Sunday, May 18, 2014

ဘုန်းကြီးခရိုနီ (၂) - မိုးသု (မန္တလေး)

 
ကိုရင်တွေ စာမေးပွဲပြီးလို့ အောင်စာရင်းတွေထွက်တဲ့အခါမှာ စာအောင်ပွဲ အခမ်းအနားကျင်းပပြီး စာမေးပွဲအောင် ကိုရင်တွေကို ဆုပေးဖို့ဆိုပြီး ဒကာဒကာမတွေဆီကို အလှူခံပြန်ပါတယ်။ ဒကာဒကာမတွေ လှူတဲ့အတိုင်းဆိုရင် စာအောင် ကိုရင်တစ်ပါးကို သုံးသိန်းကျော်လောက်ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် ကိုရင်တစ်ပါးကို ငါးထောင်လောက်ပဲပေးပြီး ကျန်တာကို သူတို့နှစ်ပါးက ခွဲဝေပြီးယူကြပါတယ်။ ကိုရင်တွေ အသက် ၁၇ နှစ် ၁၈ နှစ်လောက်ရှိလာရင် သူတို့နှစ်ပါးကို ခံတန်တန်လုပ်လာမှာမို့ ပဲခူးကစာသင်တိုက်ကြီးကို ပို့ပေးလိုက်ပါတယ်။ 

အဲဒီလို မွေးမြူးရေးလုပ်စားကြတာ အခုဆိုရင် တစ်ပါးကို လုံးချင်းတိုက် နှစ်လုံးဆီလောက် ပိုင်ဆိုင်နေကြပြီဖြစ်တယ်လို့ အဲဒီကျောင်းမှာနေတဲ့ သူငယ်ချင်း ရဟန်းတစ်ပါးက မိမိသူ့ဆီအလည်သွားတုန်းက ပြောပြလိုက်ပါတယ်။ မိမိသူငယ်ချင်း ရဟန်းကိုတောင်မှ စီးပွားရေး ဘုန်းကြီးနှစ်ပါးလုံး မလွန်ဆန်ဝံ့တဲ့ ဆရာတော်ကြီးတစ်ပါးက “ငါ့တပည့်လေးကို ရန်ကုန်မှာ သင်တန်းတက်နေတုန်း မင်းတို့ကျောင်းမှာ နေခွင့်ပေးလိုက်ပါ” လို့ ပြောကြားတာကြောင့် မထားချင်ဘဲ ထားရတာပါ။ 


သူတို့နှစ်ပါးအကြောင်းကို မိမိသူငယ်ချင်းက ခြေခြေမြစ်မြစ် သိရှိသွားတာကြောင့် အကြောင်းမရှိအကြောင်းရှာပြီး သူငယ်ချင်းကို ကျောင်းကနေ နှင်ထုတ်ပစ်လိုက်ကြပါတယ်။ ဒါကြောင့်မို့ တောရွာမှ ဘုန်းတော်ကြီးများအနေနဲ့လည်း မိမိတို့တပည့်ကိုရင်လေးတွေကို မြို့ကစာသင်တိုက်များကို စာသင်ဖို့စေလွှတ်တဲ့အခါမှာ အမှန်တကယ် သာသနာ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေတဲ့ စာသင်တိုက် ဟုတ်မဟုတ်ဆိုတာ လေ့လာစိစစ်ပြီးမှ ပို့သပေးသင့်ပါတယ်။ ပုဂ္ဂိုလ်ရေးရင်းနှီးမှုနဲ့ မလေ့လာမစူးစမ်းဘဲ ပို့မပေးသင့်ပါဘူး။ 

သာသနာ့ဝန်စီးများဖြစ်ကြတဲ့ ခရိုနီဘုန်းကြီး စီးပွားရေးဘုန်းကြီးတွေအကြောင်းကို သိသလောက်သာ ပြောပြ ရေးပြရမယ်ဆိုရင်တော့ မဟာဗြဟ္မေ လျှာကုဋေဖြင့် နှစ်လအသင်္ချေကြာသည့်တိုင်အောင် ပြောလို့လည်း ကုန်ဆုံးနိုင်မယ် မထင်ပါဘူး။ တကယ်တော့ ဘုန်းကြီးခရိုနီဆိုတာကလည်း အခုခေတ်ကြမှ ပေါ်ပေါက်လာတာမျိုးတော့ မဟုတ်ပါဘူး။ ဘုရားရှင် သက်တော်ထင်ရှားရှိတော်မူစဉ် ကာလတုန်းကထဲက ရှိနေခဲ့တာဖြစ်ပါတယ်။ ဘုရားရှင်လက်ထက်တော်မှာရှိခဲ့တဲ့ ဘုန်းကြီးခရိုနီအချို့ထဲက ထင်ရှားကျော်ကြားတဲ့ ဘုန်းကြီးခရိုနီတစ်ပါးအကြောင်းကို ပြောပြချင်ပါတယ်။ 

ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေးကို ကောဏ္ဍညအမှူးရှိသော ပုရောဟိတ်ကြီးများ လက္ခဏာတော်ကို ဖတ်စဉ်အခါတုန်းက ဆွေတော်မျိုးတော်ရှစ်သောင်းတို့ဟာ ဘုရားအလောင်းတော်မင်းသား စကြာင်္ဝတေးမင်းပဲ ဖြစ်ဖြစ် သဗ္ဗညုဘုရားပဲဖြစ်ဖြစ် တစ်အိမ်လျှင် သာကီဝင်မင်းသားတစ်ယောက်ကို အလောင်းတော်မင်းသားရဲ့ အခြံအရံအဖြစ် ပေးကြကုန်အံ့လို့ သုဒ္ဓေါဓနမင်းကြီးထံမှာ ဝန်ခံကတိပြုစကားပြောကြားကြပါတယ်။ နောင်အခါ အလောင်းတော်မင်းသား သဗ္ဗညုဘုရားအဖြစ်တော်မူတဲ့အခါမှာ ခံဝန်ကတိစကားအတိုင်းပဲ မိမိတို့ရဲ့သားများကို ရဟန်းပြုစေ၍ ဘုရားရှင်အထံတော်ကို ပို့ကြပါတယ်။ သုဒ္ဓေါဓနမင်းကြီးကို လျှောက်ထားတဲ့ ခံဝန်ကတိစကားအတိုင်းဆိုရင် သာကီဝင်မင်းသား ရဟန်းပေါင်း ရှစ်သောင်းတိတိရှိရမှာပါ။ ဒါပေမယ့် မင်းသား ၆ ယောက်က ရဟန်းမပြုသေးဘဲနေတာကြောင့် သာကီဝင်မင်းသား ရဟန်းရှစ်သောင်းပြည့်ဖို့ ရဟန်း ၆ ပါး လိုနေပါတယ်။ 

ရဟန်းမပြုကြသေးတဲ့ မင်းသားများကတော့ ၁။ ဘဒ္ဒိယမင်းသား ၂။ အနုရုဒ္ဓါမင်းသား ၃။ အာနန္ဒာမင်းသား ၄။ ဘဂုမင်းသား ၅။ ကိမိလမင်းသား ၆။ ဒေဝဒတ္တမင်းသားတို့ပဲ ဖြစ်ပါတယ်။ ဒီ မင်းသား ၆ ယောက် ရဟန်းမပြုကြသေးဘဲနေတာကို တွေ့မြင်ကြရတဲ့ ဆွေတော်မျိုးတော်တို့က “ဒီမင်းသား ၆ ယောက်ဟာ ရဟန်းပြုပြီး ဘုရားရှင်ရဲ့အထံမှာ အခြံအရံအဖြစ် မနေကြဘူး။ ဒီမင်းသားတွေဟာ ဘုရားရှင်နဲ့ ဆွေမျိုးမတော်ကြဘူးထင်ပါရဲ့” စသဖြင့် ကဲ့ရဲ့အတင်းဆိုစကား ပြောကြားကြတာကြောင့် မင်းသား ၆ ယောက်လုံး ဥပါလိအမည်ရှိတဲ့ ဆတ္တာသည်နဲ့အတူ ဘုရားရှင်ထံသွားရောက်ပြီး ရဟန်းပြုကြပါတယ်။ 

သာသနာတော်ရဲ့ ယဉ်ကျေးမှုထုံးစံက ရဟန်းအရင်ဖြစ်တဲ့သူကို နောက်မှရဟန်းဖြစ်တဲ့သူက အရိုအသေပြုရပါတယ်။ မိမိထက် တစ်စက္ကန့်မျှစောပြီး ရဟန်းဖြစ်ရင်တောင်မှ အရိုအသေပြုရပါတယ်။ ဒါကြောင့် မင်းသား ၆ ယောက်ဟာ မင်းမျိုးမင်းနွယ်ဆိုတဲ့ ဇာတိမာန်ကို နှိမ့်ချတဲ့အနေနဲ့ သူတို့ရဲ့ကျွန်ဖြစ်တဲ့ ဥပါလိဆတ္တာသည်ကို အရင်ရဟန်းပြုစေပြီးမှ မင်းသား ၆ ယောက်က ရဟန်းပြုကြပါတယ်။ မင်းသား ၆ ယောက်ဟာ လူ့ဘဝက မင်းသားဆိုပေမယ့် ကျွန်ဖြစ်တဲ့ဥပါလိက သူတို့အရင် ရဟန်းဖြစ်တာကြောင့် ဥပါလိနဲ့တွေ့တိုင်း သူတို့ကပဲ ရှိခိုးကန်တော့၍ အရိုအသေပြုကြရပါတယ်။ အံ့ချီးလောက်တဲ့ မင်းသားတွေပါပဲ။ နောင်အခါမှာ အရှင်ဥပါလိမထေရ် က အရှင်ဘဒ္ဒိယမထေရ် အရှင်ကိမလမထေရ် အရှင်ဘဂုမထေရ် အရှင်အနုဒ္ဓါမထေရ်တို့ဟာ ရဟန္တာများဖြစ်သွားကြပြီး အရှင်အာနန္ဒာမထေရ်ကတော့ သောတာပန် ဖြစ်သွားပါတယ်။ အရှင်ဒေဝဒတ္တမထေရ်ကတော့ ပုထုဇဉ်ဘဝနဲ့ပဲ ဈာန်အဘိဉာဉ်တွေကို ရရှိပါတယ်။ 

နောင်အခါ ကောသမ္ဗီပြည်မှာ ရှင်တော်မြတ်ဘုရား သီတင်းသုံးနေတော်မူစဉ်မှာ ကျောင်းတော်ကို လာရောက်ကြတဲ့ ဒကာဒကာမတွေဟာ “မြတ်စွာဘုရားရှင် ဘယ်မှာသီတင်းသုံးနေပါသလဲ။ အရှင်သာရိပုတ္တရာ ဘယ်မှာ သီတင်းသုံးနေပါသလဲ။ အရှင်မဟာမောဂ္ဂလာန် ဘယ်မှာသီတင်းသုံးနေပါသလဲ။ အရှင်ဘဒ္ဒိယ အရှင်ကိမိလ အရှင်ဘဂု အရှင်အနုရုဒ္ဓါ အရှင်အာနန္ဒာတို့ကော ဘယ်မှာသီတင်းသုံးနေကြပါသလဲ” စသဖြင့် ရဟန်းငယ်တွေကို မေးမြန်း စုံစမ်းကြပေမယ့် “အရှင်ဒေဝဒတ် ဘယ်မှာသီတင်းသုံးနေပါသလဲ” လို့ တစ်ဦးတစ်ယောက်ကမျှ မမေးမြန်းမစုံစမ်းကြပါဘူး။ တကူးတက အရှင်ဒေဝဒတ်သီတင်းသုံးရာကို သွားရောက်လှူဒါန်းခြင်းလည်း မပြုကြပါဘူး။ 

ထိုအခါမှာ “ဤသူတို့သည် ငါနဲ့အတူတကွ ရဟန်းပြုသူများ ဖြစ်ကြကုန်၏။ သူတို့သည်လည်း မင်းမျိုးမင်းနွယ်မှ ရဟန်းပြုခဲ့ကြသူများဖြစ်၏။ ငါသည်လည်း မင်းမျိုးမင်းနွယ်မှ ရဟန်းပြုခဲ့သူဖြစ်၏။ သို့သော် ငါ့ကိုကား ဘယ်သူကမှ မေးမြန်းစုံစမ်းခြင်း လာရောက်လှူဒါန်းခြင်းမပြုကြ။ သူတို့ ထင်ပေါ်ကျော်ကြားသလောက် ငါ့ကိုကား ဘယ်သူမှ မသိကြ။ ငါသည် သူတို့နဲ့တန်းတူရည်တူဖြစ်အောင် လာဘ်လာဘပေါများအောင် အဘယ်ကဲ့သို့ ပြုလုပ်ရပါအံ့နည်း။ ဗိမ္ဗိသာရ မင်းကြီးသည်လည်း သောတာပန်ဖြစ်၏။ ကောသလမင်းကြီးသည်လည်း ဘုရားရှင်နှင့် အလွန်အကျွမ်းတဝင်ရှိ၏။ ထို့ကြောင့် ငါသည် ထိုမင်းနှစ်ပါးအား ဆွဲဆောင်စည်းရုံး၍ သိမ်သွင်းခြင်းငှာ မဖြစ်နိုင်။ အဇာတသတ် မင်းသားလေးသည်ကား ငယ်ရွယ်သူဖြစ်သောကြောင့် တစ်စုံတစ်ယောက်သောသူအား လူဆိုးဖြစ်မည် လူကောင်းဖြစ်မည်ဟု မခွဲခြားနိုင်သေး။ ငါသည် အဇာတသတ်မင်းသားလေးကို ဆွဲဆောင်သိမ်သွင်းပေတော့အံ့” လို့ မာနနဲ့ယှဉ်သော အလိုလောဘဖြင့် ကြံစည်စဉ်းစားပါတယ်။ 

အရှင်ဒေဝဒတ်ဟာ သူရဲ့ကြံစည်စဉ်းစားမှုကို အကောင်အထည်ဖော်ရန်အတွက် ကောသမ္ဗီပြည်ကနေ ရာဇဂြိုဟ်ပြည်ရှိ အဇာတသတ်မင်းငယ်လေးရဲ့ အိပ်ခန်းထဲသို့ အဘိဉာဉ်တန်ခိုးရဲ့စွမ်းအားကိုအသုံးပြု၍ ကောင်းကင်ခရီးဖြင့် သွားရောက်ပါတယ်။ အဇာတသတ်မင်းသားရဲ့အထံကို သွားရောက်တဲ့အခါမှာ ရဟန်းအသွင်နဲ့ မသွားရောက်ဘဲ မိမိကိုယ်ကို လုလင်ငယ်တစ်ယောက်အသွင် ဖန်းဆင်ကာ အလွန်အင်မတန် အဆိပ်ပြင်းထန်သော မြွေလေးကောင်ကို လက်ခြေတို့၌ ရစ်ပတ်နေစေ၍လည်းကောင်း မြွေတစ်ကောင်ကို ဆွဲကြိုးကဲ့သို့ လည်ပင်းမှာ ရစ်ပတ်နေစေ၍လည်းကောင်း တစ်ကောင်ကို ဦးခေါင်းပေါ်၌ ကရွတ်ခွေကဲ့သို့တင်ထား၍လည်းကောင်း တစ်ကောင်ကို ပခုံးပေါ်၌နေစေ၍လည်းကောင်း မိမိကိုယ်ကို မြွှေတို့ဖြင့် တန်ဆာဆင်ကာ အဇာတသတ်မင်း သားငယ်လေးရဲ့ ရင်ခွင်ထဲကို သက်ဆင်းလိုက်ပါတယ်။ 

အဇာတသတ်မင်းသားငယ်လေးက ကြောက်ကြောက်လန့်လန့်နဲ့ “သင် ဘယ်သူလဲ” လို့ မေးမြန်းတဲ့အခါမှာ “ငါ ဒေဝဒတ္တ ရဟန်းဖြစ်တယ်” လို့ ဖြေကြားပြီးတော့ ဒုကုဋ်သပိတ်သင်္ကန်း ပရိက္ခရာစုံလင်စွာဖြင့် ကြည်ညိုဖွယ်ရာ ရဟန်းအသွင်ကို ပြန်လည် ဖန်ဆင်းပြလိုက်ပါတယ်။ ထူးထူးဆန်းဆန်းသော တန်ခိုးပြသမှုကို မြင်တွေ့လိုက်ရတဲ့ အဇာတသတ် မင်းသားငယ်လေးဟာ အရှင်ဒေဝဒတ်ကို အလွန်အကဲကြည်ညိုသွားပြီး နေ့စဉ် နေ့စဉ် ဆွမ်းအုပ်ငါးရာ ဆက်ကပ် လှူဒါန်းပါတယ်။ အရှင်ဒေဝဒတ်ဟာ ဆွမ်းအုပ်ငါးရာ နေ့စဉ်ရရှိခြင်းဟူသော-လာဘကိုသာမက အရိုအသေပြုခံရခြင်းဟူသော-သက္ကာရ ထင်ပေါ်ကျော်ကြားခြင်းဟူသော-သိလောကကိုပါ ထပ်မံလိုလားပြန်တာကြောင့် ဘုရားရှင်နေရာကိုပါ ရယူလိုတဲ့လောဘ ဖြစ်ပေါ်ပါတယ်။ အဲဒီလို လောဘစိတ်ဖြစ်တာနဲ့ တပြိုက်နက် အရှင်ဒေဝဒတ်ရဲ့ ဈာန်အဘိဉာဉ်တန်ခိုးတွေက ပျောက်ကွယ်သွားပါတော့တယ်။ 

အရှင်ဒေဝဒတ်ဟာ ဝေဠုဝန်ကျောင်းတော်မှာ မင်းနှင့်တကွသော ပရိသတ်တို့အား တရားရေအေး အမြှိုက်ဆေးတိုက်ကျွေးနေတော်မူသော ဘုရားရှင်ထံသွားရောက်ပြီး “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ မြတ်စွာဘုရားသည် ယခုအခါ အိုမင်းကြီးရင့်သော အရွယ်သို့ရောက်ခဲ့ပါပြီ။ ဖလသမာတ်ချမ်းသာကိုခံစား၍ ကြောင့်ကြမဲ့ နေတော်မူပါ။ တပည့်တော်သည် မြတ်စွာဘုရားရှင်၏ကိုယ်စား ရဟန်းအပေါင်းအား အကြီးအမှူးလုပ်၍ အုပ်ချုပ်ပါအံ့။ မြတ်စွာဘုရားရှင်သည် တပည့်တော်အား အာဏာလွှဲပြောင်း၍ ပေးတော်မူပါ” လို့ လျှောက်ထားပါတယ်။ “သင့်လို သူတစ်ပါးတို့ ထွေးပစ်ထားသော တံတွေးကို စားသူအား ရဟန်းပရိတ်သတ်၏ အကြီးအမှူးအုပ်ချုပ်သူ နေရာကို မပေးနိုင်” လို့ ဘုရားရှင်က မိန့်ကြားတော်မူကာ အရှင်ဒေဝဒတ်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်ပါတယ်။ 

ဆက်လက်ဖော်ပြပါမည်။ 

မိုးသု (မန္တလေး)

15.5.2014 ထုတ် The Voice Daily ပါ ဆောင်းပါး။ 

No comments: