Saturday, May 24, 2014

သစ္စာဖောက်လော၊ ကယ်တင်ရှင်လော (ညီစောလွင်)

စစ်ထောက်လှမ်းရေးအကြီးအကဲ ဘဝကလာတဲ့ ဗိုလ်ချုပ်ကြီး အဒဲ ဖာ့တက် အယ် စီစီဟာ သူ့ကို သူကောင်းပြုတဲ့ အရှင်သခင်ကို သစ္စာဖောက်ခဲ့ဖူးတယ်၊ အခုတခါ အီဂျစ်တော်လှန်ရေးကို သစ္စာဖောက်ပြီး ခေတ်သစ် ဖာရိုဘုရင်ကြီးပဲ ဖြစ်လာလေမလား ဆိုတာကတော့ ဘယ်သူမှ တတ်အပ်မသိနိုင်သေးပါဘူး။ 

မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေကြားထဲမှာ စကားနည်းပြီး ဆုံးဖြတ်ချက် ပြတ်သားသူအနေနဲ့ သိကြတဲ့ လက်ရှိ အသက် ၅၉ နှစ်အရွယ် အဒဲ ဖာ့တက် အယ် စီစီ ကို မနှစ် ဇူလိုင်လအထိ တော်တော်များများ မသိရကြသေးပါဘူး။ စီစီဟာ အီဂျစ်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရတဲ့ အစ္စလာမ္မစ် သမ္မတ မွတ်ဟာမက် မော်စီကို ရာထူးကနေ ဖြုတ်ချခဲ့တယ်။ သမ္မတ မော်စီကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲကြောင့် စစ်တပ်ကဝင်ခဲ့ရပေမယ့် နိုင်ငံရေး ရည်မှန်းချက်မရှိပါဘူးလို့ အစပိုင်းမှာ ပြောခဲ့တယ်။ နောက်ပိုင်းမှာတော့ လူကြိုက်များတာကိုသိလာတော့ စစ်ဦးချုပ် စီစီက တပ်ကထွက်ပြီး ရွေးကောက်ပွဲဝင်တော့မယ်လို့ မတ်လမှာ ကြေညာခဲ့တယ်။ 


“ကျနော့် ဘဝတလျှောက်လုံးမှာ စစ်သားတယောက်အနေနဲ့ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့တယ်။ တိုင်းပြည်ရဲ့ မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေအတွက် ကျနော် ဆက်ပြီးတော့ ထမ်းဆောင်ပါဦးမယ်။ ဒီအချိန်ဟာ ကျနော့်ဘဝအတွက် အရေးကြီးတဲ့အချိန်ပါ၊ ကျနော့် အသက် ၁၅ နှစ်အရွယ်မှာ အီဂျစ်လေ့တပ်မတော် လေ့ကျင့်ရေး အထက်တန်းကျောင်းမှာ စစ်ယူနီဖောင်းကို ကျနော် ဝတ်ခဲ့တယ်။ အခုဆိုရင် ၄၅ နှစ်နီးပါး ရှိပါပြီ၊ စစ်ယူနီဖောင်းကို ဝတ်ပြီးတော့ တိုင်းပြည်ကိုကာကွယ်ခဲ့ရတဲ့အတွက်လည်း ကျနော် အမြဲတမ်းဂုဏ်ယူခဲ့တယ်။ အခုနှစ်ပိုင်းတွေကို ပြန်ကြည့်မယ်ဆိုရင် အီဂျစ်နိုင်ငံမှာ ပြည်သူတွေရဲ့ဆန္ဒကို ဆန့်ကျင်ပြီးတော့ ဘယ်သူမှ သမ္မတ မဖြစ်နိုင်ပါဘူး။ ပြည်သူ့ထောက်ခံမှုမရဘဲ သမ္မတ မဖြစ်နိုင်ပါဘူး။ ပြည်သူတွေ မကြိုက်တဲ့လူတယောက်ကို သမ္မတဖြစ်ဖို့ အတင်းဖိအားပေး ထောက်ခံခိုင်းလို့လည်း မရတော့ပါဘူး။ ဒီလိုလုပ်လို့ရတဲ့ ခေတ်ဟာ ကုန်သွားခဲ့ပါပြီ၊ ဒါကြောင့် ပြည်သူတွေရဲ့ရှေ့မှာ နှိမ့်ချစွာနဲ့ ကျနော်ရဲ့ရည်ရွယ်ချက်ကို ပြောချင်ပါတယ်၊ အီဂျစ် အာရတ် သမ္မတ နိုင်ငံတော်ရဲ့သမ္မတဖြစ်ဖို့ ကျနော် ရွေးကောက်ပွဲ ဝင်သွားပါမယ်” 

စီစီရဲ့ဖခင်က သစ်သား ကနုတ်ပြုလုပ်တဲ့ ပန်းပုဆရာ၊ ဈေးဆိုင်ကလေးတခုရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။ စီစီဟာ ငယ်ငယ်ကတည်းက အင်မတန် လေးနက်တဲ့ အသွင်အပြင်ရှိပါတယ်။ ငယ်ဘဝဟာ ကျောင်းစာကို တဖက်က ကြိုးစား၊ အားတဲ့အချိန်မှာ သူ့အဖေရဲ့ဈေးဆိုင်မှာ ဝိုင်းကူရင်း ဖြတ်သန်းခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်မှာ စစ်တပ်ထဲရောက်တဲ့အခါ သူရဲ့ နဂိုပုံစံက အံဝင်ဂွင်ကျဖြစ်ပြီး အဆင့်ဆင့် ရာထူးအတက်မြန်ခဲ့တယ်။ အာဏာရှင် ဟိုစနီ မူဘာရတ် လက်အောက်မှာ စစ်ထောက်လှမ်းရေးတပ်ရဲ့ အကြီးအကဲအဖြစ် တာဝန်ယူခဲ့တယ်။ အသက်အငယ်ဆုံး စစ်ထောက်လှမ်းရေး အကြီးအကဲလည်း ဖြစ်ပါတယ်။ 

၂၀၁၁ အီဂျစ် တော်လှန်ရေးအပြီး ရွေးကောက်ပွဲမှာအနိုင်ရပြီး တက်လာတဲ့ အစ္စလာမ္မစ်ဝါဒီ သမ္မတ မော်စီက ဗိုလ်ချုပ် စီစီကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်ခဲ့ပါတယ်။ မော်စီက မူဘာရတ်ခေတ်က အရိုးရင့် ဗိုလ်ချုပ်တွေထဲက တယောက်ယောက်ကို ကာကွယ်ရေးဝန်ကြီးခန့်ရင် အမိန့်မနာခံမှာစိုးလို့ အငယ်ဆုံး ဗိုလ်ချုပ်တယောက်ကို စိတ်ကြိုက်ရွေးချယ်လိုက်ခါမှ လူကဲခတ်မှားသွားတယ်၊ အကြီးဆုံး အမှားလို့ ဆိုရမှာပါ။ နောက်ဆုံးမှာတော့ ကိုယ်မွေးတဲ့မျောက် ကိုယ့်ကို ပြန်ခြောက်ခဲ့တယ်ဆိုတဲ့စကားအတိုင်းပဲ သမ္မတမော်စီကို ဗိုလ်ချုပ်စီစီကပဲ ဖြုတ်ချခဲ့ပါတယ်။ 

စီစီဟာ သမ္မတ မော်စီကိုဖြုတ်ချခဲ့တဲ့နောက် အီဂျစ်ကို တနှစ်ခွဲ အုပ်ချုပ်ခဲ့တဲ့ စစ်ကောင်စီထဲမှာ အသက်အငယ်ဆုံး ဗိုလ်ချုပ်ဖြစ်ပါတယ်။ ဝေဖန်သူတွေကတော့ စီစီဟာ အတိုက်အခံတွေကို နှိပ်ကွက်တဲ့ အစိုးရနဲ့ တကျိတ်တည်း တဉာဏ်တည်းလို့ စွပ်စွဲကြပါတယ်။ လူထုအုံကြွမှုနဲ့ဖြုတ်ချခဲ့ရတဲ့ သမ္မတ ဟိုစနီ မူဘာရတ်ခေတ်က လုပ်နည်းလုပ်ဟန်တွေကိုသုံးပြီး အတိုက်အခံတွေကို ဖိနှိမ့်ခဲ့တယ်လို့ ဝေဖန်ကြပါတယ်။ တကယ်မှာလည်း သြဂုတ်လနဲ့ စက်တင်ဘာလတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေက သမ္မတဟောင်း မော်စီကို ထောက်ခံဆန္ဒပြသမား ၁၅၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြတယ်။ မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့ကို ထောက်ခံသူ ထောင်ပေါင်းများစွာကိုလည်း ထောင်သွင်း အကျဉ်းချခဲ့တယ်။ ဒါတင်မက မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့ကိုလည်း အကြမ်းဖက်အဖွဲ့လို့ တံဆိပ်တပ်ပြီး မတရားအသင်း ကြေညာခဲ့တယ်။ မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ အားလုံး၊ ထောင်နဲ့ချီတဲ့ အဖွဲ့ဝင်တွေကို ဖမ်းဆီး ထောင်ချထားတယ်။ 

ဒီမိုကရေစီလိုလားတဲ့ ဧပြီ ၆ လှုပ်ရှားမှုအဖွဲ့ကို ဧပြီလ ၆ ရက်နေ့ကလည်း မတရားအသင်းအဖြစ် ကြေညာခဲ့တယ်။ ဧပြီ ၆ လှုပ်ရှားမှုအဖွဲ့ဟာ ၂၀၁၁ ခုနှစ်က အာဏာရှင် ဟိုစနီ မူဘာရတ်ကိုဖြုတ်ချတဲ့ လူထုအရေးတော်ပုံ ပေါ်ပေါက်အောင် စည်းရုံးလှုံ့ဆော်ခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ လူတွေ လမ်းပေါ်ထွက်လာအောင် လူမှုကွန်ယက် မီဒီယာတွေကိုအသုံးချပြီး စည်းရုံးခဲ့တဲ့ လူငယ်လှုပ်ရှားမှုအဖွဲ့ ဖြစ်ပါတယ်။ အခုတော့ ဧပြီ ၆ လှုပ်ရှားမှုအဖွဲ့က ခေါင်းဆောင်အတော်များများ ထောင်ထဲမှာ ရောက်နေကြတယ်။ 

အီဂျစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ အစိုးရက ခေါင်းခေါက်ရွေးပြီး ရွေးဆွဲခဲ့တယ်။ ဇန်နဝါရီလမှာ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့အခြေအနေနဲ့ အတည်ပြုခဲ့တယ်။ မဲပေးခွင့်ရှိသူရဲ့ ၃၈ ရာခိုင်နှုန်းပဲ မဲပေးခဲ့ပြီး ထောက်ခံမဲ ၉၈ ရာခိုင်နှုန်းလို့ ကြေညာခဲ့တယ်။ အရှက်ရစရာကောင်းတဲ့ ရလဒ်မျိုးပါပဲ။ ဖွဲ့စည်းပုံက စစ်တပ်ကို အာဏာ အလွန်အကျွံပေးထားပါတယ်။ အရပ်သားတွေကို စစ်ခုံရုံးမှာ စီရင်ခွင့်၊ စစ်တပ်ရဲ့ သီးခြားအဖွဲ့အစည်း လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားတဲ့ ဖွဲ့စည်းပုံဖြစ်ပါတယ်။ အမျိုးသမီးအခွင့်အရေး၊ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်၊ တခြား ပြည်သူ့လွတ်လပ်ခွင့်တွေကို စတိသဘောထည့်ထားပေမ့ယ် လက်တွေ့မှာ ဘယ်လောက်ကျင့်သုံးမလဲဆိုတဲ့ မေးခွန်းတွေ ရှိပါတယ်။ 

အီဂျစ်ဖွဲ့စည်းပုံကို ထူးမခြားနား၊ နိုင်ငံရေးလွတ်လပ်ခွင့်၊ တရားစီရင်ရေးစနစ် လွတ်လပ်ခွင့်၊ တရားဥပဒေ စိုးမိုးမှုတွေ နောက်ပြန်လှည့်သွားတယ်လို့ Freedom House အဖွဲ့က မတ်လက ဆိုခဲ့ပါတယ်။ မတ်လအတွင်းမှာ မော်စီထောက်ခံသူတွေ ရာပေါင်းများစွာကို သေဒဏ်ချမှတ်ခဲ့တာက တရားစီရင်ရေးစနစ်ရဲ့ လွတ်လပ်မျှတမှု ဘယ်လောက်ရှိသလဲဆိုတာရဲ့ သက်သေပါပဲ။ အကယ်၍ ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်ဟောင်း စီစီ အနိုင်ရရင် စစ်တပ်က နိုင်ငံရေးအပေါ် ဆက်ပြီးလွှမ်းမိုးနေမှာဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာမယ့် အလားအလာမရှိဘူးလို့ သုံးသပ်ထားပါတယ်။ 

ဗိုလ်ချုပ်ကြီး စီစီကို ယှဉ်ပြိုင်မယ့် သမ္မတလောင်းကတော့ လက်ဝဲယိမ်း ဟမ်မဒင် စာဘာဟီ ဖြစ်ပါတယ်။ သူဟာ တချိန်ကတော့ သတင်းစာဆရာနဲ့ နိုင်ငံရေးအကျဉ်းသား ဖြစ်ပါတယ်။ သမ္မတရွေးကောက်ပွဲဝင်မယ်လို့ ဖေဖော်ဝါရီလကတည်းက ကြေညာခဲ့ပါတယ်။ မော်စီ အနိုင်ရခဲ့တဲ့ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲတုန်းက ရှာဘာဟီ တတိယနေရာ လိုက်ခဲ့ပါတယ်။ သူဟာ အီဂျစ်ရဲ့ ဇန်နဝါရီ ၂၅ တော်လှန်ရေးရဲ့ ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရသူ ဖြစ်ပါတယ်။ 

အီဂျစ်ပြည်သူတွေ အတော်များများက ဗိုလ်ချုပ်ဟောင်း စီစီဟာ တိုင်းပြည်တည်ငြိမ်အောင် ထိန်းပေးနိုင်မယ့် ခိုင်မာတဲ့ ခေါင်းဆောင်ဖြစ်လာလိမ့်လို့ မျှော်လင့်နေကြပါတယ်။ တိုင်းပြည်မှာ နိုင်ငံရေးနဲ့ စီးပွားရေး ဝရုန်းသုန်းကာလကလည်း ၃ နှစ်ရှိနေပါပြီ။ လေ့လာသူတွေ၊ ကျွမ်းကျင်သူတွေကတော့ ရွေးကောက်ပွဲမှာ စီစီက အသာတကြည်ပဲ အနိုင်ရမယ်လို့ ခန့်မှန်းထားကြပါတယ်၊ တချို့ကလည်း စီစီ သမ္မတ ဖြစ်လာရင် အီဂျစ်မှာ မူဘာရတ်ခေတ်က မူဝါဒတွေ တကျော့ပြန် အသက်ဝင်လာမှာကို စိုးရိမ်နေကြပါတယ်။ စီစီ အတွက် ရင်ဆိုင်ရမယ့် အခက်အခဲမျိုးစုံထဲမှာ အီဂျစ်စီးပွားရေးက အထိန်းအကွပ်မဲ့ ထိုးကျနေတာနဲ့ မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့ ကျဆုံးခန်းနဲ့အတူ ပြည်သူတွေအကြား စိတ်ဝမ်းကွဲမှုကလည်း ဆိုးရွားနေတာတွေ ထိပ်ဆုံးက ပါဝင်ပါတယ်။ 

အရေးကြီးဆုံးကတော့ အီဂျစ်ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ဖြစ်ပါလိမ့်မယ်။ တော်လှန်ရေးပြီးခါ အခြေအနေမှာ ဖြစ်လေ့ဖြစ်ထအတိုင်း လူတွေရဲ့ မျှော်လင့်ချက် မြင့်မားသလောက် စိတ်အပြောင်းအလဲကလည်း အရမ်း မြန်ပါတယ်။ အခုအချိန်မှာ အီဂျစ်မှာ စီစီရဲ့ပုံကို တီရှပ်တွေအစ ချောကရက်၊ သော့ချိတ်တွေအလယ် ဖန်စီပစ္စည်းတွေအဆုံး တွေ့ဖို့ မခဲရင်းပါဘူး။ ဒါပေမ့ယ် စီစီအနေနဲ့ တိုင်းပြည်ကို တကယ်အုပ်ချုပ်တဲ့အခါ မှန်မှန်ကန်ကန် ဦးဆောင်မှုမပေးရင် တော်လှန်ရေးသွေး နွေးနေဆဲဖြစ်တဲ့ အီဂျစ်ပြည်သူတွေက နောက်တကြိမ်နိုးထလာကြဖို့ ဝန်လေးမှာမဟုတ်ပါဘူး။ သူရှေ့က သမ္မတနှစ်ယောက်ရဲ့အမှားတွေကို သင်ခန်းစာယူဖို့ လိုပါလိမ့်မယ်။ ။ 

ညီစောလွင် 

No comments: