Sunday, May 25, 2014

မြန်မာတွေ ရှက်တတ်စေချင်တယ် (ကိုညို)

အခုတလော (အမျိုး၊ ဘာသာ၊ သာသနာ ကြွေးကြော်သံနဲ့ မရောင်ရာဆီလူး) မျက်ကန်းမျိုးချစ်သံတွေ ကြွက်ကြွက်ညံအောင် ကြားရတော့ အော်... ဒီရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တွေ ကျွဲခြေရာခွက်ကို ပင်လယ်ထင်နေပါပေါ့လားလို့ပဲ ညည်းတွားမိတယ်။ ကိုယ်က ကိုယ့်လူမျိုးနဲ့ ကိုယ်ကိုးကွယ်ရာကို တန်ဖိုးထား မြှင့်တင်ချင်တယ်ဆို တခြားလူမျိုးနဲ့ သူတစ်ပါးကိုးကွယ်ရာ ဘာသာအကြောင်း လုံးဝ မသိရင်တောင် လေးစား တန်ဖိုးထားတတ်ရမယ်ဆိုတာကို သတိပြုသင့်တယ်။ ကိုယ်တိုင်က အမြင်ကျဉ်းမြောင်းစွာ သူတစ်ပါး လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းကို ပျက်ရယ်ပြုတာဟာ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးညံ့ဖျင်းမှုနဲ့ ပညာရည်နိမ့်ကျမှုကို ပြသရာရောက်စေတယ်။ 

မိမိလူမျိုး၊ နိုင်ငံကို မြတ်နိုးချစ်ခင်စိတ်နဲ့ ဂုဏ်ယူတာကောင်းပါတယ်။ ဒါပေမယ့် မျိုးချစ်စိတ် အစွန်းရောက်သွားရင် တပါးလူမျိုးနဲ့ အချုပ်အခြာပိုင်ဆိုင်မှုအပေါ် မထေမဲ့မြင်ပြုတတ်ပါတယ်။ မိမိတို့ ပဒေသရာဇ်စံနစ် အားကောင်းခဲ့စဉ် အနီးအနား တိုင်းနိုင်ငံငယ်တွေကို သိမ်းပိုက်အနိုင်ယူနိုင်တာကို မိမိတို့က နိုင်ငံတော်ကို ချဲ့ထွင်စည်းရုံးနိုင်သူ၊ တန်ခိုးအင်အား တောင့်တင်းသူ၊ ဘုန်းမီးနေလတောက်ပသူလို့ ကြွေးကြော်နေပေမယ့် တဖက်က ကျူးကျော်ခံရသူတွေအဖို့ ရိုင်းပျပြီး နိုင်ထက်စီးနင်းပြုသူ၊ လူသားမဆန် ရက်စက်ယုတ်မာသူ၊ ကျူးကျော်သူ အရိုင်းအစိုင်းများလို့ ကဗ္ဗည်းမှတ်တမ်းတင်ထားတာကို သတိမူသင့်တယ်။ 


ကျနော် အိန္ဒိယနိုင်ငံမှာနေထိုင်ခဲ့စဉ် အာသံပြည်နယ်မြို့တော် ဂွာတီး(Guwahati)က အမျိုးသားပြတိုက်ကို အချိန်ရတိုင်း သွားလေ့လာဖြစ်ပါတယ်။ မီးရထားဘူတာရုံ မနီးမဝေးမှာရှိတဲ့ အာသံပြည်နယ်ပြတိုက်မှာ ကုန်းဘောင်ခေတ် မြန်မာ ရှေးဟောင်းပေစာ၊ ပေရွက်တွေနဲ့ ဓားလက်နက် အဆောင်အယောင်၊ အသုံးအဆောင်တချို့ကို ပြသထားတယ်။ ထူးခြားတာက ပြတိုက်နံရံတွေမှာ ချိတ်ဆွဲထားတဲ့ ဆီဆေးပန်းချီကားကြီးတွေပါ...။ ၁၈၂၀ အစောပိုင်းဝန်းကျင်က (ဘကြီးတော်မင်း လက်ထက်၊ မဟာဗန္ဓုလခေတ်လို့ မှန်းဆရတယ်) မြန်မာတွေ ကျူးကျော်ခဲ့စဉ်အဖြစ်အပျက်ကို မှတ်တမ်းတင်ထားတာပါ။ 

မြန်မာနဲ့ပတ်သက်နေတဲ့ ပန်ချီကားတချပ်ကိုလည်း တွေ့ရတယ်။ ပုံထဲမှာ ဆံပင်ဖားလျှားချ မြင်းစီးတပ်သားတွေနဲ့ ရဲမက်တချို့ ဓားလွတ်တွေ၊ လှံတွေကိုင်ထားပြီး ကလေးတွေနဲ့ အမျိုးသမီးတွေကို ထိုးခုတ် သတ်ဖြတ်နေပုံဖြစ်တယ်။ ဘောင်ခတ်ထားတဲ့ ပန်းချီကားအောက်မှာ အင်္ဂလိပ်လို စာရေးထားတယ်။ “အရှေ့ဘက်အရပ်မှ မြန်မာ လူရိုင်းများဝင်ရောက် ကျူးကျော်တိုက်ခိုက်နေပုံ” တဲ့။ ကျနော်တို့ လူမျိုးတွေအပေါ် တိုင်းတပါးသားတွေကရော ဘယ်လိုမြင်သလဲဆိုတာ ဆင်ခြင်ကြည့်ဖို့ပါ။ 

ထိုင်းနိုင်ငံ အယုဒ္ဓယနဲ့၊ မဏိပူရ၊ ဟံသာဝတီသားတွေအဖို့ နှစ် တထောင်ကျော် ပဒေသရာဇ်ခေတ်လွန် ခံစားချက်တွေကို မေးမြန်းသုသေသနလုပ်ကြည့်ရင် သူတို့ ဘယ်လိုဖြေမလဲ။ ကျနော်တို့မြန်မာတွေ ဂျပန်တွေကို ဒီကနေ့ ဘယ်လိုသဘောထားသလဲဆိုတာနဲ့ အတူတူပဲနေမှာပါ။ သမိုင်းကို ခွင့်လွှတ်နိုင်ပေမယ့် မေ့ဖျောက်နိုင်ကြမှာတော့ မဟုတ်ပါဘူး။ 

ကျနော် မဏိပူရမှာနေထိုင်ခဲ့စဉ် မိသားစုလို ရင်းနှီးကျွမ်းဝင်တဲ့ မဏိပူရတက္ကသိုလ် မော်ကွန်းထိန်းဖြစ်သူ မိတ်ဆွေတစ်ဦးက ပဒေသရာဇ်ခေတ် မဏိပူရ-မြန်မာ အပြန်အလှန် အားပြိုင် ကျူးကျော်ခဲ့ပုံတွေအကြောင်း အလျှင်းသင့်သလို ပြောပြလေ့ရှိတယ်။ သူဟာ မျိုးချစ်စိတ်ကြီးမားတဲ့ မဏိပူရမင်းမျိုးအနွယ်ထဲကဖြစ်သလို သူ့သားငယ်ရဲ့ နာမည်ကို “အင်းဝကို အောင်နိုင်သူ” လို့ မြန်မာအဓိပ္ပာယ်ရတဲ့ ကသဲနာမည် ပေးထားတယ်။ 

တခါတလေ မြန်မာရဲမက်တွေ နှိပ်စက်ညှဉ်းပမ်းမှုနဲ့ပတ်သက်ပြီးတော့လည်း သူက ရယ်ကာမောကာ ပြန်ပြောင်းပြောတတ်တယ်။ သူပြောပြတဲ့အထဲမှာ စာထဲ မတွေ့ဖူးတဲ့ အကြောင်းအရာလေးတစ်ခုက “မြန်မာတပ်သားတွေ မဏိပူရသုံ့ပန်းတွေကို အင်းဝအထိ ခြေကျင် ဖမ်းဆီးခေါ်ဆောင်ရာမှာ ရိုးရိုးတန်းတန်း ခေါ်မသွားဘူး၊ မဏိပူရရဲမက်တွေက နားကပ်ပန်ပြီး နားပေါက် ဖောက်တတ်ကြတယ်ဆိုတော့ တယောက်နဲ့တယောက်ကို အဲဒီနားအပေါက်တွေထဲ ချည်ကြိုး သေးသေးမျှင်မျှင်လေးနဲ့ တွဲချိတ်ပြီး တန်းစီပြီး လျှောက်ခိုင်းတယ်” “တကယ်လို့ ကြိုးပြတ်ရင် ခေါင်းဖြတ်မယ်လို့ သတိပေးထားတော့ မဏိပူရသုံ့ပန်းတွေဟာ ချည်ကြိုးကို လက်က ထိန်းကိုင်ရင်း အတွဲလိုက်ကြီး တဖြည်းတဖြည်းလျှောက်ရတယ်၊ နှေးလို့ဆိုပြီး ဗမာတွေက မာန်မဲပြီး အမြန်လျှောက်ခိုင်းသေးတယ်” 

အခုအချိန် ဘယ်လိုခံစားချက်တွေရှိသေးလဲလို့ မေးကြည့်တော့ “ပဒေသရာဇ်ခေတ်ကဖြစ်ခဲ့တာတွေ ဒီအချိန်ထိ ယူလာစရာမလိုပါဘူး၊ အားလုံး ပြီးခဲ့ပါပြီ၊ သမိုင်းခေတ်လည်း မတူတော့ဘူး၊ တို့ မဏိပူရတပ်တွေလည်း အင်းဝကို သိမ်းပိုက်ခဲ့သေးတာပဲလေ၊ ပဒေသရာဇ်တွေအချင်းချင်း အားပြိုင်ခဲ့ကြတာပါ” တဲ့။ နေပြည်တော်အဝင် ကြေးရုပ်ထုကြီး ၃ ခုဟာ ကျနော်တို့သမိုင်းခေတ်ထဲမှာ ဂုဏ်ယူဖို့လား၊ မောက်မာဖို့လား၊ သံဝေဂရစေဖို့လား... ကိုယ့်ဖာသာကိုယ် အဖြေရှာရတော့မယ်။ 

စစ်အာဏာရှင်စနစ်အောက်မှာ ကျနော်တို့ မြန်မာကျောင်းသားတွေနဲ့ တိုင်းရင်းသား ပြည်သူအမြောက်အများ နယ်စပ်တွေနဲ့ တိုင်းတစ်ပါးမှာ ခိုလှုံ အလုပ်လုပ်ကိုင်ကြရတယ်။ လုပ်ခမပေးတာ၊ လုပ်ခနှိမ်တာ၊ အနိုင်ကျင့် စော်ကားတာတွေမျိုးစုံ ခံရတယ်။ လူကုန်ကူးတာ ခံရတယ်၊ ပြည့်တန်ဆာဘဝ တွန်းပို့ခံရတယ်၊ အပျော်မယားအဖြစ် အသုံးတော်ခံရတယ်၊ အသတ်အဖြတ်ခံရတယ်။ ဒီနေ့အထိလည်း ဆက်ရှိနေဆဲ၊ မပြီးဆုံးသေးပါ။ 

အိမ်နီးချင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ မြန်မာယက္ကန်းပညာရှင် ရွှေ့ပြောင်းအလုပ်သမားတွေ ရာချီနေထိုင်တယ်။ သူတို့ဟာ ရိုးရာယက္ကန်း အတတ်ပညာရှင်တွေ ဖြစ်တယ်။ မီဇိုရမ်၊ မဏိပူရ၊ နာဂလင့်နဲ့ အာသံပြည်နယ်မှာ မြန်မာလို အဆင့်မြင့် ယက္ကန်းစင်မျိုးသာမက၊ ယက္ကန်းအတတ်ပညာမျိုးလည်း မရှိပါ။ ဒါပေမယ့် မြန်မာအလုပ်သမားတွေကို အသုံးပြုပြီး သူတို့ပြည်နယ်အတွက် ပြည်တွင်း၊ ပြည်ပ အဓိကဝင်ငွေ ရှာဖွေနေတယ်။ အဲဒီလို မြန်မာအလုပ်သမားတွေကို အသုံးပြုကြီးပွားနေပေမယ့် မြန်မာတွေကို ကျေးဇူးရှင်တွေလို့လည်း မသတ်မှတ်ပါဘူး။ ပြည်နယ်ရွေးကောက်ပွဲနီးချိန်ဆို တရားမဝင် နေထိုင်သူတွေရဲ့ မဲပြားတွေအသုံးပြုမှာစိုးလို့ တရားမဝင်နေထိုင်သူ မြန်မာတွေအားလုံးကို မောင်းနှင်ထုတ်လေ့ရှိပါတယ်။ “ကျနော်တို့ဟာ ဒီနိုင်ငံမှာ မဲတပြားလောက်တောင် တန်ဖိုးမရှိပါဘူး” လို့ အလုပ်သမားတယောက်က ပြောဖူးပါတယ်။ 

ကျနော်တို့ မြန်မာလူမျိုးတွေ တိုင်းပြည်ပြင်ပ နိုင်ငံခြားရောက်လို့ မြန်မာနိုင်ငံသားအချင်းချင်း လမ်းမှာတွေ့ရင်တောင် မြန်မာတွေမှန်းသိပါရက်နဲ့ မိတ်မဆက်ရဲ၊ မခေါ်မပြောရဲတဲ့အထိ မယုံကြည်မှုတွေ၊ အကြောက်တရားနဲ့ သံသယတွေ ကြီးစိုးခဲ့ကြတယ်။ ကိုယ့်နိုင်ငံသား၊ ကိုယ့်လူမျိုးအချင်းချင်း ကိုယ်ထိတ်လန့်နေကြတယ်။ 

ကျနော်တို့ပြည်သူတွေ နှစ်ပေါင်းများစွာ ကိုယ့်နိုင်ငံထဲ ချောင်ပိတ်မိပြီး ပြင်ပကမ္ဘာရဲ့ ဖြစ်ပျက်ပြောင်းလဲမှုတွေ၊ အတွေးအခေါ်နဲ့ ဖွံ့ဖြိုးမှုတွေကို လွတ်လွတ်လပ်လပ် ကြည့်မြင်ခွင့်မရခဲ့ဘူး။ ဝါးလုံးခေါင်းထဲ လသာခဲ့ရတယ်။ တိုင်းပြည်ရဲ့ စီးပွားချွတ်ခြုံကျမှု၊ ပညာရည်နိမ့်ပါးမှု၊ အတွေးအခေါ် ချောင်ပိတ်မိမှု၊ အလွတ်မလပ်၊ အမြင်မကျယ်မှုတွေကို မသမာသူတွေက နိုင်ငံရေးအရ အသုံးချလာတယ်။ ဘာသာရေး၊ အမျိုးသားရေးမှိုင်းတိုက်ပြီး နှိုးဆော်တယ်။ 

တကယ်တော့ ဘာသာရေး၊ လူမျိုးရေးဆိုတာ သွေးဆူအောင်လုပ်ရတာ အလွယ်ကူဆုံးနဲ့ အညံ့ဖျင်းဆုံး စည်းရုံးမှုသာ ဖြစ်တယ်။ ပြည်သူတွေ နေ့စဉ် အစာအိမ်ကိစ္စ၊ ရှင်သန်ရပ်တည်ရေးကိစ္စကလွဲလို့ ဘာမှ ခေါင်းထဲထည့်မထားနိုင်တာကို အခွင့်ကောင်းယူပြီး အမျိုးသားညီညွတ်ရေးနဲ့ တိုင်းပြည်ငြိမ်းချမ်းရေးကို ပျက်ပြားစေမယ့် အပေါစား စည်းရုံးရေးနည်းနာတွေ မသုံးသင့်တော့ပါ။ တိုင်းပြည်ဟာ နာပြီးရင်းနာနေတာကို သတိပြုသင့်တယ်။ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေက မိမိတို့နိုင်ငံသားတွေအပေါ် ဘယ်လိုရှုမြင်နေကြသလဲဆိုတာ သိစေချင်တယ်။ 

မြန်မာတွေဟာ ကိုယ်လူမျိုးချင်း သတ်ဖြတ်သူတွေ၊ လူကိုလူလို တန်ဖိုးထားရမှန်းမသိတဲ့ အရိုင်းအစိုင်းတွေ၊ ကြီးနိုင်ငယ်ညှဉ်းစိတ်ဓာတ်နဲ့ အတ္တကိုယ်ကျိုးသာ ရှုမြင်တတ်တဲ့လူမျိုးတွေ၊ ပညာဉာဏ်ရည်နိမ့်ကျ၊ ခန္ဓာကိုယ် သန်စွမ်းမှုမရှိ၊ မျိုးရိုးဗီဇ မမှန်သူတွေ၊ တိုင်းတပါးကိုသာ မှီခိုတတ်ပြီး အာဏာနဲ့ ငွေကြေးဥစ္စာ ရုပ်ဝတ္တုအပေါ်မှာပဲ တန်ဖိုးထားတတ်သူတွေလို့ တပါးသူတွေက တိုးတိုးတိတ်တိတ် ဝေဖန်ဟားတိုက်နေတာကို အတိတ်ကာလကလည်း မကြာခဏ ကြားခဲ့ရတယ်။ ဒီကနေ့ကာလအထိ ကြားနေရတုန်းပါ။ 

ဒါမျိုး နောက်ထပ်ပြီး ကြားရဲတဲ့သတ္တိမျိုး ကျနော်တို့မှာ မရှိတော့ပါ...။ အစွန်းရောက် အတွေးအခေါ်ရှိသူ မြန်မာတွေအားလုံး ရှက်တတ်ကြပါစေ...။ ။ 

ကိုညို (အော်စလို) 
၂၁ မေ၊ ၂၀၁၄ 

(ဒီကနေ့ထုတ် ဒီမိုကရေစီတူဒေး သတင်းစာပါ ဆောင်းပါး) 

 

No comments: