည်။
“ဘယ်အိမ်ကလဲ” ဟု သူ ထပ်မေး၍ ညိုက သူမတို့အိမ်ကိုသာ ညွှန်ပြလိုက်သည်။ ခြံစည်းရိုးလေး သေသပ်စွာ ကာထားသည့် အုပ်ကြွပ်နီမိုးအိမ်ကလေးကို သူကြည့်ရင်း …
“သြော် ... ဒါ ... ရုံပိုင်ကြီးအိမ်ပဲ” ဟု ရေရွတ်နေသည်။
“တောဘူတာဆိုတော့ ရုံပိုင်ကလေးလို့ပဲ ခေါ်သင့်တယ်” ဟု ညိုက ဝေဖန်သည်။
“ဘူတာ ကြီးကြီးသေးသေးဗျာ ... ဒေါ်ကျွဲမကို အားနာတဲ့အနေနဲ့ ရုံပိုင်ကြီးလို့ပဲ ခေါ်မယ်”
ညိုသည် သူ သောက်ရေခပ်သောက်နေစဉ် ဤသို့ပြောမိ၏။
“အဲဒီ ဒေါ်ကျွဲမက သူ့ကို ဒေါ်ကျွဲမလို့ခေါ်ရင် မကြိုက်ဘူး သိပ်စိတ်ဆိုးတယ်၊ သူ့အလှူကို သာဓုခေါ်တာ၊ ဒါနမြောက်အောင် သုံးဆောင်တာတော့ သူက ဝမ်းသာတယ်”
“ဟာ အဲဒါ စိတ်ဆိုးတယ် မခေါ်ဘူး၊ ကျွဲမြီးတိုတယ်လို့ ခေါ်တယ်။ ဒေါ်ကျွဲမဆိုတော့ ကျွဲမြီးတိုတယ်ဆို ပိုသဘာဝကျတယ်။ ဟာ ... လူကြီးကို နောက်ပြောင်မိပြီ ကန်တော့ ကန်တော့ဗျာ”
ထိုသူသည် ညိုတို့အိမ်ဘက် မလုံမလဲလှမ်းကြည့်ပြီး ထိုသို့ ပြာပြာသလဲ နောင်တရနေ၏။
ညိုကား ရယ်လျက် “ရပါတယ် ဒေါ်ကျွဲမက သဘောကောင်းပါတယ်၊ ဒါပေမယ့် ကျွဲမြီးတိုတယ်ဆိုတာ သူ့မူရင်းပုံပြင်က ဘယ်လိုလဲ သိရင်ပြောပြပါ” ဟု တောင်းဆို၏။ သူက အင်း ... ဟုဆိုကာ အိပ်ကပ်ထဲ လက်နှိုက်သည်။ လက်မလုံးခန့်ရှိပြီး တထွာမပြည့်သော သစ်သားတလုံးထွက်လာ၏။ သူ လှည့်၍ချွတ်သော် အတွင်းမှဆေးလိပ်တတို ထပ်ထွက်လာပြန်သည်။ အတော်ကပ်စေးနှဲတဲ့လူကြီးဟု ညို ကြိတ်၍ဝေဖန်ရင်း ပြုံးမိသည်။ သူက လွယ်အိတ်ထဲ လက်နှိုက်စမ်းပြန်၏။ အတန်ကြာမှ ဓာတ်ဆီသုံး ပုလင်းမီးခြစ်ကြီး လက်ထဲပါလာသည်။ ဂျိခနဲ ခြစ်ပြီး မီးညှိကာ ဒီလိုဟု စကားစသည်။
အဘမောင်သည် ရထားလက်မှတ်ရောင်းသည့်ရုံအတွင်း ငိုက်မြည်းနေရာမှ ကုက္ကိုပင်အောက် လှမ်းကြည့်မိသည်။ သောက်ရေပုံးကို လက်တဖက်ကဆွဲလျှက် တဖက်က ရေစစ်ကို လှုပ်ယမ်းလျက် ညိုသည် သူမရှေ့မှာ ဦးထုပ်ပျော့ဆောင်းသောလူ၏ စကားဝယ် တရင်းတနှီး ရယ်ပွဲဖွဲ့နေသည်ကို မြင်ရ၏။
“တခါက လယ်ကူလီတယောက်က ကျွဲနှစ်ကောင်နဲ့ လယ်ထွန်နေရတယ်”
“လယ်က နွားနဲ့မထွန်ဘူးလား၊ ဘာလို့ ကျွဲနဲ့ထွန်တာလဲ”
“ကျွဲက ပိုပြီးနွားထက် ထွန်အားကောင်းတယ်ဗျာ ... နေစမ်းပါဦး၊ ကျုပ် စကားပျက်တယ်၊ အဲဒါ နေ့လည် ထမင်းပို့ချိန်ကျော်တဲ့အထိ လယ်ရှင် ထမင်းလာမပို့ဘူး၊ သူလည်း ဗိုက်ဆာနေပြီ။ ဘာမှ စားစရာသောက်စရာမရှိတော့ အချိန်လွန်တောင် ရောက်မလာဘူးဆိုပြီး ကျွဲအမြီးဖြတ်ပြီး မီးဖုတ်စားလိုက်တာပေါ့”
“အဲဒီလိုစားပြီးမှ လယ်ရှင်က ထမင်းထုပ်နဲ့ ရောက်လာတယ်။ သူ့လယ်ကူလီကို မေးတယ်၊ ဗိုက်ဆာလို့ စိတ်ဆိုးနေပြီလား တဲ့၊ ဒီတော့ လယ်ကူလီက အေးအေးဆေးဆေးပဲ ဖြေတယ်၊ စိတ်မဆိုးပါဘူး၊ ဒါပေမယ့် ကျွဲမြီးတော့ နည်းနည်းတိုသွားတယ် တဲ့”
ညို မနေနိုင်ဘဲ ပွင့်လင်းစွာရယ်၍ “ရယ်စရာကောင်းတယ်” ဟု မှတ်ချက်ချသည်။
ထိုသူက ပြုံးရုံပြုံး၍ “ကျုပ်တို့ဘေးက ကြည့်ရင်တော့ ရယ်ချင်စရာပဲ ကာယကံရှင် လယ်ပိုင်ရှင်တော့ ဘယ်လောက် ကျွဲမြီးတိုမလဲဆိုတာ စဉ်းစားသာကြည့်” ဟု တုံ့ပြန်သည်။ သူ့စကားအဆုံး ညို အိမ်ဝင်းထဲပြန်ရန် စိတ်ကူးပြီးမှ အိမ်ကို သိမှာစိုး၍ ယောင်တောင်တောင် လုပ်နေရသည်။ ထိုသူကား စကားအစရလျှင် ပြီးချင်ပုံမပေါ် အစကိုဆွဲထုတ်၍ ချည်လုံးကုန်အောင် ဆွဲချင်နေပုံဖြင့် …
“ဥပမာ ... ဟိုမှာ ဒေါ်ကျွဲမကြီးအိမ်ကိုပဲ ကြည့်၊ အဝေးပြေးကားလမ်းကို နောက်ကျောခိုင်းပြီး ဆောက်ထားရတယ်၊ သူ့အိမ်ဝင်း အိမ်သာပြီးရင် မြေကွက်ပြီးရင် ကားလမ်းပဲ၊ ဒါ ... ကားပေါ်ကကြည့်ရင် ဘယ်လောက် အူကြောင်ကြောင်နိုင်မလဲ၊ ဒါပေမယ့် ဒေါ်ကျွဲမကြီးရဲ့အိမ်ဟာ ရထားဝန်ထမ်းဆိုတော့ ရထားလမ်းကို မျက်နှာမူထားရတာ သဘာဝအကျဆုံး အမှန်ဆုံးပါပဲ”
ထိုသို့ဆိုပြီး “ကိုင်း … ကျုပ်သွားဦးမယ်” ဟုဆိုကာ ထွက်သွားသော သူ့ကျောပြင်အားကြည့်ရင်း ငါတို့အိမ်က ကားလမ်းဘက်ကကြည့်ရင် ရယ်စရာကောင်းသတဲ့၊ ကြီးကျယ်လို့ဟု သူမ အသံတိတ်ပြောရင်း ကျန်ခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment