၂၀၀၃ ခု မေလဆန်းမှာ နယူးဒေလီရဲ့အပူဒဏ်ကိုရှောင်ဖို့ ကျနော်တို့ မိသားစု အိန္ဒိယအရှေ့မြောက်ပိုင်း မြန်မာပြည် ချင်းတောင်နယ်စပ်နဲ့ကပ်ရက် တောင်တန်းတွေထူထပ်တဲ့ မီဇိုရမ်ပြည်နယ်က တောင်ပေါ်မြို့လေးဖြစ်တဲ့ အိုက်ဇောမြို့ကို အလည်သွားခဲ့တယ်။ အိုက်ဇောမှာ မြန်မာနိုင်ငံသား လူရှိုင်းချင်းအနွယ်တွေ အများကြီး။ ကျနော်တို့ငယ်ငယ်က ပထဝီဖတ်စာမှာ “အနောက်ဘက်တွင် လူရှည် တောင်တန်း” လို့ မှတ်မိနေတဲ့ တောင်တန်းဆိုတာ မီဇိုရမ်ပြည်နယ်က လုရှိုင်း တောင်တန်းတွေကို ပြောတာ။
ဇနီးဖြစ်သူ လင်းလင်းက လုရှိုင်းတိုင်းရင်းသူပါ။ အိုက်ဇောမြို့မှာ လင်းလင်းရဲ့မိသားစုလည်းရှိတာမို့ နွေရောက်တိုင်း တနှစ်တခေါက်တော့ သွားလည်ပတ်နေကျ။ ကျနော်တို့ ဇနီးမောင်နှံက ဝါသနာတူတွေမို့ မီဇိုရမ်ရောက်တိုင်း ၂ နှစ်တခါ ၃ နှစ်တခါဆိုသလို တော်လှန်ရေးသီချင်းခွေ ထုတ်လေ့ရှိတယ်။ မီဇိုရမ်မှာ သီချင်းအသံသွင်းရတာက မြန်မာပြည်ဖွား ဂီတအနုပညာရှင်တွေ အိုက်ဇောမြို့မှာ ရှိကြလို့ပါ။ သူတို့က စတူဒီယိုလည်းပိုင် တီးဝိုင်းလည်းထောင်ထားသလို အိုက်ဇောမှာ နာမည်ကြီးတွေပါ။ မြန်မာစကားလည်း ကောင်းကောင်းတတ်၊ မြန်မာပြည်ကိုလည်း ချစ်၊ ဒီမိုကရေစီကိုလည်း အားပေးထောက်ခံသူတွေဖြစ်တယ်။
ကိုဂျွန်(မိုနာလီဇာ စတူဒီယို) နဲ့ ၁၉၉၄ ကတည်းက သိကျွမ်းပြီး ပွဲဦးထွက် တော်လှန်ရေးအခွေ (အမြင့်ပျံငှက်များ)ကို ထုတ်ခဲ့တယ်။ နောက်ပြီး ဒါလ်ထွားမာ၊ ပူးစီးရာတို့နဲ့ရင်းနှီးပြီး သူတို့ရဲ့ အက်စ် အက်စ် တီးဝိုင်းနဲ့ပဲ သီချင်းတွေ ထုတ်ဖြစ်တယ်။ မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးအခွေမို့ သူတို့ကလည်း တက်ကြွပြီး ဂရုတစိုက် လုပ်ပေးတယ်။ သူများတွေထက်စာရင် ငွေကြေးစကား သိတ်မပြောဖူး။ ဈေးလျှော့ယူတယ်။ ကျနော်ကလည်း ဘယ် NGO တွေ၊ ပရောဂျက်တွေ၊ အလှူငွေတွေကို မှီခိုပြီး အခွေတွေထုတ်ခဲ့တာ မဟုတ်ဘူး။ ရင်းနှီးတဲ့ မိတ်ဆွေတွေထံက အကူအညီတွေနဲ့ပဲ လုပ်ခဲ့တာဖြစ်တယ်။
အမြင့်ပျံငှက် ပထမဆုံးအခွေတုန်းက DVB က မိတ်ဆွေတွေဖြစ်တဲ့ ကိုအေးချမ်းနိုင်နဲ့ မသီတာတို့ကို အပူကပ်တာကြောင့် တယောက် ဒေါ်လာ ၁၀၀ စီ လှမ်းပို့ပေးလို့ အခွေဖြစ်လာတာ။ ဒုတိယ သူပုန့်ဝိဉာဉ် အခွေကိုတော့ ကချင်သူငယ်ချင်း ကိုအောင်ဝါ နဲ့ လန်ဒန်က ဆရာတော် ဦးဥတ္တရ ရဲ့ အကူအညီနဲ့ ထုတ်ခဲ့တာ။ တတိယအခွေ ငါသည် တော်လှန်ရေး ကတော့ ကျနော့် သတင်းထောက်လစာကို ခြစ်ခြုတ် စုထုတ်တာ။ ဖြန့်ချိရေးကိုတော့ အဲဒီတုန်းက မိုးမခ မီဒီယာက ကိုကျော်အောင်လွင်နဲ့ မောင်ရစ်တို့ ကူညီခဲ့တာပါ။ အခု စတုတ္တအကြိမ် “ဒီပဲရင်း ကျောက်စာ” အခွေအသံသွင်းဖို့တော့ ကိုယ်ရဲ့ သတင်းထောက် စုဆောင်းငွေနဲ့ အသံသွင်းပြီး ဖြန့်ချိရေးကို အာအက်အေ က အမ ဒေါ်ခင်မေဇော် (ဒေါ်နန်းခမ်းထွေး) နဲ့ အသံဖမ်း အင်ဂျင်နီယာ ကိုအောင်သူတို့က ကူညီခဲ့တာပါ။
ကျနော်က အိုက်ဇောမှာ သီချင်းလည်း လုပ်၊ သတင်းလည်း လုပ်တယ်။ ၂၀၀၃ မေလတုန်းက ဒေါ်အောင်ဆန်းစုကြည် အထက်ဗမာပြည် နယ်လှည့်စည်းရုံးရေးခရီးစဉ်ကို ဆက်သွယ်မေးမြန်းပြီး သတင်းလုပ်နေတာပါ။ အဲဒီတုန်းက အများအားဖြင့် လူ့အခွင့်အရေးသတင်းတွေ၊ စွမ်းအားရှင်တွေကို ဝါးချွန်တွေ၊ တုတ်တွေနဲ့ သင်တန်းပေးတဲ့ သတင်းတွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးကို တန်ပြန်ကြွေးကြော် အော်ဟစ်ဆဲဆိုတဲ့ ကြံ့ဖွတ် (လက်ရှိ အစိုးရပါတီ) နဲ့ စွမ်းအားရှင်အဖွဲ့တွေသတင်းကို အထဲက NLD မိတ်ဆွေတွေထံ ဆက်သွယ်မေးမြန်းပြီး အာအက်ဖ်အေ အတွက် သတင်းပေးပို့ရပါတယ်။
တိုင်းရေး ပြည်ရေးအခြေအနေကလည်း ရုတ်ရုတ်သဲသဲ ဖြစ်နေပါတယ်။ စစ်အစိုးရက NLD နဲ့ ဒေါ်စု ခရီးစဉ်ကို အနှောက်အယှက် ပေးနေပါတယ်။ မြို့အဝင် လူထုပရိဿတ်က သောင်းချီ သိန်းချီ ကြိုဆိုနေတာပါ။ အာဏာပိုင်တွေကလည်း မီးဖြတ်တာ၊ လမ်းပိတ်တာ၊ လူစုခွဲခိုင်းတာတွေ လုပ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ အခြေအနေ တော်တော်ဆိုးပါတယ်။ ကျနော်က ချင်းပြည်နယ်၊ ရခိုင်ဒေသနဲ့ မကွေးတိုင်းအပြင် မန္တလေးနဲ့ စစ်ကိုင်းတိုင်းသတင်းကို ကိုယ့်နယ်မြေ၊ ကိုယ့်ဂွင်တခုလို အပိုင်စားယူပြီး အမြဲအာရုံစိုက် သတင်းရေးလေ့ရှိတယ်။ အာဏာပိုင်တွေက တယ်လီဖုန်းလိုင်းတွေ ဖြတ်တောက်ပါတယ်။ လိုင်းဆူနေအောင် နှောက်ယှက်ပါတယ်။ အခက်အခဲတွေကြားက သတင်းနှိုက်ရတယ်။ အသံဖမ်းရတယ်။
မေ ၃၀ ရက် ဒီပဲရင်း ခြုံခိုတိုက်ခိုက်မှုဖြစ်တော့ ကျနော် ပြည်တွင်းနဲ့ အဆက်ပြတ်သွားတယ်။ နောက်တရက်လည်း ဆက်သွယ်ရ ခက်နေတယ်။ နယ်စပ်ကနေ တနေကုန် ဇွဲနဘဲနဲ့ စိတ်ရှည်ရှည်ထားပြီး မုံရွာကိုဆက်တယ်။ မရဘူး။ နောက်နေ့မှ တိုက်ခိုက်ခံရတဲ့သတင်းတွေ ကြားရတယ်။ အခု အမေရိကားရောက်သွားတဲ့ အမ ဒေါ်ခင်အေးမြင့်ဟာ ဒီပဲရင်းရဲ့ မျက်မြင်ကိုယ်တွေ့တဦးပါ။ သူ့ခေါင်းမှာ သေရာပါ ဒဏ်ရာကြီးရှိပါတယ်။ အမ ဒေါ်ခင်အေးမြင့်က သတ္တိကောင်းပါတယ်။ မုံရွာနဲ့ မန္တလေး လှည့်ပတ်ရှောင်ပြီး ဖြစ်ပျက်မှု အကုန်အစင် ရှင်းပြတယ်။ ဒီပဲရင်း သီချင်းအစမှာ အမ ဒေါ်ခင်အေးမြင့်အသံနဲ့ မန္တလေးက မျက်မြင် တယောက်အသံကို ဖြတ်ပြီး ထည့်ထားတာပါ။
ကလေးမြို့က ကွယ်လွန်သွားတဲ့ ဒေါက်တာသိန်းဝင်း(NLD) ဟာ ကျနော့်အပေါ် တူလိုသားလို သဘောထားပြီး သတင်းပေး ကူညီသူပါ။ ဒီပဲရင်းမှာ ပါဝင်ခဲ့တဲ့ ပြည်ခိုင်ဖြိုး ဝန်ထမ်းတယောက်နဲ့ ကျနော့်ကို ဆက်သွယ်ပေးပါတယ်။ သူပြောလို့ စစ်အစိုးရ ကြိုတင်စီမံချက်တချို့ကို တိတိကျကျ သိရပါတယ်။ နောက်ပိုင်း NLD တွေ အဖမ်းခံရ၊ ရှောင်ပုန်းနေကြတဲ့ သတင်းတွေ အမြဲလိုလို ကြားရပါတယ်။ တချို့နယ်စပ်တွေထိ ရှောင်ပြေးရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်က အထူးအချုပ်ဆောင်မှာ ထိမ်းသိမ်းတဲ့သတင်း၊ နေအိမ်အကျယ်ချုပ်ချတဲ့ သတင်းလည်း ကြားပါတယ်။ ကျနော်တို့ သတင်းထောက်တွေ စိတ်မသက်မသာဖြစ်ရပါတယ်။ တိုင်းပြည်အနာဂတ်အတွက် ဒေါသတွေလည်း ထွက်ရပါတယ်။ ဒေါ်စုကိုလုပ်ကြံဖို့ ကြံစည်တာကို ရင်ထုမနာဖြစ်ခဲ့ပါတယ်။
ဒီပဲရင်းအရှိန်မကျသေးတဲ့ ဇွန်လအစောပိုင်းမှာ အာအက်ဖ်အေက ကိုသိန်းထိုက်ဦးက သူ ရေးထားတဲ့ ကဗျာလေး ကျနော့်ကိုဖတ်ဖို့ ပို့ပေးပါတယ်။ တယ်လီဖုန်းထဲကနေလည်း ရွတ်ပြတယ်။ ကျနော် အဲဒီကဗျာကို သိပ်ကြိုက်သွားတယ်။ နမိတ်ပုံတွေနဲ့ ရေးထားတယ်။ “ကြယ်တွေအားလုံး ချုံးပွဲချ၊ လမင်းမျက်လုံး အဖောက်ခံရတဲ့ည၊ မိစ္ဆာမာန်ဖီ စစ်သွေးကြ၊ သွေးစွန်းဓားတွေ အရောင်သ” မေ ၃၀ ရက်က လမိုက်ညကြီးပါ့။ သူရဲကောင်းတွေ ကျောတွေ ဖြန့်ခင်းကြ၊ အမှောင်ထုကို လက်ဆင့်ကမ်းကာကြ” ဆိုတာ NLD လူငယ်လေးတွေ ဒေါ်အောင်ဆန်းစုကြည်ယာဉ်ကို မတိုက်ခိုက်အောင် လက်ချင်းချိတ်ပြီး ကျောနဲ့ကာထားတဲ့ အဖြစ်ပျက်ကို ဖွဲ့ထားတာ။ ကိုသိန်းထိုက်ဦးကဗျာက အတော် စိတ်ထိခိုက်စရာကောင်းသလို တက်ကြွတဲ့၊ ရဲရင့်တဲ့ ခွန်အားကိုလည်း ပေးတယ်။ တခါတည်းဖတ်ပြီး ကြိုက်သွားတယ်။
ကိုသိန်းထိုက်ဦးဟာ ကျနော့်ရဲ့ကျေးဇူးရှင်ပါ။ ကဗျာပေးလို့ချည်း မဟုတ်ပါ။ မိန်မလည်း တောင်းပေးလို့ပါ။ လင်းလင်းကို တောင်းရမ်း နားဖောက်ဖို့ ကျနော့်မှာ မိဘတွေ မရှိပါ။ ကိုသိန်းထိုက်ဦးကလည်း အမေရိကားကနေ အိန္ဒိယကို အလည်လာခိုက် သူ့ကို လူကြီးအရာထားပြီး မိန်းမတောင်းခိုင်းတာ ဖြစ်တယ်။ ပေါက်တတ်ကရ တရာ့နှစ်ဆယ် ဘလွတ်ရှရွတ်တွေ ပြောတတ်တဲ့ ကျနော့်သူငယ်ချင်းဟာ သူ့ကို လူကြီးအရာထားလိုက်တော့ ခပ်တည်တည် ဖြစ်သွားပါတယ်။ ပြီးတော့ ကျနော်ဟာ ရိုးသားကြောင်း၊ ကြိုးစားကြောင်း၊ အကျင့်စာရိတ္တ ဘယ်လို ကောင်းမွန်ကြောင်း ပိုပိုသာသာတွေပြောပြီး လင်းလင်းမိဘတွေကို နားဖောက်ပေးရှာတယ်။ ဒါကြောင့် ကိုသိန်းထိုက်ဦးဟာ ကျေးဇူးရှင်လို့ ပြောရတာပါ။
ကျနော်တို့လင်မယား သီချင်း အသံစသွင်းနေတုန်းမှာပဲ ကိုသိန်းထိုက်ဦး ကဗျာကို ရခဲ့တာပါ။ ကျနော်ဟာ ညတွင်းချင်း ဂစ်တာတလုံးနဲ့ ကဗျာစာသားတွေကို လိုက်ရွတ်တယ်။ သံစဉ် စမ်းရှာကြည့်တယ်။ ယောက္ခမအိမ်ပေါ်တက်ပြီး ဂစ်တာသံ တဂွမ်ဂွမ်နဲ့ နှိပ်စက်ပါတယ်။ သူ့ကဗျာပေးတုန်းက ခေါင်းစဉ် မပါသလိုပဲ။ ကျနော်ကတော့ “ဒီပဲရင်းကျောက်စာ” လို့ နာမည်တပ်လိုက်တယ်။ ပြီးတော့ အခွေနာမည်အဖြစ် အဲဒီသီချင်းပဲ ရွေးလိုက်တယ်။
တီးလုံးအသံရွေးတာလည်း ဂီတမှူး ဒါလ်ထွားမားက လိုချင်တဲ့နမိတ်သံတွေကို အချိန်အတော်ကြာ စိတ်ရှည်ရှည် ရှာထားတာ ဖြစ်တယ်။ လမိုက်ည တိတ်ဆိတ်မှုကိုခွင်းပြီး ပေါ်လာတဲ့ခြောက်ခြားစရာအသံတွေနဲ့ Intro ကိုစထားပြီး လင်းလင်းရဲ့ ခြေဆင်းအဆိုကို နောက်ခံတီးလုံးမပါ အသံသက်သက်နဲ့ လမိုက်ည ရဲ့ တိတ်ဆိတ်မှုကို ခွင်းဖောက်ထွက်လာတဲ့ နာကျင်မှုတွေရဲ့အဓိပ္ပာယ်နဲ့ ညွှန်းထားပါတယ်။
သီချင်းက နားထောင်လို့ကောင်းချင်မှလည်း ကောင်းမယ်။ ဒါပေမယ့် တကယ့်ဖြစ်ပျက်မှုတွေကို စိတ်မချမ်းမမြေ့စွာ ခံစားပြီး ဒေါသပါတဲ့ ခံစားချက်ပြင်းပြင်းနဲ့ ပုံဖော်ထားကြတာဖြစ်တယ်။ ဒီပဲရင်းက ၁၀ နှစ်ပြည့်သွားပြီ။ ခံစားမှုတွေက မနေ့က အတိုင်းပဲ။ ကာယကံရှင်တွေက ပိုပြီး နာနာကျင်ကျင်ဖြစ်ကြမှာပဲ။ အဲဒီတုန်းက အာဏာပိုင်တွေဟာ လူသတ်တရားခံတွေကို လွှတ်ပေးပြီး ကျိုးပဲ့ကြေမွ ဒဏ်ရာရသူတွေ၊ နာကျင်သူတွေ NLD တွေကို ထောင်ထဲထည့်ခဲ့တယ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ တမျိုးသားလုံးအတွက် အရှက်ရစေတဲ့၊ ရိုင်းပျတဲ့၊ စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့ အဖြစ်အပျက် မြောက်မြားစွာထဲက ထင်ထင်ရှားရှားတခုပါပဲ။
မေ ၃၀ ဒီပဲရင်း လုပ်ကြံမှုဟာ ကျောက်စာတချပ် ကဗျည်းထိုးထားသလို မပျောက်မပျက် မမှိန်မယွင်း ထင်ထင်ရှားရှား မှတ်တမ်းတင်နေအုံးမှာဖြစ်ပါတယ်။ ။
ကိုညို (အော်စလို)
မေ ၃၀၊ ၂၀၁၃
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment