သာယာဝတီ ရထားလမ်း၊ ကားလမ်းကို ကူးကြပြီ
အဲဒီညက အဖိုးတို့အဖွဲ့ သာယာဝတီက ရထားလမ်း၊ ကားလမ်းကို ကူးရတယ်။ ရထားလမ်းနဲ့ ကားလမ်းက အပြိုင်ပဲ။ ရထားလမ်း၊ ကားလမ်းနဲ့ နည်းနည်းနီးလာတော့ ဗိုလ်ချုပ်မြမောင်နဲ့ ဗိုလ်မှူးမောင်ချစ်က အဖိုးကို ခေါ်တယ်။
“တို့ ရထားလမ်းနဲ့ ကားလမ်းကို ဖြတ်မယ်။ ဖြတ်မယ်ဆိုရင် အနားကို ချဉ်းကပ်သွားရမယ်။ မင်း တပ်စိပ်ကို ရထားလမ်း၊ ဟိုဘက်ကမ်းရောက်အောင်ပို့” တဲ့။
သူတို့ ဟိုဘက်ကမ်းရောက်ပြီး အသင့်စောင့်ဆိုတော့ အဖိုးတို့က ဟိုဘက်ဒီဘက် ကြည့်ပြီးတော့ ကူးတာပေါ့။ အဲဒီအချိန်မှာ မော်တော်ကားတစင်း လာတယ်။
မီးရောင်မြင်တော့ “မြန်မြန်ကူး။ မြန်မြန်ကူး” ဆိုပြီးတော့ ကူးကြတာပေါ့။
အဘိုးတို့ကူးတဲ့နေရာနဲ့ သိပ်မကွာဘူး။ ဖြတ်ပြီးတာနဲ့ ကိုင်းတောထဲ မြန်မြန်တိုးရတယ်။ ကိုင်းတောကို လွန်သွားတော့ အဖိုးတို့ လူပြန်စစ်တယ်။
“တို့လူတွေ ကုန်ပြီလား”
“ကုန်ပြီ” တဲ့။
“ကိုယ့်လူကိုယ် ကြည့်ကြစမ်း”
လူတယောက်ကျန်ခဲ့လို့ ဖမ်းမိပြီးဆိုရင် အရိုက်လည်းခံရမယ်။ အကုန်လုံးလည်း ဒုက္ခရောက်မယ်။ အဖိုးတို့ လူပြန်စစ်တော့ ပြည့်တယ်။
နောက်တဖွဲ့ကူးဖို့ ဒီဘက်ကနေ အချက်ပြန်ပြရတာပေါ့။
ဒီလိုနဲ့ တဖွဲ့ပြီးတဖွဲ့ ကူးကြ။ ကိုယ့်လူကိုယ်ပြန်စစ်ကြနဲ့။
အားလုံး ကူးပြီးတော့ “ဟေ့ကောင် ရေ သွားရှာကွာ။ ဒီနေရာမှာ ရေအိုင်တွေ ဘာတွေ မရှိကြဘူးလား”
ရဲဘော်တွေ သွားရှာတာ။ အိုင်ကွက်တခု တွေ့တယ်။ သိပ်မကြီးဘူး။ သူတို့ အဖိုးကို လာခေါ်တယ်။ ရေက ခပ်နောက်နောက်ပဲ မကြည်ဘူး။ ဒါပေမယ့် ရေဆာတာကိုး။ အဖိုးတို့ သောက်တာပေါ့။ ရဲဘော်တွေက မသောက်သေးဘူး။
“ဟေ့ကောင်တွေ မင်းတို့ ဘာလုပ်နေကြလဲ။ သောက်လေကွာ”
ဒီလိုပြောမှ ရဲဘော်တွေက သောက်တယ်။
သူတို့လည်း ဆာတော့ ဆာနေတာပဲ။ အဖိုးသောက်ပြီးမှ သူတို့သောက်တယ်။ ရေသောက်ပြီးတော့ အဖိုးတို့ တခါ ထပ်လျှောက်တယ်။
ကားလမ်းကူး ကိုင်းတောကြီးကို ဖြတ်ပြီးမှ ကွင်းပြင်မှာလျှောက်ရ။ ကွင်းပြင်ထဲမှ အကျယ်ကြီး။ မြေရိုင်းတွေရှိတယ်။ မြေနုတွေရှိတယ်။ လယ်ကွင်းတွေ။ ဒေသခံလူတွေက လယ်လုပ်ကြတာကိုး။
နေ့ဘက် ဘယ်လိုလုပ်ကူးလို့ရမလဲ။ ညဘက်ပေါ့။ ဓာတ်မီးလည်း ထိုးလို့ မရဘူး။ အမှောင်ထဲမှာ စမ်းပြီးသွားရတာ။ တယောက်နဲ့တယောက် ခပ်လှမ်းလှမ်းပဲ လျှောက်ကြတယ်။
စစ်တောင်းမြစ်ကို ဖြတ်အကူးမှာ
အဖိုးတို့ လျှောက်ကြတာ စစ်တောင်းမြစ်ကမ်းနားအထိ ရောက်တယ်။ ဗိုလ်ချုပ်မြမောင်တို့အဖွဲ့က အဖိုးတို့အနောက်မှာ။ ကြာတော့ မောတာပေါ့။ တနေရာရောက်တော့ အဖိုးတို့ ထိုင်နားတယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်မြမောင်တို့အဖွဲ့ အဖိုးတို့ကို မီလာတယ်။ သူလည်း အဖိုးအနောက်နားမှာ ကုပ်ကုပ်လေး ထိုင်နားတယ်။ တို့အားလုံး ထမင်းတွေလည်း ဆာနေကြပြီ။ ဗိုက်တွေလည်းချောင်ကုန်ပြီ။ ဘယ်လိုလုပ်ရမလဲ။ ဟိုကြည့် ဒီကြည့်လုပ်တော့ ခပ်လှမ်းလှမ်းမှာ ရွာလိုလို ဘာလိုလို တွေ့တယ်။ အပင်တွေလည်း တွေ့တာကိုး။
အဲဒီရွာကို အဖိုးတို့သွားပြီး ဆန်လေး ဘာလေး ဝယ်စားမယ်ပေါ့။ ရွာနာမည်တော့ အဖိုးမေ့နေပြီ။ အဲဒါနဲ့ ဗိုလ်ချုပ်မြမောင်ဆီ သွားပြီးတော့ …
“ဟိုးမှာ ရွာနဲ့တူတယ်။ ရွာဆိုရင်တော့ ဆန်လေး ဘာလေး ဝယ်မယ်ဗျာ”
သူက “ကောင်းသားပဲကွ” တဲ့။
“ဒီမှာ ပိုက်ဆံယူသွား” ဆိုပြီး သူက ပိုက်ဆံ ထုတ်ပေးတယ်။
သူပေးတဲ့ပိုက်ဆံကို အိတ်ထဲထည့်ပြီး အဖိုးနဲ့ ရဲဘော်တစု သွားတယ်။ အဖိုးက ရှေ့ကနေဦးဆောင်ပြီး သွားတယ်။ ခြေထောက်ကနာပေမယ့် တခြားလူကို မလွှတ်ဘူး။ စိတ်မချဘူး။ တခုခုလွဲချော်ရင် အားလုံးဒုက္ခရောက်မှာ။
ဒါနဲ့ အဲဒီရွာကိုရောက်သွားတော့ ရွာက ကရင်ရွာပဲ။ စစ်တောင်းမြစ်နဲ့ နီးတယ်။ ရွာနားရောက်တော့ ခွေးတွေဟောင်တယ်။ ခွေးဟောင်တော့ လူတွေက ထွက်ကြည့်တာပေါ့။ အဖိုးက လူတယောက်ကို လက်ယပ်ပြီးတော့ ခေါ်လိုက်တယ်။
“ကျနော်တို့ ကရင်တွေပါ။ ခင်ဗျားတို့ကို ဘာမှလုပ်ပါဘူး။ ဒုက္ခရောက်လာလို့ပါ”
ဒီလိုပြောတော့ အဲဒီလူက အိမ်ပေါ်က ဆင်းလာတယ်။ သူ ဆင်းလာတော့ အဖိုးက ပြောတယ်။
“တို့ ထမင်းမစားရသေးလို့ မင်းတို့ဆီမှာ ဆန်ဝယ်ချင်တယ်ကွာ။ ဆန်ရှိရင် ရောင်းပါ” လို့ပြောတော့ …
သူက “အေး အေး” တဲ့၊ “ကျနော် သူကြီးဆီသွားမယ်” ဆိုပြီး လူကြီးကို သွားခေါ်တယ်။ ကျေးရွာလူကြီးက လိုက်လာတယ်။ ရွာလူကြီးလာတော့ အကျိုးအကြောင်း ပြောပြတာပေါ့။
“ကျနော်တို့ ရိက္ခာလိုနေတယ်။ ခင်ဗျားတို့ဆီက ဆန် ၄-၅ တင်းလောက် ရောင်းပေးပါဗျာ။ ရော့ ဒီမှာ ပိုက်ဆံယူ” ဆိုတော့ သူ မယူဘူး။ သူက တို့ကိုကြည့်ပြီး စိတ်မကောင်းဘူးနဲ့ တူတယ်။
“မလိုပါဘူးဗျာ။ ဆန် ၅ တင်းလောက်ဆိုရင် ရမလား”
“ရပါတယ်။ ရပါတယ်”
ဒီလိုပြောပြီး သူကြီးက ပြန်သွားတယ်။ တနာရီနီးပါးလောက် ကြာတယ်။ ရွာထဲမှာ ဆန်သွားစုတယ်။ ပြန်လာတော့ ရွာသားတွေနဲ့အတူ ဆန်တွေ အိတ်ထဲထည့်ပြီး ထမ်းချလာတယ်။
အဖိုးတို့ ဝမ်းသာတာပေါ့။ ဆန် ၅ တင်းလောက် ရှိတယ်။ ရဲဘော်တွေ ခွဲပြီးထမ်းကြတယ်။ နမ့်ကျင်ရွှေတို့လည်း ပါတာပေါ့။ အမျိုးသမီးက နှစ်ယောက် ပါတယ်။ တယောက်က မနန်းရွှေတဲ့။ အဖိုးတို့ ပြန်လာပြီးတော့ မိုးမလင်းတလင်းမှာ စစ်တောင်းမြစ်ကို ဖြတ်ကူးတာပေါ့။ အဲဒီမှာ ရဲဘော်တချို့နဲ့ မိန်းကလေး ၂ ယောက် ရေထဲမျောပါသွားတယ်။ သေတာပေါ့။ မိန်းကလေးက မနန်းရွှေ နဲ့ ဟော်ဖော တဲ့။ အလောင်းကိုလိုက်ဆယ်တော့ သူတို့သေနတ်လေးတွေ သူတို့ ဖက်ထားတယ်။ အဖိုး စိတ်ထိခိုက်လိုက်တာလေ။ ပြောမနေနဲ့တော့။
ဆန်အိတ်တချို့လည်း ရေထဲနစ်ကုန်တယ်။ ဆန်တွေရတော့ တောထဲဝင်ပြီး နင်တို့အဘွားက ထမင်းချက်တာပေါ့။ ထမင်းချက်ရတာလည်း ဟမ်းကောလေးတလုံးနဲ့ သူချက်ကိုယ်ချက်ပြီးတော့ စားကြတယ်။ ကျက်တော့ အဖိုးကို ခေါ်တယ်။
“အဖိုးကြီး ထမင်းကျက်ပြီ”
အဖိုးလည်း ဆာတာကိုး။ အားရပါးရ စားမယ်လို့ ထမင်းလုတ်ကိုထည့်တော့ ရေထဲပါသွားတဲ့ ကောင်မလေး ၂ ယောက်ကို သတိရပြီး စားလို့မရတော့ဘူး။ လည်ပင်းမှာ နင်နေတယ်။သူတို့က အပျိုပေါက်လေးတွေ။ အသက် ၁၇-၁၈ အရွယ်လေးတွေ။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment