လယ်သိမ်း မြေသိမ်းတာတွေ
ဝေါမြို့နယ်က ညည်းသံ ညူသံတွေ
သုညမှာတောင် အနုတ်လက္ခဏာပြတဲ့ လယ်သမားတွေရဲ့ဘဝဟာ ဒီနေ့ထိ မပြောင်းလဲသေးပါဘူး။ အချိန်ကာလတစ်ခုမှာ လယ်သမားတွေ ငွေစကြေးစ ရွှင်ခဲ့ဖူးပါရဲ့။ ဒေါ်လာဈေး ၁၂၀၀ ကျော်ခဲ့ချိန်က လယ်ယာထွက် သီးနှံတွေ ဈေးကောင်းကောင်းရလို့ ရွာတွေမှာ သွပ်မိုးတစ်ဖွေးဖွေးနဲ့ ဖြစ်ခဲ့ကြတာ အမှန်ပါပဲ။ သို့ပေမယ့် ခုတော့ တစ်နိုင်ငံလုံး လယ်သမားအများစု ကပ်ဆိုက်နေကြပြီ။ သီးနှံတွေ ပျက်တာ၊ ဆုံးရှုံးတာ၊ အောက်ဈေးနဲ့ ရောင်းရတာ၊ အရင်းတောင် ပြန်မပေါ်တာ သုံးလေးနှစ် ဆက်တိုက်လိုဖြစ်ခဲ့၊ ကျွန်တော့် ဇာတိ ဝေါမြို့နယ်က ဆွေမျိုးသားချင်းတွေရဲ့ ညည်းသံညူသံတွေကို ကျွန်တော့်မှာ သက်ပြင်းပူကြီးတွေ မှုတ်ထုတ်လို့သာပဲ နားထောင်ခဲ့ရတယ်ဗျာ။
စိုက်ပျိုးရေးလုပ်ဖို့ မဟုတ်
သည်ကြားထဲ ငွေရှင်ကြေးရှင်တွေက လယ်မြေတွေကို မျက်စောင်းတထိုးထိုးနဲ့ မောင်ပိုင်စီးဖို့ အကြံအဖန်တွေ လုပ်ခဲ့ကြတယ်ဗျ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လယ်မြေဧက ထောင်သောင်းချီပိုင်ဆိုင်ပြီး စက်မှုစွမ်းအားနဲ့ ခေတ်မီ နည်းပညာတွေနဲ့ စိုက်ပျိုးထုတ်ကုန်တွေ အကြီးအကျယ် ထုတ်လုပ်သူတွေအကြောင်း ဖတ်ဖူးလေ့လာဖူးပါတယ်။ သို့ပေမယ့် အခု ကျွန်တော်တို့ဆီမှာ လယ်မြေတွေ အကြံအဖန်နဲ့ မောင်ပိုင်စီးဖို့ ကြိုးစားနေသူတွေက အဲသလိုမျိုး မဟုတ်ပေဘူးဗျ။ သူတို့အကြံက မကြာခင် နိုင်ငံခြားက ဝင်လာတော့မယ့် ရင်းနှီးမြှုပ်နှံသူတွေလက်ထဲ မတန်တဆ အကျိုးအမြတ်ယူပြီး လက်လွှဲရောင်းစားကြမှာ ဖြစ်တယ်ဗျာ။ လယ်သမားဆီက တစ်ဧက ၃ သိန်းလောက်နဲ့ ခြိမ်းခြောက်ပြီး ရယူထားတဲ့မြေတွေကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေလက်ကို တစ်ဧက သိန်း ၃၀၀၀ လောက်နဲ့ ပြန်ရောင်းကြမှာ ဖြစ်တယ်ဗျ။
ဗိုလ်ချုပ်က ဘယ်လို ပြောခဲ့သလဲ
ဒီမိုကရေစီနိုင်ငံတော်ဆိုတာ ငွေရှင်ကြေးရှင်တွေ ခြယ်လှယ်ချင်သလို ခြယ်လှယ်နိုင်မယ့် အနေအထားမျိုးကို ခွင့်ပြုလိမ့်မယ်လို့ ကျွန်တော်တော့ လုံးဝ မယုံကြည်ဘူးဗျ။ ဒီလို အကြောင်းအရာမျိုးကို မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းက ဘယ်လိုများ ရှုမြင်ခဲ့လေမလဲလို့သိချင်တာနဲ့ ဗိုလ်ချုပ်မိန့်ခွန်းများစာအုပ်မှာ ရှာဖွေကြည့်တော့ တွေ့ရပါကောလားဗျာ။
၁၉၄၆ ခု ဇန်နဝါရီလ ဖဆပလ ပဏာမညီလာခံကြီးမှာ ဗိုလ်ချုပ် အောင်ဆန်းက - “အမှန်ကတော့ ဘယ်နိုင်ငံရေး၊ စီးပွားရေးစနစ်မှ အမြဲတည်တံ့တာ မရှိဘူး။ သူ့အချိန် သူ့အခြေအနေအလိုက် ဖြစ်လာကြတာပဲ။ ဒီတော့ ကျွန်တော်တို့ ဗမာပြည်အဖို့မှာတော့ အလယ်အလတ်အဆင့်မှာရှိတဲ့ ဒီ အရင်းရှင်ကိုစနစ် ကျော်မသွားသေးပေမယ့် အဲဒီစနစ် ထင်တာမလုပ်နိုင်ဘဲ ဒီစနစ်ကို အမြန်ဆုံးကျော်သွားနိုင်မယ့် စီးပွားရေး သဘောတရားတွေကို အခြေခံပြီး တိုင်းပြည်တည်မှသာလျှင် တကယ့် ဒီမိုကရေစီနိုင်ငံကိုရောက်အောင် သွားနိုင်လိမ့်မယ်။ တကယ့် ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရားအရ ပြည်သူတွေရဲ့အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့ အစိုးရဖြစ်ရုံနှင့် မပြီးသေးဘူး။ အဲဒီအစိုးရဟာ ပြည်သူတွေရဲ့ လက်ငင်း စီးပွားရေး အဆင့်အတန်းကို အခွင့်အရေးတန်းတူရနိုင်တဲ့ အခြေအထိ မြှင့်တင်နိုင်အောင်ဆောင်ရွက်ပေးမှ တကယ့် ဒီမိုကရေစီအထိ လှမ်းတက်နိုင်မယ်”
လို့ ဆွေးနွေးလမ်းညွှန်ခဲ့တယ်ဗျ။
ငါးမူး သုံးမူးတစ်ပဲ ဒီမိုကရေစီ
“အခု ဒီမိုကရေစီခေါ်နေတဲ့ တိုင်းပြည်တွေအများဟာ တကယ့် ဒီမိုကရေစီတွေ မဟုတ်ဘူး။ ငါးမူး သုံးမူးတစ်ပဲလောက်ပဲ။ ဒီမိုကရေစီတွေ ဖြစ်ကြသေးတယ်။ အဲဒီ ဒီမိုကရေစီတွေဟာ အရင်းစစ်လိုက်တော့ အရင်းရှင် ခေါ်တဲ့ပစ္စည်း၊ အရင်းရှင်တွေ စီးပွားရေး ခြယ်လှယ်တဲ့ စနစ်အခြေခံတဲ့ ဒီမိုကရေစီတွေ ဖြစ်တယ်။ တစ်နည်းအားဖြင့် အရင်းရှင်တွေရဲ့ အာဏာရှင် စနစ်အုပ်ချုပ်ရေးကို ဒီမိုကရေစီဆိုလို့ ဘမ်းပြပြီးထားတဲ့ အုပ်ချုပ်ရေးပဲ" လို့ ဗိုလ်ချုပ်အောင်ဆန်းက မိန့်ကြားခဲ့တာဟာ ခေတ်အဆက်ဆက် မငြင်းနိုင်တဲ့ အမှန်တရားတွေ ဖြစ်နေပါတယ်။ ကျွန်တော်ကတော့ လက်ရှိ ကျွန်တော်တို့ လယ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေဟာ ဗိုလ်ချုပ်အောင်ဆန်း အမြော်အမြင်ကြီးစွာ သတိပေးသွားတဲ့ ‘ဘမ်းပြဒီမိုကရေစီ’ ပုံစံမျိုးဆီကို ဦးတည်သွားမှာ အလွန်စိုးရိမ်နေမိတယ်ဗျ။
ကျေးရွာအုပ်ချုပ်ရေးမှူးအချို့လုပ်ပုံ
လယ်သမားတွေရဲ့ဘဝနဲ့ ခံစားချက်အကြောင်းပြောနေတုန်း ပြီးခဲ့တဲ့အပတ် ပြည်သူ့ခေတ်မှာ ကျွန်တော်ရေးခဲ့တဲ့ ‘ဖယောင်းတိုင်မီးနဲ့ ကျွန်တော်’ ဆောင်းပါးထဲက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိစ္စ ဖော်ပြခဲ့တာကို ဖြည့်စွက်ပေးတဲ့ စာတချို့ ရရှိခဲ့တယ်ဗျာ။
ချင်းတွင်းကိုကို ကလောင်အမည်ခံသူ မိတ်ဆွေသတင်းထောက်က ခုလို ရေးလိုက်ပါတယ်။
မည့်သည့်ထောက်ခံချက်မဆို ... ၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်အတွင်း (အေဖိုးစာရွက် ထက်ဝက်ပြတ်ကို ကွန်ပြူတာနဲ့ စာစီ လက်မှတ်ထိုး ထားတာ ... ဒါတောင် မကိုက်ဘူးဆိုပဲ ဆရာ) နောက် ... ဧည့်စာရင်းတိုင်ရင် တစ်ယောက်ကို ဘယ်လောက် ...။ ဟိုတစ်လောက ဧည့်စာရင်း စစ်တာမိတဲ့ လူငယ်လေးတစ်ဦးက ပြောတယ်။ မှတ်ပုံတင် သိမ်းသွားတယ်တဲ့ ... လာရွေး ... ၅၀၀၀ ကျပ်တဲ့ ...။ နောက် အိမ်ခြံမြေ ရောင်းမယ် ဝယ်မယ်ဆိုရင် အရောင်းအဝယ် စာချုပ်ချုပ်မယ်ဆိုရင် တန်ကြေးပေါ်မူတည်ပြီး ... ပိုက်ဆံရတတ် တောင်းတတ်ပါတယ်။ (ရန်ကုန်တော့ မသိပါ) ...။ နောက် ရပ်ကွက်အတွင်း ပြဿနာပေါ်လို့ လိုက်ရှင်းပေးရရင် ... ဘယ်အမှုက ဘယ်လောက်၊ ဘယ်အမှုက ဘယ်ရွေ့ ...။ မြစ်ချောင်းဘေးက ကျေးလက်တွေဆိုရင် သောင်လေးတွေ မြေနုကျွန်းလေးတွေ ပေါ်လာပြီဆိုရင် ရပ်ကွက် ဥက္ကဋ္ဌ … ဆိုသူက အကောင်းဆုံးနေရာတွေကို သူ ရောင်းစား ... ကျန်သူတွေကို ဝေချမ်းပေး (ပိုက်ဆံများများ ပေးနိုင်သူကို နေရာကောင်းပေါ့) ... ... အဲလို အဲလို ... လေးတွေ့ရသဗျ....။ ဒါလေးတွေက ဥပမာပါဗျာ ... ... ကျွန်တော့် အသိ ဘုန်းကြီးလူထွက်တစ်ယောက် ဥက္ကဋ္ဌလုပ်ချင်လို့ ပိုက်ဆံအကုန်ခံပြီး လုပ်နေတယ်။ လက်ရှိလည်း ရပ်ကွက်တစ်ခုရဲ့ ဥက္ကဋ္ဌပါ .....။ အဲလို ဆိုတော့ ဆရာရယ် ... ... ကျွန်တော်တောင် ရပ်ကွက် ဥက္ကဋ္ဌ ... ဈေးကွက်ဆိုပြီး ရေးရင် ကောင်းမလား စဉ်းစားနေတာ ...။
အရည်အချင်းပြည့်ဝဖို့
လယ်သမားတွေခမျာ နေရာအတော်များများမှာ အဲသလို အုပ်ချုပ်ရေးမှူး ဆိုသူတွေရဲ့ အာဏာပြမှု အနိုင်ကျင့်မှုတွေကိုပါ ခါးစည်းခံနေကြရတုန်းပဲဆိုတာ အထင်အရှားပါ။ လယ်တွေ ပျက်စီးဆုံးရှုံးရတဲ့ကြားမှာ ရေနစ်သူ ဝါးကူထိုးနှစ်ခံရသလို ဖြစ်နေကြရှာတယ်ဗျ။ အုပ်ချုပ်ရေးမှူးဆိုတဲ့ ရာထူးနာမည်က အတော်ကြီးကျယ်ပါတယ်ဗျာ။ နာမည်ကြီးကျယ်သလောက် လူတွေကလည်း အရည်အချင်းပြည့်ဝဖို့ လိုမယ်ထင်တယ်ဗျ။ သူတို့အတွက် အရည်အချင်းကတော့ ဘွဲ့တွေ ဒီဂရီတွေ ပြနိုင်ဖို့ မလိုပါ။ ရပ်ကွက် ကျေးရွာနေ ပြည်သူများကိုယ်တိုင် လွတ်လပ်စွာ လျှို့ဝှက်ဆန္ဒမဲနဲ့ ကြည်ကြည်ဖြူဖြူ ရွေးကောက်တင်မြှောက်ခံရသူတွေ ဖြစ်ဖို့ပါပဲဗျာ။
၀၁၊ ၀၆၊ ၂၀၁၂
maungwuntha@gmail.com
၇ ဇွန် ၂၀၁၂ ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။
No comments:
Post a Comment