၂၀၀၈ နာဂစ်စာအုပ်စိမ်းကြီး ထွက်လာပြီးတဲ့နောက် တချိန်တုန်းက ကျနော်တို့ အာအက်ဖ်အေ ရေဒီယိုကနေ မတရားပုဒ်မတွေအကြောင်း ပြည်သူတွေသိအောင် ဥပဒေကျွမ်းကျင်သူတွေနဲ့ မကြာခဏလိုလို သတင်းဆောင်းပါးတွေရေး ထောက်ပြခဲ့တယ်။
ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထူထောင်စက ဗဟိုကော်မတီဝင် အန်တီ ဒေါ်မြင့်မြင့်ခင်က ဥပဒေပညာရှင်ဆိုတော့ ကျနော်တို့မီဒီယာသမားတွေကို တတပ်တအား ကူညီပေးခဲ့တယ်။ သူ ဝေဖန်ထောက်ပြအသိပေးခဲ့လို့ ပုဒ်မ ၄၃၆ နဲ့ပတ်သက်ပြီး အာအက်ဖ်အေကနေ ကျနော် အသံလွှင့်ဆောင်းပါးတွေ မကြာခဏ ရေးခဲ့ဖူးတယ်။ ကျနော်တို့ထဲမှာ ဦးစိန်ကျော်လှိုင်က လက်သံအပြောင်ဆုံး ဆောင်းပါးရှင်ပေါ့။
ပုဒ်မ ၄၃၆ ဟာ ၂၀၀၈ ရဲ့ အခေါင်အထွတ်ပဲ။ သူက ချုပ်ထားတာ...။ ဖွဲ့စည်းပုံကိုပြင်မယ်ဆို လွှတ်တော်ထဲမှာ ဘယ်လိုမှ ထိလို့ကိုင်လို့မှမရအောင် ညစ်ပတ် ကလိန်ကျထားတယ်။ သမ္မတဦးသိန်းစိန်က ၂၀၀၁-၂၀၀၂ ကာလ၊ သမ္မတရာထူးယူကတည်းက ခဏခဏပြောနေတာ သတိထားမိမယ် ထင်တယ်။
“နိုင်ငံတော်အစိုးရအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း” ဆိုတဲ့ စကားလုံးကို ထပ်ခါထပ်ခါပြောခဲ့တယ်။
ဒီဥပဒေတွေဖြစ်လာဖို့ ၁၉၉၃ ကနေစပြီး ညောင်နှစ်ပင် အမျိုးသားညီလာခံ ခေါ်ခဲ့တယ်။ အဲဒီတုန်းက နအဖ အကြံကို ရိပ်မိလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ညောင်နှစ်ပင်ညီလာခံကို သပိတ်မှောက်ခဲ့တာ သတိရကြမှာပါ။
တိုင်းရင်းသားကိုယ်စားလှယ်တချို့လည်း သပိတ်မှောက်တယ်။
ပြည်ပ ဒီမိုကရေစီအင်အားစုတွေလည်း အပြင်းအထန် ကန့်ကွက်ဆန္ဒပြခဲ့ကြတယ်။
တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်း အတော်များများ ညောင်နှစ်ပင်မှာ အပြင်းအထန် ဆွေးနွေးတယ်။ အဲဒီတုန်းက စစ်ခေါင်းဆောင်တွေက သူတို့ ရည်မှန်းချက်ပြည့်ဖို့ပဲ အတ္တကြီးမားစွာဗိုလ်ကျ ရှေ့ဆက်ခဲ့တယ်။
တိုင်းရင်းသားအသံ၊ ပြည်သူ့အသံကို ဟိုတုန်းက နအဖ စစ်အစိုးရက နားမထောင်ဘူး။ ဥပဒေရေးဆွဲခဲ့တဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုး က စစ်အာဏာရှင် သက်ဇိုးရှည်ဖို့ ဖွဲ့စည်းအုပ်ချုပ်ပုံကို ကလိန်ကညစ်ဉာဏ်ထုတ်ပြီး ရေးဆွဲခဲ့တယ်။ ညောင်နှစ်ပင်မှာ ၉၀ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီကလည်း မပါ၊ ကချင်နိုင်ငံရေးပါတီ အပါအဝင် ရှမ်း၊ မွန်အဖွဲ့တွေ မကျေမနပ်ဖြစ်ပြီး ညောင်နှစ်ပင်ညီလာခံကြီး အကြိမ်ကြိမ် ရပ်ခဲ့ရတယ်။ ကိုယ်စားလှယ်တော်တွေ အိပ်မှုန်စုံမွှား မျက်လုံးတွေပွတ်ပြီး ဥပဒေညစ်တွေကို အတည်ပြုခဲ့တယ်။ ညီလာခံကြီး ထစ်ငေါ့ထစ်ငေါ့နဲ့ ခရီးဆက်ခဲ့ရတယ်။
နောက်ဆုံးမှာ “ဥပဒေကိုမကြိုက်ရင်တော့ ပြည်သူ့ဆန္ဒကောက်ခံတဲ့အခါမှာမဲ မထည့်ဘဲနေလို့ရတယ်၊ လွှတ်တော်ကျမှလည်း စိတ်ကြိုက်ပြင်လို့ရပါသေးတယ်။ ခင်ဗျားတို့ ရွေးချယ်စရာအဆင့်တွေ အများကြီးရှိပါတယ်” လို့ စစ်ခေါင်းဆောင်တွေ ပြောခဲ့၊ ကတိပြုခဲ့တာလည်း မှတ်မိအုံးမယ် ထင်ပါတယ်။ အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်တွေ မယုံပေမယ့် ပုံခဲ့တယ်။
နောက်တော့ ၂၀၀၈ နာဂစ်မုန်တိုင်းဖြစ်နေတဲ့ နိုင်ငံတော် ပရိဒေဝ သောကအပူတွေတောင် မငြိမ်းပေးဘဲ မုန်တိုင်းကို အခွင့်အရေးယူပြီး (မုန်တိုင်းကျပြီး တစ်ပတ်အတွင်း) ပြည်သူ့ဆန္ဒခံယူပွဲအမည်ခံ တပ်မတော်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ စစ်ဆင်ရေးကြီးကို ကျားကုတ်ကျားခဲ လုပ်သွားတယ်။ ကိုမင်းကိုနိုင်ကတော့ အသုဘအိမ် မီးကွင်းနဲ့ပစ်သွားတယ်လို့ ပြောင်မြောက်တဲ့ ဥပမာပေးခဲ့တယ်။ ကျနော်တို့ ပြည်ပအင်အားစုတွေ၊ မီဒီယာသမားတွေအထဲက အန်အယ်လ်ဒီ ပါတီဝင်တွေနဲ့ တိုင်းရင်းသားအဖွဲ့တွေ၊ ပြည်တွင်းက သတင်းစာဆရာတွေနဲ့ ဆက်သွယ်မေးမြန်းပြီး ၂၀၀၈ ဥပဒေ အတုအယောင်ထောက်ခံပွဲတွေကို အပြင်းအထန် ရှုတ်ချခဲ့တယ်။ ဆန္ဒပြပွဲတွေမပြတ်လုပ်ပြီး ကမ္ဘာသိအောင် နိုးဆော်ခဲ့တယ်။ သဘာဝတရားကြီးကတောင် စစ်အုပ်စုအကြံကိုရိပ်စားမိလို့ နှောက်ယှက်တားဆီးတာကို ဆင်ခြင် သံဝေဂမယူနိုင်ဘဲ ကမ္ဘာမှာ မြန်မာအရှက် သိက္ခာကျဆင်းစေဖို့ ဇွတ်အဓမ္မ ထောက်ခံမဲတွေယူပြီး လိမ်လည်ခဲ့တယ်။
မြို့နယ်ပေါင်း ၂၇၈ မြို့နယ်က မဲပေးသူရာနှုန်း ၉၉.၀၇% ရှိပြီး မဲဆန္ဒရှင် ၂၂ သန်းကျော်ထဲက သန်း ၂၀ ကျော် ထောက်ခံမဲပေးပြီး ၉၂.၄% ထောက်ခံတယ်လို့ စစ်အစိုးရက ကြေငြာခဲ့တယ်။
ကဲ အခုတော့... အန်အယ်လ်ဒီကိုလည်း လွှတ်တော်ထဲရောက်အောင် ကျုံးသွင်းခဲ့ပြီးပြီ၊ နိုင်ငံတကာကလည်း ပိတ်ဆို့အရေးယူမှုတွေ ဖြေလျှော့ခဲ့ပြီ၊ တရားမဝင် အာဏာသိမ်း စစ်အစိုးရကနေ ခပ်တည်တည်နဲ့ ယူနီဖောင်းလဲလှယ် အရပ်သားအစိုးရဖြစ်လာပြီဆိုတော့... မူလဇာတိရုပ်တွေ မဖုံးနိုင်မကွယ်နိုင်အောင်ပြလာပြီလေ...။ အစွယ်ပြူးပြူး ဘီလူးခေါင်းကြီးလည်း ပေါ်လာပြီ...။ ကျနော်တို့ ဘာဆက်လုပ်မလဲ။
သေချာတာကတော့ အပြင်းအထန် ဆက်တိုက်ဖို့ပဲရှိတယ်။ အရင်က မယုံသော်လည်း ဖြစ်လိုဖြစ်ငြား၊ ရလိုရငြား အကြိမ်ကြိမ် အလျှော့ပေးပေါင်းခဲ့တယ်။ လျှော့လွန်းလို့ ကျွတ်ခဲ့ပေါင်းလည်း များ၊ အရှက်ရပေါင်းလည်း များပြီ။ နောက်ဆုံးတော့ ဒင်းတို့ပဲ အောင်လံထူနေတာ သတိရသင့်တယ်။ သူတို့ ဘယ်တုန်းက အလျှော့ပေး လိုက်လျှောခဲ့ဖူးသလဲ။ သူတို့ ရှုံးနေစဉ်ကရော၊ နာမည်ပျက်နေစဉ်ကရော၊ အာဏာလက်လွှတ်ရမယ့် အခြေအနေရောက်နေစဉ်ကရော တကယ်အလျှော့ပေးခဲ့ရဲ့လား၊ ပြည်သူမျက်နှာ ကြည့်ခဲ့ရဲ့လား။
ကိုယ့်ဘက်ကသာ ယုံကြည်မှုတည်ဆောက်ပေးခဲ့တာ၊ သူ့ဘက်ကရော ယုံကြည်မှုရအောင် ပေးဆပ်ခဲ့လို့လား...။ ဘာတွေပေးပြီး ဘာတွေယူသွားလဲ။ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင် ဒီမိုအဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ ဘာတွေရလဲ။ လိုင်စင်မဲ့ ကားလေးတွေလောက်၊ စီးပွားရေး ပါမစ်လောက်၊ အရက်လိုင်စင်လောက်ကို ထည့်မစဉ်းစားပါနဲ့၊ ခင်ဗျားတို့ ကျနော်တို့သေလွန်ပြီး နောင်မျိုးဆက်တွေနဲ့ သူတို့အနာဂတ်အတွက် ဘာတွေများ ချန်ထားနိုင်မလဲ...။ အနာဂတ်အတွက် ဘာတွေ တွေ့ထားလဲ။
နောင်အနာဂတ်မျိုးဆက်တွေကို မရိုးမသားမှု၊ ကလိန်ကညစ် လှည့်ဖျားအကွက်ဆင်ကစားတဲ့ နိုင်ငံရေးအမွေတွေ ထပ်ပြီး လက်ဆင့်ကမ်းပေးချင်သေးတာလား။ ဟိုး... လွတ်လပ်ပြီးစ အရွယ်နုနုပါလီမန်ခေတ် ဒီမိုကရေစီ နိုင်ငံရေးယဉ်ကျေးမှု အဆင့်လောက်တောင်မရှိတဲ့ ကလိန်စေ့ငြမ်းစင် ဒီမိုကရေစီယဉ်ကျေးမှုကို လက်ခုပ်ထဲထည့်သိမ်းပြီး ဝေငှချင်သေးတာလား...။ နောင်မျိုးဆက်တွေ ကျနော်တို့ကို ဘာပြောမလဲ၊ ဘယ်လို သမိုင်းတင်မှာလဲ၊ တွေးမိရင် ရှက်ဖို့မကောင်းဘူးလား။
တိုင်းရင်းသား အဖွဲ့အစည်းတော်တော်များများက ဒီကနေ့ ဒီမိုကရေစီ တော်လှန်ရေး၊ ပြည်သူ့လွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ်နဲ့ စစ်စရိုက်ဆန့်ကျင်ရေးတိုက်ပွဲကို ထိထိရောက်ရောက် ပူးပေါင်းနေပြီလား။ ဟိုတချိန်တုန်းကလို ဗမာ ကိုလိုနီ၊ လူမျိုးကြီးဝါဒကို ဆန်ကျင်တိုက်နေတယ်ဆိုတဲ့အဆင့်လောက်ပဲ ခံယူနေတုန်းလား။ အခုထိ ရည်မှန်းချက်ပန်းတိုင် မတူသေးရင် သဘောထားအမျိုးမျိုး ကွဲနေအုံးမှာပဲ။ ၂၀၀၈ ဖွဲ့စည်းပုံကို ပါးဆောင်ထဲ ဆေးရွက်ကြီးလို ငုံခဲထားနေအုံးမှာလား...။ တသက်လုံး စစ်ကျွန်ခံရမယ်။ နောင်မျိုးဆက်သစ်တွေ ဒီမိုကရေစီအတု ချိုလိန်လေး စို့နေရမယ်။ လမ်းကြောင်း ချော်ကုန်မှာစိုးလို့ တိုင်းရင်းသားကိစ္စဒီလောက်နဲ့ပဲ ရပ်ထားမယ်။
ဒီတကွေ့မှာမှ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်နိုင်ရင်၊ စာအုပ်စိမ်းကြီးရဲ့အနှစ် ပုဒ်မ ၄၃၆ ကိုမှ မပြင်နိုင်ရင် ကျနော်တို့ သားစဉ်မြေးဆက်အထိ အရှက်ရစေမယ့် စစ်ကျွန်အသွင်ပြောင်း အာတာပူစီ ဒီမိုကရေစီပဲ ခံစားရမယ် မှတ်ပါတယ်။ ဒီကနေ့ ၄၃၆ ပြင်ဆင်ရေးဟာ ကျနော်တို့ပြည်သူတွေ၊ ဒီမိုကရေစီသမားတွေ ကိုယ့်အပေါ်တက်ဖိပြီး အနိုင်ယူအုပ်မိုးချုပ်ကိုင်ထားတဲ့ ရန်သူမျက်နှာကို တံတွေးနဲ့ထွေးနေရတဲ့ အခြေအနေလောက်ပဲ ရှိသေးတယ်။ သူတို့ပြဌာန်းတဲ့ လမ်းကြောင်းအတိုင်းသွားမယ်ဆို ကိုယ်ဖြစ်ချင်တာ ဖြစ်ချင်မှလည်း ဖြစ်မယ်၊ နိုင်ချင်မှလည်း နိုင်မယ်။ ဒါပေမယ့် တိုက်ကို တိုက်ရမယ်။ ဒါမှ ဂုဏ်သိက္ခာရှိမယ်။ ဒါဟာ ရန်သူထင်သလို ရှေ့ဆက်မလုပ်နိုင်ဖို့ ဒီမိုကရေစီ အခွင့်အရေးကို ကာကွယ်တဲ့ တိုက်ပွဲဖြစ်တယ်။ မတိုက်ရင် ဂုဏ်ကျက်သရေမဲ့လိမ့်မယ်။ ဒီမိုကရေစီကို ပျက်ရယ်ပြုရာ ရောက်မယ်။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို ရှုံးသည်ထင်ရင်ဖြစ်ပစေ၊ နိုင်သည်ထင်ရင်ဖြစ်ပစေ တိုက်ကို တိုက်ရမယ်။ မလျှော့တမ်းဇွဲနဲ့ ပြီးဆုံးတဲ့အထိ တိုက်ရမယ်...။
ဒါဟာ ဒီမိုကရေစီနဲ့ လူ့ဂုဏ်သိက္ခာအတွက် တိုက်ပွဲဖြစ်တယ်။ အာဏာရှင် သားရိုင်းခံတွင်းဝက ဒီမိုကရေစီသားကောင်ကို အတင်းဆွဲထုတ် လုယူတဲ့ပွဲဖြစ်တယ်။ တနည်းပြောရရင် အရိုင်းနဲ့ အယဉ်တို့ရဲ့ တိုက်ပွဲ။ မပြီးသေးတဲ့ စစ်ကျွန်ဘဝက လွတ်မြောက်ရေးတိုက်ပွဲ ဖြစ်တယ်။ တိတိကျကျပြောရရင် ၁၉၆၂ ကနေ ၁၉၈၈ ထိ တင်ကျန်ရစ်နေတဲ့ ဒီမိုကရေစီ တိုက်ပွဲကြွေး ဖြစ်တယ်။ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ဝင်တိုက်ရမယ့် တိုက်ပွဲဖြစ်တယ်။ ရှုံးရှုံးနိုင်နိုင် တိုက်ရမယ့် ဂုဏ်သိက္ခာတိုက်ပွဲဖြစ်တယ်။
မတရားမှုကို မတရားမှန်းသိရက် ခေါင်းငုံ့ခံနေရင် မတရားမှုက မိမိသားစဉ်မြေးဆက်အထိ ဓားမိုးထားလိမ့်မယ်။ ကိုယ့်တသက်ရော၊ သားစဉ်မြေးဆက်အထိပါ ရှုံးတယ်။ မတရားဘူးဆိုတာကို မနိုင်မှန်းသိပေမယ့် မတုံ့ပြန်၊ အံမတုနိုင်ရင် မနိုင်သေးတာပဲ ရှိမယ်၊ ဘယ်တော့မှ မရှုံးဘူး။ ကိုယ့်လမ်းမှန်ပြမှုနောက် တကောက်ကောက်လိုက်နေမယ့် ကိုယ့်မျိုးဆက်တွေက အနိုင်တိုက်ကြလိမ့်မယ်။ မတရားသူတွေကသာ တသက်လုံး လိပ်ပြာမလုံဘဲ၊ ထာဝရရှုံးနေမှာ ဖြစ်တယ်။ ။
ကိုညို (အော်စလို)
၂၆ မေ၊ ၂၀၁၄
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment