Monday, June 4, 2012

ဒေါက်တာသာလှရဲ့ မကြောက်တရား (မောင်ဝံသ)

‘လူတွေ သိပ်မကြောက်တတ်ကြတော့ဘူးဆိုရင်' ဆိုတဲ့ ခေါင်းစဉ်နဲ့ ၂၀၁၁ခု အောက်တိုဘာလက ကျွန်တော် ဆောင်းပါး ရေးခဲ့ဖူးတယ်ဗျ။ ထိုစဉ်ကာလတစ်ဝိုက် ပြည်သူအလွှာအသီးသီးမှာ ပြောရဲ ဆိုရဲ လုပ်ရဲ ကိုင်ရဲ ရှိလာကြတာကို ကျေနပ်ပီတိဖြစ်လျက် အဆိုပါဆောင်းပါးကို ဂျာနယ်တစ်စောင်မှာ ရေးခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်တို့တိုင်းပြည်မှာ မရှက်သင့်တဲ့နေရာမှာ ရှက်၊ ရှက်ရမယ့်နေရာမှာ မရှက်ဘဲ မျက်နှာပြောင်တိုက်ရဲသူတွေ များပြားခဲ့တာကို တွေ့နေမြင်နေခဲ့ရတာ စိတ်မချမ်းသာဘူးဗျာ။ အဲဒီထက်ဆိုးတာက မြင်မြင်ကရာကို ကြောက်နေခဲ့ကြတာကို စိတ်ထဲ မကျေမနပ်ဖြစ်နေခဲ့တယ်ဗျ။

လောကပါလတရား နှစ်ပါး 

အရှက်နဲ့ အကြောက်ဆိုတဲ့ ဟီရိနဲ့သြတ္တပ္ပတရားနှစ်ပါးဟာ လောကကြီး ပျက်စီးမသွားအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်တဲ့ လောကပါလတရားနှစ်ပါးဖြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာဝင်အားလုံး သိကြပါတယ်ဗျာ။


ဒါပေမယ့် လောကကို စောင့်ရှောက်တဲ့အရှက်တရားဆိုတာ မကောင်းမှုပြုလုပ်ရမှာကို ရှက်ခြင်းကို ဆိုလိုတာဖြစ်တယ်။ လောကကို စောင့်ရှောက်တဲ့ အကြောက်တရားဆိုတာ မကောင်းမှုပြုလုပ်ရမှာကို ကြောက်ခြင်းကိုဆိုလိုတာဖြစ်တယ် ဆိုတာတွေကိုတော့ လူတိုင်း တိတိကျကျ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ကြတယ်လို့ ကျွန်တော် မထင်ဘူးဗျ။ ဒီလိုဖြစ်ရခြင်းမှာ ကျွန်တော်တို့နိုင်ငံမှာ ရာစုနှစ်တစ်ဝက်ကြာ လွှမ်းမိုးတွင်ကျယ်သွားခဲ့တဲ့ နိုင်ငံရေး စနစ်ကလည်း အရေးကြီးတဲ့ တစ်ခန်း တစ်ကဏ္ဍက ပါဝင်လှုပ်ရှားခဲ့တယ်လို့ ကျွန်တော် ဆိုချင်တယ်ဗျ။

မျက်နှာပြောင်တဲ့ ယဉ်ကျေးမှု 

ဒါကြောင့်လည်း နိုင်ငံဝန်ထမ်းတစ်ဦးက “ကျွန်တော့်လခကတော့ ၄၅၀ ကျပ်ပါ။ ဒါပေမယ့် အောက်ဆိုက်ကတော့ တစ်လတစ်သောင်းလောက် ရပါတယ်” ဆိုတဲ့စကားမျိုးကို လူပုံအလယ်မှာ ဂုဏ်ယူဝင့်ကြားစွာ ပြောရဲတဲ့၊ အဲဒီလိုပြောတဲ့လူကို ပတ်ဝန်းကျင်က လူများစုက အထင်ကြီးလေးစား အားကျတဲ့ မျက်လုံးတွေနဲ့ ဝိုင်းကြည့်ကြတဲ့ ယဉ်ကျေးမှုတစ်ခု အဲဒီကာလအတွင်း ကျွန်တော်တို့နိုင်ငံမှာ ထွန်းကားခဲ့တာ ဖြစ်တယ်ဗျ။

အများအကျိုးကို ရွပ်ရွပ်ချွံချွံဆောင်ရွက်ရမယ့်ကိစ္စမျိုးမှာတော့ ကြောက်ရွံ့နေပြီး အခွင့်အရေးယူတဲ့နေရာ၊ အများပိုင်ပစ္စည်း အလွဲသုံးစားလုပ်တဲ့နေရာ တွေမှာတော့ ရဲရဲဝံ့ဝံ့ ရှေ့တန်းထွက် မျက်နှာပြောင်ပြောင်နဲ့ မကြောက်မရွံ့ လုပ်ဆောင်တဲ့ ယဉ်ကျေးမှုတစ်ခု ထွန်းကားခဲ့တာ ဖြစ်တယ်ဗျ။ အမှန်တကယ် ရှက်သင့်၊ ကြောက်သင့်တဲ့ကိစ္စတွေကိုတော့ မရှက်မကြောက်လုပ်ကြပြီး မရှက်သင့် မကြောက်သင့်တဲ့ကိစ္စတွေကျတော့ ရှက်ခဲ့ကြ ကြောက်ခဲ့ကြတဲ့ ‘ဖုန်းဆိုးကျတ်တီး’ ကာလကြီးတစ်ခုပေါ့ဗျာ။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့အစဉ်အလာ 

အခုတော့ ဇောက်ထိုးပြောင်းပြန်ဖြစ်နေခဲ့တဲ့ အဲဒီဟီရိနဲ့ သြတ္တပ္ပတို့ရဲ့ ပုံရိပ်တွေဟာ မကြာသေးခင် ရက်ပိုင်း လပိုင်း အနည်းငယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ပြန်လည်တည့်မတ်လာပြီလို့ ဆိုချင်တယ်ဗျ။ လူတွေဟာ မိမိတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ တောင်းဆိုရကောင်းမှန်း သိလာကြတယ်။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်း အစဉ်အလာကောင်းတွေ ဖြစ်ပေါ်လာရင် တိုင်းပြည်ရဲ့ ရှေ့ရေးအတွက် အလားအလာကောင်းတယ် လို့ ပြောနိုင်မယ်ဗျ။

ဒါတောင် ပြည်မြို့မှာ ဆန္ဒပြသူတွေကို အင်အားသုံး ရိုက်နှက်ဖမ်းဆီး နှိမ်နင်းတာမျိုး ဖြစ်ခဲ့သေးတယ်လို့ လျှပ်တစ်ပြက် ဂျာနယ်မှာ ဖတ်လိုက်ရသေးတယ်။ ကျွန်တော်တို့ အတော် စိတ်မကောင်းဖြစ်မိတယ်။ ဒါမျိုး နောက်နောင် မဖြစ်အောင် တာဝန်ကြီးကြီးရှိသူများက သတိပေးကြပါလို့ နှိုးဆော်လိုပါတယ်။ ထစ်ခနဲရှိ ရိုက်ဟယ် နှက်ဟယ် ပစ်ဟယ် ခတ်ဟယ် ဆိုတဲ့ခေတ် မဟုတ်တော့ပါဘူး။ သမ္မတကြီး ဦးသိန်းစိန်အစိုးရဟာ ယခင်အစိုးရများနဲ့ မတူဘူးဆိုတာကို အောက်ခြေများကပါ သက်သေပြဖို့ လိုနေပါပြီ။

ဒေါက်တာသာလှကို သတိရတယ်

ကြောက်တယ် မကြောက်ဘူးဆိုတဲ့ ပြဿနာနဲ့ပတ်သက်လို့ ကျွန်တော်တို့ ချစ်ခင်လေးစားတဲ့ ကွယ်လွန်သူ ဆရာကြီး ဒေါက်တာသာလှရဲ့ အတွေ့အကြုံတစ်ခုကို သတိရတယ်ဗျာ။ ဒေါက်တာသာလှဆိုတာ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း၊ ဘူမိဗေဒပညာရှင် ဆရာကြီး ဖြစ်ပါတယ်။ ဦးနေဝင်းနဲ့ မတည့်လို့ တိုင်းပြည်က ထွက်သွားပြီး နိုင်ငံတကာ အဖွဲ့အစည်းများမှာ အဆင့်မြင့် ရာထူးတာဝန်တွေ ထမ်းဆောင်ကာ ၁၉၈၈ နောက်ပိုင်းကျတော့မှ မြန်မာပြည်ပြန်လာနေထိုင်တယ်။

၁၉၉၀ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပတော့မယ်ဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်မယ့် လွှတ်တော် ကိုယ်စားလှယ် (အမတ်) လောင်းတွေကို စိစစ်ရွေးချယ်ပေးဖို့ သမာသမတ်ရှိတဲ့ တိုင်းပြည်မျက်နှာဖုံး လူကြီးများကို ချဉ်းကပ်ပြီး အကူအညီ တောင်းတယ်။ အဲဒါနဲ့ပဲ ဒေါက်တာသာလှဟာ ဒီချုပ်ကိုယ်စားလှယ်လောင်း စိစစ်ရေး ဗဟိုအဖွဲ့မှာ ပါဝင်ခဲ့တယ်။ ၁၉၉၁ မှာ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရပြီး မကြာခင်မှာ ဒေါက်တာသာလှကို သက်ဆိုင်ရာက ဖမ်းဆီးတယ်။ သိပ်တော့မကြာဘူး၊ လပိုင်းလောက်ပဲ ကြာပြီး ပြန်လွတ်လာတယ်လို့ ကြားခဲ့ရတယ်။ အဲဒီတုန်းက ကျွန်တော်က နရသိန်က မထွက်ရသေးလို့ အသေးစိတ်မသိခဲ့ပါဘူး။

အမတ်လောင်း စိစစ်ပေးတာ အပြစ်လား 

၁၉၉၅ ခုနှစ်ထဲမှာ ဆရာနဲ့ ကျွန်တော် ပြန်ဆုံမိတော့ အကျိုးအကြောင်း မေးကြည့်တဲ့အခါ ဆရာက ခုလို ပြောပြပါတယ်။ ပထမတစ်ချက် ဆရာ့ကို စစ်ကြောမေးမြန်းတာက အင်အယ်လ်ဒီ အမတ်လောင်းတွေ စိစစ်ရွေးချယ်ပေးတဲ့အဖွဲ့မှာ ဘာကြောင့် ပါခဲ့တာလဲ တဲ့။ ဆရာက ပြန်ဖြေတယ်။ အဲသလို ပါဝင်ခဲ့တာဟာ အပြစ်ရှိသလား၊ ဘယ်ပုဒ်မနဲ့ ငြိစွန်းသလဲ အဲသလို ပြန်မေးလိုက်တယ်။ ပြီးတော့ ဆက်ပြောတယ်။ အမတ်လောင်း လူကောင်းသူကောင်းတွေရဖို့ ရွေးပေးတာ တိုင်းပြည်ကောင်းကျိုးအတွက် လုပ်ပေးခဲ့တာဖြစ်တယ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဆရာ့ကို အရင်လာ ချဉ်းကပ်ပြီး အလားတူ ရွေးပေးပါလို့ပြောလာရင် ဆရာ အင်တိုက်အားတိုက် ရွေးပေးမှာပဲ၊ ခုတော့ အင်အယ်လ်ဒီက လူတွေက အကူအညီတောင်းရကောင်းမှန်းသိလို့ လာပြောတော့ ဆရာလက်ခံလိုက်တာပေါ့လို့ ပြောလိုက်တယ်။ သူတို့ ဘာမှ မပြောနိုင်ဘူး။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုနဲ့ ထိုက်တန်မှု

နောက်တစ်ချက်က ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရတာနဲ့ပတ်သက်လို့ ထိုက်တန်တယ် ထင်သလား၊ ဘယ်လိုထင်သလဲလို့ မေးတယ်။ မေးခွန်းထုတ်တဲ့အရာရှိက မထိုက်တန်ဘဲနဲ့ရတာလို့ ဖြေစေချင်တဲ့ နှပ်ကြောင်းတွေ အကြိမ်ကြိမ် ပြောတယ်။ ဆရာက ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆုနဲ့ ထိုက်တန်တာ မထိုက်တန်တာကို ဆရာ မပြောဘူး၊ နိုဘယ်လ်ဆုရွေးချယ်တဲ့ ကော်မတီအကြောင်း ပြောမယ်ဆိုပြီး အဲဒီကော်မတီမှာ ဘယ်လို လူတွေပါတယ် ဆိုတာ ပြောပြတယ်။ ဒီလိုလူတွေက ရွေးတဲ့ဆုဟာ မထိုက်တန်သူဆီဘယ်လိုမှ မရောက်နိုင်ဘူးလို့ ပြောလိုက်တယ်။

နံစော်နေတဲ့ ခေါင်းစွပ်ကြီးနဲ့ 

သည်လိုနဲ့ ခေါင်းစွပ်ကြီးစွပ်ပြီး ခေါ်သွားလိုက် အချုပ်ခန်းထဲ ပြန်ထည့်ထားလိုက်နဲ့ ရက်တွေကြာလာတယ်။ သေးပေါက်ချေးပါ အခန်းပြင် ထွက်ရင်လဲ မဲညစ် နံစော်နေတဲ့ ခေါင်းစွပ်ကြီး ခေါင်းပေါ်က စွပ်ချပြီး ခေါ်ထုတ် ခေါ်သွင်း လုပ်တယ်။ တစ်ရက်မှာ အဲသလို ခေါ်ထုတ်ခေါ်သွင်းလုပ်ရတဲ့ အကြပ်လား တပ်သားလားတော့ မသိပါဘူး၊ လူရွယ်တစ်ယောက်က “ဆရာကြီးရယ်၊ ဒုက္ခများလိုက်တာ၊ သူတို့ရေးစေချင်သလို ရေးပေးလိုက်ပါတော့လား။ တော်ကြာ ဆရာကြီးအတွက် အန္တရာယ်ဖြစ်မယ်” လို့ ပြောတယ်။

မမှန်တာပြောရတဲ့ ဒုက္ခက ပိုကြီးတယ် 

ဆရာက ပြန်ပြောလိုက်တယ်။ “မင်းက ငါ့ကို ဒုက္ခများတယ်လို့ ပြောတယ်၊ ငါကတော့ ခုလိုခံရတဲ့ ဒုက္ခထက် မဟုတ်မမှန်တာကို ပြောလိုက်ရတဲ့ ဒုက္ခက ပိုကြီးတယ်လို့ ထင်တယ်။ အခု ငါ သေးပေါက်ချေးပါ အချိန်တိုင်း မင်းတို့က ငါ့ကို ခေါင်းစွပ်ကြီးနဲ့ ထုတ်လိုက် သွင်းလိုက် လုပ်တယ်။ အဲဒါကို ငါက ဒုက္ခခံနေရတယ်လို့ ထင်လိုက်တာနဲ့ မင်းတို့ကို ငါကြောက်သွားပြီ။ အခု ငါက ဒါတွေကို ဒုက္ခလို့မထင်ဘူးဆိုတော့ ငါ ဘာကိုမှ ကြောက်စရာမရှိတော့ဘူးပေါ့။ မင်းတို့ ငါ့ကို ဘယ်လောက်ကြာကြာ ဖမ်းထားမလဲတော့ ငါ မသိဘူး၊ ငါ သေချာသိတာကတော့ မင်းတို့ ငါ့ကို သတ်မပစ်နိုင်ဘူးဆိုတာပဲ။ အဲဒီတော့ ငါ့ဒုက္ခငြိမ်းအောင်ဆိုပြီး မဟုတ်မမှန်တာတွေကို ငါ မရေးနိုင်ဘူး၊ မပြောနိုင်ဘူးကွယ်”

အထက်ပါစကားများကို စစ်ကြောရေးစခန်းမှာ ပြောခဲ့ကြောင်း ဆရာ ဒေါက်တာသာလှက ပြောပြပါတယ်။

ဒေါက်တာသာလှရဲ့ အမြင်မျိုးကို ယခု လူအတော်များများက ခံယူလာနေပြီလားလို့ ကျွန်တော် တွေးနေမိပါတယ်။ လူတွေဟာ ဒုက္ခလို့ ထင်ရတာတွေကို ဒုက္ခလို့မမြင်တော့ဘူးဆိုရင် အကြောက်တရားတွေ ကွယ်ပျောက်ပြီး သတ္တိတွေ ဘယ်က ရောက်လာမှန်းမသိဘဲ ရောက်လာတော့တာပဲပေါ့ဗျာ။

၂၉၊ ၀၅၊ ၁၂ 
maungwuntha@gmail.com 

တနင်္ဂနွေနေ့ထုတ် The Messenger ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။ 


 

No comments: