“မှန်ပါ့ဘုရား ... တပည့်တော်က လောကီမှာ ရှုပ်နေတော့ လောမကုတ်နိုင်သေးပါ”
“အေး ... ကီမှာရှုပ်ရင်း မနေနိုင်လောက်အောင် ယားယံလာရင်တော့ ကုတ်ပေါ့”
သို့နှင့်ပင် သူ ကျမ်းစာအုပ်များကို လက်မြှောက်အရှုံးပေးပြီး အကြံသစ်ထုတ်ရသည်။ တကယ်တော့ သူ့အနေဖြင့် အပြင်ထွက်ဖို့ မသင့်လှ၊ လူသူရှင်း၍ သစ်ကြီးဝါးကြီးတို့ဖြင့် အုပ်မိုးထားသော ဘုန်းကြီးကျောင်းဝင်းထဲ ရှည့်တကောင်လို လုံခြုံစွာ နေသင့်မှန်းသိပါလျက် တွင်းအောင်းရက်ကျော် ပုဇွန်လုံးတကောင်လို ပြူတစ်ပြူတစ် လုပ်နေမိသည်။
လယ်ကွက်ကို ဖြတ်ကျော်ရောက်နိုင်သော ကြားဘူတာကလေးကို သူ စွဲလမ်းနေပြီ။ အထူးသဖြင့် ညနေ နေခြည်စောင်းချိန် အနောက်ကောင်းကင် ပန်းနုရင့်ရောင်သမ်းချိန် အမောဆို့လာသော မြင်းနက်တကောင်လို ဘူတာထဲဝင်လာသော စာပို့ရထားဆိုက်ချိန် အကြော်အလှော် သွားရည်စာနှင့် စာစောင်အချို့ လက်ပွေ့ရောင်းသူများ တရေးနိုး လှုပ်ရှားချိန်ကို သူ တမက်တမောကြည့်ရန် သူဖတ်ချင်သည့် စာအုပ် စာစောင်ရှာဝယ်ရန် ရောက်ခဲ့သည်မှ အစပြု၍ ရေချမ်းစင် အလှူရှင် ဒေါ်ကျွဲမကြီးအကြောင်း ပြောပြတတ်သည့် ညိုစိမ့်စိမ့်ကလေးကိုလည်း မမြင်ရလျှင် ဟာတာတာဖြစ်နေတတ်၏။
သူ မနေနိုင်သည့်အဆုံး ရောက်လာပြန်၏။
သည်တခါတော့ ရေအိုးစင်ဘေး ငုတ်တုတ်ထိုင်၍ ဘူတာရုံကလေး၏ ညနေခင်းကို ကမ္မဌာန်းရှုသလို ရှုနေမိသည်။ ဗိုက်ဆာတိုင်း ရေထသောက်လိုက် ထိုင်ကြည့်လိုက်လုပ်နေစဉ် ဒန့်သလွန်သီးများပွေ့ပိုက်လျက် သူနံဘေး လျှောက်လာနေသော သူမ ကိုမြင်၏။
နှစ်ဦးသား အားပါးတရ ပြုံးနှုတ်ဆက်ကြသည်။
“ဒီမှာ ... ကျုပ်ကို တခုကူညီမလား”
သူ့အမေးကို ဆန်းစစ်မနေဘဲ “ရပါတယ်” ဟုသာ ဖြေ၏။ ညနေခင်း နေခြည်ဖျော့တွင် ဒန့်သလွန်သီးများပွေ့၍ သူ့နံဘေး မှန်မှန်လျှောက်လာသော သူမမှာ သူ့မျက်စိထဲ ကြည့်ကောင်းလှသည်ဟုသာ မဖွဲ့နွဲ့စတမ်း ဝန်ခံချင်သည်။
“ဒါတွေ ဘယ်ယူသွားမလို့လဲ အလုပ်ရှိသေးလား”
ဒန့်သလွန်သီးများ မေးငေါ့ပြ၍ သူ မေးသည်။ “အသိတွေအိမ်လိုက်ဝေမလို့ပါ။ ဘာလုပ်ပေးရမှာလဲ” ဟု ပြန်မေး၏။
“ဒီနားမှာ စာအုပ်ငှားဆိုင် မရှိဘူးလား”
သူ့အမေးကြောင့် ညို စဉ်းစားစရာရလာသည်။ ထိုသူသည် ဒီအနီးအပါး ရွာတရွာမှ မဟုတ်ဘူးလား၊ ဒီဝန်းကျင်အကြောင်း မသိသလိုမေးနေ၍ “ဘယ်မှာနေလို့လဲ” ဟု သူမ ပြန်မေးမိသည်။ သူ ဖြေချင်ပုံမရ။ “ကျုပ်က တောကလာတာပါ” ဟုသာ မရေမရာ ပြောသည်။
“ဒါလည်း … တောပဲ၊ တောဘူတာပဲ”
“ဟုတ်ပါတယ်၊ ကျုပ်နေတဲ့တောက ဒီထက်ပိုတောကျတဲ့ တောပေါ့”
သူမ ဆက်မငြင်းတော့။
“စာအုပ်ငှားတာ ဟိုနားက အကွေ့မှာရှိတယ်လေ မသိဘူးလား” ဟု ပြန်မေးသည်။ သြော် ... ဟု သူ ရေရွတ်ကာ “ကျုပ် မသိဘူး။ ကျုပ်ကိုလည်းမသိတော့ သူတို့ ငှားပါ့မလား မသိဘူး။ အဲဒါ ကြားကဝင်ပြီး ငှားပေးနိုင်မလား မသိဘူး” ဟု မသိဘူး သုံးလုံးဆက်ကာ သူ ပြန်မေး၏။
“ညိုက ... အာမခံပေးရမှာ ဟုတ်လား”
သူ့နာမည်ကိုထည့်ပြောလာ၍ သူ သတိထားမိပြီး “ဟုတ်ပါတယ်” ဟု ဖြေသည်။
ညို စဉ်းစားနေသည်။ ဘူတာတဝိုက်တွင် ရထားသံကြား၍ ဈေးသည်အချို့ လှုပ်ရှားလာကြ၏။ စာပို့ရထားမှာ ဟောဟဲမြည်သံဖြင့် အဝေးမှ လာနေပြီ။
“ဘယ်မှာနေလဲဆိုတာတောင် မသိရဘဲ … ညိုက …”
သူမ စကားမဆက်နိုင်ဘဲ ခက်နေ၍ သူကပင် ...
“ဟုတ်ပါတယ်လေ ... ကျုပ်ကိုယုံပြီး စာအုပ်ဖိုးလျော်ပေးရမယ့်အဖြစ်ကို လန့်နေမှာပေါ့။ ဒါဆိုလည်း ရှိပါစေတော့လေ … ကျုပ်မှာ ငှားပြီး ထွက်မပြေးပါဘူးဆိုတာ ပါးစပ်အနေနဲ့ ဘယ်လိုမှ သက်သေပြလို့မရဘဲ”
သူ စိတ်ပျက်စွာ ထရပ်သည်။ ညိုအားနာ သနားစွာဖြင့် ...
“လာပါ လိုက်ခဲ့ပါ။ ဒီတခါ ငှားကြည့်မယ်လေ၊ ညိုနဲ့တော့ ဆိုင်နဲ့သိပါတယ်”
“အေးဗျာ ... စိတ်ချစမ်းပါ ...” ဟု သူ ဝမ်းပမ်းတသာပြော၍ ဘေးချင်းယှဉ် လျှောက်လာ၏။
“တကယ်ဗျာ၊ စာမဖတ်ဘဲ ခုနှစ်ရက်လောက်နေပြီး ပြောတဲ့စကားဟာ ဘာအရသာမှ မရှိဘူး၊ ကျုပ် စာကို ဘိန်းစား ဘိန်းစွဲသလို စွဲနေတာ ... သိပ်ကျေးဇူးတင်တယ်။ ဒီမှာ … ဒန့်သလွန်သီးမြင်လို့ ပြောရဦးမယ်။ စာရေးဆရာတယောက် ဒန့်သလွန်သီးရောင်းတဲ့အဖြစ် ဖတ်ဖူးလား”
သူ့ထုံးစံအတိုင်း စကားချည်စဆွဲထုတ်ရသွား၍ အမျှင်မပြတ်ပြောတော့မည်ကို ညို နားလည်လိုက်သည်။ “မဖတ်ဖူးပါဘူး ပြောပြပါဦး” ဟုသာ ပြုံး၍ဖြေ၏။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment