သူ အိပ်ကပ်ထဲနှိုက်၍ သစ်သားအခေါင်းထဲမှ ဆေးလိပ်တိုကို ထုတ်ပြန်သည်။ သူ အလုပ်ရှုပ်နေခိုက် သူ့ဘေးမှ လျှောက်လာသော ညိုက ဒီ ဦးထုပ်ပျော့ အစုတ်ကြီးပဲ ဆယ့်နှစ်ရာသီ သူ ဆောင်းနေတာပဲ၊ နှုတ်ခမ်းမွှေး ထူလပျစ်ကြီးနဲ့ အဖိုးကြီးရုပ် သူဖမ်းထားရတာ အတော်ကျေနပ်နေတယ် ထင်တယ်ဟု တွေးနေမိ၏။
“အဲဒါ ... သူအိမ်ဘေးက မိန်းမတယောက်ကတွေ့တော့ မေးပြီးဝယ်ရောဗျာ ... သူက ဆိုပါတော့ အဲ ... တကျပ်ဖိုး လေးတောင့်ဆိုတော့ ဟိုမိန်းမက ကိုဆွေရယ် အချင်းချင်းတွေပဲ မရဘူး ငါးတောင့်ထား ဆိုပြီး ဆစ်တယ်။ သူလည်း အားနာပြီး ပေးလိုက်တယ်။ တခါ နောက်တယောက်တွေ့ပြန်တော့ အားပေးဦးမယ်ဆိုပြီး ဝယ်မယ်လုပ်၊ ဈေးမေးတော့ တကျပ်ဖိုးလေးတောင့်ကို ငါးတောင့်ရအောင် ဟိုတယောက်က ဆစ်သွားတာပဲ။ ကဲ .. ခင်ဗျားလည်း ငါးတောင့်ပဲ ယူဆိုတော့ ဒုတိယအမျိုးသမီးက ဟာ ... ဘယ်ရမလဲ ကျမနဲ့ရှင်က ဒီလောက်ရင်းနှီးတာ ခြောက်တောင့်ပေးရမယ်ဆိုပြီး အနိုင်ကျင့်ရော”
သူ့စကားကြောင့် ညိုမှာ ဒန့်သလွန်သီးများပွေ့လာရင်း ပြုံးမိသည်။ စာပို့ရထား သူမတို့ နံဘေးမှဖြတ်သွားသည်အထိ ခေတ္တစကားတိတ် လျှောက်လာပြီးမှ သူ ဆက်သည်။
“ဒါနဲ့ တတိယ တယောက်နဲ့ လမ်းထဲတွင် တွေ့ပြန်ရော ... ဝယ်မယ်ဆိုတော့ ...” သူ စကားမဆက်ဘဲ သံလမ်းကို ဖြတ်ကူးရန် ဇလီဖားတုံးများကို နင်းကျော်နေခိုက် …
“အဲဒီ မိန်းမကြီးက သူကျတော့ မရဘူး ခုနစ်တောင့် ပေးကိုပေးရယ်လို့ အနိုင်ကျင့်ပြန်ရော မဟုတ်လား” ဟု ညိုက ပြုံးလျက် မေးသည်။
“ဟာ ... မဖတ်ဖူးဘဲ တယ်သလောပေါက်လွယ်ပါလား”
သူ ကျေနပ်စွာ ညို့မျက်နှာအား လှည့်ကြည့်သည်။ သနပ်ခါး ကပိုကရိုပွတ်ထားသော ညို့ပါးပြင်တွင် နေခြည်နုဖြင့် ဖွေးကာ တင့်တယ်ပါဘိ …။
“ကဲ ဒီလိုနဲ့ နောက်တယောက်တွေ့တော့ ရှစ်တောင့်ပေးရရော ဆိုပါတော့ ... ဒါနဲ့ ဒန့်သလွန်သီးတွေ ကုန်ရောလား”
“အေးလေဗျာ … ဒီလောက်နဲ့ ဘယ်စာဖွဲ့ဦးမလဲ၊ ညကျတော့ ဇာတ်လမ်းက တစ်ကနေပြန်စတယ်” ဟု သူစကားကို ဆက်သည်။ သဲနုနုခင်းထားသော တောလမ်းကလေးထဲ သူတို့ ကွေ့ဝင်ချိုးလိုက်ကြ၏။
“ကဲ ... ခုနစ်တောင့်ရလိုက်တဲ့သူက ရှစ်တောင့် မရလို့ မကျေနပ်၊ ခြောက်တောင့်နဲ့ ရလိုက်တဲ့သူက ခုနစ်တောင့် မပေးလို့ဆိုပြီး ရန်တွေ့၊ သူ့ခမျာ ကျေနပ်တဲ့နှုန်းနဲ့ ရောင်းခဲ့ပြီးပါလျက် ဝိုင်းပြီး ရန်တွေ့ခံရတာပဲပေါ့”
ညို အသံတိုးတိုးရယ်နေစဉ်ပင် စာအုပ်ဆိုင်ကလေးကို အကွေ့မှာ ဘွားခနဲ တွေ့လိုက်ရ၏။ သူ ပျော်ရွှင်စွာ ဤသို့ပြောသည်။
“ဟော ... စာအုပ်ဖတ်ရတော့မယ် ... ကျေးဇူးတင်တယ်ဗျာ ကျုပ်မှာ အရက်သမားတွေပြောသလို နေစောင်းရင် ဖေသောင်းတို့ အရည်တောင်းပြီဆိုတာမျိုး စာဖတ်ချင်တဲ့ ဝေဒနာထလွန်းလို့ ... ခုမှ ပြည့်တော့တယ်”
သူ ခြေလှမ်းကျဲကြီးများဖြင့် ဦးဆောင်လိုက်သောသူအား အမီလိုက်ရင်း ညိုက ... “နေပါဦး စာအုပ်ငှားတော့ အာမခံပေးရအောင် ညို့ကို နာမည်ပြောထားဦးလေ” ဟု သတိပေး၏။
“အေးဗျာ ... ဖေသောင်းလို့ပဲ မှတ်ထားဗျာ” ဟုသာ သူ ပြောသည်။
xxxxx xxxxx xxxxx
လျှပ်စစ်မီးကြိုးသွယ်ထားပါလျက် ညစဉ်လိုလို မှန်မီးအိမ်ထွန်းနေရသည်မှာ ကမောက်ကမနိုင်လှသော ဖြစ်စဉ်တခုဟု ညို တွေးမိသည်။ အဖိုနဲ့အမ ကြိုးနှစ်ချောင်းတွဲပါလျက် အလင်းဓာတ်ကား မရ၊ မီတာပုံး၏ဖြစ်တည်မှုသည် ပိုင်ရှင်အား ထိမ်းသိမ်းစောင့်ရှောက်ခတောင်းခံရန် သက်သက်သာ။
အဖေက ဓာတ်ခဲရေဒီယိုဖြင့် တဂွီးဂွီး တဂွမ်းဂွမ်း လေတိုးသံများအကြား ပြည်ပမှလွှင့်သောလိုင်းကို ကြိုးစားပမ်းစား ဖမ်းနေသည်။ ညိုမှာ မှန်မီးအိမ်အောက် ကြမ်းပေါ်မှောက်လျက် စာအုပ်ထဲမှ စာအချို့ကို ကူးရေးတန် ရေး ကျော်ဖတ်တန် ဖတ်နေ၏။
ဖေသောင်းဟု သူ့အားခေါ်စေ၍ ဒီစာအုပ် ဖတ်ပါလား ... ဟိုဟာထက်စာရင် တော်သေးတယ်၊ စသဖြင့် အကြံပေးရင်း သူ စွက်ဖက်သမျှ ညို ဖတ်လေ့မရှိသည့် စာအုပ်အချို့ ဖတ်ဖူးလာသည်။ သို့တိုင်အောင် သူကား ကျေနပ်ဟန် မပြသေး။ ဒီဆိုင်ကလေးက မစွံလှဘူး။ ဘာမှ အကျိုးမရှိတာတွေ များနေတယ်ဟု တဗျစ်တောက်တောက် ဝေဖန်ပေါင်းများပြီ။ နေစောင်းပြီဆိုလျှင် ဖေသောင်းနှင့် သူမ ဆုံကြစမြဲ၊ စာအုပ်ပြန်အပ်ရင်း ညနေခင်း စကားစမြီများဖြင့် ပိုမိုနွေးထွေးလာသော နွေညများကို သူမတို့ ကြုံခဲ့ကြပြီ။
“ဈေးကြီးထဲမှာတော့ စာအုပ်ဆိုင် အကြီးကြီး ရှိတယ်။ အဲဒီမှာဆို စုံမှာပဲ”
ထိုသို့ ညို သတင်းပေးသည်တွင် သူ တအံတသြဖြင့် “ဟုတ်လား၊ ကျုပ် မရောက်ဖူးဘူး လုပ်စမ်းပါဦး၊ ဘယ်လိုကြံကြမလဲ စာကောင်းတွေ သိပ်ဖတ်ချင်တယ်” ဟု အငမ်းမရ ပြန်မေးသည်။
“ညိုနဲ့လည်း သိတာမဟုတ်ဖူး … စဘော် ပေးငှားရင်တော့ ရမှာပါ”
“အေးဗျာ ... ဈေးကြီးက ဝေးသလား” “စက်ဘီးနဲ့သွားရင် သိပ်မကြာပါဘူး”
“လုပ်ဗျာ ခပ်သုပ်သုပ်လုပ် ... ကျုပ် စဘော်ငွေရှာပြီး သွားချင်တယ်၊ အဲ ... တခါလောက်တော့ လိုက်ပို့ရင် အကောင်းသား … ခက်တာက ကျုပ်မှာ စက်ဘီးလည်း မရှိဘူး ဘယ်သူက ငှားမလဲ”
နေရာတကာ အခက်အခဲရှိနေသော သူ့အား ညို သနားလည်းသနား ရယ်လည်းရယ်ချင်နေသည်။
“ညို့မှာ ရှိပါတယ် ... ဒါပေမယ့် ... အင်းလေ … အဆင်ပြေတဲ့တနေ့ သွားငှားကြတာပေါ့၊ ဈေးကြီးက မနက်ပိုင်းနဲ့ နေ့လည်ပဲ ဖွင့်တာနော် ...”
“အေးဗျာ ညိုဟာ အတော်အားကိုးရတဲ့ မိတ်ဆွေပဲ” ဟု သူ အားကိုးတကြီးပြောခဲ့သည်။ ဘာကြောင့်ရယ် မသိ၊ သူမ ယုံကြည်မှုတခုဖြင့် သူနှင့်ချိန်းဆိုကာ ဈေးကြီးသို့သွားခဲ့၏။ ထိုမနက်ခင်းကိုလည်း မကြာခဏ သတိရနေမိသည်။
xxxxx xxxxx xxxxx
ဘူတာရုံကလေးနံဘေး ဖြစ်သလိုချရောင်းနေသော လမ်းဘေးဈေးတွင် ဟင်းသီးဟင်းရွက်မှအပ အခြားကုန်စုံရှားပါး၍ ဈေးကြီးသို့ သုံးလေးရက်တခါ ကုန်ခြောက်ဝယ်ရန် ညိုသွားရစမြဲ။ ထိုမနက်တွင်လည်း သူ့အား ကားလမ်းတနေရာမှ စောင့်နေရန် မှာထားခဲ့ပြီး သူမတို့ တွေ့ကြသည်။
သူသည် ဦးထုပ်ပျော့ကြီး အပါအဝင် သူ့ထုံးစံအတိုင်း ခပ်ကုတ်ကုတ်နိုင်လှသော အဝတ်များဖြင့် ကားလမ်းနံဘေး ချောင်ကျကျ၌ မရဲတရဲ ရပ်နေ၏။ ညို့စက်ဘီး သူ့နံဘေးရောက်လာသည်။
“တက် ... မြန်မြန် ...” ဟု ညိုခေါ်သည်နှင့် ကျီးကန်းတကောင်လို သွက်လက်စွာ ညို့ စက်ဘီးနောက်ခုံပေါ် သူ ပါလာသည်။ မိန်းကလေးကနင်းတာ စီးရတာဆိုတော့ ... ဟု သူ စကားစပြီး မဆက်တော့၊ “ဒါတွေ အရေးမကြီးပါဘူး စာအုပ်ကြိုက်တာ ငှားရဖို့ပဲ လိုတယ်” ဟု ညိုပြန်ပြောသည်ကို “ဟုတ်တယ်” ဟုသာ သူ ထောက်ခံပြီး ပါလာသည်။
“ကိုဖေသောင်းတို့တောမှာ စက်ဘီးရှိသလား”
မနက်ခင်းလေပြေက နွေအပူကို အနိုင်ရဆဲမို့ ကြည်လင်သော ကောင်းကင်အောက် သူတို့နှစ်ယောက် စက်ဘီးပေါ်ပါလာရင်း ညိုက လှည့်မကြည့်ဘဲ မေးသည်။ သူသည် သူ့မျက်နှာရှေ့ မကြာခဏရောက်လာသော ညို၏ ဆံနွယ်စများကို ကြည့်နေရာမှ ...
“အင်းရှိတာပေါ့၊ ဘာဖြစ်လို့လဲ”
“ကိုဖေသောင်း စက်ဘီး မနင်းတတ်ဖူးလားလို့ပါ”
“သြော် ... နင်းတတ်ပါတယ်” ဟုသာ သူ ဖြေသည်။
ညိုက တောအကြောင်း တောင်အကြောင်း လျှောက်မေးသမျှ သူက တောဆိုတာကတော့ သစ်ပင်မျိုးစုံ အများကြီးရှိတာပေါ့၊ တောင်ဆိုတာကတော့ မြေပြန့်ထက် အများကြီးမြင့်တဲ့ ကုန်းမြေပေါ့ဟု နောက်သလို ပြောင်သလိုသာ ဖြေနေခဲ့၏။
လမ်းနံဘေးတနေရာ ကားဂိတ်တခုတွင်ရပ်၍ ကောက်ညင်းပေါင်းနှင့် အကြော်စားရန် ညိုက ဆန္ဒပြုသည်။ သူ မငြင်းသော်လည်း ချောင်ကျရာရွေး၍ ခပ်ကုတ်ကုတ် ထိုင်နေကြ၏။ တောသားတယောက်သည် လူစည်ကားသော ကားဂိတ်ကို အဘယ်ကြောင့်မငေးဘဲ ကျောခိုင်းနေရပါသနည်း။ သူ ဖတ်လေ့ရှိသော စာအုပ်များမှာလည်း လူဖတ်နည်းလေ့ရှိသော အရုပ်မပါ စာသက်သက် သာမန်အားဖြင့် ငြီးငွေ့ဖွယ်များသာ။ ဤ ကိုဖေသောင်းဆိုသူသည် လူ့အသိုင်းအဝိုင်းတခုကို အကြောင်းတခုဖြင့် ရှောင်ဖယ်ဖယ်လုပ်နေမှန်း ညို ရိပ်စားမိသည်။
ကောက်ညင်းပေါင်းနဲ့တွဲလျက် လက်ဖက်ရည်ရသည်ဆိုစဉ်က သူ အလွန်နှစ်သက်ဟန်ဖြင့် လုပ်ဗျာ ကောင်းတယ်ဟု ဆိုကာ မှာခိုင်းသည်။ တကယ်တမ်း လက်ဖက်ရည်ရောက်လာ၍ သူ သောက်ကြည့်ပြီး မျက်နှာပျက်သွားသည်ကိုလည်း ညို သတိပြုမိ၏။
“ဘာဖြစ်လို့လဲ ... ငရုတ်သီးစပ်လို့လား”
ညို့ဟာသကို သူ မရယ်နိုင် “ချိုရဲကြီးဗျာ လက်ဖက်ခြောက်ကလဲ” ဟု လွှတ်ခနဲပြောပြီးမှ “အေးလေ ကျုပ်တို့တောက အတိုင်းပါပဲ” ဟု လျှောချကာ မရယ်ချင်ရယ်ချင် ရယ်နေသည်။
“ကိုဖေသောင်း တို့တောမှာ အထက်တန်းကျောင်းရှိလား”
သူ့မျက်နှာ မအီမသာဖြစ်သွားပြန်ပြီး ရှိတဲ့တောမှာ ရှိတယ်။ မရှိတဲ့တောမှာ ကျောင်းတောင် မရှိဖူး။ မူလတန်းကျောင်းရှိတဲ့ တောတွေမှာလည်း စာမသင်နိုင်တဲ့ကလေးတွေ အများကြီး၊ ကျောင်းစာရိတ် မတတ်နိုင်တာရော၊ မိဘအလုပ်တွေမှာ ဝင်နေကျရတာရော ... ရင်မောစရာကြီးဟု စကားကြောကို တဖက်သို့လှည့်ကာ ပြောသည်။
ညိုသည် ကောက်ညှင်းတဆုပ် နှိုက်ပြီးမှ ဟုတ်လား ဟု တအံ့တသြ မေး၏။
“ဒါ ဘာမှ မဆန်းပါဘူး၊ မြို့က ပညာတတ်တွေ တောမှာ ကျောင်းဆရာသွားလုပ်ကြဖို့ တိုက်တွန်းရုံနဲ့ ဒီပြဿနာ မပြီးသွားဘူး၊ သင်ပေးသူဘက်က ပြည့်စုံတောင် သင်ယူသူဘက်က ယူနိုင်မယ့်အခြေအနေ လိုသေးတယ်။ တချို့ ကလေးတွေဆိုရင် အစ်ကို တနှစ်၊ ညီ တနှစ် ကျောင်းတက်နေရတယ်”
သူ့စကား မရှင်း၍ ညိုက ဘယ်လိုဟု ပြန်မေးသည်။
“အစ်ကို ကျောင်းနေတဲ့နှစ်မှာ ညီက မနေနိုင်ဘူးလေ၊ ငွေမလုံလောက်လို့ ဆိုပါစို့။ နောက်နှစ်တော့ ညီ ကျောင်းနေ၊ အစ်ကိုက မိသားစု ဝင်ငွေရှာ၊ ဒီလို ကြံဖန်သင်ရတာပဲ”
သူ့စကားတွင် သတင်းတရပ်အနေဖြင့်သာမက တစုံတခု ဟောပြောချက်ပုံသဏ္ဍန် ရောက်လာသည်အထိ ညို နားထောင်နေရသည်။ ဒါနဲ့ ကိုဖေသောင်းက ပညာဘယ်လောက်သင်ခဲ့ရသလဲဟု သူမ ဖြတ်မေး၏။ အင်း ... ရေးတတ် ဖတ်တတ်တော့ရှိတာပေါ့ဟု သူ ဖြေကာ၊ သွားကြရအောင် နှိုးဆော်သည်။
ဈေးကြီးရောက်၍ စာအုပ်ဆိုင်သို့ တန်းသွားကာ သူ ငှားလိုသည့်စာအုပ်ကိုရွေးစဉ်လည်း ညို သတိထားမိသည်။ ဘာသာပြန်စာအုပ်များဘက် သဲသဲမဲမဲ သူ လိုက်ရှာနေသည်ကို မသိကျိုးကျွံပြု၍ ညို ဈေးဝယ်လိုက်ဦးမယ် ဟူ၍ပြောကာ ထွက်ခဲ့၏။
ဈေးဝယ်ပြီးပြန်အရောက် သူ့လက်ထဲ စာအုပ်နှစ်အုပ်ပွေ့လျက် ...
“နာတယ်ဗျာ ... ဖတ်ချင်တာတွေ အများကြီးရှိတယ်၊ စဘော်မတတ်နိုင်တော့လို့ နှစ်အုပ်ထဲငှားနိုင်တယ်။ ကျုပ်အဖြစ်က ရတနာသိုက်ကြီးတွေ့ခဲ့ပါလျက် ဂူအက်ကွဲကြားထဲ ဝင်မရလို့ အဝက လက်လှမ်းမှီရာ ဒင်္ဂါးနှစ်ပြားလောက်ပဲ ကောက်လာရသူထက် နစ်နာသေးတယ်”
ညိုကဈေးကြီးသို့ ထပ်မလာမချင်း စာအုပ်ပြန်မအပ်နိုင်ပဲ ရက်တိုးတက်မည့်အရေး တွေးပူနေစဉ် သူက ပိုက်ဆံ ထပ်ရှာဦးမယ်ဗျာ ဒီတခါ ငွေစများများနဲ့ရင်းပြီး ဘဏ္ဏာသိုက်က တကျုံးကြီးနှိုက်မယ် ဟု ကြိမ်းဝါးနေပါ၏။
အပြန်လမ်းတွင် သူမက နောက်ကထိုင်၍ စာအုပ်များ မြည်းကြည့်သည်။ နိုင်ငံတကာ၏ နောက်ခံအကြောင်းနှင့် ယနေ့ကာလကို ဖော်ပြထားသော စာအုပ်မှန်းသိ၍ ပြန်ပိတ်လိုက်ရင်း “ကိုဖေသောင်း မြို့ကြီးပြကြီးတော့ ရောက်ဖူးတယ် မဟုတ်လား” ဟု မေးပြန်၏။
သူ ဟက်ခနဲရယ်ပြီး “နိုင်ငံခြားတွေတောင် ရောက်ဖူးတယ်”ဟု ပြန်ဖြေသည်။
“ဟုတ်သလား … ဘယ်နိုင်ငံတွေလဲ”
“အို ... အများကြီးပေါ့၊ အခု ညို ယူကြည့်တဲ့စာအုပ်ထဲက နိုင်ငံတွေ၊ ကျုပ် ဒီနေ့ရောက်ဦးမှာပေါ့ မဟုတ်ဖူးလား”
ညို တဦးတည်း ပြုံးနေသည်။
လမ်းအခွဲတွင် သူမအား နှုတ်ဆက်ရင်း “ကျေးဇူးတင်တယ်နော် ... ကျုပ်အတွက်တော့ ညိုဟာ အဖိုးအိုရဲ့တောင်ဝှေးထက် အားကိုးရတယ်။ ဒေါ်ကျွဲမကြီးရဲ့မြေးလို့ မပြောရဘဲ သိသာနိုင်တဲ့အချက်ပဲ” ဟု ချီးမွမ်း၏။
ညို အိမ်ထဲကထွက်စဉ် သူမြင်ခဲ့ဖူး၍ "ညိုတို့အိမ်လား" ဟုမေးစဉ်က "ဟုတ်ပါတယ် ဒေါ်ကျွဲမကြီးက ညို့အဖွား" ဟု သူမ ရယ်ကာ ဖြေခဲ့ဖူးသောကြောင့်ပင်။
xxxxx xxxxx xxxxx
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment