Friday, May 23, 2014

နိုင်ငံရေးသမား နှင့် စာရေးဆရာ (ကျော်ဝင်း)

“နိုင်ငံရေးသမားနှင့် စာရေးဆရာသည် တူသည်။ မတူ …။” 

ဒဂုန်တာရာ 
('စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ္တီပါကားလိပ်' မှ - ကောက်နှုတ်ချက်) 

၁။ 

NDF ပါတီခေါင်းဆောင် ၊ ဒေါက်တာသန်းငြိမ်း ကွယ်လွန်ကြောင်းကြားတော့ စာရေးသူမှာ ဘာစကားမှ မဆိုနိုင်…။ တွေးစရာ ရေးစရာတွေကား လျှံကျသွားသည်။ ဖျတ်ခနဲဝင်လာသော ပထမအတွေးကား…၊ “လက်ခုပ်သံထက် ၊ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရဲတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ ရှားသထက် ရှားသွားလေပြီကော…။” 

အမှန်စင်စစ် NDFပါတီကို စတင်ထူထောင်ခဲ့ကြသော ဆရာဦးခင်မောင်ဆွေတို့၊ ဒေါက်တာသန်းငြိမ်းတို့မှာ စာရေးသူနှင့် လူချင်းရင်းနှီးလှသည်တော့လည်း မဟုတ်ပါ။ အသက်အရွယ်အရရော၊ ဖြတ်သန်းမှုအတွေ့အကြုံရော၊ ပညာအရည်အချင်းပါ အများကြီးကွာသည်။ စာရေးသူအတွက်ဆိုလျှင် အဝေးမှသာ လေးစားကြည်မောရသော နောင်တော်ကြီးများဖြစ်သည်။ သို့တစေ၊ ဒေါက်တာသန်းငြိမ်းဆိုသော အမည်ကိုမူ ဟိုးခပ်ငယ်ငယ် နိုင်ငံရေး စိတ်ဝင်စားခါစကာလကပင် ကြားဖူးယဉ်ပါးနေသည်။ 


အထူးသဖြင့် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ထိုစဉ်က အဖွဲ့အစည်းတစ်ခု၏ တာဝန်ပေးချက်အရ 'ဆေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂသမိုင်း' ကို တူးဆွရှာဖွေစဉ်ကတည်းက ဖြစ်သည်။ ဒေါက်တာသန်းငြိမ်းမှာ သမဂ္ဂအလံတော်အေက်မှ မွေးဖွားလာသူတစ်ယောက်။ သူ့အကြောင်းကို ကျောင်းသား လူငယ်လှုပ်ရှားမှုများနှင့် တွဲသိထားသည်။ 

သူနှင့်ပတ်သတ်၍ ပထမဆုံး မှတ်မှတ်သားသား ဖြစ်မိသည်မှာ 'ရွှေဂုံတိုင် ကြေငြာစာတမ်း '…။ အပြန်အလှန် မယုံကြည်မှုနှင့် အမုန်းတရားများထိပ်တတ်နေသော ထိုစဉ်ကာလတွင် 'ရွှေဂုံတိုင်' မှာ 'တတ်သာဆုတ်သာရှိသည်' ဟု စာရေးသူက ထင်သည်။ ပကတိအရှိကို တစ်စုံတရာ ထင်ဟပ်နိုင်သည် ဟု ယူဆသည်။ ဤကြေငြာစာတမ်းနှင့် ပတ်သက်သော နိုင်ငံရေးအတွေ့အကြုံရှိသည့် အကိုကြီးတစ်ယောက်၏ မှတ်ချက်ကိုပင် သတိရနေသေးသည်။ “ဒါ … ကိုသန်းငြိမ်းတို့လက်ရာ ဖြစ်လောက်တယ် …” 

၂။ 

၂၀၁၀ ရွေးကောက်ပွဲအကြိုကာလမှာ စာရေးသူ၏ စာပေဘဝအတွက်မူ လှိုင်းထန်လေထန်ကာလပင်။ စာရေးသူနှင့် နီးစပ်ခင်မင်သော အသိုင်းအဝိုင်း (ဆိုကြပါစို့၊ စာပေအသိုင်းအဝိုင်း) မှာ No Vote မှ No Vote ဖြစ်နေချိန်။ “ရွေးကောက်ပွဲကို စဉ်းစားသင့်တယ်” ဟု စာရေးသူက ရေးမိရာ၊ သစ္စာဖောက်ကြီးလုံးလုံး ဖြစ်ရတော့သည်။ 'သမိုင်းတရားခံ' အဖြစ် စွဲချက်တင်သူက တင်သည်။ 'စာရေးဆရာ' ဆိုသည်မှာ စိတ်လှုပ်ရှားမှုကို အခြေခံ၍ ကျင့်ဝတ်နှုန်းစံများဖြင့် ချဉ်းကပ်ကြည့်မြင်လေ့ရှိရာ၊ သူတို့တတွေကို အပြစ်မမြင်ပါ။ သို့တိုင်အောင်၊ နိုင်ငံရေးတွင်မူ ဤမျှနှင့် မလုံလောက်။ 'တကယ့်အရှိ' (Reality) ကို အမှန်အတိုင်းဖတ်နိုင်ရန်၊ Rational Thinking မရှိမဖြစ်လိုသည်။ သို့မှသာ လက်တွေ့အလုပ်ဖြစ်သော မဟာဗျူဟာတစ်ရပ်ကို ချမှတ်နိုင်ပါလိမ့်မည်။ ဒါကို အခြေအနေအရ စာပေလောကထဲရောက်နေသည့်တိုင် နိုင်ငံရေးမိုးသက်မုန်တိုင်းများကြား ဖြတ်သန်းဖူးသော စာရေးသူက 'ဆဝါး' မိသည်။ 

ဤနောက်ခံ အခင်းအကျင်းမှာပင် NDF ပါတီ ပေါ်ထွက်လာရာ၊ စာရေးသူ ဘဝင်ကျသွားသည်။ သမိုင်းအတွေ့အကြုံတစ်ရပ်ကို ဆင်ခြင်မိ၍လည်း ကျေနပ်မိသည်။ ၉၁ ဌာန အုပ်ချုပ်ရေး (၁၉၃၅ အက်ဥပဒေ) အရ ကျင်းပသော ၁၉၃၆ ရွေးကောက်ပွဲကို ဒို့ဗမာအစည်းအရုံးကြီးက သပိတ်မှောက်ခဲ့သည့်တိုင် လွှတ်တော်တွင်း ပြောရေးဆိုခွင့် မဆုံးရှုံးစေရေးအတွက် 'ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့' ဖြင့် ရွေးကောက်ပွဲဝင်ခဲ့သည့်သာဓက ရှိသည်မဟုတ်ပါလော။ NLD သပိတ်မှောက်သည့်တိုင် NDF ရွေးကောက်ပွဲဝင်သည်မှာ မှန်သည်။ အမျှော်အမြင်ရှိရာရောက်သည်။ ကြိုဆိုရမည်ဟု စာရေးသူက ထင်သည်။ NDF ခေါင်းဆောင်များကိုလည်း ကျေးဇူးတင်ရသည်။ သို့သော် …။ ဤ 'သို့သော်' ကား ရင်နာစရာ ကောင်းလှသည်။ 

ဒေါက်တာသန်းငြိမ်းတို့တတွေမှာ အပစ်အခတ်၊ အညှစ်အသတ်၊ အညစ်အပတ်တွေကြားတွင် အလူးအလဲခံနေရတော့သည်။ အချက်အလက်နှင့် ဆင်ခြင်တုံတရားနှင့် တုံ့ပြန်ကြသည်မဟုတ်။ အစိုးရနှင့် ပေးစား၊ စစ်တပ်နှင့် ပေးစား၊ အောက်လမ်းနည်းတွေ လှိုင်လှိုင်သုံးခဲ့ကြသည်။ “မြန်မာ့နိုင်ငံရေးဓလေ့မှာ ရယ်ဒီကယ်အစွဲသန်သည်” ဆိုသော မန္တလေးတက္ကသိုလ် သမိုင်းပါမောက္ခဟောင်း၊ ဒေါက်တာမောင်မောင်ကြီး၏ ကောက်ချက်ကို ဆို့ဆို့နစ်နစ် သဘောပေါက်လိုက်ရတော့သည်။ 

၃။ 

ဒေါက်တာသန်းငြိမ်းနှင့် ပထမဆုံးအကြိမ် လူချင်းဆုံခဲ့သည့်အဖြစ်ကို ပြန်တွေးမိတော့ ယခုထက်တိုင် စိတ်မကောင်းဖြစ်နေရသည်။ အဖြစ်က သည်လို… NDF ပါတီက၊ 'အချိုးကျကိုယ်စားပြုစနစ်' (PR - စနစ်) ကို ကျင့်သုံးသင့်ကြောင်း အဆိုပြုတင်ပြလာသည်။ ပွင့်ပွင့်လင်းလင်းဆိုရလျှင် စာရေးသူ ဘဝင်မကျခဲ့ပါ။ PR ၏ ကောင်းကျိုး ဆိုးပြစ်ကို ဆင်ခြင်မိတာလည်းပါသည်။ ထိုစဉ်ကာလအထိ NLD, NDF ပြန်လည်ပေါင်းစည်းရေးကို မျှော်လင့်နေမိသေးရာ 'တပ်ပေါင်းစုလမ်းကြောင်း' ကို ဦးတည်စေလိုတာလည်းပါသည်။ ထို့ထက် 'ကျင့်ဝတ်' ဘက်က၊ စဉ်းစားမိတာလည်း ပါပါသည်။ (ပြောရလျှင်- စာရေးသူမှာ နိုင်ငံရေးသမားလည်း မဟုတ်၊ စာရေးဆရာလည်း ပီပီပြင်ပြင်မဟုတ်။ သို့နှင့်အမျှ ethic နှင့် Rational လွန်ဆွဲရသည်များနှင့် အကြိမ်ကြိမ်ကြုံရသည်။) 

ရောက်လွယ်အောင်ဆိုရလျှင် စာရေးသူအမြင်ကို ဆောင်းပါးတစ်ပုဒ်ဖြင့် တင်ပြခဲ့သည်။ “ပီအာလား၊ တပ်ပေါင်းစုလား၊ ပိုနေမြဲ ကျားနေမြဲလား”… ။ The Voice တွင် ဤဆောင်းပါ ပါပြီး နောက်တစ်နေ့မှာပင် ဒေါက်တာသန်းငြိမ်း စာရေးသူ အခန်းရောက်လာသည်။ စာရေးသူအခန်းမှာ ဒုတိယအလွှာ (သုံးထပ်)မို့ အပေါ်ရောက်တော့ သူ့မှာ မောနေသည်။ သူ့ကျန်းမာရေးကို သိထားသည်မို့ စာရေးသူမှာ၊ အားနာလို့မဆုံး…။ သူကတော့ အမောမဖြေ။ PR နှင့်ပတ်သက်သော သူ့အတွေး၊ သူ့အမြင် သူ့စဉ်းစားချက်တွေကို အမောတကော ပြောနေသည်။ အကွဲအပြဲများ သည်းသန် ပြင်းထန်လှသည့် မြန်မာ့နိုင်ငံရေးတွင် PR ကို မယုတ်မလွန် ထိန်းညှိရေးကိရိယာအဖြစ် အသုံးပြုလိုသည့် သူ့စေတနာကို အလေးအနက် ဆင်ခြင်မိပါသည်။ 

ဒီတစ်ကြိမ်တွင်လည်း သူ့စေတနာကို သဘောမပေါက်သူတွေ တော်တော်များများသည် NDF နှင့် NLD တစ်နည်း ဒီမိုကရက်တစ်အင်အားစုများ ဝေးသထက်ဝေးအောင် မီးလောင်ရာ လေပင့်လုပ်ကြသည်။ PR ကိုလက်ခံ၊ လက်မခံ အသာထား၊ သူ့စေတနာကို နားလည်ပေးကြဖို့ကောင်းသည်။ ထိုကာလ နောက်ပိုင်း အတွေ့အကြုံများအရ၊ စာရေးသူပင်လျှင် PR ကို ဒုတိယအတွေးဖြင့် ပြန်စဉ်းစားနေရချေပြီ…။ စာရေးသူတွေးမိသလောက် မြန်မာ့နိုင်ငံရေးမှာ ၁။ ဂိုဏ်းဂဏ အကွဲအပြဲတွေ များလွန်းသည်။ (highly divided society) ၂။ မြန်မာ့နိုင်ငံရေးဓလေ့မှာ ရယ်ဒီကယ် အစွဲသန်သလို၊ လက်တုံ့ပြန် လက်စားချေစရိုက်ရှိသည်။ ၃။ မြန်မာလူထုမှာ 'တောင်ပြို ကမ်းပြို' မဲပေးတတ်သည့် အစဉ်အလာရှိသည် …။ ဤသို့သော အရပ်ရပ်အခြေအနေအောက်တွင် PR ကိုအစွဲကင်းကင်းကြည့်မြင်ဖို့ လိုမည်ထင်ပါသည်။ 

၎။ 

စာရေးသူအမြင် အရွေ့ကို တစ်စွန်းတစ်စ ပြောပြခွင့်ရလိုက်၍ အထိုက်အလျှောက် ဖြေသာပါသည်။ MPC ဆွေးနွေးပွဲတစ်ခုမှအပြန် ကိုနေမင်းကျော် (NDF ပါတီ တွဲဘက်အတွင်းရေးမှူး) ၏ ကားပေါ်တွင်ဖြစ်သည်။ ထိုစဉ်က တွေ့ဆုံမှုမှာ နောက်ဆုံးဖြစ်လိမ့်မည်ဟု ထင်မထား။ 

အခုတလောမှာပင် စာရေးသူလေးစား အားထားသူတွေ၊ ဆက်တိုက်ဆိုသလို ကွယ်လွန်သွားသည်။ မကြာခင်က ကွယ်လွန်သွားသော ဆရာ ဦးဝင်းတင်မှာ မန္တလေးမှာနေစဉ်က အိမ်နီးချင်းဖြစ်ခဲ့ဖူးသည်။ စာရေးသူ ကျောင်းသားဘဝကပင် ကြည်ညိုအားကျရသူ၊ သတင်းစာဆရာ၊ စာရေးဆရာကြီးတစ်ဦး။ ကျင့်ဝတ်နှုန်းစံဘက်မှ ချဉ်းကပ်လေ့ရှိသော၊ သူ၏ သတင်းအမြင် စာပေအမြင်တွေမှာ သူ့စရိုက်နှင့် အဟပ်ညီသည်၊ စရွေးကိုက်သည် ဟု ထင်သည်။ နိုင်ငံရေးသမားတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်သော Rational thinking ဘက်မှ မဟာဗျူဟာကျကျ ကြည့်လျှင်မူ ဆရာ့အမြင်တွေတွင် မေးခွန်းထုတ်စရာ ရှိသလောက်ရှိပါလိမ့်မည်။ စာရေးသူကတော့ အလေးစားမပျက် …။ 

ဆရာသန်ငြိမ်း စာရေးသည်ကို ကြားဖူးသည်။ တစ်အုပ်မှတော့ မဖတ်ဖူးပါ။ နိုင်ငံရေးသမားတစ်ယောက်အနေနှင့်သာ သိထားသည်။ လေးစားသည်။ သူ့အမြင်တွေမှာ လူကြိုက်များကောင်းမှ များပါလိမ်မည်။ ကိစ္စမရှိ။ သူ့တွင် ဆင်ခြင်တုံတရားရှိသည်။ မဟာဗျူဟာ ကျကျစဉ်းစားနိုင်သည်။ သို့အတွက် လက်တွေ့ကျသော နိုင်ငံရေးသမားဟု အသေအချာဆိုရပါလိမ့်မည်။ ဒါကိုတော့ ငြင်းလို့မရ။ အမှား၊ အမှန်ကိုတော့ သမိုင်းက ဖြေပါလိမ့်မည်။ 

၅။ 

လက်ပံတောင်းအရေး အရှိန်တက်နေစဉ်ကရေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါးတစ်ပုဒ်ကို သတိရနေသည်။ ဗစ်တာဟူးဂိုး၏ Les Miserable ဝတ္တုကြီးကို ညွှန်းပြီး သူရဲကောင်း နှစ်မျိုးနှစ်စားကို သရုပ်ခွဲပြထားသည်။ တစ်မျိုးမှာ 'ကိုယ်ကျိုးစွန့် အနစ်နာခံသော လူတိုင်းချစ်သည့် သူရဲကောင်း' နောက်တစ်မျိုးမှာ 'လုပ်သင့်လုပ်ထိုက်သည်ကို ရဲရဲဝံ့ဝံ့ လုပ်သွားသော၊ လူကြိုက်များချင်မှများမည့် သူရဲကောင်း'။ ထိုစဉ်ကတော့ ဒေါ်အောင်ဆန်စုကြည်မှာ ဒုတိယ အမျိုးအစားကို ပိုအလေးထားဟန်ရှိသည်။ ။

ကျော်ဝင်း 
၂၃၊ မေ၊ ၂၀၁၄ 

No comments: