ဒေါက်တာဦးမြင့်ရဲ့ အိတ်ဖွင့်ပေးစာ
မေ ၁၉ ရက်နေ့က ရန်ကုန်မြို့ မီကာဆာဟိုတယ်မှာပြုလုပ်တဲ့ အမျိုးသား စိုက်ပျိုးရေး တိုးတက်မှုဆိုင်ရာ မူဝါဒများ စာတမ်းဖတ်ကြားပွဲမှာ စာတမ်းရှင်တစ်ဦးဖြစ်တဲ့ နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်က ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး ပြည်သူထံ အိတ်ဖွင့်ပေးစာကို ဖြန့်ဝေလိုက်ပါတယ်။ ဒေါက်တာဦးမြင့်ရဲ့ ပြည်သူထံအိတ်ဖွင့်ပေးစာ စာတမ်းကိုဖတ်ပြီး ကျေနပ်ပီတိဖြစ်လွန်းလို့ ကျွန်တော့်မှာ မျက်ရည်တောင်လည်မိပါတယ်။
လက်မလွန်သေးပါဘူး
ဆရာမြင့် ပြောထားတဲ့ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး သုံးသပ် တင်ပြချက်အားလုံးကို အပြည့်အဝ ထောက်ခံပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးကို တန်ဖိုးထားရကောင်းမှန်းမသိသူတွေက ဖျက်ဆီးဖို့ကြိုးစားခဲ့ပေမယ့် အမိတက္ကသိုလ်ကြီးဟာ လုံးလုံးလျားလျားတော့ မပျက်စီးသွားသေးပါဘူး။ ပြန်လည်တည်ဆောက်ရင် ရနိုင်သေးတယ်လို့ ယူဆပါတယ်။
မျက်စောင်းထိုးလာကြရင်
လောလောဆယ် စိုးရိမ်ဖို့ကောင်းတာက နိုင်ငံခြား စီးပွားရေးလက်ဝါးကြီးအုပ်သမားတွေက ပြည်တွင်း ပုဆိန်ရိုးတွေနဲ့ပေါင်းပြီး သူတို့ရဲ့ လုပ်ကွင်းလုပ်ကွက်အတွက် ရန်ကုန်တက္ကသိုလ်လို နေရာမျိုးကိုပါ မျက်စောင်းထိုး မျက်စိကျလာရင် ဘယ်လို လုပ်ကြမလဲ။
ဆရာမြင့်က ရန်ကုန်တက္ကသိုလ်ကြီးကို ဧရာဝတီမြစ်ကြီးနဲ့နှိုင်းပြီး ရေးထားတာ အင်မတန် သရုပ်ပေါ်ပါတယ်။ ဧရာဝတီကို ကျွန်တော်တို့ကာကွယ်သလို ရန်ကုန်တက္ကသိုလ်ကြီးကို အန္တရာယ်ကင်းအောင် ကာကွယ်ရပါမယ်။ ဒါတင်မက နဂိုမူလအတိုင်း အစဉ်အလာကြီးမား၊ ဂုဏ်သိက္ခာ မြင့်မားတဲ့ တက္ကသိုလ်ကြီးအဖြစ် ပြန်လည်တည်ဆောက်ရပါလိမ့်မယ်။
ကျောင်းသားဟောင်းတစ်ဦးအနေဖြင့်
ဆရာမြင့်စာတမ်းထဲပါတဲ့ နောက်အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို ပြန်လည်တည်ဆောက်ဖို့ နှိုးဆော်ချက်ဖြစ်ပါတယ်။ ၁၉၆၁ မှာ ကျောင်းသား နံပါတ် Number of Student - NS 39162 နဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားဖြစ်ခဲ့ပြီး ၁၉၆၇ ကျမှ အင်္ဂလိပ်စာ၊ မြန်မာစာ၊ ဘောဂဗေဒ၊ ဒဿနိကဗေဒ၊ အနောက်တိုင်းသမိုင်း ဘာသာတွဲနဲ့ ဘီအေဘွဲ့ရခဲ့တဲ့ ကျွန်တော့်အနေနဲ့ ဆရာမြင့်ရဲ့ အဆိုအားလုံးကို ချွင်းချက်မရှိ ထောက်ခံပါတယ်။ ဘာကြောင့်ဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း သည်ကိစ္စနဲ့ပတ်သက်လို့ မှတ်မှတ်ရရ အလေးအနက် ပြောဆိုခဲ့ပြီး ဖြစ်လို့ပါ။
အာအက်ဖ်အေနဲ့ ပြောခဲ့ပါတယ်
မနှစ်က ဇူလိုင် ၇ နဲ့ ဇူလိုင် ၈ နှစ်ရက်မှာ RFA အသံလွှင့်ဌာနက ကျွန်တော်နဲ့ အင်တာဗျူးကို နှစ်ရက် ဆက်လွှင့်ခဲ့ပါတယ်။ ပထမတစ်ခုက ဇူလိုင် ၇ ရက် အရေးအခင်းအကြောင်း ကျွန်တော် သိသမျှ ပြန်ပြောပြတာပါ။ ဒုတိယ အင်တာဗျူးက တကသ အဆောက်အဦကြီး မိုင်းခွဲ ဖျက်ဆီးခံရတာရယ်၊ ထိုစဉ်က အစိုးရကိုယ်စားလှယ်အချို့က တကသကြီးကို ပြန်ဆောက်ပေးပါ့မယ်လို့ ကတိပြုတာရယ်အကြောင်းတွေကို ပြောခဲ့တာပါ။ ကျွန်တော်က လာမည့်နှစ် ၂၀၁၂ ဟာ တကသကြီး ဖြိုဖျက်ခံရတာ နှစ် ၅၀ ပြည့်တဲ့နှစ် ဖြစ်ပါတယ်၊ အဲဒီအချိန်မှာ တကသကြီးကို ပြန်လည် တည်ဆောက်နိုင်အောင် ကြိုးစားကြပါစို့လို့ RFA အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
နောက်ခံအကြောင်းကတော့ ဒီလိုပါ။
၁၉၆၂ ဇူလိုင် ၇ ရက်အရေးအခင်းပြီးတော့ ကျောင်းတွေပိတ်ချလိုက်ပြီး စက်တင်ဘာမှာ ကျောင်းပြန်ဖွင့်တယ်။ အဲဒီနောက် ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေပေါ်လာတော့ ဒီတစ်ကြိမ်မှာ တော်လှန်ရေးအစိုးရက အင်အားသုံး မနှိမ်နင်းဘဲ ဆွေးနွေးရအောင်ဆိုပြီး ကျောင်းသားကိုယ်စားလှယ် ၄ ဦး ကော်မတီကို ၁၉၆၂ နိုဝင်ဘာလထဲမှာ ဖိတ်ခေါ်ဆွေးနွေးတယ်။ တကသ ခေါင်းဆောင်တွေ ထောင်ထဲရောက်သူ ရောက်၊ တိမ်းရှောင်သူ တိမ်းရှောင်နေကြရချိန်မှာ ကျွန်တော်တို့က သဟာယနှင့် စာဖတ်အသင်းများအဖွဲ့ချုပ်ဖြစ်မြောက်ရေး ကြိုးပမ်းရင်း ပြန်လည် စုစည်းခဲ့ကြတာပဲဗျ။ ၄ ဦးကော်မတီထဲက ကိုတင်ထွန်းတစ်ယောက်ပဲ ကွယ်လွန်ပါသေးတယ်။ ကိုချစ်ဆောင်(ကသာ)၊ ကိုတင်အေး ( မြင်းခြံ)နဲ့ အဲဒီတုန်းက ပဲခူးစိုးသိမ်းလို့ သိကြတဲ့ ကျွန်တော် ပါဝင်ပါတယ်။ အစိုးရကိုယ်စားလှယ်များအဖြစ် ဗိုလ်မှူးကြီး သန်းစိန်၊ ဗိုလ်မှူးကြီး တင်စိုး၊ ဗိုလ်မှူးကြီး ဒေါက်တာမောင်လွင်တို့ ပါဝင်ပါတယ်။
ပြန်ဆောက်ပေးပါ့မယ် ပြောခဲ့
ဆွေးနွေးတဲ့အကြောင်းအရာ များစွာထဲက လောလောဆယ် သက်ဆိုင်တာကို ပြောရရင် မိုင်းခွဲခံခဲ့ရတဲ့ တကသ အဆောက်အဦကြီးကို ပြန်ဆောက် ပေးပါ့မယ်၊ ကျောင်းသားတွေ စိတ်ကြိုက် ဗိသုကာလက်ရာပေးရင် ပေးတဲ့အတိုင်း ဆောက်ပေးမယ်၊ ယခင်မူလပုံစံအတိုင်း ပြန်လိုချင်ရင်လဲ အရင်အတိုင်း ဆောက်ပေးပါမယ်လို့ သူတို့က ပြောလာပါတယ်။
နှစ်ကြိမ်အဖျက်ခံရတဲ့ တကသ
ကျွန်တော်တို့က တကသ အဆောက်အဦကို သင့်တော်တဲ့အချိန်မှာ ကျွန်တော်တို့ဘာသာ ပြန်ဆောက်မယ်၊ မိဘပြည်သူတွေက ကျွန်တော်တို့ကို ကူမှာပါလို့ ပြန်ပြောခဲ့ပါတယ်။ နောက်နှစ်လလောက်ကြာတော့ ကျွန်တော်တို့ ဘာသာ တဲတန်းလျားကြီးတစ်လုံးဆောက်ပြီး တကသ အဆောက်အဦလို့ သမုတ်ခဲ့ပါတယ်။ အဲဒီအဆောက်အဦလည်း ၁၉၆၃ ဒီဇင်ဘာလမှာ ဖြိုဖျက်ခံလိုက်ရတာပါပဲဗျာ။ ဒါနဲ့ပါဆိုရင် တကသ အဆောက်အဦးကို နှစ်ကြိမ် အဖျက်ခံရတယ်လို့ မှတ်သားရမှာပဲဗျ။
တကသ တဲတန်းလျားကြီးသာမက ကျွန်တော်တို့လက်နဲ့ တည်ဆောက်ခဲ့တဲ့ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် ကျောက်တိုင်ကြီးလည်း တဲကြီးနဲ့ တစ်ချိန်တည်း ဘူလ်ဒိုဇာနဲ့ ကော်ထိုး ဖျောက်ဖျက်ခံလိုက်ရပါကောလား။ ဇူလိုင် ၇ ရက် အရေးတော်ပုံကျောက်တိုင်လို့ နာမည်ပေးခဲ့တဲ့ အဲဒီကျောက်တိုင်ဟာ တကသ အဆောက်အဦကြီး မိုင်းခွဲ ဖြိုဖျက်ခံရအပြီး ကျန်ရှိတဲ့ အုတ်ခဲတွေကို တက္ကသိုလ်ဓမ္မာရုံဝင်းကြီးထဲ ပုံထားတဲ့နေရာက ၁၉၆၃ ဇန်နဝါရီလဆန်းမှာ ကျောင်းသား ကျောင်းသူတွေ လက်ဆင့်ကမ်းသယ်ယူပြီး စက်မှုတက္ကသိုလ်ကျောင်းသားတွေ လုပ်အားနဲ့ ဗိုလ်အောင်ကျော် အုတ်ခုံဘေးမှာ တည်ဆောက်ခဲ့တဲ့ ကျောက်တိုင်ပါ။ (မှတ်ချက်။ ဗိုလ်အောင်ကျော်အုတ်ခုံလို့ ကျွန်တော် သုံးနှုန်းလိုက်တာက တချို့က ကျောက်တိုင်လို့ အမှတ်မှားနေကြလို့ပါ။ တကယ်က ဗိုလ်အောင်ကျော် ရုပ်ထုတင်ဖို့ ဆောက်လုပ်ထားတဲ့ အုတ်ခုံသာဖြစ်ကြောင်း ရှေးမီနောက်မီလူကြီးတွေကို ကျွန်တော် မေးပါများ စကားရထားတာပါ။ ဗိုလ်အောင်ကျော်ရုပ်ထုက အကြောင်းမညီညွတ်လို့ မပြီးနိုင်တာနဲ့ အုတ်ခုံကိုပဲ ကျောက်တိုင်အဖြစ် အသိအမှတ်ပြုခဲ့ကြတာလို့ ဆိုပါတယ်။)
ပျော်ပျော်ပါးပါး အုတ်မြစ်ချရအောင်
၁၉၈၈ အရေးတော်ပုံအတွင်း သမ္မတ ဒေါက်တာမောင်မောင်က ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများ ၃ လအတွင်း ကျင်းပပေးပါမယ်လို့ ကတိပေးတဲ့ မိန့်ခွန်းအဆုံးမှာ တက္ကသိုလ်သမဂ္ဂ အဆောက်အဦကြီးကိုလည်း ပျော်ပျော်ပါးပါး အုတ်မြစ်ချကြရအောင်လို့ ကတိပေးသွားပါသေးတယ်။ ဘာပဲပြောပြော ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို မိုင်းခွဲဖျက်ဆီးခဲ့တဲ့ လုပ်ရပ်အတွက် ဆင်ခြင်တုံတရား ရှိသူတိုင်းဟာ အပြစ်ရှိတယ်လို့ ခံစားမိကြမှာပါပဲ။ တစ်နည်းနည်းဖြင့် ကျောင်းသားတွေ ကျေနပ်အောင် ပြန်လုပ်ပေးသင့်တယ်လို့ ယူဆသူတွေ အများကြီး ရှိခဲ့တာ သေချာပါတယ်။
ယခု ဆရာဒေါက်တာဦးမြင့်က ပြည်သူသို့ အိတ်ဖွင့်ပေးစာနဲ့ ဒီကိစ္စတွေကို နှိုးဆော်လိုက်တာ အင်မတန်မှ ကျေးဇူးတင်ဖို့ ကောင်းပါတယ်။
အခြားတက္ကသိုလ်များ ပစ်ပယ်ရာမရောက်ပါ
ရန်ကုန်တက္ကသိုလ်ကို အထူးအလေးထားပြီး ယခင်ကလို ဂုဏ်သိက္ခာမြင့်မားတဲ့ ဦးဆောင် တက္ကသိုလ်ကြီးအဖြစ် ပြန်လည် မြှင့်တင်ခြင်းဟာ နိုင်ငံအဝန်းမှာရှိနေတဲ့ အခြားတက္ကသိုလ်/ ကောလိပ်များကို ပစ်ပယ်ရာ ရောက်မယ်လို့ ကျွန်တော်ကတော့ မမြင်ပါဘူးခင်ဗျာ။ ကျွန်တော်တို့ ပြည်သူ့ခေတ်ဂျာနယ်မှာ ဆရာ ဒေါက်တာ တင်လှိုင် (ဘိုးလှိုင်) ဆောင်းပါးအခန်းဆက် ရေးသားတင်ပြခဲ့တဲ့ နိုင်ငံဂုဏ်ဆောင် အမျိုးသားတက္ကသိုလ်ကြီးအဆင့်မျိုးကို ဆိုလိုတာလို့ နားလည်လိုက်ရင် ပိုပြီး ရှင်းလင်းသွားမယ် ထင်ပါတယ်ဗျာ။
အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး
တကသ အဆောက်အဦကြီး ပြန်လည်တည်ဆောက်ရေးကတော့ ယခုအခါ ကျောင်းသားသမဂ္ဂများ ပြန်လည် ဖွဲ့စည်းနေကြချိန်နဲ့ အချိန်ကိုက်ပဲဖြစ်လို့ ယခုနှစ်အတွင်း (ဖြစ်နိုင်ရင် လာမည့် ဇူလိုင်လအတွင်း) အုတ်မြစ်ချနိုင်အောင် ဝိုင်းဝန်းကြမယ်ဆိုရင် အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကား ပြည်သူအများ ကျေနပ်အားရဖြစ်ကြမှာ သေချာတယ်ဗျ။ လက်ရှိအစိုးရကပါ လိုလိုလားလား အားပေးကူညီမယ်ဆိုရင်တော့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက်ပါ ကောင်းချီးမင်္ဂလာဖြစ်ပေလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်ဗျာ။
ရန်ကုန်တက္ကသိုလ်ကြီးကို ကယ်တင်ဆယ်မရေးနဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦကြီး ပြန်လည် တည်ဆောက်ရေးကို ပြည်သူအားလုံးက စိတ်ဓာတ်ရေးရာ တာဝန်သိမှုဖြင့် ဝိုင်းဝန်းကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ကြောင်းပါဗျာ။
၀၁၊ ၀၆၊ ၁၂
maungwuntha@gmail.com
No comments:
Post a Comment