Thursday, May 15, 2014

ကျွန်ုပ်၏ကုက္ကိုပင်များ (ကိုညို)

(မနက်ဖန် မေလ ၁၆ ရက် သောကြာနေ့ဟာ World Love a Tree Day ကမ္ဘာ့ သစ်ပင်ချစ်တဲ့နေ့ ဖြစ်တယ်)

 နေ့ခင်းကြောင်တောင် မှေးခနဲ အိပ်ပျော်သွားတော့ ကျနော့်ရဲ့ ကုက္ကိုပင်တွေကို အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ ကုက္ကိုပင်ကြီးက ဟိုတုန်းကအတိုင်း ပင်စည်ခိုင်ခိုင်ကြီးနဲ့ လူကြီး ၅ ယောက် တဖက်စာအတိုင်း ရှိနေတုန်း။ သူများတွေပြောခဲ့သလို တပင်လုံး အလှဲခံရသေးတာ မဟုတ်ဘူး။ ဓာတ်ကြိုးနဲ့မလွတ်တဲ့ အပေါ်ဆုံးဘက်က ကိုင်းကြီးတွေပဲ အခုတ်ခံရတာပါ။ အိပ်မက်ထဲမှာ အခက်အလက်တွေ ပြန်ထွက်လို့၊ အရွက်တွေက စိမ်းမြနေတာပဲ။ ခုတ်ချိုင်ထားမှန်းတောင် မသိသာဘူး။ ကျနော်ရဲ့ကုက္ကိုပင်ကြီးကိုကြည့်ပြီး အရမ်းပျော်သွားတယ်။ ကြည့်လို့လည်း မဝဘူး။ အနားကပ်ပြီး ကုက္ကိုပင် ပင်စည်ကြီးကို လက်ဖဝါးနဲ့ ထိလိုက်တယ်၊ အရင်လို အားရပါးရ မှီလိုက်ချင်တယ်။ 

အလို... အခေါက်တွေ အထပ်ထပ်နဲ့ ကုက္ကိုပင်စည်ကြီးဟာ ကြမ်းတမ်းမာကြောမနေဘဲ ကျနော့်လက်ဖဝါးအောက် ပျော့ဝင်သွားတယ်။ ထိတ်ခနဲဖြစ်သွားတယ်။ အဲဒီမှာတင်... ရုတ်တရက် လန့်နိုးတာ။ အိပ်မက် မက်နေမှန်း သိလိုက်တာ။ ကျနော်စမ်းမိတဲ့ ကုက္ကိုပင်ကြီးက ဆီလီကွန် ဂွမ်းနုတွေထည့်ထားတဲ့ ဖက်လုံးကြီးဖြစ်နေတယ်။ 

ဒါနဲ့ပဲ ဆက်မအိပ်ဖြစ်တော့ဘူး။ ကုက္ကိုပင်တွေဆီစိတ်က ရောက်သွားတယ်။ ကျနော့်ဇာတိမြို့လေးက ကျနော်နေတဲ့ ရပ်ကွက်လေးရဲ့ လမ်းတလျှောက် စီတန်းပြီးပေါက်နေတဲ့ ကုက္ကိုပင်တွေကို ပြန်လွမ်းသွားတယ်။ သတိရလိုက်တာ...။ 


တကယ်တော့ ကျနော်တို့မြို့လေးကို ကုက္ကိုမြို့လို့ခေါ်ရင် မမှားနိုင်ဘူး။ ကြံရာသီချိန် တနှစ်ကို ခြောက်လ လည်ပတ်တဲ့ သကြားစက်ရုံကြီးကို အမှီပြုနေထိုင်တဲ့ အလုပ်သမားမြို့လေးရဲ့ ရပ်ကွက်တိုင်းနီးပါး ကုက္ကိုပင်တွေ အစီအရီ ပေါက်နေတယ်။ သေးသေးမွှားမွှားအပင်တွေ မဟုတ်။ အင်္ဂလိပ်တွေ အုပ်ချုပ်လာတဲ့ခေတ် ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီကတည်းက အပင်တွေက အရိပ်ထိုးနေပြီ။ ရန်ကုန်-မန္တလေး အဝေးပြေးကားလမ်း နံဘေးတဖက်တချက်မှာ လူကြီး ငါးယောက်ဖက်လောက် ကြီးမားတုတ်ခိုင်တဲ့ ကုက္ကိုပင်ကြီးတွေကို အင်္ဂလိပ်တွေက ရည်ရွယ်ချက်ကြီးကြီးနဲ့ စိုက်ခဲ့တာလို့ ရှေးမီနောက်မီတွေက ပြောဖူးတယ်။ အဲဒီအဝေးပြေးကားလမ်းတွေပေါ် အရိပ်ကောင်းပြီး အထွားမြန်၊ ရှင်သန်လွယ်တဲ့ ကုက္ကိုပင်တွေ စိုက်ရတာဟာ ချောင်းရေမြစ်ရေလျှံပြီး ရေတိုက်စားမှုတွေ မဖြစ်အောင်၊ မြေဆီကို ထိမ်းထားနိုင်အောင်လို့ သိရတယ်။ “ဂျပန်ခေတ်က မဟာမိတ် အင်္ဂလိပ်တပ်တွေရဲ့ စစ်ကားတန်းကြီးတွေဟာ ဒီကုက္ကိုပင်တွေရဲ့ အကာအကွယ်ကိုယူပြီး ဂျပန်ဗုံးကြဲလေယာဉ်တွေရန်ကို အကာအကွယ်လုပ်နိုင်ခဲ့တယ်”လို့ ကျနော့်အဖိုးက ပြောဖူးတယ်။ 

ကျနော်တို့ငယ်ငယ်က ရပ်ကွက်ထဲက အဲဒီကုက္ကိုပင်အောက်မှာပဲ ကစားခုန်ပေါက်ခဲ့တယ်။ နေပြင်းပြင်းပူတဲ့ နေ့လည်တွေမှာ အမေနဲ့ အိမ်နီးချင်း မိန်းမကြီးတွေက ကုက္ကိုပင်အရိပ်အောက် ဖျာတွေခင်း ထိုင်သူထိုင်၊ လျှောင်းသူလျှောင်း၊ တယောက်ခေါင်းတယောက် ခြေဆင်းထိုင်ပြီး သန်းရှာသူတွေရှာနဲ့ပေါ့...။ ကျနော့် အမတွေနဲ့ မိန်းကလေးတွေက ဖန်ခုန်၊ ထုတ်ဆီးတိုးရင်း ငြင်းခုန်လို့။ ကျနော်တို့ သူငယ်ချင်းတသိုက်က အပင်ရိပ်အောက် မလှမ်းမကမ်းကွင်းလေးမှာ ဘော်လုံးကန်၊ ဂျင်ပေါက်၊ လောက်စလုံးပစ်နဲ့ ကုက္ကိပင်အေးရပ်မှာ လွတ်လပ်ပျော်မြူးခဲ့ဖူးတယ်။ 

မိုးလေတွေထန်တဲ့အချိန်ဆို ကျနော်တို့ ကုက္ကိုပင်ကြီးတွေအောက် ကြာကြာမနေဘူး။ လူကြီးတွေကလည်း သတိပေးထားတယ်။ ကုက္ကိုပင်က အပင်ကြီးဆိုပေမယ့် အကိုင်းက ဆတ်တယ်။ အကျိုးအပဲ့ လွယ်တယ်။ လေပြင်းတိုက်တဲ့ဒဏ် မခံနိုင်ဘူး။ ပဲ့ပြတ်၊ ကျိုးကြေ ပြိုလဲတတ်တယ်။ ဘယ်လောက်ကြီးတဲ့ ကုက္ကိုပင်စည်ဖြစ်စေ အသားပွတာမို့ ခုတ်လှဲရ လွယ်ကူတယ်။ ပင်စည်ကို ပေါက်ဆိန်နဲ့ တဝက်လောက်ခုတ်မိရင်ပဲ တပင်လုံး လဲပြိုကျအောင် ကြိုးနဲ့ ဆွဲလှဲလို့ရတယ်။ ကုက္ကိုသားက ထင်းအဖြစ်သုံးလည်း ကြာကြာမခံဘူး။ သူက အရိပ်ကောင်းဖို့ သက်သက်ပဲ။ ပြီးတော့ ကုက္ကိုရွက်ကို နွားသိပ်ကြိုက်တယ်။ အရွက်မှ မဟုတ်ဘူး၊ အသီးကိုလည်း ကြိုက်တာပဲ။ ကုက္ကိုသီးအမှည့်ဆို မဲခြောက်ခြောက်အရောင်၊ အရသာက ချိုရှရှ၊ နွားတွေက ကောက်စား၊ ပြီးရင် ချီးပန်းတယ်။ နှောက်ချေးထဲ ကုက္ကိုစေ့တွေရောပါပြီး ကုက္ကိုပင်တွေ အသေးလေးတွေ ထပ်ပေါက်။ ကျနော်တို့ငယ်ငယ်က အချိန်ကာလကို ကုက္ကိုပင်နဲ့ မှတ်လေ့ရှိတယ်။ ဥပမာ သကြားစက်ကြီး လည်တဲ့အချိန်ပေါ့။ ကြံရာသီချိန်မှာလည်တာဆိုတော့ စက်တင်ဘာ၊ အောက်တိုဘာလပေါ့...။ ကုက္ကိုပွင့်ချိန် စက်လည်ချိန်၊ ကုက္ကိုသီးမှည့်ကြွေချိန် ဧပြီလဆို၊ စက်ပိတ်ချိန်ပေါ့။ 

သကြားစက်ရုံဆိုတော့ ၂၄ နာရီ ကြံကြိတ်ဝါးရတာကိုး။ ဒီတော့ နေ့ဆိုင်း၊ ညနေဆိုင်း၊ ညဆိုင်းဆိုပြီး ၃ ဂျူတီခွဲတယ်။ ဆောင်းရာသီ ညဂျူတီကျရင် အရမ်းအေးတယ်။ ဒီအခါ ကုက္ကိုပင်အောက်ရောက်ရင် နွေးခနဲဖြစ်သွားတယ်။ နေ့မှာ အောက်ဆီဂျင်ထုတ်ပေမယ့် ညအချိန် ကုက္ကိုပင်တွေက ကာဗွန်မိုနောက်ဆိုဒ် ထုတ်တတ်တယ်လေ။ ဒါကြောင့် ကုက္ကိုပင် ပင်စည်အနား နွေးတယ်ဆိုပြီး ညအိပ်တာမျိုး မလုပ်သင့်ဘူး။ အဝေးပြေးကားသမားတချို့ လမ်းဘေး ကုက္ကိုပင်အောက်အိပ်ရင် သတိထားရတယ်။ လဟာပြင်မို့ လေတိုက်တာကြောင့် အသက်အန္တရာယ်မရှိပေမယ့် ကျန်းမာရေးအတွက် မကောင်းဘူး။ ငယ်တုန်းက ပုံပြင်တစ်ပုဒ်ကြားဖူးတယ်၊ ဒီသာပါမောက္ခဆရာကြီးက အညာနေပူထဲ ခရီးထွက်မယ့် သူ့တပည့်နှစ်ယောက်ကို သေချာမှာတယ်၊ နေ့အချိန် ကုက္ကိုပင်အောက်ကလမ်းကိုရွေး၊ ညအခါတော့ မန်ကျီးပင်ရိပ်အောက်သာအိပ် တဲ့။ ဆရာ့စကားနားမထောင်တဲ့ ပန်းနာဝေဒနာရှင်တပည့် ကုက္ကိုပင်အောက်အိပ်မိပြီး အသက်ရှုကြပ် တိမ်းပါးသွားသတဲ့...။ 

လူပျိုပေါက်အရွယ် ရှမ်းပြည်ကို ပြောင်းရွှေ့နေထိုင်တဲ့အခါ ကုက္ကိုပင်တွေနဲ့ ကျနော်ခွဲခွာလိုက်ရတယ်။ ရှမ်းကုန်မြေမြင့်မှာ ကုက္ကိုပင်ကို မတွေ့ရသလောက် ရှားပါးတယ်။ မန္တလေးတက္ကသိုလ်ရောက်တော့ ကုက္ကိုပင်တွေနဲ့ ပြန်ဆုံရတယ်။ တက္ကသိုလ်ဝန်းထဲက အမှတ်(၃) ဘတ်စ်ကားဂိတ်ထိုးတဲ့နေရာ( မန္တလာဆောင်သွားရာလမ်း) မှာ ကုက္ကိုတွေ အတော်အရိပ်ကောင်းတယ်။ သတိတရဖြစ်နေတာက ကုက္ကိုရွက်တွေ သိုင်းပတ်ထားတဲ့ မန်ကျည်းဖျော်ရည်အိုးကြီးနဲ့ ကုက္ကိုပင်အောက်မှာ မဆီမဆိုင် မန်ကျည်းရိပ်လို့ နာမည်ပေးထားတဲ့ မန်ကျည်းဖျော်ရည်လေးပါပဲ။ အင်မတန် သောက်လို့ကောင်းတယ်။ ရောင်းကောင်းတယ်။ ကျနော်တို့က မန်ကျည်းဘီယာလို့ နာမည်ပေးထားတယ်၊ ပြင်းပျပျ ချိုချဉ်ရသာ မန်ကျည်းရေတခွက်သောက်ရဖို့ တန်းစီစောင့်ရတယ်။ သိပ်နာမည်ကြီးတယ်။ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတိုင်း မန်းကျည်းရိပ်ဖျော်ရည် မသောက်ရင် ခေတ်မမီဘူးလို့ ဆိုရမယ်။ 

၁၉၈၈ အရေးတော်ပုံနောက်ပိုင်း အိန္ဒိယရောက်တော့ ကုက္ကိုပင်တွေကို သတိမထားမိတော့ဘူး။ နယူးဒေလီမှာ ကုက္ကိုပင် သိပ်မတွေ့ရဘူး။ လေပြင်းမုန်တိုင်းတိုက်ရင် ကိုင်းကျိုးပြတ်ပြီး လျှပ်စစ်မီးကြိုးနဲ့ အိမ်တွေပေါ် ပိမိမှာစိုးလို့နဲ့ တူတယ်။ ဒေလီရာသီဥတုကလည်း ကုက္ကိုပင်နဲ့ သဟဇာတဖြစ်ပုံမရ။ တခြားအပင်မြင့် အရိပ်ကောင်းတွေပဲ တွေ့ရတယ်။ ဒါပေမယ့် မြန်မာ့ရာသီဥတုနဲ့ တူညီနီးစပ်တဲ့ ဘီဟားပြည်နယ်၊ ဥတ္တာပရာရာ့ခ်ျပြည်နယ်နဲ့ အိန္ဒိယအရှေ့မြောက် အာသံနဲ့ ကချာနယ်ထဲမှာတော့ ကုက္ကိုပင်တွေ ပြန်တွေ့ရတယ်။ ကုက္ကိုပင်တွေတွေ့လိုက်တော့ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ကိုယ့်ငယ်ပေါင်းတွေနဲ့ ပြန်ဆုံလိုက်ရသလို ခံစားရတယ်။ ဘီဟားပြည်နယ်မှာဆို ထန်းပင်၊ ဓနိပင်တွေတောင် တွေ့ရသလို ထန်းရေတောင် သောက်ရသေးတယ်။ 

ကျနော်တို့လူပျိုပေါက်မှာ ခေတ်ပေါ်အဆိုတော် မင်းမင်းလတ်သီချင်းတွေ အဆိုများတယ်။ သူ့သီချင်းတွေ ကြိုက်တယ်။ မင်းမင်းလတ်ရဲ့ ထူးထူးခြားခြား တကိုယ်တော် တေးစီးရီးတခုကို အခုထိ နားထဲစွဲကျန် ကြိုက်နေတုန်း။ ခွေးဖြူမ လို့ နာမည်ပေးထားတဲ့ အဲဒီစီးရီးလေးထဲက “သွေးအော်သံများ” “ ၂၃၀၀၀၀ မိုင်မှ သင်္ခါရတရား” “သူသည် စာအုပ်၊ မှန်၊ ပင်လယ်ဖြစ်၏” ဆိုတဲ့သီချင်းတွေကို အခုထိ စွဲလန်းနေတယ်။ တေးရေးဆရာကတော့ ဒီကနေ့ထိ ကျနော် လေးစားချစ်ခင်ရတဲ့ ဆရာ သုခမိန်လှိုင်ပေါ့ဗျာ...။ အရင်က သိဒ္ဓထ္တလှိုင်ဆိုပြီး ကဗျာတွေ၊ သီချင်းတွေ ရေးနေတာ။ သိဒ္ဓထ္တလှိုင်နာမည်နဲ့ ရေးခွင့်ရနေချိန်ကတည်းက ကျနော်က သူ့သီချင်းတွေ သဘောကျနေတာ။ (နောက်ပိုင်း သူ့နာမည်ကို ဘုရားလောင်းနာမည်ပေးတယ်ဆိုပြီး သက်ဆိုင်ရာက ခွင့်မပြုဘူးလို့ ကြားဖူးတယ်) 

သုခမိန်လှိုင်ရဲ့သီချင်းတွေထဲက ပိုပြီးသတိထားမိသလို ကိုယ့်ခံစားချက်နဲ့တူတဲ့ သီချင်းလေးတစ်ပုဒ်ကတော့... “ကျွန်ုပ်၏ ဆေးလိပ်တိုများ” ။ ရိုးရိုးအချစ်သီချင်းလေးပါ။ ဒါပေမယ့်တင်ပြ ဖွဲ့နွဲ့ပုံလေးက ဆန်းလွန်းလို့ နှစ်ခြိုက်နေတာ။ ဦးနှောက်ထဲ မှတ်မိသလောက် စာသားလေး ရွတ်ကြည့်မယ်..။ 

“ကမ္ဘာမြေကြီး၏××× သမပိုင်းဥတုမှာ ပေါက်တဲ့အပင်များ××× စိုစိုစိမ်းတဲ့အရွက်များရှိသော×× ပင်ကုက္ကိုကြီးများ... ရန်ကုန်မြို့ထဲက လမ်းတခုမှာလည်း ပေါက်နေဆဲ” ဆိုတဲ့ စာသားတွေနဲ့ စထားတာ...။ နောက်ပိုင်း စာသားတချို့က “ပင်လယ်ပြင်ကြီးထက် ပေပေါင်း တသောင်းငါးထောင် မြင့်လိမ့်မယ်ထင်သော××× တိုနေတဲ့ ဆေးလိပ်ပြာတွေနဲ့ စုဝေးကာထားတဲ့×× အပုံကြီးကိုတိုင်းရင်×× ပေတရာ အမြင့်လောက် ရှိလိမ့်မယ်×× ဒါတွေ ဘာကြောင့်ဖြစ်ရတယ်××× သိပ်ချစ်တဲ့သူနေထိုင်တဲ့ ကုက္ကိုပင်ကြီးအနောက် ×× အိမ်ဖြူဖြူ နှစ်ထပ်တိုက်ကလေး××× တံခါးတွေဖွင့်ကာ×× ငုံ့ကြည့်မယ်ထင်သော မိန်းမချောပျိုလေး×× ရက်စက်ကာတံခါးပိတ်သွား××” 

ဆရာသုခမိန်လှိုင်ရဲ့ ကိုယ်ပိုင်ခံစားချက်လား၊ အငှားခံစားချက်လား မသိရပေမယ့် ကျနော်ကိုယ်တိုင်ကတော့ ကုက္ကိုပင်နောက်က အိမ်လေးမှာနေတဲ့ တဖက်သတ်ချစ်ခဲ့ရသူတယောက်ကို ဆေးလိပ်တွေ တလိပ်ပြီးတလိပ် ဖွာရှိုက်ပြီး စိတ်လှုပ်ရှားရင်ခုံစွာ စောင့်ကြည့်ဖူးပါတယ်။ ဒါက ကုက္ကိုပင်နဲ့ပတ်သက်ပြီး ရင်ခုန်ခဲ့ဖူးတဲ့ ခံစားချက်လေးပါ။ 

ကမ္ဘာ့မြောက်ဖျားက နော်ဝေးနိုင်ငံရောက်လာတော့ ကုက္ကိုနဲ့ကျနော် သေခန်းပြတ်သွားသလို ခံစားလိုက်ရတယ်။ ကျနော်ချစ်တဲ့ ကုက္ကိုနဲ့မတွေ့နိုင်ပေမယ့် ကုက္ကိုရွက်နဲ့တူတဲ့ အပင်လေးတွေမြင်မိရင် လွမ်းစိတ်နဲ့ သေချာငေးကြည့်မိတယ်။ အော်စလိုရောက်စ ဇာတိမြေက သူငယ်ချင်း သက်ထွန်းဦး၊ အောင်ဆန်းညွန့်တို့နဲ့တွေ့ကြတော့ ကိုယ့်မြို့က အမှတ်တရလေးတွေ ပြောကြဆိုကြရင်း ရန်ကုန်-မန္တလေး ကားလမ်း ဝဲယာက ကုက္ကိုပင်တွေခုတ်လှဲပြီး လမ်းပြန်ချဲ့လိုက်တယ်လို့ သိရတယ်။ ရင်ထဲမှာ ကျင်ခနဲဖြစ်သွားတယ်။ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းကြီးတဲ့ အပင်တွေမို့ နှမြောလိုက်တာ...။ 

ကိုယ့်မြို့က ကုက္ကိုပင်တွေလည်း ခုတ်လှဲဖြိုဖျက်ခံရလို့ ရာသီဥတုလည်း အတော်ပူသွားတယ်လို့ သိရတယ်။ ကျနော်တို့ ဆော့နေကျ ကုက္ကိုပင်ကြီးလည်း မရှိတော့ဘူးတဲ့။ အောင်ဆန်းညွန့် မြန်မာပြည်ပြန်တော့ ကိုယ်နေတဲ့အိမ်နေရာလေးကို အမှတ်တရ ဓာတ်ပုံရိုက်လာတယ်။ “ဘယ်မှာလဲ ငါ့အိမ် မတွေ့ပါလား” “အဲဒီမှာမြင်ရတဲ့ ခြုံပုတ်တွေလေ” တဲ့...။ ရင်ထဲမှာ ဟာတာတာ ဖြစ်သွားတယ်။ မယုံနိုင်လောက်အောင်ပဲ။ ကျနော့် အိမ်ခြံလေးဟာ လွင်တီးပြင်ကြီးနဲ့ ခြုံပုတ်တွေ ပေါက်နေတာပဲ တွေ့ရတယ်။ ဘာအပင်မှ မတွေ့ရဘူး။ အစိုးရစီမံကိန်း လုပ်ဖို့ဆိုပြီး ဖျက်ဆီးခံလိုက်ရတဲ့ နေအိမ်တွေထဲမှာ ကျနော့်ကိုမွေးဖွားခဲ့တဲ့ မိသားစုအိမ်လေးပါသွားတယ်။ ခြံထဲက သစ်ပင်တွေကို နှမျောလိုက်တာ။ ကျနော်တို့မြို့ပေါ်က အကြီးဆုံးဇီးပင်ကြီးဟာ ကျနော့်အိမ်ကအပင်ပါပဲ။ အသားထူပြီး ချိုချဉ်အရသာရှိတဲ့ ခြံထွက်ဇီးသီးရောင်းပြီး ကျနော့်အမတွေ နှုတ်ခမ်းနီ၊ လက်သည်းဆိုးဆေးနဲ့ အသုံးအဆောင်တွေ ဝယ်တတ်တယ်။ အခုတော့ ဇီးပင်တွေသာမက သရက်ပင်တွေ၊ ငှက်ပျော၊ မာလကာ၊ တမာ၊သင်္ဘော၊ ပန်းမျိုးစုံဟာ ရှင်းလို့ လင်းလို့။ 

တနေရာမှာတော့ လူတရပ်ကျော်မြင့်ပြီး ပင်စည်ကြီးထိပ်က အခက်အလက်တွေဝေနေတဲ့ ကုက္ကိုပင်ကြီးကို ခပ်ရေးရေး တွေ့လိုက်ရတယ်။ ကျနော်တို့ခြံနောက်ဘက်အစွန်မှာပေါက်နေတဲ့ ကျနော်ငယ်ငယ်က တက်ဆော့နေကျ ကုက္ကိုပင်လေးပါ။ တိတိကျကျပြောရရင် သုခမိန်လှိုင်လို ပေတရာအမြင့်လောက်ရှိမယ်ထင်ရတဲ့ ဆေးလိပ်တိုပုံကြီး စုဝေးရာ ကုက္ကိုပင်လေးပါပဲ။ ဓာတ်ပုံလေးထဲမှာ အမြစ်ကပြုတ်မသွားသေးဘဲ အခက်အလက်တွေနဲ့ ကျန်နေသေးတဲ့ ကုက္ကိုပင်လေးကိုကြည့်ပြီး အိမ်ခြံကလေးရဲ့ တခုတည်းသောတည်ရှိနေတဲ့ ဝိဉာဉ်အလား ထင်မှတ်ခံစားလိုက်ရတယ်။ စိတ်ထဲမှာလည်း နည်းနည်း သက်တောင့်သက်သာဖြစ်သွားတယ်။ 

ဒီကုက္ကိုပင်လေးရဲ့ အမြစ်ဆုံကြီးပေါ်လဲလျှောင်း၊ ပင်စည်ကြီးကိုမှီပြီး၊ ကုက္ကိုပင်ကြီးနဲ့ စကားတွေအများကြီး ပြောခဲ့ဖူးတယ်။ ကျနော့်ရင်ဘတ်ထဲကအကြောင်းတွေကို အဲဒီကုက္ကိုပင်ကြီး ကောင်းကောင်းသိတယ်။ ကုက္ကိုပင်ကြီးကို မှီထိုင်ပြီး ကဗျာတွေ၊ သီချင်းစာသားတွေ ရေရွတ်ခဲ့တယ်။ သူမကိုယ်တိုင် သိချင်မှလည်း သိမယ်၊ မသိချင်လည်း မသိနိုင်ဘူး၊ ဒါပေမယ့် ကျနော့်စိတ်ထဲကအကြောင်းတွေ အဲဒီကုက္ကိုပင်ကြီး သိတယ်။ အခုနေအချိန် ကျနော် မျှော်လင့်ခဲ့ဖူးတဲ့သူတယောက် ဒီကမ္ဘာလောကမှာ ရှိချင်မှလည်း ရှိလိမ့်မယ်၊ မရှိရင်လည်း မရှိနိုင်ဘူး၊ ကုက္ကိုပင်ကြီးလောက် သူ့အသက်ရှည်မှာတော့ မဟုတ်ဘူး။ သူ့ထက်ပိုပြီး ကုက္ကိုပင်ကြီးကို ရင်းနှီးနေမိမှန်း အခုမှ ပိုသိလာတယ်။ 

ကျနော့်ရဲ့ကုက္ကိုပင်လေးကို သူတို့ ခုတ်ဖြတ်ခဲ့ကြပေမယ့် အမြစ်ကနေ မတူးနိုင်ကြဘူး။ အသက်ရှိနေသေးတယ်။ စိမ်းလန်းနေသေးတယ်။ အဲဒါက ကျနော့်ကို ပိုလေးနက်တဲ့ အဓိပ္ပာယ်ရှိနေစေတယ်။ ကျနော့်ရဲ့ကုက္ကိုပင်ကို အိပ်မက်တယ်။ သူတို့ခုတ်လှဲလိုက်ကြပေမယ့် ကုက္ကိုပင်တွေ ကျနော့်ရင်ထဲမှာ ရှင်သန်နေတယ်။ ထုထည်ကြီးကြီးနဲ့ ခိုင်ခိုင်မာမာ အမြစ်တွယ်နေတယ်။ ထာဝရ စိမ်းလန်းနေတယ်။ ကျနော်ရဲ့ကုက္ကိုပင်တွေ အဓိပ္ပာယ်ရှိနေသေးတယ်။ ။ 

(လာမယ့် ဇွန်လ ၅ ရက်နေ့မှာကျရောက်မယ့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်များနေ့ကို ကြိုဆိုပြီး ရေးသားပါတယ်) 

ကိုညို (အော်စလို) 
၁၅ မေ၊ ၂၀၁၄ 

ဝန်ခံချက် - အက်ဆေး ခေါင်းစဉ်ကို ချစ်ခင်လေးစားရတဲ့ ဆရာလှိုင် (သုခမိန်လှိုင်) ရဲ့ (ကျွန်ုပ်၏ဆေးလိပ်တိုများ) သီချင်းခေါင်းစဉ်ကိုကြိုက်လို့ ဆင်တူရိုးမှား လုပ်သုံးပါတယ်။

No comments: