Wednesday, May 14, 2014

အင်းစိန်ထောင်ရဲ့ အကျဉ်းကျနေ့တွေ (သို့မဟုတ်) ငရဲခန်းအတွင်းမှ ပျော်ရွှင်စရာနေ့ရက်များ - ၂ (ထက်ရာဇာ)

သီးသန့်ထောင်ဟာ တဖြည်းဖြည်းနဲ့ လွတ်လပ်သသထက် လွတ်လပ်လာတဲ့လို့ ပြောရမယ့်အချိန်ပါပဲ။ ဝန်ထမ်းတွေကလည်း ကျနော်တို့တိုက်ခန်းတွေကို အရင်ကလို သော့ခတ်မထားတော့ဘဲ မနက်မိုးလင်းတာနဲ့ သော့ဖွင့်ပေးထားပြီး ညဘက်ထောင်ပိတ်ချိန်မှ တိုက်ခန်းတံခါး ပြန်ပိတ်ပါတယ်။ နေ့လည်ပိုင်း တထောင်ထောင်လုံးလိုလို ကြိုက်တဲ့နေရာသွားလို့ရတဲ့ အခြေအနေဖြစ်လာပါပြီ။ 

နောက်တချက်က ဟင်းကို အရင်ကလို မီးခိုးမထွက်အောင် ပလပ်စတစ်မီးနဲ့ ချက်မနေတော့ဘဲ ကြုံရာသစ်ကိုင်းကျိုး သစ်တိုသစ်စတွေနဲ့ပဲ ပေါ်တင်ချက်ကြပါတော့တယ်။ ဝန်ထမ်းတွေကလည်း ပြဿနာမတက်ရင်တော်ပြီ သဘောထားကြပြီး သူတို့အတွက်ကလည်း ဟိုအခန်းက ဟင်းနည်းနည်း၊ ဒီအခန်းက ဟင်းနည်းနည်းနဲ့ အူစိုကြပြီကိုး။ နောက်ဆုံး လိုက်ကောက်လို့ရတဲ့ လောင်စာတွေက ရှားပါလာတဲ့အခါ သီးသန့်ထောင်ရဲ့အလယ်မှာတည်ရှိတဲ့ ထောက်လှမ်းရေး စစ်ကြောရေးအဆောင်ကြီးကို မျက်စောင်းထိုးကြပါတော့တယ်။ 


အဲဒီအဆောင်ကြီးဟာ သစ်သားတွေနဲ့ဆောက်ထားတဲ့ စစ်ဘားတိုက်ကြီးတခုပါ။ ၁၉၉၀ တဝိုက်က ကျနော်တို့ထောင်ထဲဝင်လာခါစမှာ တချို့လူတွေကို ထောက်လှမ်းရေး စစ်ကြောရေးစခန်းကိုမပို့ဘဲ အဲဒီ စစ်ဘားတိုက်မှာပဲ ထောက်လှမ်းရေးစခန်းဖွင့်ထားပြီး စစ်ကြောရေးကိုလည်း အဲဒီဘားတိုက်မှာပဲ လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ နောက်ဆုံး အဲဒီဘားတိုက် အစွန်အဖျားလေးတွေကို ချိုးလိုက် ဖဲ့လိုက် ကာထားတဲ့ သစ်သားတိုင်လေးတွေကို ချိုးလိုက်နဲ့ စလိုက်တာ ၃ လလောက်အတွင်းမှာ ထောက်လှမ်းရေးတွေသုံးဖို့ ဆောက်ထားတဲ့ သစ်သား ယာယီအိမ်သာတလုံးနဲ့ စစ်ကြောရေး အခန်းတခန်းဟာလည်း လုံးဝ ပြောင်ရှင်းသွားပါတော့တယ်။ 

အဲဒီတုန်းက သီးသန့်ထောင် ထောင်မှူးကြီးက ဦးလှအောင်ပါ။ သူ တရက်ထောင်ကိုပတ်စစ်ရင်း ဒီနားက အိမ်သားတလုံးက ဘာလို့ပျောက်သွားတာလဲလို့မေးရင်း စစ်ကြောရေးဆောင်ကို ကြည့်လိုက်တဲ့အခါ ဦးလှအောင်တယောက် မျက်လုံးပြူးသွားပါတော့တယ်။ နောက်ဘက် အခန်းတခန်းလုံး နံရံနဲ့ ကြမ်းပြင်တွေမရှိတော့ဘဲ ယိုင်နဲ့နဲ့ တိုင်လေးတချောင်းနဲ့ သွပ်မိုးချပ်ကိုပဲ တွေ့လိုက်ရလို့ပါ။ 

ဦးလှအောင် သဘောပေါက်သွားပြီး ကျနော်တို့တိုက်ခန်းတွေရှေ့မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း တတိုက်လုံးကြားရတဲ့အသံနဲ့ အားလုံးကို ပြောပါတယ်။ မင်းတို့ကို ငါ ဘယ်လောက် လွတ်လွတ်လပ်လပ် ထားသလဲဆိုတာ မင်းတို့လည်း ငါ့အကြောင်းကို သိပါပြီ။ မင်းတို့ ဟင်းချက်စားနေတာလည်း ငါသိပေမယ့် မသိဟန်ဆောင်ထားတာပဲ။ ခုဟာက ဘားတိုက်ခန်းတခန်းလုံး ကုန်သွားအောင် မီးစိုက်လိုက်တာတော့ မကောင်းဘူးကွာ၊ ငါ့ကိုတော့ အလုပ်ပြုတ်အောင် မလုပ်ကြပါနဲ့လို့ပြောပြီး ထွက်သွားတယ်။ 

ဒီတော့ ကျနော်တို့လည်း တမျိုးကြံရပြန်တယ်။ အားလုံး တိုင်ပင်လိုက်ပြီး နေ့တိုင်းမချက်ကြတော့ဘဲ တခန်းကို တရက်နှုန်းနဲ့ပဲချက်ကြပြီး ထင်းမသုံးတော့ဘဲ ဝန်ထမ်းကနေတဆင့် လျှပ်စစ် မီးဖိုကွိုင်မှာပြီး အလှည့်ကျ ချက်ကြမယ်လို့ သဘောတူခဲ့ကြပါတယ်။ ပြီးတော့ ဝန်ထမ်းကို ပိုက်ဆံပေးပြီး လျှပ်စစ်မီးဖိုကွိုင်တခု မှာသွင်းပြီး အလည့်ကျ ချက်ကြပါတော့တယ်။ ကျနော်တို့ ဘယ်လောက်ဆုံးမလိုက်သလဲဆိုရင် အရင်က တောင်ယာတွေကို ဖျက်ဆီးနေတဲ့ တောင်ယာ မြေကြွက်ကြီးတွေနဲ့ လင်းနို့တွေဟာ သီးသန့်ထောင်မှာ မျိုးပြုန်းသလောက်ဖြစ်သွားတဲ့အထိ ကြွက်ဆီပြန်တမျိုး၊ လင်းနို့ ခြောက်စပ်တမျိုးနဲ့ ချက်ပြုတ်စားသောက်လိုက်တာပါပဲ။ 

သီးသန့်ထောင်မှာပဲ မုဆိုးပညာတချို့ဖြစ်တဲ့ သုတ်ကိုင်းထောင်နည်းတွေ၊ လင်းနို့ဖမ်းနည်းတွေလည်း တတ်မြောက်ခဲ့ရပြန်ပါတယ်။ အရင်က ဟင်းချက်ရင် ဟင်းအနှစ်အဖြစ် အိမ်ကပေးလိုက်တဲ့ ငါးပိကြော်၊ ပုဇွန်ခြောက်ကြော်တွေကိုသုံးပေမယ့် နောက်ပိုင်း ကြက်သွန်နဲ့ ငြုပ်သီးခြောက်ကိုထောင်းပြီး အိမ်မှာချက်သလိုပဲ ဆီသတ်ပြီး ချက်စားပါတယ်။ ငြုပ်ဆုံအဖြစ်ကတော့ စက်မှု(၁)ကထုတ်တဲ့ ရေသန့်ဗူးအနောက်ကို ဖင်ဖြတ်လိုက်ပြီး ငြုပ်ကျည်ပွေ့ကတော့ ဝန်ထမ်းတွေကိုင်တဲ့ သစ်သားနံပါတ်တုတ်ပါပဲ။ သူတို့နံပါတ်တုတ်တွေက တဖြောင့်ထဲ အလုံးမဟုတ်ဘဲ လက်ကိုင်ဘက်ကသေးပြီး အဖျားပိုင်းကတုတ်တဲ့ ပုံစံအမျိုးအစားဆိုတော့ ငြုပ်ကျည်ပွေ့ အရှည်စားအတိုင်းပါပဲ။ အတော့်ကို အဆင်ပြေပါတယ်။ 

ဒီလိုနဲ့ တနေ့ ငြုပ်ကျည်ပွေ့ပြဿနာတက်ပါတော့တယ်။ အကြောင်းကတော့ အခု အမေရိကရောက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ကိုဆွေကိုက ၂ တိုက်က ၂ ရစ်နဲ့ ဒုအဆောင်မှူး (နာမည်တော့ မမှတ်မိပါ)၊ ကျနော်တို့အခေါ် ကြက်ဖကြီးလို့ ခေါ်ပါတယ်။ သူ့ရဲ့နံပါတ်တုတ်ကိုယူပြီး ငြုပ်သီးထောင်းနေတုန်းမှာပဲ ထောင်ဗူးဝက ဝီစီမှုတ်ပြီး ကြက်ဖကြီးကို ခေါ်ပါတယ်။ အကျဉ်းဦးစီးညွှန်မှူး အရေးပေါ် ထောင်ကိုလာစစ်လို့ အရှေ့က အက်စကော့ လိုက်ဖို့ပါ။

ထောင်မှာ ထောင်ပိုင်၊ ညွှန်မှူး၊ ညွှန်ချုပ် စတဲ့သူတွေလာရင် အခြားအဆင့် ဝန်ထမ်းတွေက နံပါတ်တုတ်ကို ချိုင်းမှာညှပ်ပြီး ရှေ့ ၂ ယောက် နောက် ၂ ယောက် လိုက်ပေးရပါတယ်။ ဒီလိုလှမ်းခေါ်တဲ့အခါ ကြက်ဖကြီး သူ့နံပါတ်တုတ်ကို အသည်းအသန် ရှာပါတယ်။ ဘယ်သူ ယူသွားမှန်းလည်း မသိ။ နေ့တိုင်းလည်း ဒီလိုပဲ ယူထောင်း ပြီးရင် ပြန်ချိတ်ထားပေးပေမယ့် ခုကျမှ အရေးပေါ်ညွှန်မှူးလာတဲ့အခါ နံပါတ်တုတ်ကို မရှာသေးခင် ကျနော်တို့ကို တိုက်တွေထဲ ပြန်သွင်း၊ အားလုံး သော့ခတ်ပြီးတော့ နံပါတ်တုတ်က ရှာမရလို့ ကြက်ဖကြီး ချာလပတ်ရမ်းနေပါတယ်။ 

အဲဒီမှာ ဝီစီသံထပ်ထွက်လာပြီး ဟေ့ကောင် ၂ တိုက်က ဒုအဆောင်မှူး မလာသေးဘူးလား ဆိုတဲ့အခါ ကြက်ဖကြီးလည်း ကြံရာမရတဲ့အဆုံး ၂ တိုက်ရှေ့ စိုက်ခင်းထဲက အရိုးနီ ဟင်းနုနွယ်ပင်ကြီးတပင်ကို ချိုး (ထောင်ထဲက ဟင်းနုနွယ် အရိုးနီကြီးတွေဟာ လူတရပ်လောက်ရှိပြီး ပင်စည်က ကျပ်လုံးလောက်တုတ်တဲ့ ပင်စည်စားရတဲ့ ဟင်းနုနွယ်မျိုးပါ) ထိပ်ဖြတ် ခေါင်းဖြတ်လုပ်ပြီး ခပ်တည်တည်ပဲ ချိုင်းကြားညှပ်ပြီး ညွှန်မှူး အက်စကော့ လိုက်ပါတော့တယ်။ 

ဒါပေမယ့် ကြက်ဖကြီး ကံဆိုးသွားတာက ညွှန်မှူရဲ့အနောက်မှာ မနေရဘဲ ညွှန်မှူးရဲ့အရှေ့ကနေ လျှောက်ရတာပါပဲ။ တထောင်လုံးကို လိုက်စစ်ပြီး ညွှန်မှူးပြန်တော့မယ်ဆိုတဲ့ အချိန်ကျတော့မှ ကြက်ဖကြီး ချိုင်းကြားညှပ်ထားတဲ့ ဟင်းနုနွယ်အရိုးက အစေးရည်တွေက တတောက်တောက် ကျနေတာကိုမြင်တော့ ညွှန်မှူးက ဟေ့ကောင် ရပ်စမ်း မင်းနံပါတ်တုတ်က ဘာအရည်တွေကျနေတာလဲ ပြစမ်းဆိုပြီး ယူကြည့်လိုက်တဲ့အခါမှာတော့ နံပါတ်တုတ်မဟုတ်ဘဲ ဟင်းနုနွယ်ရိုးကြီးကို မြင်လိုက်ရတဲ့အခါ...။ 

ဆက်လက်ဖော်ပြပါမည်။ 

လေးစားစွာဖြင့် 
ထက်ရာဇာ (ခေတ္တ- အမေရိက) 

No comments: