Wednesday, May 28, 2014

သတင်းကျင့်ဝတ်၊ ကိုယ်ချင်းစာစိတ်နဲ့ လွတ်လပ်မှု (၁) - ကိုညို

မြန်မာဂျာနယ်လစ်ဇ်တွေ သတင်းသမားကျင့်ဝတ်... သတင်းသမားကျင့်ဝတ်လို့ မကြာခဏပြောကြလွန်းလို့ ကျနော့်ဘက်က မေးလည်းမေးချင်၊ ပြောလည်းပြောချင်တာတချို့ ပေါ်လာရတယ်။ ကျနော်က သတင်းသမားနဲ့ပတ်သက်ပြီး မရှိမဖြစ် လိုအပ်တဲ့အခြေခံ ကျင့်ဝတ်တွေလောက်ပဲ သိထားတာပါ။ ဒါလည်း လူတိုင်းနီးပါး သိပါတယ်။ 

ဒါပေမယ့် အခြေခံထဲမှာကိုပဲ ကျနော်တို့နိုင်ငံအတွက် အငြင်းပွားစရာတွေက ရှိနေသေးတယ်။ ဘာဖြစ်လို့လဲဆိုတာ အားလုံးသိတယ်။ မလွတ်လပ်လို့ပါ။ ဥပမာ... တဖက်သား ထိခိုက်နစ်နာစေမယ့် အရေးအသားမျိုး ရှောင်ကြဉ်ရမယ်...ဆိုတာမျိုး ဆိုပါစို့။ သမ္မတကြီး တလွဲတချော်ဖြစ်နေတာကို ခပ်ဆတ်ဆတ်လေး ဝေဖန်ရေးချလိုက်လို့ သူ့ခမျာ နာကျင်သွားပြီဆို သတင်းကျင့်ဝတ်ပျက်ကရောလား..။ သမ္မတကြီးကိုယ်တိုင် ဘယ်လိုအကျိုးစီးပွားအပေါ် ရပ်တည်နေတဲ့ သမ္မတကြီးလဲဆိုတဲ့ မေးခွန်းအပေါ်လည်း တည်မှီနေမှာပါ။ 

အဲဒီကျင့်ဝတ်ဆိုတာ ဘယ်ကလာတာလဲ...။ တခါတခါ ကျင့်ဝတ်ဆိုတာ အကြောက်တရားမကင်းသူတွေရဲ့ အကာအကွယ်လက်နက်တခု ဖြစ်တတ်ပါတယ်။ 


တကယ်တော့ ကျင့်ဝတ်ဆိုတာ သီလပါပဲ။ တိတိကျကျ လမ်းညွှန်ထားတဲ့ သီလရှိသလို စာအုပ်စာတမ်းတွေနဲ့ ပြဌာန်းမထားပေမယ့် မိမိစိတ်စေတနာနဲ့ ကိုယ်ချင်းစာတရားကလာတဲ့ စောင့်ထိန်းတဲ့ကျင့်ဝတ်သီလလည်း ရှိပါတယ်။ ပုံသေကားချပ် မရှိပါဘူး။ မိမိခံယူချက်နဲ့ စိတ်သဘောထား လှုံ့ဆော်မှုအပေါ်လည်း အခြေခံပါတယ်။ တချို့သတင်းတွေကို ဖတ်လိုက်တာနဲ့ သတင်းရေးသူရဲ့ အကောင်း အဆိုး စိတ်စေတနာနဲ့ ရပ်တည်ချက်ကို ခန့်မှန်းနိုင်ပါတယ်။ သတင်းသမားတယောက် ကျင့်ဝတ်သိက္ခာကို ထိန်းသိမ်းနိုင်ပြီဆို သူတော်စင်တယောက်လို စိတ်ဓာတ်မွေးနိုင်ပြီလို့ ဆိုရမယ်။ 

တလောက သတင်းစာတစောင်မှာ "အရက်မူးလာတဲ့သားကို ဖခင်က ရိုက်သတ်" ခေါင်းစဉ်တပ်ပြီး ဖော်ပြတယ်။ ခေါင်းစဉ်မြင်တာနဲ့ စိတ်ထိခိုက်စရာကြီး။ တကယ်ဟုတ်ရင်တောင် ဒီလိုခေါင်းစဉ်မျိုးမတပ်ရင် ကောင်းပါတယ်။ သတင်းအပြည့်အစုံဖတ်ကြည့်တော့ ပိုဆိုးတယ်၊ သတင်းခေါင်းစဉ်နဲ့ အဖြစ်အပျက် လုံးဝ လွဲချော်နေတယ်။ သားဖြစ်သူ အရက်မူးလာလို့ အဖေကဆုံးမရင်း လက်လွန်သွားတယ်။ သားဖြစ်သူ ထွက်ပြေးရင်း လဲကျသေဆုံးတယ်။ တရားရုံးက ဥပဒေအရ သတ်ဖြတ်တဲ့အပြစ် ကျူးလွန်ကြောင်း ပြစ်ဒဏ်တောင် မစီရင်ရသေးဘူး၊ သတင်းထောက်နဲ့ အယ်ဒီတာက ဖခင်ကို လူသတ်သမားတံဆိပ် ခတ်ပေးလိုက်တယ်။ 

ဖခင်ဖြစ်သူဘက်က ကိုယ်ချင်းစာပြီး စဉ်းစားကြည့်ရင် ဒီလိုသတင်းခေါင်းစဉ်မျိုး တပ်မိကြမှာမဟုတ်ဘူး။ ဘယ်အဖေက မိမိရင်သွေးကို သေလိုဇောနဲ့ သတ်ချင်မှာလဲ။ ဆုံးမရင်း ဒေါသထွက်ပြီး မတော်တဆ လက်လွန်သွားတာနေမှာပေါ့။ အခုတော့ ဖခင်သာမက မိခင်ရော မိသားစုရော ဘယ်လောက် စိတ်ထိခိုက်ကြမလဲ။ သတင်းက ကာယကံရှင်တွေအပေါ် စိတ်ပိုင်းဆိုင်ရာညှဉ်းဆဲမှုဖြစ်စေတဲ့သတင်းမျိုး ဖြစ်သွားတယ်။ ဒါကြောင့် သတင်းရေးသူရဲ့ ကိုယ်ချင်းစာစိတ်နဲ့ ခံယူချက်၊ စိတ်စေတနာ၊ တွေးခေါ်မျှော်မြင်မှုဟာ သတင်းထောက်တွေအတွက် အရေးကြီးတယ်။ ကိုယ်ချင်းစာစိတ်နဲ့ ရိုးသားတဲ့စိတ်ပေါ် အခြေမခံရင် သတင်းခေါင်းစဉ်က အဲလောက်ပြင်းထန်မယ် မထင်ဘူး။ 

သတင်းထောက်တယောက်ဟာ ကာယကံရှင်ရဲ့ စိတ်ပိုင်းဆိုင်ရာ မထိခိုက်အောင် ထိန်းသိမ်းပေးတာလည်း ကျင့်ဝတ်တခုပါ။ ဖြစ်ပျက်ပုံလေးတခု ဥပမာပေးချင်တယ်။ လွန်ခဲ့တဲ့ လအနည်းငယ်လောက်က နော်ဝေးနိုင်ငံထုတ် နာမည်ကြီးသတင်းစာတခုမှာ ကလေးမွေးနေ့နဲ့ပတ်သက်တဲ့ သတင်းတပုဒ် ပါလာတယ်။ သတင်းကတော့ မူလတန်း ကျောင်းသားလေးနှစ်ယောက် ပူးပေါင်းလုပ်တဲ့မွေးနေ့ပွဲကို ဖိတ်ကြားထားတဲ့ အတန်းထဲက သူငယ်ချင်းတွေတယောက်မှ လာမတက်ရောက်လို့၊ မွေးနေ့ကိတ်မုန့်ကလေး နဂိုပုံစံမပျက်ဖြစ်နေတာကို မိခင်ဖြစ်သူက စိတ်မကောင်းကြီးစွာနဲ့ ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်ပေါ် တင်လိုက်တယ်။ 

ဒါကို သတင်းစာက ဆက်သွယ်မေးမြန်းပြီး သတင်းတင်လိုက်တယ်။ နော်ဝေးမှာ မွေးနေ့ပွဲဟာ သိပ်အဓိပ္ပာယ်ရှိတယ်၊ အရေးကြီးတယ်။ ကွယ်လွန်ရင် အသုဘမြေချတဲ့နေ့ပဲ အများသူငါလာပြီး နှင်းဆီပန်းတွေကြဲ မိသားစုနဲ့အတူ ဝမ်းနည်းကြေကွဲတတ်ပေမယ့် မြန်မာတွေလို တလပြည့်တို့၊ နှစ်ပတ်လည်တို့ဆိုပြီး ငွေကုန်ကြေးကျခံ မလွမ်းတတ်ဘူး။ မွေးနေ့ပွဲကိုတော့ ကလေးငယ်တွေကိုယ်တိုင် သူငယ်ချင်းတွေနဲ့ အတူပျော်ဖို့ မိဘတွေက စီစဉ်ပေးရတယ်။ 

ဒါနဲ့ သတင်းစာကနေ သူငယ်ချင်းတွေ မပါဝင်တဲ့မွေးနေ့ပွဲဆိုပြီး ရေးလိုက်တော့ သတင်းဖတ်သူတိုင်း စိတ်မကောင်းဖြစ်ကြတယ်။ ဒါနဲ့ အဲဒီကလေးတွေဆီ အိမ်နီးချင်းတွေရော၊ မသိသူတွေရော မွေးနေ့လက်ဆောင်တွေ ပို့ကြ၊ ပန်းတွေပို့ကြနဲ့ အားပေးဂုဏ်ပြုကြတယ်။ ကလေးတွေ စိတ်အားမငယ်အောင် မြှင့်တင်ပေးတာပါ။ ကျနော် အဓိက ပြောချင်တာက သတင်းစာပါ။ အဲဒီလို အုတ်အော်သောင်းနင်းဖြစ်မယ့် သတင်းရေးပေမယ့် ကလေး နှစ်ယောက်ရဲ့နာမည်၊ ကျောင်းနဲ့ အိမ်လိပ်စာကို ဖော်ပြပေးဘူး။ 

အဲလိုဖော်ပြလိုက်ရင် ဖြစ်လာနိုင်တဲ့ အကောင်းအဆိုးကို သတင်းစာကလည်း တာဝန်ယူနိုင်မှာမဟုတ်သလို အဓိကကျတဲ့အချက်က ကလေးတွေရဲ့ ကျောင်းသိက္ခာ၊ မွေးနေ့ရှင်ကလေးတွေရဲ့ သူငယ်ချင်းတွေ၊ မိဘတွေဂုဏ်သိက္ခာပါ ငဲ့ကွက်လိုတာကြောင့် ဖြစ်တယ်။ ဒီလိုနာမည်နဲ့ နေရပ်လိပ်စာ ကျောင်းနာမည်တွေ မဖော်ပြလို့လည်း အဲဒီသတင်းကို မယုံနိုင်ဘူးလို့ ဘယ်သူမှ မစွပ်စွဲဘူး။ စိတ်ဝင်စားသူတွေက ဖေ့စ်ဘွတ်ကနေတဆင့် ဆက်သွယ်ပြီး မွေးနေ့လက်ဆောင်ပေးကြတယ်။ 

ဒါက သတင်းသမားတယောက်ရဲ့ စိတ်စေတနာနဲ့ ကိုယ်ချင်းစာနာမှုတရားဆိုတဲ့ ကျင့်ဝတ်ဟာ ဘယ်လောက်အရေးပါသလဲ ပြောပြတာပါ။ ကျနော်တို့နိုင်ငံမှာ မုဒိန်းမှုကအစ လူသတ်မှု၊ ဓားပြမှုကအဆုံး နာမည်အတိအကျ၊ ဓာတ်ပုံရော၊ အဖေ အမေနာမည်နဲ့ လိပ်စာတွေကအစ တိတိကျကျတွေထည့်ဖော်ပြနေတဲ့ မီဒီယာတွေ အခုထိရှိနေသေးတယ်။ တချို့အယ်ဒီတာတွေက နာမည်နဲ့ လိပ်စာမပါရင် သတင်းမတိကျဘူးလို့ အထင်ရောက်မှာ စိုးရိမ်နေဟန်ရှိတယ်။ 

သတင်းသမားတယောက်ရဲ့ ပုဂ္ဂိုလ်ရေး အားနည်းချက်တွေ၊ ကိုယ်ကျင့်တရားတွေက မိမိရေးသားတဲ့သတင်းနဲ့ မပတ်သက်ဘူး၊ မသက်ဆိုင်ဘူးလို့ ပြောလို့ရကောင်းရနေပေမယ့် မြန်မာ့လူမှုနယ်ပယ်မှာတော့ ပြဿနာရှိပါတယ်။ မြန်မာတွေက စရိုက်၊ သဘာဝနဲ့ ကိုယ်ကျင့်တရားအပေါ် အကဲခတ်ပြီး ကျင့်ဝတ်သီလကို တိုင်းထွာတတ်လို့ပါ။ 

တခါတုန်းက ဘီဘီစီ ရေဒီယို မြန်မာပိုင်းဌာနမှူး ဒေါ်တင်ထားဆွေနဲ့ မီဒီယာပွဲတခုမှာဆုံတုန်း သတင်းသမားကောင်းတယောက်ဖြစ်ဖို့ ကိုယ်ကျင့်တရားပေါ်မှာ အခြေခံသလားလို့ မေးဖူးပါတယ်။ ဒေါ်တင်ထားဆွေက သတင်းသမားမြောက်များစွာနဲ့ ရင်းနှီးသိကျွမ်းသူလည်းဖြစ်၊ သတင်းလောက အတွေ့အကြုံလည်းများတော့ ကျနော့်မေးခွန်းကို သေချာနိုင်းနိုင်းဆဆတွေးပြီး အဖြေပေးပါတယ်။ 

"သတင်းသမားကောင်းဖြစ်တာနဲ့ ကိုယ်ကျင့်တရားနဲ့တော့ သိပ်တော့မဆိုင်လှဘူးလို့ ထင်ပါတယ်၊ ဘာဖြစ်လို့လဲဆို ကျမသိတဲ့ အလွန်တော်တဲ့ သတင်းသမားကောင်းတချိုကတော့ ကိုယ်ကျင့်သိက္ခာ ကောင်းချင်မှကောင်းတာပါ" လို့ အဖြေပေးပါတယ်။ ဒေါ်တင်ထားဆွေက ကျယ်ပြန့်တဲ့ မီဒီယာလောကကြီးတခုလုံးကို ခြုံငုံပြီး အရှိတရားအတိုင်း လက်တွေ့ကျတဲ့ အဖြေပေးတာဖြစ်ပေမယ့် သူ့အဖြေကို ကျနော်ကတော့ ဘဝင်မကျခဲ့ပါဘူး။ 

သတင်းသမားနဲ့ အယ်ဒီတာတချို့ကို စိတ်သဘောထား မရိုးမဖြောင့်သူတွေအဖြစ်လည်း တွေ့ကောင်းတွေ့ဖူးကြမှာပါ။ အယ်ဒီတာကျင့်ဝတ်အရ သတင်းအကျိုးစီးပွား၊ အမှန်တရားနဲ့ပတ်သက်လာရင် နှုတ်လုံရမယ်၊ ကတိတည်ရမယ်၊ ကာကွယ်ရမယ်ဆိုပေမယ့် မိမိအတ္တအကျိုးအတွက် လက်အောက်ငယ်သားအပေါ် ချနင်းတာ၊ မိမိလက်အောက်ငယ်သားအပေါ် သနားညှာတာစွာ မဆက်ဆံဘဲ နှိမ့်ချ၊ ချိုးနှိမ်တာ၊ မျက်နှာလိုက်တာ၊ အကျိုးစီးပွားပျက်အောင်လုပ်တာတွေ ကြုံဖူးတွေ့ဖူးပါတယ်။ 

ပိုဆိုးတာက မိမိမှာ အိမ်ထောင်ရှိနေပါရက် လက်အောက် ဝန်ထမ်းအမျိုးသမီးကို သွေးဆောင်ပေါင်းသင်းတာမျိုးတွေပါ။ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာတော့ အဆိုပါ ကိုယ်ကျင့်သိက္ခာမျိုးကို လက်မခံတတ်တာမို့ သတင်းသမားကျင့်ဝတ်လျှော့ရဲသူအဖြင့် အထင်အမြင်သေးတတ်ပါတယ်။ ဒါက ကိုယ်ကျင့်တရားနဲ့ ကျင့်ဝတ်ဆက်နွယ်မှုပါ။ 

(ဒုတိယပိုင်း ဆက်လက်ဖော်ပြပါအုံးမယ်) 

ကိုညို (အော်စလို) 
၂၆ မေ၊ ၂၀၁၄ 

 

No comments: