Thursday, June 14, 2012

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၃၈)

ပဲခူးရိုးမကို မြင်ရတဲ့ အမလွတ်ရွာ 

မြစ်ဝကျွန်းပေါ်ကနေ ပဲခူးရိုးမကို တို့သွားတာ ဗိုလ်ချုပ်မြမောင်နဲ့ အဖိုးတို့အတူတူပဲ။ အဖိုးတို့ အင်အား ၁ဝဝ ကျော်လောက် ရှိတယ်။ မိန်းကလေး ၃-၄ ယောက်လည်း ပါတယ်။ မန်းရှာ မိန်းမ နမ့်ကျင်ရွှေတို့လည်း ပါတာပေါ့။ နမ့်ကျင်ရွှေကတော့ အဖိုးသမီးလို ဖြစ်နေတာ။ တော်တော်ဒုက္ခခံတယ်။ စိတ်ဓာတ်ကလည်း တော်တော်မာတယ်။ ပဲခူးရိုးမ တောင်ညိုစခန်းမှာ အဖိုး နိုင်ငံရေးသင်တန်းပေးတုန်းက သူလည်း ပါတာပေါ့။ မင်းတို့အဖွားနဲ့လည်း အမေလို သမီးလိုနေကြတာ။

မြစ်ဝကျွန်းပေါ်ကနေ ပဲခူးရိုးမကို အဖိုးတို့သွားတော့ လှိုင်မြစ်ကို ကူးကြတယ်။ ပြီးတော့ တောလမ်းကနေ ဖြတ်သွားကြတာ လမ်းခရီးမှာ ရေနစ်လို့သေတဲ့လူတွေလည်း ရှိတယ်။ ညဘက်တွေမှာပဲ အဖိုးတို့ သွားကြတာကိုး။ နေ့ဘက်ဆို အဖိုးတို့ မသွားဘူး။ နေ့ဘက်ဆိုရင် ပုန်းနေတာပဲ။


တောထဲမှာဝင်ပြီးတော့ အိပ်ရတယ်။ လှိုင်မြစ်ကိုကူးပြီး တောင်ပေါ်စတက်တော့ အဲဒီ အမလွတ် ဆိုတဲ့ရွာကို ရောက်တယ်။ ကရင်အမျိုးသားတွေပဲ။ ဒေသခံတွေ တော်တော်ကောင်းရှာတယ်။ အဖိုးတို့ကိုတွေ့တာ သူတို့ စိတ်မကောင်းဘူး။

အဖိုးတို့ လမ်းမှာ ထမင်းလည်း မစားရ။ ဘာမှ မစားရတော့ သူတို့က ဝက်တွေဘာတွေ ပေါ်ကျွေးတယ်။ အဲဒီအချိန်မှာ အဖိုး ခြေထောက်တွေ ယောင်လိုက်တာ ကားနေတာပဲ။ အဲဒီရွာကိုရောက်ဖို့ ၃ ရက်လောက် လမ်းလျှောက်လိုက်တာကိုး။ မြစ်ဝကျွန်းပေါ် ဘယ်ကစထွက်လည်းဆိုတော့ ဝါးခယ်မမြို့နယ်ကနေ ထွက်တာပေါ့။ ဝါးခယ်မမြို့နယ်ကနေထွက်ပြီးတော့ အဲဒီ အမလွတ်ရောက်တာ။

၃ ရက်လောက် ကြာတယ်။ ညဘက်နဲ့ မနက်စောစောတွေပဲ အဖိုးတို့သွားတယ်။ မိုးချုပ်ပြီးဆိုရင်နေရာရှာ၊ လူထုနဲ့ အဆက်အသွယ်လုပ်ပြီး ကင်းစောင့်ပြီးတော့ အိပ်တာပဲ။ အဲဒီ အမလွတ်ကိုရောက်တော့ ပဲခူးရိုးမတောင်ခြေကို တွေ့ရတယ်။

နောက်တော့ ဗိုလ်မှူးမောင်ချစ်တို့ကို ခေါ်ပြောတယ်။ ဗိုလ်မှူးမြသိန်းလည်း ပါတယ်။ ဗိုလ်မှူးမောင်ချစ်က ပြောက်ကျား တပ်ရင်းမှူး။ ဗိုလ်မှူးမြသိန်းက ကေဘီအယ်လ်အေတပ်ရင်းမှူး။

အဖိုးတို့အဖွဲ့ အမလွတ်မှာ စခန်းချတယ်။

“ဒီမှာ နောက်ထပ်တည အိပ်လို့မရဘူးလား” လို့ သူကြီးတွေကို မေးတော့ …

 “ရတယ် ကိစ္စမရှိဘူး။ ကျနော်တို့ အပြင်ဘက်မှာ စောင့်ပေးမယ်” တဲ့။

အဲဒီမှာအိပ်တော့ ညဘက်ဆို ရထားလမ်း၊ ကားလမ်းက မီးရောင်ကို တွေ့ရတယ်။ မေးကြည့်တော့ သူကြီးပြောတာက သာယာဝတီ၊ သုံးဆယ်တဲ့။

နောက်ညကျတော့ အဖိုးတို့ ခရီးထွက်ရတော့မယ်။ ဗိုလ်မှူးမြရင်က အဖိုးခြေထောက်ကို စမ်းကြည့်တယ်။

“ဘယ်လိုလဲ ဆရာကြီး။ ခင်ဗျားက ထမ်းမယ်ဆိုတော့လည်း အထမ်းမခံဘူး။ ဖြစ်ရဲ့လား”

“လူလူချင်း ထမ်းတာ ကျနော် မကြိုက်ဘူး”

“ဆရာကြီးက တယ်ခက်တာပဲ”

“ဒီည ခရီးထွက်ရမယ်ဆိုရင် ငါ့ကို အရက်တပုလင်းလောက် ဝယ်ပေးပါကွာ။ ဖြစ်တယ် မဟုတ်လား”

သူက “ဖြစ်ပါတယ်” တဲ့။

အဲဒီအချိန်တုန်းက တို့ ဥပဒေက အရက်မသောက်ရဘူး။ သူက ဗိုလ်ချုပ်မြမောင်ကို သွားပြောတယ်။ သူ့ခြေထောက်က ယောင်နေပြီး။ သူက အရက်တပုလင်းလောက် သွားဝယ်ပေးပါလို့ ပြောနေတယ်။

“အေး အေး သွားဝယ်ပေးလိုက်။ သွားဝယ်ပေးလိုက်။ မင်းတို့ ဆရာကြီးဆီမှာ သွားပို့ပေးလိုက်" တဲ့။

သာခွီးဆိုတဲ့ ရဲဘော်တယောက်ကို သူက ခိုင်းတယ်။ အရက်က အကောင်းစားပဲ။ ဘာ အရက်မှန်းတော့ မသိဘူး။ အဖိုးက အင်္ဂလိပ်စာ မဖတ်တတ်ဘူး။ မြို့အရက် အကောင်းစားပဲ။

ခရီးထွက်ခါနီး ညနေဘက်မှာ အဖိုးတို့ကို ထမင်းကျွေးတာလည်း ဟင်းနဲ့ပဲ၊ ငါးဟင်းနဲ့။

ထမင်းစားတော့ သာခွီး ရောက်လာတယ်။

သူက “ဆရာကြီး” ဆိုပြီး အဖိုးကို နှုတ်ဆက်တယ်။

“ဖွင့်ကွာ ခွက်မရှိရင် ဝါးဗူးနဲ့ပဲ ထည့်လိုက်”

သာခွီးက ရေတခွက်ပါ ယူလာတယ်။ မသောက်ခင် ရေနည်းနည်း သောက်ချလိုက်လို့ သာခွီးက ပြောတယ်။

“ဟေ့ သာခွီး မင်းလည်းသောက်လေ။ ဘာလုပ်နေတာလဲ”

“ကျနော် မသောက်တော့ဘူး။ ဒီအရည်ကြောင့် ကျနော် ပြဿနာ ခဏခဏဖြစ်တယ်။ ကျနော် ဖြတ်ပြီ” တဲ့။

“အေး မင်းဖြတ်နိုင်ရင် သိပ်ကောင်းတာပေါ့ကွာ။ အခု ငါလည်း မလွဲမရှောင်သာလို့ ငါ သောက်ရတာ”

သူက ကျနော်သိပါတယ် တဲ့။ အဖိုးတို့ ထမင်းစားလည်းပြီးရော မိုးလည်းချုပ်ပြီ။

အဖိုး နှစ်ခွက်သောက်ပြီး “တော်ပြီကွာ။ မင်းသိမ်းထားလိုက်တော့” လို့ သာခွီးကို ပြောတယ်။

“သာခွီး မင်း ငါနဲ့ ဝေးဝေးမနေနဲ့နော်။ ငါ အမူးပြေသွားရင်တော့ ထပ်သောက်ဦးမှာ”

“ဆရာကြီး မပူနဲ့။ ကျနော် ဆရာကြီးအနားမှာပဲ ရှိမှာပါ”

ဆက်လက်ဖော်ပြပါမယ်။ 


 

No comments: